Monday, January 17, 2011

မှန်းဆရော်ရည်... အညာဌာနီ.(၃)

ဘုန်းကြီးကျောင်းမှ ပြန်လာတော့ ရွာလယ်လမ်းကလေးက တိတ်ဆိတ်စွာ အိပ်မောကျနေလေပြီ။ လမ်းဘေး သစ်ပင်လေးများကြားမှ ဖြိုးဖြိုးဖြောက်ဖြောက် ကျနေသော လရောင်အပိုင်းအစလေးများကို နင်းလျက် စိတ်လက် ပေါ့ပါးစွာ အိမ်ပြန်လာခဲ့ကြသည်။ အချို့တဲအိမ်လေးများက ရွာခံမဟုတ်သော ဧည့်သည်များကို ခပ်စောင်းစောင်း လှမ်းကြည့်ကြသည်။ လေအဝှေ့တွင် ခပ်လှမ်းလှမ်းရှိ နွားတင်းကုပ်များဆီမှ နောက်ချေးနံ့(နွားချေး) က ဝေ့ခနဲ ပျံ့လွင့်လာသည်။

အိမ်ရှေ့ကွက်လပ်လေးထဲတွင် လရောင်က ပြိုင်ဖက်မရှိ မင်းမူထားသည်။ အပေါ်ထပ်သို့ အမေတက်သွားပြီး အိပ်ရာများ ခင်းနေချိန်တွင် သူကတော့ အဘွား၏ ၀ါးပက်လက်ကုလားထိုင်လေးကို ထုတ်လျက် ကွင်းပြင်ထဲတွင် ထိုင်ရင်း လေညင်းခံ နေမိသည်။ မြို့ပြမီးရောင်များနှင့် ကင်းကွာသည့် ကျေးလက်တောရွာငယ်လေး၏ လသာညသည် ဆိတ်ငြိမ်အေးချမ်း နေသည်၊ သိမ်မွေ့ ငြိမ့်ညောင်းနေသည်။ ကောင်းကင်ပြင်ကြီးက ကြယ်နက္ခတ်တွေကို ခါတိုင်းထက် ပိုမိုစုံလင်စွာ ခင်းကျင်းပြထား နေသည်ဟုပင် ထင်မြင်မိသည်။ နေ့လယ်နေ့ခင်းတွင် ပူပြင်းတောက်လောက်နေသော သဲမြေပြင်ကအစ ညအချိန်တွင်တော့ သူ၏ မာန်မာနများကို ခ၀ါချလျက် လရောင်၏ အေးမြသော မေတ္တာဓာတ်လေးများကို နူးညံ့စွာ စားသုံးနေလေသည်။

ခြေထောက်ရေဆေးပြီး အိမ်ပေါ်ထပ်သို့ သူတက်လာခဲ့ချိန်တွင် အမေတို့ အိပ်မောကျနေကြပြီ ဖြစ်သည်။ စေ့ထားသော တံခါးကို မင်းတုန်းထိုးလျက် ပိတ်လိုက်ပြီး ၀ါးကြမ်းခင်းလေးများကို အသံမမြည်အောင် ခြေဖွနင်းလျက် ခေါင်းရင်းဖက်ရှိ အိပ်ရာဘေးသို့ လှမ်းလာခဲ့လိုက်သည်။ ခပ်စောစော အိပ်ရာဝင်လေ့ မရှိသောသူ့အတွက် ညတာသည် ရှည်လျားလွန်း လှသည်။


….

နောက်တစ်နေ့ ညနေခင်းတွင် အမေ၊ အန်တီနှင့် သူတို့ ညီအစ်ကိုနှစ်ယောက် ဘုန်းကြီးကျောင်းသို့ အတူတူသွားကြသည်။ ဘုန်းကြီးကို ဦးချဝတ်ပြုပြီးနောက် ဆံချရန် ကျောင်းအောက်သို့ ဆင်းလာခဲ့ကြသည်။ ကိုရင်ဖိုးတုတ်ကြီးက သင်တုန်းဓားကို ရာဘာပြားပေါ်တွင် တရွှန်းရွှန်းသွေးလျက် အုတ်ရေကန်လေးဘေးတွင် ဓားရေးပြနေလေသည်။ လွန်ခဲ့သည့်နှစ်နှစ်ခန့်က ရှင်ပြု၊ နားသမင်္ဂလာပွဲတွင် ပြုလုပ်ခဲ့သော ဆံချပွဲကဲ့သို့ အဖေနှင့် အမေက ပိတ်စတစ်ဖက်စီ ကိုင်လျက် သာမဏေလောင်းလျာအား ပြုံးကြည့်နေသည့် မြင်ကွင်းကို သူလွမ်းမိသည်။

ခေါင်းရိတ်ပြီးနောက် အုတ်ရေကန်လေးဘေးတွင်ပင် ရေကို စတိသဘော ခပ်မြန်မြန်ချိုးကာ ကျောင်းပေါ်သို့ ပြန်တက်ခဲ့ကြသည်။ ဘုန်းကြီးရှေ့ လင်ဗန်းလေးထဲတွင် သင်္ကန်းနှစ်ထုပ်ကို ထပ်လျက် တင်ထားသည်ကို တွေ့ရသည်။ ဘုန်းကြီးရှေ့တွင် ဆောင့်ကြောင့်ကိုယ်စီ ထိုင်လျက် သီလယူ၊ သင်္ကန်းတောင်းနေချိန်တွင် လတ်လတ်ဆတ်ဆတ် ရိတ်ထားသော သူ့ခေါင်းပေါ်မှ အပူငွေ့များ တရှိန်ရှိန် ထိုးထွက်နေသည်ကို ခံစားမိသည်။ ထို့နောက် ကိုရင်ဖိုးတုတ်ကြီးက သင်္ကန်းကူစည်းပေးသည်။ သူ့အတွက် သင်္ကန်းက အနည်းငယ်ကြီးနေသော ကြောင့် ထက်ဝက်ချိုးကာ သင်္ကန်းရုံရသည်။

ဘုန်းကြီးနှင့် ခေတ္တစကားစမြည် ပြောပြီးနောက် အမေနှင့် အန်တီက အာဂန္တု ကိုရင်အသစ်စက်စက်လေး နှစ်ပါးကို သူတို့သီတင်းသုံးရမည့် ကျောင်းတိုက်သို့ လိုက်ပို့ပေးသည်။ ကိုရင်ဖိုးတုတ်ကြီးတို့နှင့် အတူတူနေရမည် ဖြစ်သည်။ ကျောင်းတိုက်ဟုသာ ဆိုရသော်လည်း ပျဉ်ထောင်သွပ်မိုးထားသော တဲကျောင်းလေးသာ ဖြစ်သည်။

ကိုရင်ဖိုးတုတ်ကြီးတို့၊ ကိုရင်စိန်ဗေဒါကြီးတို့က ဘုန်းကြီးကျောင်းရှိ ကိုရင်ကြီးများ ဖြစ်ကြသည်။ ဆရာတော်ကြီး များအား ၀တ်ဖြည့်ရာတွင်လည်းကောင်း၊ ကျောင်းတိုက်ဝေယျာဝေစ္စ အ၀၀ ပြုလုပ်ထိန်းသိမ်းရာ တွင်လည်း ကောင်း၊ အလှူအတန်းရှိလျှင်လည်းကောင်း၊ ကိုရင်ငယ်၊ ကျောင်းသားငယ်များအား ထိန်းသိမ်း ကြပ်မတ်ရာတွင် လည်းကောင်း ကျောင်းထိုင်ဘုန်းကြီး၏ အာဏာကုန်လွှဲအပ်ထားခြင်း ခံရသော ကိုရင်ကြီးများ ဖြစ်ကြသည်။ နှစ်တိုင်း ရွာကိုလာနေကြ ဖြစ်သော သူတို့ညီအစ်ကိုနှင့် ကိုရင်ကြီးများက ဆွေမျိုးရင်းချာများ သဖွယ် ခင်မင်ရင်းနှီးနေကြပြီ ဖြစ်သည်။


အုတ်ကျောင်းဖြစ်သွားသည့် တစ်ချိန်က တဲကျောင်းကလေး


မှောင်ရီပျိုးချိန်တွင် ကျောင်းတိုက်ပေါ်မှ ကြေးစည်သံ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းတွင် ကျောင်းလှေကားရင်းရှိ ခေါင်းလောင်းကြီးကိုလည်း ကိုရင်တစ်ပါးက အချက်မှန်မှန် ထိုးသည်။ အပေါ်ထပ်မှ ကြေးစည်သံ တစ်ချက်၊ အောက်ဖက်မှ ခေါင်းလောင်းသံတစ်ချက်စီဖြင့် အချက် (၂၀) ခန့် ထိုးချိန်တွင် ဘုန်းကြီးကျောင်းသားများ၊ ကိုရင်များ၊ သံဃာတော်များ အားလုံး ကျောင်းတိုက်ပေါ်သို့ တက်ရန် ပြင်ဆင်ကြသည်။ ခေါင်းလောင်းသံများ ညံနေချိန်တွင် ဘုန်းကြီးကျောင်းမှ ခွေးများကလည်း သံရှည်ဆွဲကာ အူကြသည်။ သာဓုခေါ်ခြင်း ဖြစ်သည်ဟု ကိုရင်ကြီးများက ရှင်းပြသည်ကို မှတ်သားဖူးသည်။ ဘုရားဝတ်ပြုချိန် ဖြစ်သည်။

ဘုရားဝတ်ပြုချိန်တွင် ကျောင်းထိုင်ဘုန်းကြီးက ရှေ့ဆုံးမှ ထိုင်သည်။ နောက်တစ်တန်းတွင် ဦးဇင်းကြီးများက ထိုင်သည်။ ထို့နောက်တွင်မူ ကိုရင်ကြီးများနှင့် ကိုရင်ငယ်များက ညာမှဘယ်သို့ ၀ါစဉ်အလိုက် ထိုင်ကြရသည်။ နောက်တန်းတွင်မူ ကျောင်းအိပ်ကျောင်းစား နေထိုင်သော ဘုန်းကြီးကျောင်းသားများ ထိုင်ကြရသည်။ ဘုရားစင်တွင် ထွန်းညှိထားသော ၀ါဆိုဖယောင်းတိုင်ကြီးများက မိမိတို့၏ ရှိန်ရှိန်လွန့်ငြီး၊ ရောင်ဆီမီးဖြင့် သုံးလူ့ရှင်ပင် နှိုင်းသူမမြင်သည့် ရှင်တော်မုနိအား ရှိခိုးကော်ရော် ဖူးမြော်ကြည်ညိုလျက်…

ဩကာသမှ ဆယ်ပါးသီလ ဆောက်တည်သည်အထိ သူတို့ ညီအစ်ကိုနှစ်ယောက် အားလုံးနှင့်အတူ သံပြိုင်လိုက်ဆို နိုင်ကြသည်။ ထို့နောက်တွင်တော့ လက်အုပ်လေးချီလျက် မျက်လုံးလေးမှိတ်လျက် ဆရာတော်၊ သံဃာတော်များ ဆက်လက်ရွတ်ဆိုနေသည်ကို အသာလေးငြိမ်လျက် နားထောင်နေလိုက်ကြသည်။ ဘုရားဝတ်ပြု ပြီးချိန်သည် တစ်နေ့တာ၏ ကုန်ဆုံးချိန်လည်း ဖြစ်သည်။ ဆရာတော်က မိမိ၏အခန်းတွင်းသို့ ၀င်သွားသည်။ ကျောင်းတိုက်ပေါ်တွင် အိပ်စက်သည့် ကိုရင်ငယ်များ၊ ကျောင်းသားလေးများက ဘေးတွင် စီတန်းချထားသည့် သေတ္တာလေးများပေါ်တွင် တင်ထားသော မိမိတို့၏ အိပ်ရာခင်းလေးများအား ယူကြသည်။ ထို့နောက် မိမိတို့ ဘုရားဝတ်ပြုသည့် အခန်းကျယ်ကြီးထဲတွင်ပင် အစီအရီခင်းကာ အိပ်စက်အနားယူဖို့ ပြင်ဆင်ကြသည်။

အချို့ကျောင်းသားများ၊ ကိုရင်များကမူ မိမိတို့ အိပ်ရာများကို ခင်းကာ မအိပ်သေးဘဲ ကျောင်းတိုက်အောက်သို့ ပြန်ဆင်းကြသည်။ အချို့က ရွာထဲသို့ ပြန်ကြွကာ မိမိတို့၏ အိမ်သို့ ခေတ္တပြန်ကြသည်။ အချို့ကမူ ရွာ၏တောင်ဖက် ယွန်းယွန်းသို့ တစိုက်မတ်မတ် ချီတက်ကြသည်။ ထိုနေရာတွင် ရွာ၏ တစ်ခုတည်းသော အပန်းဖြေစခန်းတစ်ခု ရှိသည်။ ဗွီဒီယိုရုံ ဖြစ်သည်။

ရွာတွင် ဘုန်းကြီးကျောင်းနှစ်ကျောင်းရှိသည်။ အရှေ့ကျောင်းနှင့် အနောက်ကျောင်းဟူ၍ဖြစ်သည်။ မိမိတို့ကျောင်းက အနောက်ကျောင်းဖြစ်သည်။ မည်သည့်အတွက်ကြောင့် နှစ်ကျောင်းကွဲရသည်ကို အသေးစိတ်မသိသော်လည်း ထိုကျောင်းတိုက်နှစ်ခု အဆက်အစပ် အခေါ်အပြောသိပ်မရှိသည်ကိုတော့ သိသည်။ အရှေ့ကျောင်းဘုန်းကြီးက အနောက်ကျောင်းအလှူသို့ ကြွလေ့မရှိသလို အနောက်ကျောင်းဘုန်းကြီး ကိုလည်း အရှေ့ကျောင်းက ဖိတ်ကြားလေ့ မရှိချေ။ ဒကာဒကာမများက အစ အရှေ့ကျောင်းဒကာ၊ အနောက်ကျောင်းဒကာဟူ၍ သီးသီးသန့်သန့် အမည်တွင်တတ် ကြသေးသည် တမုံ့။

အရှေ့ကျောင်းနှင့် အနောက်ကျောင်းသည် ညောင်ပင်ကြီးတစ်ပင်နှင့် လှည်းလမ်းကြောင်းတစ်ခုသာ ခြားသည်။ တစ်ရွာလုံးသုံးကြသော သောက်ရေကန်တွင် အရှေ့ကျောင်းက လာရောက် ရေခပ်ခြင်း မပြုလုပ်။ သူတို့အတွက် အ၀ီစိတွင်းတစ်တွင်း သီးသန့်တူးထားကြသည်။ ရေတွင်းတွင် ရေးထိုးလှူဒါန်းထားသော စာကမ္ပည်းကိုက အရှေ့ကျောင်း တိုက်နာမည်ကို ရည်ညွှန်းရေးထိုးထားသည်။ ထို့ကြောင့် ထိုရေတွင်းတွင် အရှေ့ကျောင်းကိုရင်များမှ အပ မည်သူမျှ ရေခပ်ခြင်း ပြုလုပ်သည်ကို မတွေ့ရချေ။ အချို့က အရှေ့ကျောင်း ဘုန်းကြီးလွန်သည်ဟု ပြောကြသည်။ အချို့ကမူ အနောက်ကျောင်းဘုန်းကြီးက မာနကြီးသည်ဟု ဆိုကြပြန်သည်။

မည်သို့ဆိုစေ ကျောင်းတိုက်နှစ်ခုကြားမှ လှည်းလမ်းလေးသည် တစ်ရွာလုံး၏ မုခ်ဦးဝင်ပေါက် ဖြစ်သည်။ ထိုလမ်းကြောင်းလေးမှတဆင့် ရွာသူရွာသားတို့ လယ်ထဲဆင်းကြသည်၊ တောထဲသွားကြသည်၊ မြို့သို့ ကူးကြသည်။ ထိုလမ်းကြောင်းလေးပေါ်တွင်ပင် နံနက်ခင်းတွင် နွားများကို တောထဲသို့ ကျောင်း၍ ညနေခင်းတွင် တောထဲမှ ရွာထဲသို့ ပြန်မောင်းဝင်လာကြသည်။ အရှေ့ကျောင်းနှင့် အနောက်ကျောင်း အဆက်အစပ် သိပ်မရှိကြသော်လည်း ကျောင်းတိုက်နှစ်ခု ကြားမှ မန်ကျည်းပင်တို့က အချိန်မှန်မှန် သီးဆဲ၊ ရှဉ့်ကလေးများကလည်း ဟိုဟိုဒီဒီ ကူးလူးပြေးလွှားဆဲ၊ မိုးတွင်းတွင် သောက်ရေကန်သည် ကမ်းနဖူးထိ ရေတက်မြဲ၊ ညောင်ပင်ဘေးမှ တစ်ခုတည်းသော စာသင်ကျောင်းလေးသည်လည်း စာအံသံလေးများကို အချိန်မှန်မှန် ဖွင့်ထုတ်သီကြွေးနေဆဲ…


….


နံနက်ခင်း တုံးမောင်းခေါက်ချိန်တွင် ကပျာကသီ မျက်နှာသစ်၊ သင်္ကန်းကို သပ်သပ်ရပ်ရပ်ရုံကာ ကျောင်းတိုက်ပေါ်သို့ တက်၍ ဘုရားဝတ်ပြုရသည်။ အရုဏ်ဆွမ်းကပ်သည့် အလှူရှင်ရှိလျှင် ဆွမ်းခံကြွစရာမလိုဘဲ အာရုံဆွမ်းတစ်ခါတည်း ဘုဉ်းပေး၍ ရသည်။ မရှိလျှင်မူ ဆွမ်းခံကြွရန် ပြင်ဆင်ကြရသည်။

ဆွမ်းခံကြွချိန်တွင် ရုံရသော သင်္ကန်းရုံနည်းသည် သာမန်အချိန်တွင် ပြုလုပ်သော သင်္ကန်းရုံနည်းနှင့်မတူ။ သင်္ကန်းအပေါ်ရုံကို ခေါင်းပါမြုပ်အောင် ခြုံလိုက်ပြီး အနားစနှစ်ဖက်ကို ညီအောင်ညှိရသည်။ ထို့နောက်တွင်မူ အနားစမှ စတင်ကာ သင်္ကန်းကို တဖြည်းဖြည်းလိပ်ယူလျက် လက်မောင်းအောက်ဖက်သို့ သွင်းယူရသည်။ အောက်ခြေအနား ညီရန်လည်း ဂရုပြုရသေးသည်။ လည်ပင်းနောက်မှ သကန်းစကို ကော်လာသဖွယ် ထောင်လျက် လည်ပင်းသား မပေါ်အောင် သေသေချာချာ ဖုံးဖိရသေးသည်။ လက်ကတော့ထိုးရုံသည်ဟု ခေါ်လေ့ရှိကြသည်။ လိပ်ထားသော သင်္ကန်းမှ ထွက်လာသည့် သင်္ကန်းလိပ်ကလေးကို ဘယ်ဖက်လက်ဖ၀ါးလေးထဲတွင် ဆုပ်ကိုင်ထားရသည်။ မတော်တဆ ထိုသင်္ကန်းလိပ်ကလေးအား လွှတ်ချမိလိုက်လျှင် လက်မောင်းတလျှောက် အရစ်လည်း လျှောကျကာ သင်္ကန်းတစ်ခုလုံး ပြေကျသွားတတ်သည်။ သူတို့ညီအစ်ကိုနှစ်ယောက်ကို ဘေးမှ ကိုရင်များက ကူ၍ လက်ကတော့ထိုးရုံပေးကြသည်။

ထို့နောက်တွင်မူ ကိုရင်ငါးပါးတန်သည်၊ သုံးပါးတန်သည်ဖြင့် အုပ်စုလေးများခွဲလျက် မိမိတို့အတွက် သတ်မှတ်ထားသော လမ်းကြောင်းလေးများအတိုင်း ရွာထဲသို့ ကိုယ်စီ ဆွမ်းခံကြွကြရသည်။ ရှေ့တွင် ကြေးစည်လေးကိုင်ထားသော ကျောင်းသားငယ်လေးက ပုဆိုးခပ်တိုတိုဝတ်လျက် ကြေးစည်လေးကို နောင်ခနဲ တစ်ချက်ထုကာ ဆွမ်းတော်ဗျို့ဟု လမ်းကြောင်းတလျှောက် စဉ်ဆက်မပြတ် အော်သွားသည်။ သူ့နောက်တွင် ၀ါစဉ်အလိုက် ကိုရင်ကြီးများ၊ ကိုရင်ငယ် လေးများက သပိတ်ကိုယ်စီပိုက်လျက် လိုက်ကြရသည်။ နောက်ဆုံးတွင်မူ ကျောင်းသားကြီးတစ်ဦးက ဆိုင်းထမ်းပိုးကို ထမ်းလျက် လိုက်ရသည်။ ဆိုင်းထမ်းပိုး၏ ရှေ့နှင့်နောက်တွင် လင်ဗန်းတစ်ခုစီ ဆွဲချိတ်ထားလျက် ထိုအပေါ်တွင်မှ အုပ်ဆောင်းလေးဖြင့် အုပ်ထားတတ်သည်။

ကျောင်းသားငယ်ဘ၀အဖြစ်လည်း ဆွမ်းတော်ဗျို့ဟု ရွာရိုးကိုးပေါက် အော်ကာ ဆွမ်းခံထွက်ဖူးသည်။ ကိုရင်ဘ၀အဖြစ် နှင့်လည်း သပိတ်ကိုပိတ်လျက်၊ မျက်လွှာလေးကို အသာချလျက် ဆွမ်းခံကြွဖူးသည်။

ဝေလီဝေလင်း အချိန်တွင် ၀မ်းဗိုက်ထဲမှ တကျုတ်ကျုတ်မြည်လျက် ခပ်သုတ်သုတ် ဆွမ်းခံကြွရသော ရွာနံနက်ခင်း လေးများကို လွမ်းမိပါဘိ….


ဆွမ်းတော်ဗျို့!!!


~ ရေခဲငှက် ~

5 comments:

မေဓာဝီ said...

ကိုရန်လေးရေ ...
အညာဘွဲ့ ၃ ပုဒ်လုံး တခါတည်း ဖတ်သွားတယ်။
တကယ်ကို မျက်စိထဲမြင်ယောင်လာအောင် ပီပီပြင်ပြင် သရုပ်ဖော်နိုင်တာပဲ။
စာပန်းချီဆိုတာ ဒါမျိုးထင်ပါရဲ့။
ရေးတတ်ပေစွ ... ။ ခြယ်မှုန်းတတ်ပေစွ ... ။

. said...

ရသစာပေကောင်းတစ်ခုကို ခံစားသွားပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

အပိုင်း(၃) ပြီးပြန်တော့ အပိုင်း(၄)ကို ဆက်မျှော်
နေတယ်ဗျာ။

Yan said...

>မမေ.... မမေရေးတဲ့ အူပါရှူပါ ဖတ်ပြီးကတည်းက ဒီလိုဖြစ်သွားတာပဲဗျ. သိုင်းကျူးး)

>. ... ကောင်းပါပြီဗျာ.

> ကိုအောင်... မုဒ်ဝင်တုန်းလေး ရေးချနေတာဗျ. အားပေးတာ ကျေးဇူး.

မြတ်မွန် said...

ဆရာမ ခင်ခင်ထူးဝတ္ထုတိုလေးတွေ ဖတ်ဖူးတော့
အကိုအညာ အကြောင်းလေး ဖတ်ရင်း အညာကိုတော့ ရင်းနှီးနေသလို ဖြစ်နေပြီ အကိုရန်အောင်ရေ..။
စာရေးကောင်းတယ်နော်။