လူတွေက ငြင်ငြင်သာသာ စီးဆင်းနေလို့….
မာန်ချထားတဲ့ ညနေခင်း လေပြည်က
လူးလူးလွန့်လွန့် မျောလွင့် တိုက်ခတ်နေလို့…
ဖြူစင်ရှင်းသန့်တဲ့ ခရေပွင့်လေးတွေက
မြေပြင်ထက်ကို ခုံခုံမက်မက် ဆင်းသက်နေလို့…
ဝါးလုံးတောင်ဝှေးတွေကို ထောက်ကန်အားပြုနေရတဲ့
ညောင်ပင်အိုကလည်း သူမအိပ်သေးကြောင်း တရှဲရှဲနဲ့ အားခဲပြနေလို့…
ထောင့်နားလေးက ပုတီးစေ့ချင်း ထိတွေ့သံကတော့
တိတ်ဆိတ်မှုကို ထွင်းဖောက် “ဖျောက်.. ဖျောက်..ဖျောက်..ဖျောက်..”
နံ့သာဖြူ၊ ကရမက်၊ အမွှေးနံ့သာစုံ ရောယှက်နေတဲ့
ပတ်ဝန်းကျင်က ခက်ထန်နေတဲ့ စိတ်အာရုံကို ညွှတ်ပျောင်းစေလို့…
လေအဝှေ့မှာမှ ဆုံတွေ့ခွင့်ရကြရှာတဲ့
ဆည်းလည်းရွက်ပွင့်လေးတွေကလည်း ခေါင်းလောင်းနံရံလေးတွေကို
မြတ်နိုးနှစ်သက်စွာ ပွတ်သပ်ကျီစယ်နေလို့…
ထိန်ထိန်ငွားစွင့် ဆီမီးပွင့်လေးတွေကလည်း
လေအသိမ်းမှာ ဘယ်ညာယိမ်းလို့ ပွင့်သူကပွင့် လွင့်သူကလွင့်…
ပုစွန်ဆီရောင် ကောင်းကင်နောက်ခံမှာ
တင့်တယ်ဝင့်ဝါနေတဲ့ ရွှေတောင်ကြီးက သူ့အရိပ်ခိုသူတွေကို
ငြိမ်းချမ်းမှုတွေ တထွေထွေပေးဝေနေလို့…
အို….
ဝေးခါမှ ရော်ရမ်း တမ်းတမိတယ်..
4 comments:
ကဗျာလေး သဘောကျလိုက်တာ ကိုရန်လေးရယ်။
ရွှေတိဂုံရဲ့ ညနေရှုခင်းကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပုံဖော်တတ်ပါပေတယ်။
ဆည်းလည်းသံလေးတွေတောင် နားထဲမှာ ကြားယောင်လို့ ...
အမွှေးတိုင် ဖယောင်းတိုင်နံ့ စပယ် နှင်းဆီ ပန်းရနံ့တွေတောင် အနားမှာ ဝေ့၀ဲသင်းပျံ့လာသလိုလို ....
ဟုတ်ပါရဲ့ ... ဝေးခါမှ တမ်းတမိတာ။
ပါဒ တစ်ခုချင်းစီက ရင်ပြင်တော်ပေါ် အရောက်ခေါ်သွား ခဲ့တယ်..၊ ဖတ်နေရင်းနဲ့ နေပူခံ ကြွေပြားတွေရဲ့ ခပ်အေးအေး အထိအတွေ့ကို ခြေဖဝါးအောက်မှာ ရလိုက်သလိုလို.....။
ရွှေတိဂုံရဲ့ သပ္ပါယ်မှုတွေကို ပြည့်စုံအောင် ဖော်ပြနိုင်စွမ်းတဲ့ ကဗျာလေးပါဘဲ ကိုရန်အောင်
ကြည်နူးပီတိဖြစ်ရသလို ရွှေတိဂုံလည်း မြင်ယောင်မိရပါတယ်။
ချစ်သူကို ထားခဲ့သောနေ့ က မိုးများ ရွာနေခဲ့ပါသည်။ ဖိနပ်စီးမထားသော ကျွန်မတို့  ခြေထောက်တွေအောက်မှ အေးမြသော ကျောက်သားပြင်ဖြူဖြူထက်တွင် မိုးရေများ စီးဆင်းနေခဲ့သည်။ မျက်နှာချင်းဆိုင် မတ်တပ်ရပ်လို့ စကားမဆိုဖြစ်ခဲ့ကြသော ကျွန်မတို့ ကိုယ်ပေါ်သို့ မိုးရေစက်နှင့် အတူ ညောင်ရွက်ဝါအချို့  လွင့်ကျလာသည်။
"ငါးနှစ်စောင့်မယ်" ဟု ချစ်သူရက်ရောစွာပြောပြီး စနေထောင့်တွင် ရေလှုနေခဲ့ စဉ်က ခပ်ဝေးဝေးမှရပ်ကြည့်နေခဲ့ ရင်း တိတ်တဆိတ် ကြေကွဲနေခဲ့ သည်။
ဒီကဗျာလေးဖတ်ပြီးကိုယ်ရေးခဲ့တာလေ သတိရသွားလို့ပါ ကိုရန်ရေ...
Post a Comment