Monday, August 22, 2011

ညလယ်ယံတမ်းချင်း...




အပြာရောင် နာရီသံတွေက တချက်ချက်နဲ့ ကွဲအက်နေတယ်. တဖျစ်ဖျစ်နဲ့ ကျွမ်းလောင်နေတယ်.  အ၀ါရောင် နောက်ခံကားချပ်လေးပေါ်မှာ တွန့်ဆုတ်တွန့်ဆုတ် သွားနေတဲ့ အနီရောင် စက္ကန့်လက်တံလေးကိုကြည့်ရင်း ကိုယ် သွေးပျက်နေမိတယ်. ညဟာ ဒီလိုပဲ ကျဆုံးရတော့မှာလားကွယ်…

လူးလွန့်သွားတဲ့ ခန်းဆီးလေးကြားထဲကို မရဲတရဲလေး တိုးဝင်လာတဲ့ လရောင်လေးနောက်ကို ကိုယ် ခြေရာခံလိုက်မိတယ်. မျက်နှာချင်းဆိုင်က အိမ်ခေါင်မိုးပေါ်မှာ ကွေးကွေးလေးမှေးတင်နေတဲ့ လတစ်ခြမ်းပဲ့လေးကို ခံစားချက်မဲ့စွာ ငေးကြည့်နေမိရင်း အတွေးစဉ်တွေက ဟိုးကမ္ဘာမြေပြင် တစ်ဖက်စွန်းကို အတားအဆီးမရှိ လွင့်မျောစီးဆင်းသွားကြတယ်…

“မင်း လွမ်းနေတာလားဟင်”

ယောင်ယမ်းပြီး ခေါင်းငြိမ့်မိလိုက်တော့ လတစ်ခြမ်းပဲ့လေးက မပွင့်တပွင့်လေး ပြန်ပြုံးပြတယ်.

လည်ချောင်းထဲမှာ တစ်ဆို့တစ်ဆို့ဖြစ်လာတဲ့ ဝေဒနာစကားလုံးလေးတွေကို ရှင်းထုတ်ဖို့ကြိုးစားရင်း ကိုယ့်ရင်ဘတ်တွေ လှိုက်ဖို မောဟိုက်လာခဲ့တယ်…

 “မင်း ချောင်းတွေပြန်ဆိုးနေတာလား…”

သက်ပြင်းမောတစ်ချက်ကို ရှည်လျားစွာချလိုက်ရင်း ခေါင်းတစ်ချက်ထပ်ငြိမ့်ပြမိလိုက်တယ်.

စားပွဲပေါ်မှာ တင်ပြီး အားသွင်းထားတဲ့ ဖုန်းလေးကို ငေးကြည့်ရင်း ကိုယ့်နှလုံးသွေးတွေ ခေတ္တရပ်တန့်နေခဲ့တာကို၊ ကိုယ့်မျက်ဝန်းတွေ အသက်မဲ့ အေးစက်နေခဲ့တာကို၊ ကိုယ့်အင်အားတွေ ဆုတ်ယုတ်လွင့်စင်နေခဲ့တာကို ပွဲကြည့်ပရိသတ်တစ်ယောက်လို ဘေးကနေ ထိုင်ကြည့်နေမိလိုက်တယ်…


စားပွဲခုံပေါ် လက်ထောက်အားပြုပြီး ထလိုက်ရင်း အခန်းထောင့်က မီးခလုတ်ကို ချောက်ခနဲ ပိတ်လိုက်တယ်.

ညဟာပိုမှောင်သွားတယ်. လရောင်ဟာ ပိုလင်းလာတယ်.

အခန်းထဲက တောက်ပတဲ့ အရောင်တွေအားလုံး အဖြူနဲ့အမည်းဖြစ်ကုန်တယ်. နီရဲနေတဲ့ နာရီက အမည်းရောင်၊ စာအုပ်စင်လေးက အဖြူရောင်၊ အခန်းထောင့်က ဂစ်တာလေးက အမည်းရောင်၊ ဂစ်တာကြိုးတပ်ထားတဲ့ လက်လှည့်တံလေးတွေက အဖြူရောင်….

ဘာမှန်းမသိတဲ့ အမှောင်ထုကြီးတစ်ခုက ကိုယ့်ကို စိုးမိုးထားသလိုပဲ..

လိုက်ကာကို အဆုံးထိ ပင့်တင်လိုက်ရင်း လရောင်ကို အခန်းထဲ အပြည့်အ၀ ဖိတ်ခေါ်လိုက်တယ်.

တယ်လီဖုန်းလေးကတော့ စားပွဲပေါ်မှာ တိုးတိုးတိတ်တိတ် အထီးကျန်နေရှာတယ်…

ရုတ်ခြည်းဆိုသလိုပဲ ညဟာ ဝေဒနာတွေနဲ့ ခေါင်းငိုက်စိုက် ကျသွားခဲ့တယ်….

“ဝေဒနာမှောင်တိုက်များ စိုးမိုးတဲ့ညတွေ
ချစ်သူ မင်း အိပ်မက်မှာ
ကိုငိုသံ တိုးတိုးလေး မကြားဘူးလား
ချစ်သူရေ ကို တစ်ယောက်တည်း ဖျား…
ရင်မှာ ကြယ်တွေကြွေတဲ့ည
ရင်ခုန်သံတွေ ရပ်ဆိုင်းသွား မင်းသိရဲ့လား…”


နင့်ခနဲဖြစ်သွားတဲ့ ဘယ်ဖက်ရင်အုံပေါ်မှာ ဝေဒနာမီးတောက်တစ်ချို့က သွေးပျက်နေတဲ့ တစ္ဆေတစ်ကောင်လို ဆောက်တည်ရာမဲ့ ကခုန်နေကြတယ်.

“ကို မင်းကိုလွမ်းနေတယ်…… မင်းမသိဘူးလား အချစ်ရယ်….”

ထိုင်ခုံပေါ်ထိုင်နေရာက မထဘဲ စားပွဲဘေးမှာထောင်ထားတဲ့ ဂစ်တာလေးကို လှမ်းယူလိုက်တယ်. ငြိမ်သက်နေတဲ့ သန်းခေါင်ယံမှာ ဂစ်တာသံ သဲ့သဲ့လေးက တဂိုးရဲ့ ဂီတဉ္ဖလီကဗျာရွတ်သံလိုလို လွမ်းဆွတ်မှုတွေ၊ တမ်းတမှုတွေနဲ့ ပြည့်လို့….

ဂစ်တာကြိုးလေးတွေပေါ်မှာ ဆော့ကစားနေတဲ့ ကိုယ့်လက်ချောင်းသွယ်သွယ်လေးတွေကို မင်း သိပ်မြတ်နိုးတယ်လို့ ပြောဖူးတယ်နော်.

ပြီးတော့ ဂစ်တာတီးနေချိန်မှာ အဝေးကို ခပ်ဆွေးဆွေးလေးကြည့်နေတတ်တဲ့ ကိုယ့်မျက်ဝန်းလေးတွေကို မင်း သိပ်မက်မောတယ်တဲ့.

မင်းမြတ်နိုးတယ်ဆိုတဲ့ ကိုယ့်လက်ဖျားလေးတွေ ခုချိန်မှာ သိပ်ကို အေးစက်နေခဲ့တာ မင်းသိရဲ့လား.

မင်းမက်မောတယ်ဆိုတဲ့ ကိုယ့်မျက်ဝန်းတွေ ခုချိန်မှာ တည်ငြိမ်မှုမဲ့စွာနဲ့ သွေးပျက်နေခဲ့တာကိုရော မင်းသိနိုင်ပါ့မလား..

“ကို ခံစားရ ခါးသည်းတဲ့ညတွေ
ချစ်သူ မင်းရင်ထဲမှာ 
ကို့ကို နည်းနည်းလေးမလွမ်းဘူးလား…”



တိတ်ဆိတ်မှုဟာ အေးချမ်းမှုကို ဖြစ်စေနိုင်တယ်.

တိတ်ဆိတ်မှုဟာ ချောက်ချားမှုကိုလည်း ဖြစ်စေနိုင်တယ်.

တိတ်ဆိတ်မှုဟာ အသံတွေရဲ့ ခွန်အားကင်းမဲ့မှုတစ်ခု ဖြစ်နေနိုင်သလို ကြီးကျယ်ခမ်းနားမှုတစ်ခုလည်း ဖြစ်နေနိုင်တယ်..

တိတ်ဆိတ်ခြင်းရဲ့ အသံက ပြယုဂ်ကင်းမဲ့စွာနဲ့ မြည်ဟည်းရိုက်ခတ်နေတတ်တယ်လို့ မင်းပဲ ပြောခဲ့ဖူးတယ်လေ

သက်ပြင်းမောတစ်ချို့ကို တိတ်တဆိတ် မှုတ်ထုတ်လိုက်ရင်း တိတ်ဆိတ်နေတဲ့ ညလယ်သန်းခေါင်ယံမှာ ကိုယ့်ရဲ့ အဖြူရောင်ထိုင်ခုံလေးပေါ်ကနေ တိတ်တိတ်ဆိတ်ဆိတ်လေးပဲ ထရပ်လိုက်တယ်.

နာရီကို တစ်ချက်လှမ်းကြည့်လိုက်တော့ မှတ်မှတ်ရရ ၂း၃၃....

မရည်ရွယ်ဘဲနဲ့ အံတစ်ချက်ကြိတ်မိလိုက်ချိန်မှာ ခန္ဒာကိုယ်တစ်ခုလုံးက အကြောအချင်တွေ တုံ့ဆိုင်းသွားတာ၊ ဘယ်ဖက်အခန်းထဲကို စီးဝင်နေတဲ့ နှလုံးသွေးတစ်ချို့ ပွက်ခနဲ ဆူဝေသွားတာ၊ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဖျားပေါ်မှာ  ထောက်ထားတဲ့ ဘယ်ဖက်လက်သီးဆုပ်က ပိုပြီးကျစ်လျစ်သိပ်သည်းသွားတာတွေကို ဂစ်တာအိုလေးက အထိတ်တလန့် လှမ်းကြည့်တယ်..

“အနည်းဆုံးတော့ မင်း ကိုယ့်ကို လွမ်းဆွတ်ကြောင်းပြောပြဖို့ အချိန်လေးရှိသင့်တာပေါ့….”

မချင့်မရဲနဲ့ ကိုယ် တမ်းတမိလိုက်တာ တကယ်တော့ ပကတိရူးသွပ်မှုတစ်ခုပါပဲလေ…


ကောင်းကင်ထက်မှာ စန္ဒာ ငွေလမင်းကြီးကတော့ ပြိုင်သူမဲ့ သာချင်တိုင်းသာနေလေရဲ့…

ကိုယ် မင်းကို လွမ်းဖျားဖျားနေတဲ့ည ကတော့ အခန်းငယ်လေးထဲမှာ တစ်ယောက်တည်း ရင်ကွဲပက်လက်…


(ရေခဲငှက်)

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

လွမ်းနေတာတွေ သူလည်း သိပါစေလို့ ဆန္ဒပြုလိုက်ပါတယ်

8Yar said...

အလွမ်းတွေကိုချပြသွားတာ တကယ်လှတယ် အစ်ကို။ ဖတ်ခွင့်ရတဲ့ အတွက်ကျေးဇူးပါ ခင်ဗျာ။

အိမ့်ချမ်းမြေ့ said...

ကိုရေခဲငှက်..

ဘလောဂ်သမိုင်း လေ့လာရန် ရောက်ရှိလာပါတယ်ရှင်...။


နားကပ်ရှည်ရှည်လေးတွေဝတ်တတ်သော သူမလေးကို များများလွမ်းပါ.. ဒါမှ စာတွေများများထွက်ပြီး မလေးတို့လည်း များများဖတ်ရမှာ ဖြစ်ပါတယ်။

Shwe Zin Oo's Blog said...

တို့ဗိုလ်ချုပ်အကြောင်း ဖတ်ချင်တယ်ပြောသံကြားလို့ တင်ထားပါတယ် အားရင်ပေါ့ဗျာ

ခင်မင်တဲ့
seesein

http://www.shwezinu.com/2011/09/blog-post_290.html

သက်ဝေ said...

သိစရာ မှတ်စရာ အချက်အလက်တွေရော ရည်ရွယ်ချက်ပါ ကောင်းမွန်တဲ့ "အောင်မြင်တဲ့ ဘလော့ဂါတယောက်ဖြစ်ဖို့..." ပိုစ့်ကို လာဖတ်ရင်း ရောက်ခဲ့ပါတယ်...

နောက်ကို အသစ်တင်တိုင်း လာဖတ်ဖို့ လင့်ခ်လေးပါ ယူသွားပါတယ်... ကျေးဇူး...း))