Monday, October 15, 2007

အားလုံးအတွက်ထိုးတဲ့ ခေါင်းလောင်းသံ...




ကြယ်ပွင့်တစ်ချို့လည်း ကြွေလွင့်ကုန်ပြီ
မှုန်ရီနေတဲ့ အနာဂတ်တစ်ခုအတွက်
ရက်လပေါင်းများစွာ ဆွေးမြေ့ခဲ့ရပေါ့
အတွေးဆိုတာ ၀င်္ကပါတစ်ခုမှ မဖြစ်သင့်ခဲ့တာ
အခါခါတက်ဖို့ ကြိုးစားခဲ့တဲ့
ချောက်ကမ်းပါးရဲ့ အောက်ခြေမှာ
ကြွက်ဖြူကြွက်မည်းတို့ကိုက်ဖြတ်ထားတဲ့
ကြိုးတစ်ချို့ပုံလဲနေလေရဲ့…



မိုးကောင်းကင်ကိုမျှော်ကြည့်နေလည်း
ငါ့မြင်ကွင်းတွေက အကန့်သတ်ခံထားရတယ်
အမြင့်ကိုတက်ရင်း ငါပြုတ်ကျနေတာလား
ငါဟာအမြင့်ကို ပျံတက်နေတာလား
ေ၀၀ါးနေတဲ့ ငါ့အသိတွေမှာ နှိုင်းရတစ်ခုလိုနေတယ်..



မှိုင်းမိနေတဲ့ ဖြားယောင်းမှုတွေမလိုချင်ဘူး
အစားအသောက်တွေ ပေကျံနေတဲ့ မင်းနှုတ်ခမ်းအောက်က
မှောက်မှားနေတဲ့ သီအိုရီတွေနဲ့ ငါ့ကို သွေးမဆောင်ပါနဲ့
ဖောက်ပြားမှုအောက်မှာ ခရုသင်းသံ မသာယာနိုင်ဘူးလေ…



ခွင့်လွှတ်ပါ.
ငါလည်း မိသားစုတစ်ခုအတွက် ထီးတစ်လက်ဖြစ်ချင်တာပေါ့
ဒါပေမယ့်
ငါ့ထီးရဲ့ ပြင်ပမှာ မီးတွေတော့ မတောက်လောင်စေချင်ဘူး
အဆောင်အယောင်တွေ ရဖို့အတွက်
ရက်စက်မှုတွေကို မိတ်ဆွေမဖွဲ့ပါရစေနဲ့လေ…



ငါဟာ အိမ်ငှားတစ်ယောက်ပါ
ဒီအိမ်ကြီးကို တောက်ပထင်ရှားစေချင်လို့
ဘေးအိမ်တွေကို မီးနဲ့ရှို့ဖို့မခိုင်းစေပါနဲ့
ငါ့တန်ဖိုးတွေ မမဲ့ချင်ဘူး
မသေခင် ဒီအတ္တဘောကြီးကို လုပ်ကျွေးခဲ့ပြီး
သေရင်တောင် ငါ့ဝိညာဉ် လိပ်ပြာမသန့်ခဲ့ရင်
သံသရာတစ်ခွင်မှာ ငါဘယ်လိုကျင်လည်ရတော့မှာလဲ…



ငါ့ရင်ထဲမှာ ခေါင်းလောင်းသံတစ်ခုမြည်ဟည်းနေတယ်
အဲဒါဘယ်သူ့အတွက်လဲ..

ငါ့အတွက်လား…

မင်းအတွက်လား…

သူတို့အတွက်လား…

ငါ့ရင်ထဲကထွက်လို့ ငါ့အတွက်လား…

ဒါတွေ ငါမဖြေအားဘူး
သေချာတာတစ်ခုကတော့
မမေ့လျော့တဲ့ သတိတစ်ခုကိုစွဲကိုင်လို့
မယိုင်လဲတဲ့ သတ္တိတစ်စုံနဲ့
ငါတို့တိုင်းပြည်အတွက်
ဒီခေါင်းလောင်းသံ ဆက်လက်မြည်ဟည်းနေမယ်….





(ရေခဲငှက်)


1 comment:

Anonymous said...

ကဗျာလေးကို နှစ်သက်မိပါတယ်။

မမေ့လျော့တဲ့ သတိတစ်ခုကိုစွဲကိုင်လို့
မယိုင်လဲတဲ့ သတ္တိတစ်စုံနဲ့
ငါတို့တိုင်းပြည်အတွက်
ဒီခေါင်းလောင်းသံ ဆက်လက်မြည်ဟည်းနေမယ်….

ဆက်လက်မြည်ဟည်းနေပါစေ။