“အရှိန်”
ဆိုသော စကားလုံးသည် တော်တော်အရှိန်အ၀ါကြီးသည်ဟု သူထင်မိသည်။
အရှိန်ကြောင့်
တိုက်မိသည်။
အရှိန်ကြောင့်
တွန်းမိသည်။
အရှိန်ကြောင့်
ပစ်လဲသည်။
အရှိန်ကြောင့်
ထိုးဆင်းသည်။
အရှိန်ကြောင့်ပဲ
အရှိန်တက်သည်။
အရှိန်ကြောင့်ပဲ
အရှိန်ပျက်သည်။
အရှိန်ဆိုသော
စကားလုံးကို သူကောင်းကောင်း ခွဲခြမ်း စိတ်ဖြာဖြစ်ခဲ့သည်မှာ ရူပဗေဒဘာသာရပ်ကို စတင်သင်ကြားစဉ်က
ဖြစ်မည်ထင်သည်။
“စက်ဝိုင်းပုံစံ
လှည့်ပတ်နေတဲ့ ဘယ်အရာဝတ္ထုမျိုးမှာမဆို အားတစ်ခုရှိတယ်. အဲဒီ့အားက ဗဟိုကို ဦးတည်ပြီး
ဖြစ်ပေါ်နေလို့ ဗဟိုချဉ်းအားလို့ ခေါ်တယ်. အဲဒီ့အားကို ဖြစ်စေတဲ့ အရှိန်ကိုကျတော့ ဗဟိုချဉ်းရှိန်လို့
ခေါ်တယ်.”
“ခဲလုံးတစ်လုံးကို
ကြိုးချည်ပြီး စက်ဝိုင်းပုံစံအတိုင်း ခေါင်းပေါ်မှာ ဝှေ့ရမ်းကြည့်လိုက်ရင် ခဲလုံးက မင်းကို
ဆွဲနေတာကို မင်းရဲ့လက်က ခံစားသိမိလိမ့်မယ်. ဒီလိုပဲ မင်းရဲ့လက်ကလည်း အဝေးကို ထွက်ပြေးနေတဲ့
ခဲလုံးကို ဆွဲထားတာကို ခဲလုံးက ခံစားသိမိလိမ့်မယ်.”
ငယ်စဉ်က သင်ကြားခဲ့ရသော
ရူပဗေဒသင်ခန်းစာများက လက်တွေ့ဘ၀ထဲထိ အရှိန်ပြင်းပြင်း ရိုက်ခတ်နေခဲ့လိမ့်မည်ကိုသာ သူကြိုသိနိုင်ခဲ့လျှင်
စောစောစီးစီးကတည်းက ခဲလုံးကိုချည်ထားသောကြိုးကို လွှတ်ခဲ့မိမည် ထင်သည်။
ယခုတော့ အရှိန်တွေက
ထိန်းရခက်ချေပြီ…
ကမ္ဘာလုံးထဲ
ဆိုင်ကယ်မောင်းပြသော ဆပ်ကပ်အဖွဲ့သားများ၏ စတန့်သည်လည်း အရှိန်နင့် ကင်းကွာ၍ မရစကောင်းချေ။
ပထမဦးစွာ
အဖွဲ့သားတစ်ဦးက ဆိုင်ကယ်ကို ကမ္ဘာလုံးအတွင်းပိုင်း ထိပ်မှနေ၍ အရှိန်ဖြင့် ထိုးဆင်းလျက်
အရှိန်ယူကာ တစ်ဖက်သို့ မောင်းတင်သွားသည်။ ထို့နောက် အရှိန်ဖြင့် ပြန်ထိုးဆင်းလာကာ တစ်ခြားတစ်ဖက်သို့
မောင်းတင်သွားပြန်သည်။ ထိုအချိန်တွင် အရှိန်ကို တစ်ချက်ကလေးမှ လျှော့ချလိုက်၍ မဖြစ်ချေ။
ထိုအချိန်တွင်
နောက်ထပ် ဆိုင်ကယ်စတန့်သမားတစ်ဦး ထပ်ဝင်လာပြန်သည်။ လမ်းကြောင်းတစ်ခုအတိုင်း ကမ္ဘာလုံးကြီးထဲတွင်
မောင်းနေလေသည်။ ထို့နောက် နောက်တစ်ဦးထပ်ဝင်လာပြန်သည်။ သူ့ရှေ့တွင် မောင်းနှင်နေသော
နောင်တော် ဆိုင်ကယ်စီးသမားများ၏ လမ်းကြောင်းကို ခေတ္တအကဲခတ်လျှက် သူ့အတွက် အဆင်ပြေမည့်
လမ်းကြောင်းကို ဖောက်ယူကာ ပတ်လမ်းတစ်ခုကို ဖန်တီးလိုက်ပြန်သည်။
ဆိုင်ကယ်ကသုံးစီး၊
ပတ်လမ်းကြောင်းက သုံးခု၊ ကမ္ဘာကြီးက တစ်ခုတည်း…
ကိုယ့်လမ်းကြောင်းဖြင့်
ကိုယ်ပတ်နေသ၍၊ ကိုယ့်အရှိန်နှင့် သူ့အရှိန် တသမတ်တည်း မဖြစ်ခဲ့လျှင်တောင် လိုက်လျောညီထွေ
ရှိနေသေးသ၍ ဆိုင်ကယ်သုံးစီးသည် ကမ္ဘာလုံးကြီးထဲတွင် ငြိမ်းချမ်းစွာ ယှဉ်တွဲမောင်းနှင်လျက်
ရှိကြသည်။
ဆိုင်ကယ်စီးသမားများက
နည်းလွန်းနေ၍လည်း ဖြစ်နိုင်သည်။ သို့မဟုတ် ကမ္ဘာလုံးကြီးက အတိုင်းအတာတစ်ခုထိ ကြီးမားနေ၍လည်း
ဖြစ်နိုင်သည်။
သို့တည်းမဟုတ်
ဆိုင်ကယ်စီးသမားများက ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သတ်သတ်မှတ်မှတ် သွားလာနေ၍လည်း
ဖြစ်ကောင်းဖြစ်နေနိုင်သည်။
သို့မဟုတ်မူကား
ကမ္ဘာလုံးကြီးက သေးလွန်း၍ ဆိုင်ကယ်စီးသမားများအနေဖြင့် တစ်ယောက်နှင့် တစ်ယောက် မတိုက်မိအောင်
ပိုမို သတိထားမိခြင်းလည်း ဖြစ်ကောင်းဖြစ်နေနိုင်သည်။
လက်တွေ့ဘ၀ထဲတွင်တော့
ကမ္ဘာလုံးကြီးက အတိုင်းအတာတစ်ခုထိ ကျယ်ပြန့်ကြီးမားနေခဲ့သလို ကမ္ဘာလုံးကြီးအတွင်းမှ လူသားများအနေဖြင့်လည်း
ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သွားနိုင်အောင် အားထုတ်ကြိုးစားနေကြသည်ကို တွေ့ရသည်။
သို့သော်
ပတ်လမ်းကြောင်းများ ငြိမိကြသည်။ အတ္တများတိုက်မိကြသည်။
ပတ်လမ်းကြောင်းများ
တစ်ခုနှင့်တစ်ခု ပူးကပ်ခြင်းတွင် ထိပ်ဆိုင်တိုက်မိခြင်းကြောင့် လွင့်စဉ်ပျက်စီးကြသူများလည်း
ရှိ၏။ ဘေးမှ ၀င်တိုက်ခြင်းကြောင့် ယိုင်လဲပြိုကွဲသူများလည်း ရှိ၏။ နောက်မှဝင်ဆောင့်ခံရခြင်းကြောင့်
ဟန်ချက်ပျက်သူများလည်း ရှိ၏။
သေချာသည်ကတော့
ပတ်လမ်းကြောင်းများ ပူးကပ်မိချိန်တွင် မိမိကိုယ်တိုင် ထိန်းသိမ်းယုယထားခဲ့သော အရှိန်တစ်ခု
ပျက်စီးကာ အရှိန်ထိန်းမရဘဲ ကမ္ဘာလုံးကြီးထဲသို့ တားမရဆီးမရ ပြုတ်ကျကြသည်။
ကဗျာဆန်ဆန်
ပြောရလျှင်တော့ မိုးပေါ်သို့ ပြုတ်ကျသည်ပေါ့…
ကမ္ဘာကိုလှည့်ပတ်သွားလာနေသော
အရာဝတ္ထုများကို ဆက်တယ်(လ်)လိုက် (၀ါ) ဂြိုဟ်တုဟု ခေါ်သည်ဟုလည်း မှတ်သားဖူးသည်။ ဂြိုဟ်တုတစ်ခု၏
ဂြိုဟ်ပတ်လမ်းကြောင်း ဖြစ်တည်မှုကို ရူပဗေဒဆရာက ဤနှယ် ရှင်းပြခဲ့ဖူးသည်။
“ခဲလုံးတစ်လုံးကို
ကောက်ယူပြီး ခပ်ဝေးဝေးကို ပေါက်နိုင်သလောက် ပစ်ပေါက်လိုက်ရင် ခပ်ကွေးကွေးလမ်းကြောင်းအတိုင်း
ခဲလုံးဟာ ကမ္ဘာမြေကြီးပေါ်ကို ပြန်ကျလာလိမ့်မယ်. အဲဒီ့ ခပ်ကွေးကွေးလမ်းကြောင်းကို ရူပဗေဒမှာ
ပရိုဂျက်တိုင်းလ် (Projectile) လို့ ခေါ်တယ်ကွ.
အေး.. အဲဒီ့ခဲလုံးကိုပဲ
ဒီ့ထက်ဝေးဝေး ပစ်ပေါက်လိုက်ရင် ပရိုဂျက်တိုင်းလ် လမ်းကြောင်းအတိုင်း တစ်ခြားနေရာမှာ
သွားကျလိမ့်မယ်. ကဲကွာ.. အဲဒါကိုပဲ ကမ္ဘာကြီးရဲ့ ဟိုးအပြင်ဖက်ထိရောက်အောင် ပစ်ပေါက်လိုက်နိုင်ရင်
ခဲလုံးဟာ သူ့အရှိန် တဖြည်းဖြည်းသေလာတဲ့နောက် ကမ္ဘာ့ဆွဲအားကို မလွန်ဆန်နိုင်လို့ ပြန်ပြုတ်ကျလာလိမ့်မယ်.
ဒါပေမယ့် အဲဒီ့အချိန်မှာ သူ့ရဲ့ ပရိုဂျက်တိုင်းလ် လမ်းကြောင်းက ကြီးလွန်းလို့ ကမ္ဘာကြီးရဲ့
အပြင်ဖက်ထိတောင် ရောက်သွားခဲ့ပြီ. ဒါပေမယ့် ကမ္ဘာ့ဆွဲငင်အားကိုတော့ မကျော်လွန်သေးဘူး.
ဒီတော့ ကမ္ဘာမြေပြင်ဖက်ကို ပြန်ပြုတ်ကျလာလိမ့်မယ်.”
ဆရာက ပြောလည်းပြော၊
နံရံပေါ်မှ ကျောက်သင်ပုန်းပေါ်တွင်လည်း စက်ဝိုင်းပုံစံ အ၀ိုင်းကြီးတစ်ခုဆွဲပြကာ ဒါက ကမ္ဘာ၊
ဒါက ဂြိုဟ်တု၊ ဒါက ပတ်လမ်းကြောင်း စသည်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ရှင်းပြခဲ့သည်ကို
သူမှတ်မိနေခဲ့သေးသည်။
“ဒီတော့ အဲဒီ့ကျောက်တုံး
ပြန်ပြုတ်ကျလာချိန်မှာ သူ့ရဲ့ ပတ်လမ်းကြောင်းက ကြီးလွန်းတဲ့အတွက် ကမ္ဘာကြီးကို ပြန်မထိနိုင်တော့ဘူး.
ဒါပေမယ့် ဆွဲငင်အားကိုလည်း မကျော်လွန်နိုင်သေးတဲ့အတွက် အဝေးကိုလည်း လွင့်ထွက်မသွားဘူး.
အဲဒီ့မှာတင် တသမတ်တည်း လမ်းကြောင်းတစ်ခုအတိုင်း ကမ္ဘာမြေကြီးကို လှည့်ပတ်နေတော့တယ်.
ဒါကြောင့် ဂြိုဟ်တုတွေ အကုန်လုံးဟာ တကယ်တော့ ကမ္ဘာမြေကြီးပေါ်ကို စဉ်ဆက်မပြတ် ပြုတ်ကျနေတဲ့
အရာဝတ္ထုတွေပဲ ဖြစ်တယ်.”
မျက်စိထဲတွင်
ဝင်းခနဲ၊ ဦးနှောက်အသိဥာဏ်ထဲတွင် လင်းခနဲ ဖြစ်သွားသည်ထိ ဆရာက အသင်အပြ ကောင်းလွန်းလှသည်။
သို့သော်
တစ်နေ့နေ့ တစ်ချိန်ချိန်တွင် တစ်စုံတစ်ရာပေါ်သို့ စဉ်ဆက်မပြတ် သူပြုတ်ကျနေခဲ့မိမည်ကိုတော့
ကြိုတင်တွေးဆနိုင်ခြင်း မရှိခဲ့ချေ…
......
တစ်စုံတစ်ရာသည်
သူ့စိတ်ကူးဖြင့် ဖန်တီးတည်ဆောက်ထားသော စကြ၀ဠာ အဇဍာကြီးတစ်ခုလုံး၏ ဗဟိုချက်မ အလယ်တည့်တည့်တွင်
ရှိနေခဲ့သည်။
ထိုတစ်စုံတစ်ရာကို
ဦးတည်လျက် ချစ်ခြင်းများကို မျှော်လင့်ချက်များစွာဖြင့် သူ ပစ်ပေါက်နေခဲ့ဖူးသည်။
တစ်စုံတစ်ရာအတွက်
ရည်စူးလျက် မိုးယံထိ မြင့်မားစွာ ပစ်ပေါက်နေခဲ့သော သူ့မျှော်လင့်ခြင်းများက မိုးကုပ်စက်ဝိုင်း
အလွန်တွင် ပြန်လည် သက်ဆင်းကြသည်။
တစ်စုံတစ်ရာက
သူ့မျှော်လင့်ခြင်းများကို ပြန်လည်ဖမ်းယူခြင်း မပြုခဲ့…
အဝေးသို့လည်း
လွင့်စဉ်မသွားနိုင်သော၊ အနီးသို့လည်း ပြုတ်မကျနိုင်သော အရှိန်တစ်ခုဖြင့် တစ်စုံတစ်ရာကို
သူလှည့်ပတ်နေခဲ့သည်မှာ အတော်ကြာပါပြီ…
အနှီတစ်စုံတစ်ရာကို
“သူမ” ဟုခေါ်၍ သူမက ပြန်လည်ဖမ်းယူခြင်း မပြုသော်လည်း သူမပေါ်သို့ စဉ်ဆက်မပြတ် မှန်းညွှတ်ဦးတည်နေသော
အရှိန်ကိုတော့ “သံယောဇဉ်” ဟုခေါ်သည်။
ကမ္ဘာမြေကြီးပေါ်
ပြုတ်ကျနေသော ဂြိဟ်တုများ၏အရှိန်နှင့် သူ၏ သူမအပေါ် ယိုဖိတ်သက်ဆင်းနေသော သံယောဇဉ်အရှိန်တွင်
ခြားနားချက်တစ်ခုတော့ ရှိသည်။
ဂြိုဟ်တုများ၏
အရှိန်က တသမတ်ဆန်လွန်းသည်။
သူ၏ သံယောဇဉ်အရှိန်ကတော့
တိုးပြီးရင်းတိုးနေသည်။
တစ်နေ့နေ့တော့
သူမရင်ခွင်ထဲသို့ တိုးဝင်သက်ဆင်းခွင့် ရကောင်းရနိုင်ပေမည်။
ထိုသို့သက်ဆင်းနိုင်ရန်အတွက်
လက်ရှိလှည့်ပတ်နေသော သူ့အရှိန်ကို ဖျက်ကောင်း ဖျက်ရပေလိမ့်မည်.
မပြောကောင်းမဆိုကောင်း
သူဖျက်လိုက်သော အရှိန်ကြောင့် သူမရင်ခွင်ထဲသို့ မသက်ဆင်းနိုင်ဘဲ သူမနှင့် ဝေးရာသို့
လွင့်စဉ်သွားခဲ့လျှင်ကော…….
ဟင့်အင်း…
နိုး…. လုံးဝ မဖြစ်ရဘူး…..
သူ၏ မျက်စိများကို
စုံမှိတ်လိုက်သည်။
လက်သီးကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။
အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူ၊ ရင်ကိုကော့၊
ခေါင်းကိုမော့လျက်၊ ကောင်းကင်ထဲသို့ တစ်စုံတစ်ရာကို ပစ်ပေါက်လိုက်သည်။
မျှော်လင့်ခြင်းများက
အရှိန်အဟုန်ကြီးစွာဖြင့် သူမကိုလှည့်ပတ်နေမြဲ…
သူ၏ သူမအပေါ်ထားရှိသော
သံယောဇဉ်အရှိန်တို့ကလည်း တရှိန်ရှိန်ထိုးတက်နေမြဲ….
(ရေခဲငှက်)
9 comments:
လှလိုက်တဲ့ အက်ဆေးလေးဗျာ..၊ သုံးထားတဲ့ ပုံရိပ်တွေ၊ နမိတ်ပုံတွေက တကယ်ပဲ သဘောကျစရာ..၊ အချစ်ဟာ စင်္ကြဝဠာနဲ့ ချီပြီး ခန့်ညားကြီးမား လာခဲ့တဲ့အခါ ဗဟိုချဉ်းအား၊ ဗဟိုခွာအား၊ Projectiles တွေနဲ့ ပမာပေးမှ ရတော့မယ် ထင်ပါရဲ့ဗျာ..၊ Cheers bro..!
အဲ... မုဒ်တွေ ပြန်ဝင်လာပုံရတယ်။ ငယ်မူငယ်သွေးတွေ ပြန်ပေါ်လာပြီ..။
သံယောဇဉ်အရှိန်က
အဖြူရောင်...
အားကောင်းတယ်...
သူဆွဲငင်ရင် စပါးကြီးမြွေညှို့ခံရသလိုပဲတဲ့...။
ကြားဘူးတာလေးပါ..။
အရှိန်လေးထိမ်းပြီး ဖတ်သွားပါတယ် ကိုရန်အောင်..။
စာလာဖတ်တယ် ကိုရေခဲဌက် .. အဲ ကိုရန်အောင်ရေ ...း)
ရူပဗေဒ သဘောတရားတွေပြည့်နေတဲ့ သူ့ရဲ့ သူမအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာပါလား
နယူတန်သာသိရင် နိယာမတစ်ခုများ အသစ်ထုတ်လေမလားမသိ။
အော် အရှိန်အရှိန်.. တော်တော်အင်အားကြီးတဲ့ အရှိန်..
စာလေးဖတ်ပြီး ၁၀တန်းတုန်းက ရူပဗေဒ အသင်ကောင်းတဲ့ ဆရာတစ်ဦးကို သတိရမိသား...
သံယောဇဉ်အရှိန်က လူကိုဆွဲငင်ထားတယ်.။ တရှိန်ထိုး တက်နေမြဲ သံယောဇဉ်အရှိန်လေးတခုကိုလည်း သူမတယောက် နားလည်နိုင်ပါစေ.။ လှပသက်ဝင်တဲ့ အရှိန်လေးတခု..
ခင်မင်တဲ့
သဒ္ဓါ
Happy belated B-Day, dude.
ကိုယ့်လမ်းကြောင်းကိုယ် အရှိန်မှန်သွားနေသရွေ့ ကမ္ဘာလုံးကျဉ်းထဲမှာတိုက်မိဖို့ အလားအလာနည်းပေမယ့် အန္တရယ်ရှိနေတုန်းပါပဲ။ အချစ်အကြောင်းလေးကို ဆွဲခေါ်သွားတာ အရမ်းကိုလှပပါပေတယ်။
ကောင်းလေစွကိုရန်အောင် ၊ လက်ရာမတွေ့တာအတော်ကြာပီ ၊ ကောင်းလေစွ ကောင်းလေစွပို့လေးပါတကား ။
လာလည်သွားပါတယ်... ကျနော့် သီချင်းဆိုဒ်ဆီကိုလည်း လာပြီး အပန်းဖြေပါဦး..
Myanmar Online Mp3 Songs: http://www.myanmaronlinemusic.com
ကျေးဇူးပါ...
Post a Comment