Tuesday, October 30, 2007

ကီးမားပလာတာတစ်ချပ်ရဲ့ ကောက်ကြောင်း....


အိမ်ရှေ့တံခါးကို ဆွဲဖွင့်ရင်း အထဲကို လှမ်းဝင်လိုက်သည်နှင့် တွေ့လိုက်ရသော မြင်ကွင်းက Guide သင်ပြီး ပြန်လာသော ကျွန်တော့်ကို အမောဆို့သွားစေခဲ့သည်…

အိမ်အပြင်မှ ပြန်လာတိုင်း အမေနှင့် အစ်မများ၊ တူမလေးများ TV ထိုင်ကြည့်နေသည်ကို မြင်နေကြမို့ ယခုကဲ့သို့ တိတ်ဆိတ်နေခြင်းကို ကျွန်တော်မနှစ်မြို့နိုင်ခဲ့ပါ။ တစ်ခုခုတော့ဖြစ်နေသည်မှာ သေချာနေလေသည်။

“အစ်မ… ဘာတွေဖြစ်နေကြတာလဲ. အမေရော…”

အစ်မငယ်က နှုတ်ခမ်းကို စူပုတ်လျက် အမေအိပ်နေသော အခန်းတွင်းသို့ ခေါင်းဆတ်ပြကာ..

“ဟိုမှာလေ… ငါ အလုပ်ထွက်လိုက်လို့ အမေက စိတ်ဆိုးပြီး စကားလည်းမပြော၊ ထမင်းလည်း မစားဘဲ အခန်းထဲ ၀င်အိပ်နေတာ…”

“ဟုတ်လား.. ဘယ်ကတည်းကလဲ..”

“၈ နာရီလောက်ကတည်းကပဲ…”

“အစ်မကလည်းဗျာ… ပြေပြေလည်လည်ပြောမှပေါ့. ဘာဖြစ်လို့ အမေ့ကို စိတ်ဆင်းရဲအောင် လုပ်ချင်ရတာလဲ…”

“ဟဲ့.. ငါက မလုပ်ဘူး. ငါအလုပ်ထွက်မယ်. ဒီ့ထက်ပိုကောင်းတဲ့ အလုပ်ရှာမယ်ဆိုတာ အားလုံးကို ပြောပြထားပြီးသားပဲ.”

“အဲဒါနဲ့ပဲ အမေက စိတ်ဆိုးရောလား”

“မဟုတ်ဘူးဟ. ငါက အလုပ်တစ်ခုထပ်ရှာမယ် ဆိုပြီး အမေ့ကို ပြောတာပဲ. အမေက သူပြောတာ ငါနားမထောင်ဘူးဆိုပြီး စိတ်ဆိုးတာ. သူ့ကို ဘာမှ မတိုင်ပင်ဘဲ လုပ်လို့တဲ့.”

“ဘာဆက်ဖြစ်ရောလဲ”

“အဲဒါနဲ့ အမေက စိတ်ဆိုးပြီး နင်တို့လုပ်စာလည်း မမျှော်ကိုးဘူး. နင်တို့ကျွေးတာလည်း ငါမစားဘူးဆိုပြီး ၀င်အိပ်နေတာ”

ပင့်သက်တစ်ချက်ရှိုက်လျက် ဘာမှဆက်ပြောမနေတော့ဘဲ အမေအိပ်နေသော အခန်းတွင်းသို့ ၀င်ခဲ့လိုက်သည်။

……

အသံကို အသာနှိမ့်လျက်..

“မားသားကြီး… ဘာဖြစ်နေတာလဲ… ထမင်းရောစားပြီးပြီလား”

ကျွန်တော့်အသံကို ကြားတော့ အမေက ဟိုဖက်လှည့်ပြီး မျက်ရည်များသုတ်သည်။ ကျွန်တော် စိတ်မကောင်းပါ။ အမေ့မျက်ရည်မြင်လျှင် ကျွန်တော့်ရင်ထဲ အရမ်းကို ၀မ်းနည်းမိသည်။

“အမေကလည်းဗျာ… ဘာမှမဟုတ်တာလေးနဲ့ စိတ်ထဲ ထားမနေပါနဲ့. သူလည်း နောက်အလုပ်တစ်ခု အေးဆေး ရှာလိမ့်မပေါ့.. ထထ. ဘာမှ မစားရသေးဘူးမလား..”

ကျွန်တော် ထိုသို့ပြောခါမှ အမေရှိုက်ကာ ငိုသည်... စကားတစ်ခွန်းမျှ မပြောပါ။

ကျွန်တော်ကအိမ်မှာ အငယ်ဆုံးဖြစ်ပေမယ့် မောင်နှမတွေ ကတောက်ကဆ ဖြစ်တိုင်း၊ အမေစိတ်ညစ်တိုင်း ကျွန်တော်ကသာ ၀င်ရှင်းပေးခဲ့ရသည်။ ထို့ကြောင့် မောင်နှမများက ကျွန်တော့်ကို နာမည်တစ်ခုပေးထားသည်။

“သံအမတ်လေး” တဲ့…

အခုလည်း အမေနဲ့ အစ်မကြားက ပြဿနာ ရှင်းပေးရဦးမည်… အလုပ်ရှာသည့် ကိစ္စက အချိန်တိုအတွင်းပြီးပြတ်မည့် ကိစ္စမဟုတ်… လောလောဆယ် အရေးကြီးသည်က အမေတစ်ခုခုစားဖို့ပင် ဖြစ်သည်။ အမေက အသက်လည်း ကြီးပြီလေ… အားပြတ်ပြီး လဲသွားရင် ဒုက္ခ.

“ကဲပါ အမေရာ… ဘာစားပြီးပြီလဲ.. ထမင်းစားမလား. သားထည့်ပေးမယ်လေ…”

အမေက ခေါင်းကို တွင်တွင်ခါယမ်းသည်။ အစ်မနဲ့ အစ်ကိုက အိမ်ရှေ့မှာ TV ကြည့်ရင်း ကျွန်တော်တို့ကို လှမ်းလှမ်းကြည့်နေသည်။

နာရီကိုကြည့်တော့ ၁၁ နာရီပင် ထိုးတော့မည်။ ၁၀ တန်းစာမေးပွဲနီး၍ ကျွန်တော့်တပည့်များကို စာသင်ချိန်တိုးသင်နေခြင်းကြောင့် ကျွန်တော်အိမ်ပြန်နောက်ကျလေ့ ရှိသည်။ ၈ နာရီကတည်းက အမေဘာမှ မစားရသေးပုံထောက်လျှင် ဗိုက်တော်တော်ဆာနေမှာ သေချာပါသည်။ သို့သော် အမေက မာနကြီးသည်။ မစားဘူးဆိုလျှင် ဘယ်သူကျွေးကျွေး စားလေ့မရှိပါ…

သို့သော် “ဘယ်သူ” ဆိုတာထဲတွင် ကျွန်တော်တော့ မပါတတ်ပါ. ကျွန်တော်က အမေ့အကြောင်းကို ကောင်းကောင်းသိသည်။ အမေက အချော့ကြိုက်သည်။ မျက်ရည်ကုန်အောင် ငိုပြီးလျှင် စိတ်ပြန်ပျော့သွားတတ်သည်။

ယခု ကျွန်တော့်ကို မြင်ပြီးနောက် အမေစိတ်ကို လျှော့ချလိုက်ပုံရသည်။ မျက်နှာ ရဲတွတ်နေအောင် ငိုပြီး မောနေလေသည်။

……

ရေတစ်ခွက်ခပ်ပေးရင်း အမေ့ကို ကျွန်တော်မေးလိုက်ပါသည်…

“နွားနို့နဲ့ ပေါင်မုန့်ကြက်ဥကြော် စားမလား. သားသွားဝယ်ပေးမယ်လေ…”

အမေက ခေါင်းကိုသာ ခါနေခဲ့သည်။

ကျွန်တော်တစ်ခုကို ဆုံးဖြတ်ချက်ချလိုက်သည်။ အမေ့ကို မေးနေလျှင် မိုးသာလင်းသွားမည်။ အမေကတော့ မစားဘူးချည်းသာ တွင်တွင်ပြောနေမှာ သေချာပါသည်…

“ကဲ. အမေ.. ရေသောက်လိုက်… အမေ့အတွက် ကီးမားပလာတာ ၀ယ်ပေးမယ်. ဟုတ်ပြီလား.. ဒီနားနီးနီးလေးရယ်. မြေနီကုန်း “လောကနတ်” လက်ဖက်ရည်ဆိုင်မှာ ရှိတယ်. ခဏနေရင် သားပြန်လာခဲ့မယ်နော်.”

တုန်နေသော အသံကို ထိန်းလျက် အမေက…

“မိုးအရမ်းချုပ်နေပြီ. သွားမနေနဲ့.. ငါဘာမှ မစားချင်ဘူး. ခဏနေ အိပ်တော့မှာ..”

“ဟာဗျာ. ဗိုက်ဟောင်းလောင်းကြီးနဲ့ အိပ်လို့ ဘယ်ဖြစ်မှာလဲ. တစ်ခုခုတော့ စားမှဖြစ်မှာပေါ့. စိတ်ပူမနေနဲ့. ဒီနေရာတွေ သားသွားနေကြပါ. ခဏနေပြန်လာခဲ့မယ်. ခဏပြန်လှဲနေလိုက်. ဟုတ်ပြီလား”

ပြောသာပြောရသည်။ မိုးတော်တော်ချုပ်နေပြီဆိုတာ ကျွန်တော်သိပါသည်။ ပိုဆိုးချင်တော့ မီးကလည်း ပျက်ရက်ဖြစ်နေသည်။

ကျွန်တော်နေသော …. လမ်းမှ လောကနတ်လက်ဖက်ရည်ဆိုင် ရှိရာသို့ သွားရန် အတိုဆုံးလမ်းကို စဉ်းစားလိုက်သည်။

………..

မြေနီကုန်းဈေးလမ်းဘေးနားမှ အမှိုက်ပုံကို ပတ်သွားပြီး ဒဂုံစင်တာနောက်ရှိ ဘုန်းကြီးကျောင်းနားမှ သွားလျှင် မြေနီကုန်းလမ်းဆုံသို့ ရောက်သည်။ ထိုလမ်းမှာ အတိုဆုံးလမ်းပင်ဖြစ်သည်။ ရံဖန်ရံခါ မြေနီကုန်းတွင် ဆင်းပြီး ကျွန်တော်နေသော Blazon Supermarket နားသို့ လမ်းလျှောက်လျှင်လည်း ထိုလမ်းကိုသာ ရွေးပြီး သွားနေကြဖြစ်သည်။

လျှောက်နေကြလမ်းဖြစ်၍ ဘာမှ မထူးခြားပါ။ မီးပျက်သည်။ မှောင်သည်။ မီးစက်နှိုးသံများ ကြိုကြားကြိုကြား ကြားနေရသည်။ လမ်းက လင်းတစ်ဝက် မှောင်တစ်ချို့ဖြစ်သည်။ ခွေးလေခွေးလွင့်များ အမှိုက်ပုံနားတွင် ကျက်စားနေသည်။ သစ်ရိပ်များ လမ်းသွယ်လေးထဲသို့ ထိုးကျနေသည်။ လူပြတ်သည်။

ပိုက်ဆံအိတ်ကို ခါးကြားထဲသို့ ပိုတင်းကြပ်သွားအောင် ဖိထိုးချလိုက်ရင်း ပုံမှန်အတိုင်းပင် လမ်လျှောက်လာခဲ့သည်။ ခွေးတစ်ချို့က ကျွန်တော့်ကို ထိုးဟောင်သည်။ အကြောင်းမဲ့ အူသည်….

ကိစ္စမရှိပါ.. ကျွန်တော် ဒီလမ်းတွေ သွားနေကြဖြစ်၍ ဒီမြင်ကွင်းတွေ၊ ဒီအသံတွေနဲ့ ယဉ်ပါးနေခဲ့ပါသည်။

……

“လောကနတ်” လက်ဖက်ရည်ဆိုင်တွင် ကီးမားပလာတာ တစ်ချပ်မှာပြီး ထိုင်စောင့်နေခဲ့သည်။ “ရွှေ” လက်ဖက်ရည်ဆိုင်တွင် ညဖက်မောင်းသည့် Taxi Driver များ အော်ကြီးဟစ်ကျယ် စကားပြောနေကြသည်။ လူငယ်တစ်ချို့ ဆေးလိပ်မီးခိုးများကြားတွင် အကြိတ်အနယ် ဆွေးနွေးနေကြသည်။

ကျသင့်ငွေကို ရှင်းပေးပြီး မြေနီကုန်းလမ်းဆုံကို ဖြတ်ကူးခဲ့သည်။
ခုနက လာခဲ့သည့် လမ်းလေးထဲသို့ ချိုးဝင်လိုက်သည်။ လက်ထဲတွင်တော့ ကျွတ်ကျွတ်အိတ်နှင့်ထုပ်ထားသော ကီးမားပလာတာအနံ့က မွှေးပျံ့နေပါသည်။

နာရီကို ကြည့်မိတော့ ၁၁ နာရီ ၄၅ မိနစ်…

…..

ဘာရယ်ကြောင့်မှန်းမသိ… ကျွန်တော့်စိတ်တွေ နည်းနည်း ဆောက်တည်ရာမရဖြစ်နေသည်ဟု ခံစားမိသည်။

ဆံပင်ကို သပ်တင်လျှက် ရောက်တတ်ရာရာအတွေးများကို မောင်းထုတ်ပစ်လိုက်သည်…

ဘာမှမဖြစ်ဘူး… ဒါ ငါသွားနေကြလမ်းပဲ… အေးဆေးပါ…

ကိုယ့်ကိုယ်ကို ပြန်အားပေးရင်း လမ်းဆက်လျှောက်လာခဲ့သည်။ ဘုန်းကြီးကျောင်းနားသို့ရောက်လျှင် လမ်းကလေးက အပေါ်ကို ချိုးပြီး ထောင်တက်သွားပါသည်။

ထိုလမ်းကွေ့လေးသို့ အရောက်….

ကျွန်တော့်ညာဖက်လက် ဆတ်ခနဲ တုန်သွားသလို ခံစားလိုက်ရသည်….

ခွေးဝင်ဆွဲသည်အထင်နှင့် ဘေးသို့ ယို့လိုက်ရင်း ပလာတာ ကိုင်ထားသော လက်ကို အသာမြှောက်လိုက်သည်။

ဘာမှ ရှိမနေခဲ့ပါ…

ကြက်သီးများ ဖြန်းခနဲထသွားသည်…

ခေါင်းမွှေးများ ထောင်လာသလို ခံစားလာရသည်။

သေချာပါသည်… ကျွန်တော့်တစ်ကိုယ်လုံး မွှေးညှင်းများ ထောင်နေသည်ကို ခံစားနေရသည်။

သို့သော် ကျွန်တော်မကြောက်တတ်ပါ. အမှတ်တမဲ့မို့ လန့်သွားခဲ့ခြင်းသာ ဖြစ်ပါသည်..

ဘာသာရေးစာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်နေခဲ့သော ကျွန်တော့်အတွက် ဤကဲ့သို့ ကိစ္စများကို နားလည်နေခဲ့ပါသည်။

တစ်ခုပဲ ပြတ်ပြတ်သားသား ကိုယ့်ကိုယ်ကို သတိပေးနေခဲ့မိသည်…

“မင်း.. လုံးဝ မပြေးရဘူး… ခပ်မှန်မှန်လေးသာ သတိနဲ့ လမ်းလျှောက်သွား”

…..

ပလာတာ ကိုင်ထားသော လက်ကို ရှေ့ဖက်သို့ ချလျက် ပုံမှန်ထက် နည်းနည်းမြန်အောင် လမ်းလျှောက်လိုက်သည်။

ခါးကိုမတ်ထားသည်။ ရင်ကို ကော့ထားသည်။ လက်များကို အကြောများ ဖြေလျှော့လျက် တိုက်ခိုက်ရန် အသင့်ပြင်ထားသည်။ မျက်လုံးများကို အသာကစားလျက် ရှေ့ကို တည့်တည့် စိုက်ကြည့်နိုင်အောင်၊ ဘေးဖက်မှ အမှောင်ရိပ်ထဲသို့ စိုက်မကြည့်မိအောင် ကြိုးစားထိန်းလျက် လမ်းဆက်လျှောက်လာခဲ့သည်…

စိတ်ထဲတွင်တော့ သမ္ဗုဒ္ဓေ ဂါထာတော်ကို ရွတ်နေခဲ့မိသည်….

ဝူ့… အုူ……………………………………..

ခွေးဝဲစားတစ်ကောင်က အသံရှည်ဖြင့် ဆွဲအူလိုက်ခဲ့သည်။

“အိုးမိုင်ဂေါ့ဒ်… ဘာတွေလဲ.. ဘာတွေလဲကွာ…”

ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးများ အဆက်မပြတ်ထနေခဲ့သည်။ ဒူးခေါင်းများ ပျော့ခွေချင်သလို ဖြစ်လာသည်။ ချွေးစေးများ ပြန်လာခဲ့သည်။

သို့သော်စိတ်ကို ပြန်တင်းသည်…

“ဘာမှမဟုတ်ဘူး ဟေ့ကောင်.. .မင်းလန့်မနေနဲ့… အေးဆေးသွား.. မင်းရဲ့ ပလာတာထုပ်ကို အရှေ့ဖက်ချထား. မှန်မှန်လေးလျှောက်. ထွက်ပြေးလို့ လဲကျသွားရင် မင်းနာပြီသာမှတ်… အေးဆေးသွား.. အေးဆေးသွား…”

အကြိမ်ကြိမ်ပြန်အားပေးရင်း… လက်ဖျံတွင်းသို့ အားများထည့်ထားရင်း၊ ခေါင်းကို တမင်မော့ထားရင်း လမ်းဆက်လျှောက်သည်။

“ရှပ်.. ရှပ်… ရှပ်… ရှပ်…”

“အားးးးးးးးးးးးးးးးးးးးးးးး…” (ကျွန်တော့်စိတ်ထဲတွင် အော်နေခဲ့မိခြင်းဖြစ်ပါသည်….)

ကျွန်တော့်ခန္ဓာကိုယ် ရှေ့သို့အနည်းငယ်ကိုင်းနေသည်ဟု ခံစားရသည်။ အပြေးတစ်ပိုင်း ကျွန်တော်လမ်းလျှောက်နေခဲ့မိသည်.. အရှေ့တွင် အိမ်တစ်အိမ်မှ ထွန်းထားသော အင်ဗာတာ မီးချောင်းအရောင် တွေ့နေရသည်… ကျွန်တော့်စိတ်ထဲတွင်တော့ ထိုနေရာသို့ အမြန်ဆုံး ရောက်ချင်နေမိသည်။

ကျွန်တော် တော်တော်ကို မခံချင် ဖြစ်သွားခဲ့ပါသည်။

ဘာလဲကွာ…

လှမ်းလျှောက်နေသော ခြေလှမ်းများကို တုံ့ခနဲ ရပ်ပစ်လိုက်သည်။ နောက်ဖက်သို့ ချာခနဲ လှည့်ပစ်လိုက်ရင်း ပတ်ဝန်းကျင်ကို မျက်စိကစားလိုက်သည်။

ဘုန်းကြီးကျောင်းဝင်းတွင်းရှိ သစ်ပင်မှောင်ရိပ်များ ရှိရာဆီသို့လည်း ခေတ္တစိုက်ကြည့်နေရင်း တစ်စုံတစ်ရာကို တွေ့လိုတွေ့ငြား ရှာနေခဲ့မိသည်။

သေချာပါသည်။ ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးများ တဖြန်းဖြန်းထလျက် အသက်ရှူမမှန်ဖြစ်နေပါသည်။

ပါးစပ်မှ တစ်စုံတစ်ရာကို အော်ဟစ်စိန်ခေါ်ပစ်လိုက်ချင်သော်လည်း ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်ပါသည်။

နောက်ဖက်၊ ဘေးဖက်တို့သို့ သေချာအောင် စိုက်ကြည့်ပြီးနောက် သားရည်ဖိနပ်ကို ခြေဖ၀ါးနှင့်ကပ်နေအောင် စီးပြီး ခြေသံမကြားအောင် လမ်းဆက်လျှောက်ခဲ့ပါသည်။

တစ်လှမ်း…
နှစ်လှမ်း..
သုံးလှမ်း..

လေး….

“ရှပ်.. ရှပ်… ရှပ်… ရှပ်…”

“C’mon! What the hell is happening to me? %^&%(&)(*”

စိတ်ထဲတွင် အသာကျိန်ဆဲလျက် နောက်ကိုလှည့်မကြည့်တော့ဘဲ မီးရောင်ရှိရာဆီသို့ အမြန်ဆုံး ရောက်အောင်သာ ခပ်မြန်မြန်လမ်းလျှောက်ခဲ့သည်…

မြေနီကုန်းဈေးလမ်းဖက်သို့ အကွေ့တွင်ခပ်လှမ်းလှမ်းမှ လူတစ်သိုက်ကိုတွေ့လိုက်ရသည်။

အားတော်တော်တက်သွားခဲ့သည်။

မီးရောင်တစ်ချို့ကိုလည်း လှမ်းမြင်နေရပါသည်။

ကြက်သီးများလည်း မထတော့ပါ.

ပလာတာထုတ်ကို အသာကိုင်မြှောက်ကြည့်ရင်း သက်ပြင်းမောတစ်ချက်ကို မှုတ်ထုတ်လိုက်ခဲ့မိသည်….

….

အိမ်ရောက်တော့ ကုတင်ပေါ်တွင် အမေလှဲနေဆဲပင်ဖြစ်သည်။

ပလာတာထုတ်ကို ထမင်းစားစားပွဲဆီသို့ ယူခဲ့ရင်း ပန်းကန်စင်ပေါ်မှ ပန်းကန်တစ်ချပ်ထဲသို့ ပြောင်းထည့်လိုက်သည်။

ထို့နောက် ပန်းကန်ကို လက်နှစ်ဖက်ဖြင့် အသာထိလျက်..

“ဗုဒ္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ…” ဟု ခပ်တိုးတိုး သုံးကြိမ်ရွတ်ဆိုလိုက်သည်။

သောက်ရေတစ်ခွက်ငှဲ့ထည့်ရင်း အိမ်ရှေ့သို့ယူလာခဲ့သည်…

အမေ့ကို အိပ်ယာပေါ်မှ တွဲခေါ်ရင်း အိမ်ရှေ့သို့ ခေါ်လာခဲ့သည်။

ပလာတာကို နှစ်ခြိုက်စွာ စားနေသော အမေ့ကို ကြည့်ရင်း ကျွန်တော့်ရင်ထဲ ၀မ်းနည်းဝမ်းသာစိတ်များ ဖြစ်နေခဲ့ရသည်…

….

ပလာတာ တစ်ချပ်လုံးမစားနိုင်၍လား၊ ကျွန်တော့်ကိုပါ စားစေချင်၍လားမသိ အမေက သူစားနေသော ပလာတာကို တစ်ဝက်ခွဲပေးသည်…

အမေစိတ်ချမ်းသာအောင် ကျွန်တော်လည်း ၀င်ထိုင်စားလိုက်သည်။

တော်တော်စားလို့ကောင်းပါသည်….

…..

ကျွန်တော့်စိတ်ထဲတွင် မျိုသိပ်မထားနိုင်တော့ပါ။ ပလာတာလည်း ကုန်ချေပြီ. အမေ့မျက်နှာလည်း ပြန်လည် ပြုံးရွှင်လာလေပြီ။ အစ်မနဲ့ အစ်ကိုလည်း မအိပ်သေးဘဲ စကားစမြည် လာပြောကြသည်။

ည ၁၂ နာရီခွဲနေပါပြီ.

အားလုံး၏ မျက်နှာကို တစ်ချက်စိုက်ကြည့်လျက် ဖြစ်ခဲ့သမျှ အကြောင်းစုံကို ကျွန်တော်ပြန်ပြောပြလိုက်ခဲ့သည်…

အစ်မက ကျွန်တော့်ကို မယုံတစ်ဝက် ယုံတစ်ဝက် မျက်နှာဖြင့် စိုက်ကြည့်ကာ…

“တော်သေးတယ်. နင်ထွက်မပြေးလို့.. ငါသာဆိုရင် ပြေးပြီ. ဟားဟားဟား”

ပြောလည်းပြော ရယ်လည်းရယ်ရင်း စကားဝိုင်းလေးက စိုပြည်သွားခဲ့သည်။

အစ်ကိုကလည်း

“ဒီကောင်မို့လို့ပေါ့. ကျွန်တော်သာဆိုရင် ပုဆိုးခါးတောင်းကျိုက်ပြီး ပလာတာထုတ်ကို ပစ်ချပြီး ပြေးမှာ.”

အစ်ကို့စကားကိုကြားတော့ တစ်အိမ်လုံး ပွဲကျသွားကြသည်.

အမေလည်း ရယ်ရယ်မောမောဖြင့် မိသားစုအားလုံး ပြန်လည်ညီညွတ်သွားကြပါသည်..

အစ်မကြီးက ၀င်ပြီး အရွှန်းဖောက်ပါသေးသည်…

“ဒါဆို ခုနက အဲဒီ့ပလာတာကို အမေ့ကို ကျွေးလိုက်တာပေါ့လေ..”

မျက်လုံးပြူးမျက်ဆံပြုးဖြင့် ကျွန်တော့်ကို လာမေးသော အစ်မကြီးကို မချိုမချဉ်မျက်နှာပေးဖြင့် ပြန်ကြည့်ကာ..

“အင်း.. ဟုတ်တယ်. အဲဒါကြောင့် အရမ်း အရသာရှိနေတာလေ… ဟတ်ဟတ်ဟတ်”

အမေကလည်း အားရပါးရရယ်ပါသည်။ ရယ်လည်းရယ်၊ လက်တစ်ဖက်ဖြင့်လည်း နှပ်များကို ဂွီးခနဲ ညှစ်ရင်း ထုံးစံအတိုင်း ပြောလိုက်သည်မှာ

“မင်း ကွာ….”

….

ထိုညက ကျွန်တော်အိပ်တော့ တစ်ခုသတိထားမိလိုက်ပါသည်.

ကျွန်တော့်ခြင်ထောင်ကို အသာမလျက် အမေစောင်လာခြုံပေးသွားပါသည်…

……….

(ဖြစ်ရပ်မှန်ဖြစ်ပါသည်. နောက်ထပ် အတွေ့အကြုံများ လာပါဦးမည်….)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

7 comments:

စိုးထက် - Soe Htet ! said...

တစ်ခါမှ အခြောက် မခံရဖူးဘူး ... ဆေးရုံမှာ တာဝန် ကျတုန်း ကလည်း သူများတွေကြုံ ပေမယ့် ကျွန်တော် မကြုံခဲ့ရဘူး ... အဆင်ပြေပါစေ ..

၁၀၀၁ ည လည်း ဆက်စောင့် ဖတ်နေပါတယ် ... :)

နှင်းပွင့်ဖြူ said...

အား ................. ဆိုတဲ့ နေရာ ရောက်မှာ
ကျက်သိမ်း ထသွားတယ်..
မဆီမဆိုင် .. ဟီးဟီး

Anonymous said...

ကိုရန်အောင် အခြေက်ခံေူးတယ်ပေါ့။

Kaung Kin Ko said...

အရေးအသားကောင်းလိုက်တာ။ ရသမျိုးစုံ ပေးတယ်ဗျာ။ ၅၂၈ မေတ္တာရော၊ လျှို့ ဝှက်သဲဖိုရော။ ပြီးတော့ ရွှေလက်ဘက်ရည်ဆိုင်နဲ့ သူငယ်ချင်းတွေကို သတိရမိတယ်ဗျာ။

nyeenyee2007 said...

i cant write in myanmar fonts , so pls understand me , "theik kaung per de yaytha ta myo palt" pls write more & more

MELODYMAUNG said...

Nice post,

ဖတ်ရင်းနဲ့တောင်ကြောက်လိုက်တာ ကီးမားပလာတာလဲ စားချင်တာ အရေးအသားလဲ ကောင်းလို့ပါ :)

Unknown said...

ကျတော်အတော်လေး ကြိုက်တယ်ဗျာ... တိုလည်းတို ၊ ထိလည်းထိ ၊ မိလည်းမိ (အားလုံးကောင်းတယ်ဗျာ) အမေ့ ကိုသတိရလိုက်တာ