Tuesday, October 09, 2007

နှုတ်ခွန်းဆက်သခြင်း...


အားလုံးပဲ မင်္ဂလာပါ ခင်ဗျာ.

ကျွန်တော်လည်း စာမရေးဖြစ်တာ အတော်ကြာသွားပါပြီ. အရင်ကဆို ကိုယ့်ရဲ့ personal blog လေးကနေပြီးတော့ စာဖတ်သူကို တိုင်တည်ပြီး ပို့စ်လေးတွေရေးလိုက်၊ ကဗျာလေးတွေ စပ်လိုက်၊ သူငယ်ချင်းတွေရဲ့ ဘလော့ဂ်တွေကို သွားလည်လိုက်၊ ပြောင်လိုက်နောက်လိုက်နဲ့ ပျော်ရွှင်စွာပဲ ဘလော့ဂါတစ်ယောက်ရဲ့ ဘ၀ကို ဖြတ်သန်းနေခဲ့ပါတယ်.

ခုတော့ မကြာသေးခင်က မြန်မာနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ သံဃာတော်တွေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေကို နှိပ်စက်သတ်ဖြတ်တဲ့သတင်းတွေကို ကြားသိရပြီးကတည်းက ကိုယ့်ရဲ့ ခံစားချက်တွေကို သတိမရနိုင်အားတော့ပါဘူး. နိုင်ငံတော်အတွက် ကိုယ်တတ်နိုင်သလောက် ပါဝင်ပြီး Media တိုက်ပွဲ ဆင်နွှဲခဲ့ပါတယ်.

တစ်ခြားသော မြန်မာဘလော့ဂါလူငယ်များကလည်း တာဝန်သိစိတ်ကိုယ်စီနဲ့ တက်ကြွစွာ လှုံ့ဆော်ရေးသားခဲ့ကြတာတွေကို အားရဖွယ်တွေ့မြင်ခဲ့ရပါတယ်. တစ်ဆက်တည်းမှာပဲ တစ်ချို့သော မြန်မာဘလော့ဂါတွေကို အာဏာပိုင်တွေက ဖမ်းယူထိန်းသိမ်းတာ၊ Harassment လုပ်တာတွေကိုပါ ကြားသိလာရတော့ စိတ်ထဲမှာ ခံပြင်းစိတ်တွေ၊ နာကျည်းစိတ်တွေ၊ စိုးရိမ်စိတ်တွေ တလိပ်လိပ်တက်လာခဲ့ရပြန်ပါတယ်.

ဒီကြားထဲမှာပဲ ကျွန်တော့်ရဲ့ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေဘလော့ဂါတစ်ချို့နဲ့ စိတ်ဝမ်းကွဲဖွယ်ရာ ဖြစ်ရပ်လေးတွေ ကြုံလာခဲ့ရပြန်ပါသေးတယ်. ကျွန်တော်က မိတ်ဆွေဟောင်း ဘလော့ဂါတွေကိုသာမက မိတ်ဆွေသစ်ဘလော့ဂါတွေကိုလည်း နောက်နောက်ပြောင်ပြောင် ရယ်ရယ်မောမောနဲ့ ဟာသလေးတွေ နှောပြီး နှုတ်ဆက်မိတ်ဖွဲ့တတ်တာ အားလုံးသိခဲ့ဖူးကြမှာပါ. စိတ်ထဲမှာ ဘာမှမရှိပါဘူး.

ကျွန်တော်က ကဗျာရေးတာဝါသနာပါတယ်ဗျ. တစ်ခါတစ်လေ မိတ်ဆွေဘလော့ဂါတစ်ချို့က ကဗျာလေးတွေ ရေးထားရင်၊ အဲဒီ့အချိန်မှာ ကျွန်တော်ကလည်း သူတို့ဘလော့ဂ်ကို သွားလည်ဖြစ်ခဲ့ရင်၊ ကျွန်တော်ကိုယ်တိုင်ကလည်း ကဗျာရေးချင်စိတ်ထက်သန်နေခဲ့ရင်… သူတို့ရေးထားတဲ့ကဗျာလေးတွေကို အခြေခံပြီး ကဗျာအတိုအစတစ်ချို့ကို သူတို့ပို့စ်လေးတွေရဲ့ ကော်မန့်အောက်မှာ ၀င်ရေးပေးလေ့ရှိပါတယ်.

ဒါကို ဘလာဂေါက်တို့၊ မမေဓာဝီတို့၊ မဂျစ်တူးတို့၊ မအိမ့်ချမ်းမြေ့တို့၊ မပန်ဒိုရာတို့၊ မညလေးတို့ အသိပဲဖြစ်မှာပါ.

သို့သော်..

သို့သော်ပေါ့လေ.

မကြာသေးခင်က သိပ်ရင်းနှီးခဲ့ရတဲ့ ဘလော့ဂါမိတ်ဆွေတစ်ယောက်က ကျွန်တော့်ကို ကြာကူလီလုပ်တယ်ဆိုတဲ့ ပုံစံ စွပ်စွဲလာခဲ့ပြီး သတိပေးစာတွေဘာတွေ ပို့လာခဲ့ပါတယ်.

စိတ်မကောင်းပါဘူးဗျာ.

ဒီကိစ္စကို မပြောတော့ဘူးလို့ စဉ်းစားထားခဲ့တာပဲလေ. ဒါပေမယ့် ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာအတွက် သူတို့လင်မယားသာမက အခြားသော ဘလော့ဂါတွေကိုပါ သိစေချင်လို့ ဒါကို ထုတ်ပြောလိုက်တာပါ.

ဒီ့နောက်ပိုင်းမှာ ကျွန်တော်လည်း ဘယ်ဘလော့ဂ်ကိုမှ သိပ်မသွားဖြစ်တော့ပါဘူး. သူငယ်ချင်းတွေနဲ့လည်း စိမ်းကားသလိုဖြစ်ခဲ့ရပါတယ်. Gtalk ကိုလည်း အရင်လို ပုံမှန်မ၀င်တော့ဘဲ Email စစ်၊ စာပြန်ပြီးတာနဲ့ ပြန်ထွက်သွားတော့တာပါပဲ.

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်းတွေထူးရင် ကျွန်တော့်ဘလော့ဂ်မှာတင်တယ်. ကျွန်တော့်ကို အကူအညီလာတောင်းတဲ့ ဘလော့ဂါလေးတွေကို တတ်နိုင်သလောက်ပြန်ကူညီတယ်. တက်သစ်စဘလော့ဂါတစ်ချို့ရဲ့ ဘလော့ဂ်တွေကို သွားလည်ဖြစ်အောင်လည်ပြီး အားပေးတယ်. ဒါတွေလုပ်စရာမရှိရင် ကျွန်တော်တစ်ယောက်တည်း TV ကြည့်တယ်. စာဖတ်တယ်. Language လေ့လာတယ်. ဒါပဲ. ကုန်ကုန်ပြောရရင် ဘလော့ဂ်လောကကြီးကို စိတ်ပျက်သွားခဲ့တယ်.

ကျွန်တော်ဘလော့ဂါဖြစ်လာတာ တစ်နှစ်တောင်မပြည့်သေးပါဘူး. ဖေဖော်ဝါရီလထဲကမှ ပို့စ်တွေကို စရေးဖြစ်တာပါ. အရင်တုန်းကတော့ English လိုပဲ ရေးခဲ့ပါတယ်. မြန်မာလိုရေးလို့ရတာလည်းသိရော မြန်မာဘလော့ဂင်းဖက်ကို အချိန်တော်တော်များများပေးပြီး လေ့လာလိုက်စားခဲ့ပါတယ်. တစ်ချိန်တည်းမှာပဲ မြန်မာဘလော့ဂါဖိုရမ်ရဲ့ မော်ဒရေတာအဖြစ်နဲ့ ဘလော့ဂါတွေကြားမှာ အဆင်ပြေတဲ့ ဆက်သွယ်မှုပုံစံတစ်ခုဖြစ်လာအောင်၊ ဘလော့ဂ်လောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာအောင် ဘလော့ဂါဖိုရမ်ရဲ့ Admin ကြီးနဲ့အတူတူ အချိန်ပေးပြီး တည်ဆောက်မွန်းမံခဲ့ကြပါတယ်. တစ်ခါတစ်လေ မနက် ၃ နာရီ ၄ နာရီလောက်မှာ သူနဲ့ ကျွန်တော် PM တွေ ပို့ပြီး စကားတွေ ပြောခဲ့ကြပါသေးတယ်. နှစ်ယောက်လုံး ခါးတွေကို ချည့်လို့ပေါ့ဗျာ.

မြန်မာဘလော့ဂ်စာအုပ် ထုတ်ဝေရေးကိစ္စမှာလည်း ကျွန်တော့်အချိန်တွေကို ဖဲ့ပြီး စာအုပ်ထုတ်ဝေရေး ရုပ်လုံးပေါ်သည်အထိ စည်းရုံးကူညီပေးခဲ့ပါတယ်.ကျွန်တော်ဒါတွေပြောနေရတာက ကိုယ်ရည်သွေးနေတာမဟုတ်ပါဘူး. ဘလော့ဂ်လောကကြီးအတွက် ကျွန်တော်ဘယ်လောက်ထိ မြှုပ်နှံပေးခဲ့သလဲဆိုတာကို တစိတ်တဒေသ ပြောပြနေတာပါပဲ. တကယ်တော့ မြန်မာဘလော့ဂါတွေအားလုံးရဲ့ နည်းပေးလမ်းပြ ဆရာနှစ်ဆူကတော့ ကိုညီလင်းဆက်နဲ့ ကိုမောင်လှတို့ပဲဆိုတာ အားလုံးပဲ အသိဖြစ်မှာပါ. ကျွန်တော်တို့က သူတို့ဆီကနေ ပညာတွေယူပြီး မိမိဖာသာ ဆက်လက်လေ့လာမှုတွေနဲ့ အားဖြည့်သွားတာပါ.

တကယ်ဆိုရင်ဗျာ. ကျွန်တော်တို့အားလုံးမှာ မိမိကိုယ်တိုင်အတွက်၊ မိသားစုအတွက်၊ ဆွေမျိုးအတွက်၊ ရပ်ရွာအတွက်၊ တိုင်းပြည်အတွက် … စသည်ဖြင့် လုပ်စရာတွေ အများကြီးရှိပါသေးတယ်.

တစ်ယောက်နဲ့တစ်ယောက် ရန်တွေဖြစ်ပြီး ချိုးဖဲ့ပြောဆိုနေရလောက်အောင် စိတ်ဓာတ်တွေ မသိမ်ငယ်သင့်ဘူး.

ကျွန်တော်တို့မှာ လုပ်စရာတွေ အများကြီး ရှိနေပါသေးတယ်ဗျာ.

ရှိနေပါသေးတယ်.

စိတ်ခံစားချက်တစ်ခုကို ရှေ့တန်းတင်ပြီး ကိုယ့်အရှုပ်ထုပ်ကို ဖြေချလိုက်တာ တစ်ဖက်သားအပေါ်မှာ သွားပိတတ်တယ်ဆိုတာကို စဉ်းစားသင့်တယ်လို့တော့ ကျွန်တော်ထင်တယ်လေ.

ကဲပါ. ထားပါတော့

ဒါတွေက ဖြစ်တတ်တဲ့ သဘောသဘာဝတွေပါပဲလေ. ကျွန်တော်လည်း ကျွန်တော်လုပ်စရာရှိတာတွေကို ဆက်လုပ်သွားနေမှာပဲ. သူတစ်ယောက်တည်းအတွက်နဲ့တော့ ကျွန်တော်ချစ်တဲ့ မြန်မာဘလော့ဂ်လောကကြီးနဲ့ ချစ်စရာကောင်းတဲ့ ဘလော့ဂါမိတ်ဟောင်း မိတ်သစ်တွေကို မစွန့်ခွာသွားနိုင်ပါဘူး. မတန်ပါဘူးဗျာ.

သို့သော်. ရှေ့လျှောက် ကျွန်တော် လူတွေကို သတိပိုထားပြီး ပေါင်းရလိမ့်မယ်. အပြောအဆို မလော်လီတတ်ဖို့၊ အစအနောက်မသန်ဖို့၊ သိပ်ပြီး ဖက်လှဲတကင်း မနေမိဖို့ သတိထားရလိမ့်မယ်လို့တော့ ကိုယ့်ကိုယ်ကို ပြတ်သားစွာ သတိပေးနေခဲ့မိတယ်….

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

12 comments:

Anonymous said...

=) cheers bro & take care..

မျှားပြာ said...

ကုန်ကုန်ပြောရရင် ဘလော့ဂ်လောကကြီးကို စိတ်ပျက်သွားခဲ့တယ်.

ဘလော့ဂါကြီးကိုယ်တိုင်က ဒီလိုပြောနေတော့ ကျွန်တော်တို့လို
ကောင်တွေ ဘယ်လိုလုပ်ရပ ..........
ဘယ်လိုအလုပ်မျိုးကို ပဲလုပ်လုပ် မိမိလုပ်တဲ့ အလုပ်ကြောင့် မိမိကိုယ်
မိမိ ပူဇော်နိုင်ရမယ် လေးစားနိုင်ရမယ် လို့ မှတ်သားဖူးပါတယ်ဗျာ

ငြိမ်းချမ်း အောင်မြင် ပျော်ရွှင် အဆင်ပြေပါစေဗျာ။

စိုးထက် - Soe Htet ! said...

ကိုရန်အောင်ရေ ... ညီတစ်ယောက်လို ချစ်ခင်ပါတယ် ... ပြီးတော့ လေးစားပါတယ် ... လောကဓံ ကတော့ ဒီလိုပါပဲ ... နောက်လည်း ကြုံလာ နိုင်ပါ သေးတယ် ... ဘာပဲဖြစ်ဖြစ် သတိ အမြဲကပ်တော့ အမှား ကြုံရတာ နည်းတာပေါ့ ... အဆင်ပြေ ငြိမ်းချမ်းပါစေ ... :)

နှင်းပွင့်ဖြူ said...

ဖတ်ပြီး စိတ်မကောင်းဖြစ်မိပါတယ်။ သည်းခံ နိုင်သူသာ အောင်နိုင်သူ အစစ်တဲ့။
လူဆိုတာအမျိုးမျိုးရှိတတ်ပါတယ်။ အားလုံးကို လိုက်ပြီး ဂရုစိုက်နေရင် လောကကြီးမှာ နေဖို့တောင်မရှိတော့နိုင်ဘူး။

ကဲပါ ကိုရန်အောင်ရာ ဘယ်သူကိုမှ ဂရုမစိုက်နဲ့ .... စစ် ဘလော့ကို ကူပါဦး .... ဟီး
ပို့စ် အသစ်တင်တိုင်းကြည့်ရတာ တစ်မျိုးဖြစ်နေတယ် justify လုပ်ချင်လို့.... ပြောပြပါဦး

Winkabar said...

ကိုရန်အောင်ရေ
ဖတ်ရတာစိတ်မကောင်းပါဘူး။ လူတွေကတော့အမျိုးမျိုးရှိကြတာပဲပေါ့နော်။ သိပ်ဂရုမစိုက်ပါနဲ့။ ကျောင်းမှာသင်ရသလိုပေါ့။ ပစ္စည်းတစ်ခုတည်းကိုပဲ ကြည့်တာပဲ။ ဒါပေမဲ့ကြည့်တဲ့လူတွေရဲ့အရည်အချင်း၊ပညာ၊
အတွေ့အကြုံတွေအပေါ်မူတည်ပြီးတော့အမြင်တွေ
ပြောင်းသွားတယ်တဲ့။အကြွေပြားတစ်စေ့တည်းကို
တစ်ယောက်ကခေါင်းမြင်ပေမယ့်တခြားတစ်ယောက်ကပန်းလို့မြင်နိုင်တယ်တဲ့။ အားမငယ်ပါနဲ့။ အားပေးမယ့်လူတွေအများကြီးကိုရန်အောင်ဘက်မှာရှိပါတယ်။

အားပေးနေလျှက်
ဝင်္ကပါ

Anonymous said...

Hi!
ko yan aung,
i m kyaw zay ya from Singapore. Also my nick name is Jeep bcoz i was born on Jeep car. Anyway i always read ur blog and i got new ideas and knowledges from you. Thank u so much for everything. I really envy u and want to b like u.

Eduking said...

Posting တွေကိုတော့ မရပ်ပါနဲ့ ကိုရန်အောင်ရေ...
ကိုရန်အောင်ရဲ့ Blog ကို 'အောင်မြင်တဲ့ Blogger တစ်ယောက်ဖြစ်ဖို့' ဆိုတဲ့ Post နဲ့ ကျွန်တော် စတင်သိခဲ့တာပါ...
အဲဒီ့ Post ကြောင့် ကျွန်တော် Blog စရေးဖြစ်တယ်ဆိုလည်း မမှားပါဘူး...
လူချင်းမတွေ့ဘူးပေမယ့် ကျွန်တော်ကတော့ ကိုရန်အောင်လို အောင်မြင်နေတဲ့ Blogger တွေကို လေစား ခင်မင်လျက်ပါ...

အမြဲ အားပေးနေမယ့်..
Eduking

မြရွက်ဝေ said...

စိတ်မကောင်းပါဘူး ကိုရန်အောင်။ အချိန်အတိုင်းအတာတခုကြာရင် စိတ်သက်သာသွားမှာပါ။ ဗဟုသုတတွေ ဖြန့်ဝေပေးနေတဲ့ဘလော့တွေ တည်မြဲနိုင်ပါစေ။

မြရွက်ဝေ said...

ကိုရန်အောင်
ကြက်သားပဲဟင်းဆိုတာ ကုလားပဲနဲ့ချက်တာကို ပြောတာလား။ ကုလားပဲနဲ့ဆိုရင် ညဖက်ထဲက ပဲကိုရေစိမ်ထားရမှာ။ မနက်ပြုတ်ရင် အနူးမြန်အောင်လို့။ ပဲပြုတ်ရင် အမြှုပ်အတော် ဝေကျတယ်။ သတိ!! နူးသွားရင် ဇွန်းနဲ့ မညက်တညက် ဖိချေ/ ပဲအစေ့လိုက်ကြိုက်ရင် မချေနဲ့ပေါ့။ ကြက်သားက ဆား၊ ဆနွင်း နဲနဲစီနဲ့နယ်ပြီး မိနစ်၂၀လောက်နှပ်၊ ဆီသတ်ဖို့ ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းကို ထောင်း (သို့) ညက်ညက်လှီး။ ကျွန်မကတော့ ငရုတ်ဆုံထောင်းဖို့ အဆင်မပြေတာရော အပျင်းတစ်တာရော ကြက်သွန်ဖြူ ကြက်သွန်နီ ဂျင်းတွေကို mini chopper နဲ့ကြိတ်ပြီး ဆီ ဆနွင်းနဲနဲနဲ့ လှိမ့် အအေးခံပြီး ဖန်ပုလင်းတလုံး ထည့်ပြီး ရေခဲသေတ္တာထဲ သိမ်းထားတယ်။ ဆီသတ်ဖို့လိုအပ်ရင် အဲဒီထဲက ဇွန်းနဲ့ကော်ယူပြီး ဆီပူနဲ့ ထပ်လှိမ့်လိုက်တယ်။ (အပျင်းmethod တော့ ပေါ်ကုန်ပြီ။) ဆီသတ်လို့ အနံ့မွှေးလာရင် ငရုတ်သီးအစိမ်းမှုန့်ထည့်ပြီး ခဏလေးမွှေ ပြီးရင် ကြက်သားတွေပါထည့်မွှေပြီး အဖုံးအုပ်ထား၊ ကြက်သားထဲကရေတွေထွက်ပြီး နဲနဲဆီပြန်လာရင် ရေနဲ့ ပဲပြုတ်ထားတာထည့်ပြီးပြန်တည်၊ ဆားနဲ့ အချိုမှုန့်တော့ လိုသလို ထည့်ပါ။ မွှေးတဲ့အရွက် ပျဉ်းတော်သိမ် လား ကရဝေး လားတော့မသိဘူး ကြိုက်တာထည့်ပါ။ ပဲတွေထည့်ပြီးရင် အိုးအောက်ခြေမကပ်အောင် သတိထားပြီး မွှေပေးပါ။ အသားလဲကျက် ပဲလဲပွက်ရင် မီးပိတ် မဆလာဖြူးပြီး အဖုံးခဏအုပ်ထားပြီးရင် စားလို့ရပြီ။ ပြောမယ့်သာပြောရတာ။ ကျွန်မလည်း မချက်ဖူးဘူး။ မြင်ဖူး သိဖူး စားဖူးရုံပဲ။ :) ချက်စားပြီး ကောင်းတယ်ဆိုရင် ပြောနော်။ http://lulucooking.blogspot.com/ မှာလည်း ဟင်းချက်နည်းတွေ အများကြီး ရှိတယ်။ :)

Anonymous said...

ကိုရန်အောင်
ဘယ်ကိုမှ မသွားတာကြာတော့ ကိုရန်အောင့် ဘလော့ဂ်ကိုလည်း မရောက်ဖြစ်ဘူး။ ကိုရန်အောင့် ပိုစ့်ကို ဒီနေ့မှတွေ့ဖြစ်လိုက်တယ်။
စိတ်မကောင်းဘူး လို့ပြောချင်တာထက် စိတ်မပြောင်းပစ်လိုက်ဖို့ပဲ ပို ပြောချင်ပါတယ်။
အမတို့လို ဘလော့ဂ် စ ရေးတဲ့သူတွေ အတွက်ရော မိတ်ဆွေဟောင်းတွေ အတွက်ပါ ကိုရန်အောင်က ဟာ မိတ်ဆွေကောင်းတယောက်ပါ ။
ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကိုရန်အောင်ရဲ့ ဘလော့ရေးသားခြင်းကို မရပ်စေချင်ပါဘူး၊ အနှောက်အယှက် မဖြစ်စေချင်ဘူး လေ။
အချိန်ပေးနိုင်မယ် ဆိုရင် အရင်လိုပဲ လည်ပတ်ပျော်ရွှင် နေစေချင်ပါတယ်။
အမိမြေ အပြင်ဘက်ကို ရောက်နေကြတဲ့ သူတယောက်ရဲ့ ခံစားချက်နဲ့ လုပ်ချင်စိတ်တွေကို နားလည်ပေးလို့ရပါတယ်။
အမိမြေနဲ့ ဝေးတဲ့အခါ ဖြစ်လေ့ရှိတဲ့ အထီးကျန်ဆန်တဲ့ ခံစားချက်တွေကို ကိုရန်အောင် ဘလော့ဂ်ရေးရင်း မိတ်ဆွေတွေဆီကို လည်ပတ်ရင်း ဖြေဖျောက်စေချင်ပါတယ်။
လူဆိုတဲ့ ဘ၀ကို ပိုင်ဆိုင်ပြီဆိုရင် လောကဒါဏ်ရဲ့ စမ်းသပ်တာကို အနဲ(အိန္ဒိယ လို အကိုလို့ ပြောခြင်းမဟုတ်ပါ ဟိဟိ) နဲ့အများ ကြုံတွေ့ရမှာပါ ကိုရန်အောင်။ လူတိုင်းလိုလိုမှာ စိတ်မချမ်းမြေ့စရာတွေ ရှိကောင်းရှိမှာပါလေ။ ဘာပဲဖြစ်ဖြစ် ပျော်ပျော်ပါးပါးပေါ့။ အမရဲ့ သူငယ်ချင်းဆိုတဲ့ ကဗျာလေးကို ကိုရန်အောင့် အတွက် ပြန်ရွတ်ပြပါ့မယ်။ ကိုရန်အောင် မှတ်မိနေမယ်လို့ယုံကြည်နေပေမယ့် သတိတရ ရှိစေချင်တဲ့သဘောပါ။

သူငယ်ချင်းဆိုတာ...
ဟင်းလင်းပြင်နှလုံးသားမှာ
ရင်ခုန်သံတွေထပ်တူကျ
ခံစားချက်မျှဝေနေကျသူတွေ။

သူငယ်ချင်းဆိုတာ...
ဘာသာ လူမျိုး အတ္တမာနနဲ့
အစဉ်အလာကို ဆွဲထုတ်
တွဲလက်တွေ မြဲမြဲဆုပ်ထားရင်း
ဖြူစင်တဲ့ခွန်အားနဲ့
သံယောဇဉ် ကြိုးကျစ်သူတွေ။

သူငယ်ချင်းဆိုတာ
သဘာဝစစ်သူကြီးကြောင့်
သက္ကရာဇ်တွေ ကြွေ
ပျိုမျစ်ခြင်းတို့ အကျဉ်းကျ
အင်ပါယာရဲ့ မိဖုရားဘ၀ ရလည်း
မမေ့ရက်သူတွေ။

သူငယ်ချင်းရေ...
အဲဒီ ယုံကြည်ချက်တွေနဲ့
တူညီတဲ့ရည်မှန်းချက်အတွက်
လွတ်လပ်စွာ ကွဲပြားရင်း
ကြမ္မာလှေခါးထစ်တွေကို
ကြိုက်သလို ခြယ်လှယ်မယ်။

ဆုံမှတ်မှာစုဖို့
တိမ်တောက်တဲ့ဆည်းဆာကိုရွေး
ဖုန်တက်နေတဲ့အိမ်မက်ကို ပြန်ဆေးရင်း
‘သူငယ်ချင်း' ဆိုတဲ့အဘိဓါန်ကို
နှလုံးသားနဲ့ ဖွဲ့ကြမယ်...။

အချိန်အတော်လေး နောက်ကျမှ အားပေးနိုင်တဲ့အတွက် နားလည်စေချင်ပါတယ် ကိုရန်အောင်။
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)

ထွန်း said...

ကိုရန်အောင် ရဲ့ ပို့ စ်တွေ ဖတ်တာနဲ့  ကိုရန်အောင် ဘယ်လို စိတ်ဓါတ်ရှိသလဲ ဆိုတာ လူမတွေ့ ဖူးလည်း သိနိုင်ပါတယ်။ ကိုရန်အောင် နောက်ပြောင်တယ် ဆိုတောင် သမာဓိနဲ့  အတော် အိနြေကြီးမယ်လို့ ခန့် မှန်းရပါတယ်။ ဒါကို စာဖတ်သူ တိုင်းသိကြပါတယ်။ စိတ်စေတနာ အကျိုးပေးသလို လူအများရဲ့ ခင်မင်လေးစားမှု့ ကို ရနေတာ အားလုံး သိနိုင်ပါတယ်။

ကိုရန်အောင်ရေ ကိုယ့် လျှာနဲ့ သွားတောင် မတော်တဆ ကိုက်မိတတ်သေးတာဘဲ။ အဲ.. ကိုယ့် ရဲ့ အမှတ်တမဲ့ နောက်ပြောင်မှု့ ဟာ တခြားသူ ကို မရည်ရွယ်ဘဲ ထိခိုက်သွားတတ်တာ သိပ်အဆန်းမဟုတ်ပါဘူး မတော်တဆ လူ့ သဘာဝ ဖြစ်တတ်ကြတာ မျိုးပါဘဲလေ.. သိပ်စိတ်ထိခိုက်မနေပါနဲ့ ။

အထင်လွဲ ခံရတာ လေး တခု ထဲနဲ့  ဘလော့ကာကြီးတခုလုံး ပစ်မသွားပါနဲ့ ။ ကိုယ်ကောင်းရင် ခေါင်းမရွှေ့ ပါဘူး။ အထင်လွဲတာတွေ သူတို့ လည်း သိလာကြမှာပါ။

အားလုံးအတွက် ကိုရန်အောင် ဆိုတာ မမေ့ပါနဲ့ ။ သူတို့ အတွက် ကိုရန်အောင်မဟုတ်ပါဘူး။ ကိုရန်အောင် နောက်ကို လှည့်ကြည့်ရင် မျှော်လင့်တကြီးနဲ့  ကြည့်နေမဲ့ မျက်လုံးတွေ အပြည့်နဲ့  ပါ။ ကိုရန်အောင် အနေနဲ့ လည်း စွန့် ခွာထွက်သွားရက်မဲ့ နှလုံးသားပိုင်ရှင် မဟုတ် လောက်ဘူး လို့ …. ယူဆပါရစေ..

စိတ်ညစ်ရင် joyful4all.blogspot.com ကိုလာလည်ပေါ့နော်။
(True Story ကလွဲရင် ကိုယ်တိုင်လဲ စိတ်ညစ်လို့  စိတ်ညစ်စရာ မရေးထားဘူး)

ကိုထွယ်အောင် said...

ဘယ်သူလည်းဗျာ... ကိုရန်အောင်ကို အဲ့လို ပြောလွှတ်လိုက်တဲ့အကောင်၊ ဒီကောင့်ကို အနုမဖက်.. အကြမ်းဖက်တဲ့နည်းနဲ့ ဆုံးမ လိုက်ရမယ်။ နာမည်ပြောပြပါ ကိုရန်အောင် ဘယ်မှာ နေလဲ? အဲ့ကောင် .. ကျနော်သွား လုပ်ကြံ ပလိုက်ရရင် ကောင်းမလား။
ကျနော်လည်း ဘလောက်(ဂ်) ရေးဖို့ အခုချိန် လေ့လာနေပါတယ်။ ကိုရန်အောင် ကျေးဇူးပြု လမ်းပြ ထားတဲ့ ဒီ ဘလောက်(ဂ်) က တော်တော်ကို ကျနော့်ဘ၀အတွက် ဆရာတစ်ဆူဖြစ်ပါတယ်။ အဲ့ဒါကြောင့်၊ ကိုရန်အောင် စာဆက်လက် ရေးနိုင်ဖို့ လိုအပ်နေပါတယ်။
ကိုရန်အောင် ကို မကောင်းပြောတဲ့သူကို အရမ်း ခင်ချင်လိုက်တာ။... ဟွန့်... ဟွန့်....။ လက်တောင် ယားလာပြီ ... (၀ဲကိုက်နေလို့..ဟီး...)

(ကိုလူမိုက်)