တစ်ခါတစ်လေတော့လည်း
နာရီတစ်လုံးကို ဒီတိုင်းထိုင်ကြည့်နေရတာ တစ်မျိုးကောင်းနေတတ်သေးသည်။ လမ်းလျှောက်တတ်ခါစ
ကလေးငယ်လေးကဲ့သို့ တချောက်ချောက်တချက်ချက်ဖြင့် တောက်တောက်တက်တက် သွားလာနေသော စက္ကန့်လက်တံငယ်လေး၊
ထို့နောက်တွင်မှ ခြေတစ်လှမ်း ကုဋေတစ်သန်းအလား ၀င့်ထယ်ကြီးမားသော က္ကုနြေ္ဒပန်းကြီးပန်ဆင်လျက်
ရပ်နေသလိုလို၊ သွားနေသလိုလို ဟန်မူပိုနေသော မိနစ်လက်တံလတ်၊ ထိုမှတဆင့် ပကတိငြိမ်သက်နေသည်အလား
ထင်မှတ်မှားစေရသည့် အဂ္ဂမဟေသီ ထိပ်သီး နာရီလက်တံကြီး….
နာရီဟုဆိုလိုက်သည်နှင့်
သူ့မှတ်ဥာဏ်ထဲကို ထင်ထင်ရှားရှား ပြေးဝင်လာခဲ့သည်က ရန်ကုန်ဘူတာကြီးမှ ဒိုင်ခွက်အကြီးကြီးဖြင့်
နာရီကြီးဖြစ်သည်။ ငယ်စဉ်က ကိုယ်တိုင် ခရီးသွားလာခဲ့သည်ပဲ ဖြစ်ဖြစ်၊ နယ်မှ အမျိုးများ
အိမ်ပြန်သည်ကို လိုက်ပို့သည်ပဲဖြစ်ဖြစ် ရန်ကုန်ဘူတာကြီးသို့ မကြာခဏရောက်ဖြစ်ခဲ့သည်။
ထိုစဉ်က ယခုကဲ့သို့ ရောင်စုံ တီဗွီများ၊ အသွေးစုံ ကြော်ငြာ ဆိုင်းဘုတ်များ မြင်ရလေ့ မရှိသေးသော အချိန်လည်း ဖြစ်သည်။ ကလေးတို့ ဘာသာဘာဝ ဘူတာရုံကြီးတစ်ဖက်သို့ ပြေးလိုက်၊ ဆိုင်တန်းများကို လိုက်ကြည့်လိုက်၊ စာအုပ်ဆိုင်တွေ့လျှင် ကာတွန်းစာအုပ်လေးများ ခပ်မြန်မြန်လှန်လှောကြည့်ရှုလိုက်၊ အရုပ်များချိတ်ထားသည့် ဆိုင်များတွေ့လျှင် ပါးစပ်လေးအဟောင်းသားဖြင့် အရုပ်ကြီုးများကို ငေးမောကြည့်ရှုလိုက်ဖြင့် အလုပ်ရှုပ်နေတတ်သည်။
စူးစမ်းလေ့လာစရာများ
ကုန်သလောက်ရှိသွားလျှင်တော့ အမေ့ဘေးတွင် အသာခွေဝင်ထိုင်ကာ မျက်နှာကြက်ပေါ်မှ တွဲလောင်းချိတ်ဆွဲထားသော
ဘူတာရုံမှ နာရီကြီးကို စိုက်ကြည့်နေတတ်သည်။ ဒိုင်ခွက် အဖြူခံတွင် စာလုံးအမည်း၊ လက်တံအမည်းကြီးများဖြင့်
နာရီကြီး၏ အသွင်သဏ္ဍာန်က ခက်ထန် နေတတ်သည်။ ထူးခြားသည်က အနှီနာရီကြီးတွင် စက္ကန့်လက်တံ
မပါခြင်းပင် ဖြစ်သည်။ ထို့ကြောင့် စက္ကန့် ခြောက်ဆယ် ပြည့်သွားသည့် အချိန်တိုင်း မိနစ်လက်တံကြီးက
‘တစ်’ ခနဲ ရွေ့သွားတတ်သည်။ ဖြည်းညှင်းစွာ ရွှေ့လျားတတ်သော မိနစ်လက်တံများကိုသာ မြင်နေကျဖြစ်သူအတွက်
တုန်ခနဲ သိသိသာသာရွေ့သွားသော မိနစ်လက်တံအကြီးကြီးကို မြင်ရသည်က တစ်မျိုးတစ်ဖုံ ထူးခြားနေတတ်သည်။
သူငယ်စဉ်က ဘူတာရုံတွင် ရွှေ့လျားနေသော နာရီကြီးတစ်လုံးကို အကြောင်းမဲ့ အကြာကြီး ငေးမောကြည့်ရှုနေခဲ့ဖူးသည်။
ကလေးငယ်တို့ဘ၀တွင်
မိမိတို့ ပိုင်ဆိုင်မှုလေးများကို အတန်းဖော်များကို ကြွားလေ့ရှိတတ်ကြသည်။ ငယ်စဉ်က ကျောင်းတွင်
အတန်းဖော်တစ်ချို့က လူရည်တတ်သားသမီးများ ဖြစ်ကြသည်။ ရံဖန်ရံခါတွင် ခလုတ်ခြောက်ခုပါသော
သံလိုက်ကွန်ပါဗူးလေးများကို အတန်းဖော်များက ထုတ်ပြတတ်ကြသေးသည်။ သူ မှတ်မှတ်ရရရှိနေခဲ့သေးသည်က
သစ်ကုလားအုတ် ခဲတံချွန်စက်လေးနှင့် မစ်ကီမောက်စ်အဖုံးပါ လက်ပတ် နာရီလေးတစ်လုံးပင်ဖြစ်သည်။
ထိုနေ့က အိမ်ကိုရောက်တော့ အဖေ့ကို ပူဆာဖြစ်သေးသည်။
“မင်းမှာ
ချွန်စက်တွေရှိရဲ့သားနဲ့ အဲဒါကို ဘာလို့လိုချင်တာလဲ. ခိုင်တာလည်းမဟုတ်ဘူး. အလှလုပ်ထားတာ.
မကောင်းဘူး.”
သူမကျေနပ်ပါ.
သို့သော် သူဘာမှမတတ်နိုင်ခဲ့ပါ.
နာရီနှင့်ပတ်သက်၍တော့
ကတိတစ်ခု သူရခဲ့သည်။ တတိယတန်းစာမေးပွဲတွင် အဆင့် (၁)မှ (၃) အတွင်း ၀င်အောင်ကြိုးစားမည်ဟု
ကတိပေးလျှင် ၀ယ်ပေးမည်တဲ့.
သူကလည်း ကတိတည်ခဲ့သည်။
အဖေကလည်း ကတိတည်ခဲ့သည်။
ထိုနှစ် နွေရာသီကျောင်းပိတ်ချိန်က
နာရီအသစ်စက်စက်လေးကို ၀တ်လျှက် အဖေ့ဇာတိ နတ်ကန်ရွာလေးသို့ ရထားစီးပြန်ခဲ့ကြသည်။ ဘူတာကြီးမှအထွက်တွင်
နာရီများဆွဲကြိုးများကို ရထားအောက်မှ လှမ်း၍ ဆွဲဖြုတ်လုတတ်သည့် အကျင့်ရှိသည်မို့ မိမိတို့ကိုယ်ကို
သတိထားရန် အဖေ့အသိဦးလေးကြီးက ပြောသည်။
“ဆွဲကြိုးကတော့
ဟုတ်ပါပြီ. နာရီကိုကျ ဘယ်လိုဖြုတ်လုတာတုန်း”
အစ်ကိုဖြစ်သူ၏
အမေးကို ဒုန်းဝေးရန်ကောဟု တစ်ချက်လှမ်းကြည့်လိုက်ပြီး မိမိ၏ ဘယ်ဖက်လက်ကလေးကို ရထားပြတင်းပေါက်
အပြင်ဖက်သို့ အနည်းငယ်ထုတ်လိုက်သည်။ ထို့နောက် သူ့ကိုအော်ပြောလိုက်သည်။
“ဒီမှာလေကွာ…
မင်းလက်က ဒီလိုလေး ထုတ်ထားတယ်. အဲဒါကို အောက်ကနေ ဒီလို..”
သူ့စကားမဆုံးခင်မှာပဲ
သူ့လက်ပတ်နာရီလေးက သူ့လက်ပေါ်မှ ကြိုးလေးပြုတ်ကာ လွှတ်ခနဲ လျှောကျသွားခဲ့သည်။
အကုန်လုံး
“ဟာ” ခနဲ ဖြစ်သွားချိန်တွင် သူ့မျက်နှာ အရမ်းပျက်နေခဲ့သည်ကို သူသတိထားမိသည်။ ထို့နောက်
မျက်ဝန်းထောင့်မှ မျက်ရည်စများ စို့တက်လာခဲ့သည်ထိ ၀မ်းနည်းသွားခဲ့မိသည်။ မြင်နိုင်တော့မည်
မဟုတ်မှန်း၊ ပြန်ရနိုင်တော့မည် မဟုတ်မှန်းသိလျက်နဲ့ နာရီလေးပြုတ်ကျသွားသော နေရာလေးက
ရထားနောက်တွင် တရိပ်ရိပ်ပြတ်ကျန်ခဲ့သည်ကို သူဝမ်းနည်းစွာ ငေးကြည့်နေခဲ့မိသည်။
အဖေ့အသိဦးလေးကြီးက
သူ့အတွက် နာရီတစ်လုံး အစားပြန်ဝယ်ပေးမည်ဟု ပြောသည်။ အစ်ကိုကလည်း သူ့ကျောကို အသာပုတ်လျက်
အားပေးသည်။ သူခေါင်းငုံ့လျက် တစ်ကိုယ်လုံးထူပူနေခဲ့သည်။ မျက်တောင်များကို လျင်မြန်စွာပုတ်ခတ်လျက်
မျက်ရည်စများကို အနိုင်နိုင်လိုက်သိမ်းနေခဲ့ရသည် အတွေ့အကြုံသည် ငယ်စဉ်ကတည်းက သူ့အတွက်
အဆန်းမဟုတ်ခဲ့တော့ပေ….
သူငယ်စဉ်က
ဆုံးရှုံးသွားသော ဆုရနာရီလေးတစ်လုံးအတွက် ခရီးလမ်းတစ်ခုလုံး ပူဆွေးသောကရောက်ခဲ့ရဖူးသည်။
လူပျိုပေါက်ဘ၀တွင်မူ
သူ့အတွက် နာရီက မရှိမဖြစ် အဖော်မွန်တစ်ဦးပင်ဖြစ်သည်။ အိမ်မှာလည်း နာရီတကြည့်ကြည့်၊
ကျောင်းမှာလည်း နာရီတကြည့်ကြည့်၊ အပြင်မှာလည်း နာရီတကြည့်ကြည့်၊ လက်ဖက်ရည်ဆိုင် ထိုင်ခဲ့လျှင်လည်း
နာရီတကြည့်ကြည့်၊ နောက်ဆုံး အိပ်ရာဝင်ခါနီးတောင် ဘယ်အချိန်အိပ်ရာဝင်ဖြစ်လဲ သိရအောင်
နာရီကို ကြည့်လိုက်သေးသည်။ (၁၀) တန်းကျောင်းသားဘ၀တွင် နာရီကို သူအသုံးအပြုဆုံးပင်ဖြစ်လိမ့်မည်။
သတ်မှတ်ချိန်အတွင်း အစမ်းစာမေးပွဲများ ဖြေကြည့်ခြင်း၊ စာစီစာကုံးများ ရေးကျင့်ခြင်း
စသည်ဖြင့် နာရီကိုကြည့်လျှက် အလုပ်လုပ်ရာမှ နောက်ဆုံးတွင် နာရီကို ခဏခဏကြည့်တတ်သည့်
အကျင့်ကို သူရလာခဲ့သည်။ ထိုအကျင့်ကိုဖျောက်ရန် သူဘာလုပ်လျှင် ကောင်းမည်လဲဟု စဉ်းစားမိသည်။
နောက်ဆုံးတွင် နာရီကို မပတ်တော့လျှင် ကောင်းမည်ဟု သူဆုံးဖြတ်လိုက်သည်။
နာရီမပတ်တော့သည့်အတွက်
နာရီကို ခဏခဏကြည့်စရာမရှိတော့ပါ. ထို့အတွက် တစ်မျိုးစိတ်ချမ်းသာရသည်။ သို့သော် တပြိုင်တည်းတွင်
အချိန်ကို သိလိုသည့်အခါတိုင်း ဘေးမှဖြတ်သွားဖြတ်လာတစ်ယောက်ကို မေးရခြင်းကိုလည်းကောင်း၊
မမေးချင်လျှင် သူလက်လွှဲသွားသည်ကို စူးစူးရှရှ တစ်ချက်လှမ်းကြည့်လျက် နာရီကို လှမ်းကြည့်ရခြင်းကိုလည်းကောင်း၊
လက်ဖက်ရည်ဆိုင်၊ ရွှေဆိုင်စသည်တို့ထဲသို့ လှမ်းမျှော်ကြည့်လျက် နာရီလှမ်းကြည့်ရခြင်းကိုလည်းကောင်း
သူစက်ဆုပ်လာမိပြန်သည်။
ထို့ကြောင့်
သူနာရီပြန်ပတ်ဖြစ်သည်။ သို့သော် ခဏခဏမကြည့်ရဟု ကိုယ့်ကိုယ်ကို တင်းကြပ်စွာ သတိပေးထားသည်။
အချိန်လေးစားတတ်သူ
တစ်ယောက်ဖြစ်ချင်ခဲ့သည်မှာလည်း သူ၏ ပြင်းပြသော ဆန္ဒတစ်ခုပင်ဖြစ်သည်။ ချိန်းဆိုထားသောနေရာတစ်ခုသို့
အနည်းဆုံး ၁၀ မိနစ်ခန့် စောရောက်နေစေရန် သူ့နာရီကို ၁၀ မိနစ်မြန်ထားသည့် အကျင့်ကို
သူရလာခဲ့သည်။
“၁၀ မိနစ်မြန်ထားတဲ့
ကိုယ့်နာရီလေး… တကယ်တမ်း သုံးလို့မရဘူးကွယ်…” ဟု မျိုးကျော့မြိုင်က ရေးစပ်သီဆိုလာတော့
ငါ့လိုလူတွေ နာမည်ကြီးတွေမှာတောင် ရှိသေးတာပဲဟု မဆီမဆိုင် ခပ်မြောက်မြောက် ဖြစ်ချင်သွားသေးသည်။
သို့သော်
ပြဿနာက မကြာခင်တွင် အသစ်အစပြုပြန်သည်။ ၁၀ မိနစ်မြန်ထားပြီးခါမှ ၁၀ မိနစ်ပိုနောက်ကျလာတတ်သည်ကို
သတိထားမိလာသည်။ “ငါ့နာရီက ၁၀ မိနစ်မြန်ထားတာပဲ” ဆိုသော အတွေးက အလုပ်လုပ်ရာတွင် မြန်ဆန်စေမည့်အစား
ပိုမိုနှေးကွေး အချိန်ဖင့်လေးစေလာသည်ကို သတိထားမိလာသည်။ ထို့အပြင် တစ်စုံတစ်ယောက်က
အချိန်မေးတိုင်း ၁၀ မိနစ်နောက်ကျပြီး ပြန်ပြောရသည်ကိုလည်း စိတ်ပျက်လာမိပြန်သည်။ ထို့ကြောင့်
သူ့နာရီကို ၁၀ မိနစ်မြန်ထားခြင်းကိစ္စသည် သိပ်မကြာခင်မှာပဲ ပွဲပြီးမီးသေ ဖြစ်သွားရပြန်လေသည်။
အရွယ်ရောက်လာတော့
နာရီရောဂါက တစ်မျိုးထလာပြန်သည်။ ဆီကိုမှ၊ ဆီတီဇင်မှ၊ ကွာ့ဇ်ဆို သိပ်မကောင်းဘူး… ရိုးလက်စ်ဆိုရင်တော့
ဘာပြောကောင်းမလဲ…
အင်္ကျီလက်ရှည်လေးဝတ်လျက်၊
ဘောလ်ပင်လေးတစ်ချောင်း အင်္ကျီအိတ်ထဲထိုးထည့်ကာ အကောင်းစားနာရီကြီးများ ၀တ်ထားတတ်သော ဘီးဇီးနက်မန်းန်များကို
သူအားကျလာခဲ့သည်။ တစ်နေ့အသုံးပြုရန်အတွက် ရည်ရွယ်ကာ သူစုထားသော ဘောလ်ပင်ကောင်းကောင်းလေးများ
ရှိသည်။ မရှိသည်က နာရီ.
တစ်နေ့နေ့တော့
အကောင်းစားနာရီတစ်လုံး သူပိုင်ဆိုင်ခွင့်ရဦးမည်ဟု အိပ်မက်မက်နေခဲ့ဖူးသည်။
တလောက လူမျိုးခြား
အသိတစ်ယောက်နှင့် စကားစပ်မိ၍ ကမ္ဘာနှင့်တ၀ှမ်းကို ရိုက်ခတ်နေသော စီးပွားပျက်ကပ်ကြီး
အကြောင်း မမှီမကမ်းဖြင့် လက်လှမ်းကာ စကားစမြည် ပြောဖြစ်ခဲ့သည်။
“ကမ္ဘာပေါ်မှာ
စီးပွားရေး အတည်ငြိမ်ဆုံး နိုင်ငံ ဘယ်နိုင်ငံ ဖြစ်မယ်လို့ မင်းထင်လဲ.”
နိုင်ငံကြီးပေါင်းများစွာ၏
နာမည်က သူ့ခေါင်းထဲတွင် ဓာတ်ပုံဆရာပေါင်းများစွာ၏ ဖလက်ရှ်ဂန်းများ တပြိုင်တည်းပွင့်သွားသလို
တဖျတ်ဖျတ် လင်းလက်စီးဆင်းသွားကြသည်။
နိုင်ငံနာမည်
၁၀ ခုခန့်မနည်း ပြောပြီးသောအခါ သူ့မိတ်ဆွေက သူ့ကို ပြုံးလျက် တစ်ချက်စိုက်ကြည့်သည်။
“မင်း အံ့ဩသွားမလားပဲ.
ဆွစ်ဇာလန်ကွ”
“ဟာဗျာ”
(ဟာဗျာ ဆိုသည်မှာ မြန်မာနိုက်ဇေးရှင်း လုပ်ထားခြင်း ဖြစ်ပါသည်။ အမှန်တော့ ထိုအချိန်က
သူပြောမိခဲ့သည်မှာ “အာယူဆီးရီးယပ်စ် မန်းန်” ဖြစ်မည်ဟု ထင်မိသည်။)
“သေချာတာပေါ့ကွာ…
ဒီကောင်ရဲ့ ထူးခြားချက်က International Banking ပဲကွ. နိုင်ငံတကာမှာရှိတဲ့ စီးပွားရေးသမားကြီးတွေ၊
ကြီးကြီး မာစတာတွေမှန်သမျှ ဆွစ်ဇာလန်မှာ ဘဏ်အကောင့် ဖွင့်ထားဖို့ဆိုတာ ၉၀ ရာခိုင်နှုန်းထက်မနည်း
သေချာတယ်.”
“ယူနိုးဝှက်.
ခင်ဗျားသိလားဗျ..”
သူ့မိတ်ဆွေက
ဘာလဲဆိုသော အမေးဖြင့် မော့ကြည့်တော့ သူက ၁၀၀ ရာခိုင်နှုန်းသေချာသည့် ဟန်ဖြင့် အားရပါးရ
ပြောထည့်လိုက်သည်။
“ဆွစ်တွေက
နာရီလုပ်တာမှာ နာမည်ကြီးပဲဗျ. ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး၊ တန်ဖိုးအကြီးဆုံး နာရီတွေကို
ဆွစ်တွေက ထုတ်လုပ်နေခဲ့တာ နှစ်ပေါင်းမနည်းတော့ဘူး. ဒါဟာလည်း သူ့နိုင်ငံရဲ့ ပင်မစီးပွားရေးလုပ်ငန်းကြီး
တစ်ခုပဲ မဟုတ်ဘူးလား.”
“ရိုက်တ်.
မင်းပြောတာမှန်တယ်. ငါဘာလို့ မစဉ်းစားမိတာပါလိမ့်.”
သူ့မိတ်ဆွေက
တစ်ချက်ငြိမ်ပြီး သူ့စကားကို ထပ်ဆက်သည်။
“ဒါပေမယ့်
လက်ကိုင်ဖုန်းတွေ တွင်ကျယ်လာပြီးနောက်ပိုင်းမှာ လူတွေ နာရီပတ်တဲ့ အလေ့အထ နည်းလာတယ်.
ငါလည်း အစက နာရီကို မြတ်မြတ်နိုးနိုး ပတ်ခဲ့တယ်. ဒါပေမယ့် အခု နာရီကိုသိချင်ရင် ဖုန်းကိုပဲ
ထုတ်ကြည့်လိုက်တော့တယ်. ငါ့လိုလူမျိုးပေါင်း ဘယ်နှစ်ယောက်လောက် ရှိနေမယ် မပြောနိုင်ဘူး.
ဒါဟာလည်း နာရီဈေးကွက်ကို အကြီးအကျယ် ထိုးနှက်မှုတစ်ခု ဖြစ်တယ်လို့ ပြောလို့ရတယ်ကွ.”
သူ့မိတ်ဆွေက
စကားကို အဆုံးသတ်လိုက်ရင်း နာရီပတ်မထားသော သူ့လက်ကို အကဲခတ်သလို တစ်ချက်လှမ်းကြည့်သည်။
ခေါင်းတစ်ချက်
အားရပါးရ ညိတ်လိုက်ရင်း သူပြန်ပြောလိုက်မိသည်။
“ဟုတ်တယ်.
ကျွန်တော်လည်း အရင်က နာရီကို လိုအပ်ချက်တစ်ခုအနေနဲ့ ပတ်ခဲ့တယ်. အခုနောက်ပိုင်း နာရီကို
လက်ပေါ်တင်ထားရတာကိုက စိတ်ကို ကျဉ်းကြပ်မှုတစ်ခု ဖြစ်စေတယ်လို့ ခံစားမိလာတာကြောင့် မပတ်ဖြစ်တော့တာ
တော်တော်ကြာသွားပြီဗျ.”
သူ့မိတ်ဆွေက
အားရသွားဟန်ဖြင့် ခေါင်းတဆတ်ဆတ်ညိတ်သည်။ မေးစေ့ကိုလည်း ပွတ်ရုံတင်မက လက်ညှိုးလေးဖြင့်
တစ်ခါတစ်ခါ တဆတ်ဆတ် အသာလေး ရိုက်နေလိုက်သေးသည်။
တစ်ခါတစ်လေတော့လည်း
နာရီတစ်လုံးကို ဒီတိုင်းထိုင်ကြည့်နေရတာ တစ်မျိုးကောင်းနေတတ်သေးသည်။ လမ်းလျှောက်တတ်ခါစ
ကလေးငယ်လေးကဲ့သို့ တချောက်ချောက်တချက်ချက်ဖြင့် တောက်တောက်တက်တက် သွားလာနေသော စက္ကန့်လက်တံငယ်လေး၊
ထို့နောက်တွင်မှ ခြေတစ်လှမ်း ကုဋေတစ်သန်းအလား ၀င့်ထယ်ကြီးမားသော က္ကုနြေ္ဒပန်းကြီးပန်ဆင်လျက်
ရပ်နေသလိုလို၊ သွားနေသလိုလို ဟန်မူပိုနေသော မိနစ်လက်တံလတ်၊ ထိုမှတဆင့် ပကတိငြိမ်သက်နေသည်အလား
ထင်မှတ်မှားစေရသည့် အဂ္ဂမဟေသီ ထိပ်သီး နာရီလက်တံကြီး….
ကမ္ဘာ့စီးပွားရေးကိုလည်း
ဟိုက်စပိဒ်ဖြင့် နာလန်ထူလာစေချင်ပါသည်။ ဆွစ်တွေကိုလည်း အားနာပါသည်။ သူ နာရီမပတ်ဖြစ်တော့သည်မှာ
အတော်ကြာပါပြီ….
(ရေခဲငှက်)
5 comments:
စိတ်နဲ့လူနဲ့ တသားတည်းကျနေတဲ့ နေ့ရက်တွေတိုင်းမှာ နာရီအမြဲပတ်ဖြစ်တယ်။
ဘလော့ကာကြီး ခုလို စာတွေပြန်ရေးနေတဲ့အတွက် ဝမ်းသာပါတယ်ရှင်။
ရထားပေါ်က နာရီလေး ကျသွားချိန်မှာ အတော်လေး ခံစားလိုက်ရမှာတော့ သေချာတယ်ဗျ၊ ကျနော်လည်း နာရီရောဂါ ထ,လိုက်သေးဖူးတယ်..၊ များစွာသော လူငယ်တွေလိုပါပဲ၊ အလုပ်က တခါတလေ ဆဲလ်ဖုန်း ထုတ်ကြည့်ဖို့ အဆင်မပြေလို့ ကျနော်တော့ နာရီ အခုထိ ပတ်ဖြစ်နေ တုန်းပဲဗျ၊ ဒီအက်ဆေးလေး မိုက်တယ်၊ ဘိုင်သဝေး..ဘရို.. ဆွစ်က ၂၀၀၂ မှာ ယူအင်န်ထဲ ဝင်ဖြစ်သွားပြီဗျ၊ တစ်နိုင်ငံလုံး မဲခွဲ ဆုံးဖြတ်တာမှာ Yes က နည်းနည်းလေးနဲ့ ကပ်နိုင်သွားလို့..။
နာရီကို ၁၀မိနစ် မြန်ထားသူချင်းတွေ့ရလို့ ၀မ်းသာပါတယ် ကိုရန်အောင်း)
နောက်ကျတာခြင်းလည်း တူနေပြန်ပါတယ်။
နာရီပတ်ပြီး နောက်ကျသူများ လို့ ပြောရမယ်ထင်ပါတယ်။
ခုချိန်မှာတော့ နာရီတစ်လုံးဆိုတာ မရှိမဟုတ်တော့ဘဲ တန်ဖိုးလျှော့ကျသွားတာဟာ ခေတ်ကြောင့်ဘဲ ထင်ပါတယ်။ ဟန်းဖုန်းတွေက ဖန်ရှင်တွေ စုံလွန်းတော့လည်း ဟန်းဖုန်းခေတ်ဖြစ်လာတာကိုးနော်
ရေးထားတာလေးဖတ်ပြီး နာရီနဲ့ ပတ်သက်တဲ့ ကိုယ့်အကြောင်းကိုယ်ပါ ပြန်စဉ်းစားစရာ ဖြစ်သွားတယ်
နာရီလေး ပြုတ်ကျသွားတဲ့ နေရာကို ရေးဖွဲ့ထားတာ.. အရမ်းအသက်ဝင်တာပဲ။
နာရီကို မလေး လည်း ၁၀မိနစ်မြန်ထားတတ်တယ် အခုထိပါပဲ (ကားနာရီပါ) ဘာဖြစ်လို့လည်းဆိုတော့ နာရီကို မပတ်တာ မလေးက။ စိတ်ကျဉ်းကြပ်တယ်.. ငယ်ငယ်က စာမေးပွဲတွေမှာဆို နာရီစားပွဲပေါ်တင်ထားလိုက်တာပါပဲ။
နောက်ပိုင်း နာရီတော့ လူတွေက မပတ်ကြတော့ဘူးထင်တယ် ... ဆဲလ်ဖုန်းကို အစားထိုးလာကြတယ်လို့ ထင်ပါတယ်။
ဒီပိုစ်လေး ဖတ်လို့ကောင်းတယ်ရှင်။
>Sophie... စိတ်နဲ့လူနဲ့ မကပ်တဲ့နေ့ရက်တွေမှာရော နာရီလေး အမောဖောက်နေမှာပေါ့....း)
>Nyi Linn Thit... သိုင်းကျူး ဘရားသား. ကျွန်တော် အဆက်အသွယ်ပြတ်သွားတယ်. ပို့စ်ထဲမှာ အဲဒီ့နေရာလေးကို ပြန်ပြင်လိုက်မယ်.
>အိမ့်ချမ်းမြေ့... ဒါဆို မလေးရဲ့ ကားက လူထက် ပိုပြီး ၁၀ မိနစ်စောပြီး ရောက်နေမှာပေါ့.း)
Post a Comment