Monday, November 19, 2007

အရင်းအနှီး...



ဒီမြို့ထဲကို ငါပြန်လာခဲ့ပြီ
မီးတိုင်တွေ လင်းလက်နေဆဲပဲလေ
သေရည်တစ်ခွက်နဲ့ ဆဲဆိုနေသူတွေလည်းတွေ့မိပါရဲ့
တစ်ချို့က တံခါးပေါက်မှာ ထိုင်ပြီး လက်မှိုင်ချ
တစ်ချို့က ပြတင်းပေါက်ရဲ့ စည်းတစ်ဖက်ကနေ လက်ခါပြ
တစ်ချို့က ယုံကြည်ချက်နဲ့ တေးသီချင်းဆို
တစ်ချို့က စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေကြ
ဒီတစ်ချို့တစ်ချို့တွေထဲမှာ
ငါလည်း တစ်ချိန်က တစ်ချို့ဖြစ်ခဲ့ဖူးတယ်…

ငါ့ခြေလှမ်းတွေကို ဘုရားကျောင်းဖက်ကို လှည့်ခဲ့မိတယ်
ေ၀၀ါးနေတဲ့ နှင်းမြူတွေကြားထဲမှာ
အားယူနေတဲ့ ဆည်းလည်းသံတစ်ချို့ ထုံကျဉ်နေခဲ့ပေါ့
ပုံရိပ်တစ်ခုကို ဖျတ်ခနဲတွေ့ခိုက်
အားကိုးရာတစ်ခုလို အမောတကော လိုက်ရှာမိတော့
ပင့်ကုတစ်ကောင်ဖြတ်ပြေးသွားတဲ့
ဘုရားစင်တစ်ခုနဲ့ ကွဲအက်နေတဲ့ ကြေးစည်လေးကိုပဲ တွေ့ရတယ်
ဒီမြို့ထဲမှာ ကောင်းမှုတွေ ဆေးရောင်ပြယ်ကုန်ပြီလား…
ဘုရားကျောင်းထဲကအထွက်
ငါ့ရဲ့လက်ဖ၀ါးကို သစ်ရွက်လေးတစ်ရွက် လာရှိုက်နမ်းတယ်.
ပြီးတော့ ညင်သာစွာနဲ့ သူပြောခဲ့တယ်…

“တပေါစ ဗြဟ္မစရိယဉ္ဇ၊ အရိယသစ္စာန ဒဿနံ
နိဗ္ဗာန သစ္ဆိကိရိယာစ၊ ဧတံမင်္ဂလ မုတ္တမံ” တဲ့…

တုန်ရီနေတဲ့ ငါ့နှလုံးသားကို အသာအယာထိန်းလို့
ဒီမြို့လေးရဲ့ အပြင်ဖက်ကို ခေတ္တပြန်ထွက်ခဲ့မိတယ်
နန္ဒာကန်မှာ ရွှေကြာတွေ ပွင့်နေဆဲပဲလား…

အဝေးကနေပြန်လှည့်ကြည့်မိတော့မှ
ဒီမြို့ကလေးရဲ့ ကောက်ကြောင်းကို ငါမြင်တွေ့ခဲ့မိတယ်
ပြဇာတ်တစ်ပုဒ်မှာ ကပြနေသူအတွက်
လက်ရှိကကြိုးကို အကောင်းဆုံးဖြစ်အောင်ပဲ ပြင်ဆင်နေခဲ့ရတော့
ကောင်းကင်ထက်မှာ ချိတ်ထားတဲ့ နာရီကို ကြည့်ဖို့ သတိမရခဲ့တာ
သူ့အမှားမဟုတ်ပါဘူးလေ…
ဇာတ်ခုံကို ကျောခိုင်းထွက်ခွာသွားတိုင်းလည်း
အောင်နိုင်သူတွေ မဟုတ်ခဲ့ပြန်ဘူး
ငါ့ရဲ့ ကကြိုးတွေကို ထုတ်သုံးနေရင်း လှေကားအဆင်းနားရောက်နေခဲ့ပြီ
ခွင့်လွှတ်ပါ.
ရံဖန်ရံခါ ငါ့ကကြိုးတွေ လွဲချော်သွားနိုင်ပါတယ်.
ဒါဟာလည်း
ငါ့ရဲ့ကောင်းကင်ကို မော့ကြည့်ခိုက်မို့ပါ….

ကမူကုန်းလေးပေါ်ကအဆင်း
လေပြည်ညှင်းလေးက ကြိုဆိုတိုက်ခတ်လာခဲ့တယ်
လူသိပ်မသွားတဲ့ တောလမ်းလေးတစ်ခုကိုဖြတ်လို့
ဒီမြို့ထဲကို ငါပြန်ဝင်လာခဲ့ပြီ
ဘုံဆိုင်မှာ လူတွေစည်နေဆဲပဲ.

ရင်ဘတ်နဲ့ခံစားတတ်တဲ့ ငါ့ညာဉ်ကို ပြင်ဆင်လို့
ငါ့ရဲ့ ၀မ်းနည်းမှုတွေကို အရည်ဖျော်သောက်ချင်တယ်.
ဟေ့…
မင်းသောက်နေတဲ့ အရည်ခါးခါးတစ်ခွက် ငါ့ကိုပေးစမ်းပါ…




(ရေခဲငှက်)

1 comment:

Red's Rose Dream said...

ဝမ်းနည်းမှုကို အရည်ဖျော်ပြီးသောက်ချင် တာတဲလား။
လောကကြီးနဲ့ သောက်နေတဲ့ တစ်ယောက်တော့
ရှိတယ်။ ဖေါ်ရအောင် ခေါ်လိုက်ပါလားကိုရန်။