Thursday, January 13, 2011

မှန်းဆရော်ရည်... အညာဌာနီ.(၂)

အိမ်အောက်က ကွပ်ပျစ်တွင် ထိုင်ရင်း ရေနွေးကြမ်းသောက်ကြ၊ အဘွားချပေးသည့် အညာလက်ဖက်နှင့် ပဲကြမ်းကို တဂျွမ်းဂျွမ်း စားကြပြီး ခဏနေတော့ ကိုထွေးနဲ့ ကိုမိုးတို့ ၀မ်းတွင်းကို ပြန်ကြသည်။ အမေက ကိုမိုးတို့ကို ကျေးဇူးတင် ကြောင်း နှင့် စက်ဘီးကောင်းကောင်းစီးပြန်ရန် မှာသည်။ ကိုမိုးက စက်ဘီးပေါ်တက်၍ မသွားခင် သူတို့ ညီအစ်ကို နှစ်ယောက်အား ၀မ်းတွင်းကို လာလည်ဖို့ အော်ပြောသွားသေးသည်။

အဘွားမျက်နှာကမူ ကြည်လင်ဝင်းပနေလေသည်။ အဘွားတို့ အိမ်ခြံဝင်းက အတော်အသင့် ကျယ်သည်။ အိမ်၏ အနောက်ဖက်တွင် အဖေ့ညီ၊ အဘွား၏ ဒုတိယသားနှင့် သူ့မိသားစုတို့က အိမ်တစ်လုံး သက်သက် ခွဲနေကြသည်။ အိမ်၏ တောင်ဖက်တွင် အဖေ့ညီမ၊ အန်တီပေါမယ်နှင့် သူတို့မိသားစုနေသည့် တဲလေးတစ်လုံး ရှိသည်။ ၀င်းလေးထဲတွင် မန်ကျည်းပင်ရှိသည်၊ ထနောင်းပင်ရှိသည်။ ဘောစကိုင်းပင်များ ရှိသည်။ ယခင်က ခြံဝင်းအလယ်တွင် ဥသျှစ်သီးပင် တစ်ပင်လည်း ရှိခဲ့ဖူးသည်။ အဖေဦးစီးပြုလုပ်သည့် ရှင်ပြုရဟန်းခံ နားသမင်္ဂလာပွဲကို ဒီခြံဝင်းလေးထဲမှာပဲ မဏ္ဍပ်ထိုးပြီး ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ဖူးသည်။ ထိုစဉ်က မဏ္ဍပ်ထိုးရာတွင် နေရာမလွတ်သည်နှင့် ဥသျှစ်ပင်ကို ခုတ်ပစ်လိုက်ရသည်။



အဖေ့ညီမ နာမည်က ဒေါ်ခင်လှ။ သူက မွေးချင်းများထဲတွင် အငယ်ဆုံးလည်း ဖြစ်၊ အပျိုကြီးလည်းဖြစ်ပြီး အဘွားနှင့် တစ်အိမ်တည်း အတူတူနေသည်။ ယခင် သမ၀ါယမခေတ်ကောင်းစဉ်က ရွာတွင်ရှိသည့် တစ်ဆိုင်တည်းသော သမ၀ါယမဆိုင်မှ တစ်ဦးတည်းသော ၀န်ထမ်းလည်း ဖြစ်သည်။ ယခုတော့ ၀မ်းတွင်းသဲတောထွက် ပုဆိုးလေးများကို အောက်ပြည် အောက်ရွာဖက် လှည့်ရောင်းပြီး အပြန်တွင် အောက်ပြည်ထွက် ကုန်ပစ္စည်း အခြောက်အခြမ်းလေးများကို ရွာသို့ ပြန်သယ်လာလေ့ ရှိသည်။ အန်တီခင်လှကို သူတို့ညီအစ်ကိုနှစ်ယောက်က အန်တီဟုပဲ ခေါ်လေ့ရှိကြသည်။

အဘွားက ညစာစားပြီးမှ ဘုန်းကြီးကျောင်းသွားရန် အမေ့ကို အော်ပြောနေသည်။

“ဒီအချိန်ဆို ဘုရားဝတ်တတ်ချိန် ဖြစ်နေပြီ။ ထမင်းလေးဘာလေး စားပြီးမှ အေးအေးဆေးဆေး သွားကြပေါ့…”

အဘွားအသက်အတော်ကြီးပါပြီ။ အသံတုန်တုန်၊ ခြေတွေလက်တွေ တုန်တုန်ယင်ယင်ဖြင့် စကားကို တစ်လုံးချင်း အားယူပြောနေသော အဘွားသည် သူတို့ ညီအစ်ကိုနှစ်ယောက်ကို အတော်ချစ်သည်။ ရွာကိုရောက်တိုင်း အဘွားကျိုပေးသည့် နွားနို့စစ်စစ်နှင့် အန်တီချက်သည့် အညာပဲဟင်းကို နှစ်နှစ်ခြိုက်ခြိုက် စားဖြစ်သည်။ မရောက်တာ ကြာပြီ ဖြစ်သော အဘွား၏ အိမ်အိုလေးသည် သူ့အတွက်တော့ ပကတိ မပြောင်းလဲဘဲ ရင်းနှီးကျွမ်းဝင် နေဆဲပင် ဖြစ်သည်။

အဘွား၏ အိမ်လေးသည် သက်ကယ်မိုး နှစ်ထပ်တဲအိမ်လေး ဖြစ်သည်။ အိမ်အောက်ထပ်တွင် နေ့လယ်နေ့ခင်း အေးအေးလူလူ နားနေနိုင်ဖို့သော်လည်းကောင်း၊ အညာနေ၏ အပူဒဏ်ကို ရှောင်နိုင်ရန်လည်းကောင်း ၊ ဧည့်သည်များကို ဧည့်ခံ စကားပြောရန်သော်လည်းကောင်း ကွပ်ပျစ်လေးတစ်ခု၊ စားပွဲလေးတစ်လုံးနှင့် ခုံတန်းလျားလေး တစ်ခု ချထားသည်။ ပြီးတော့ အဘွားထိုင်လေ့ရှိသည့် ၀ါးဖြင့် ပြုလုပ်ထားသော ပက်လက်ကုလားထိုင်လေး တစ်လုံးရှိသည်။ စားပွဲခုံလေး၏ ညာဖက်တွင် ယက်ကန်းစင်လေးတစ်ခု ရှိသည်။ အဘွားက သူငယ်စဉ်က အဖေတို့ ၀တ်သည့် ပုဆိုးများကို သူကိုယ်တိုင် ယက်လုပ်ခဲ့သည်ဟု ဂုဏ်ယူစွာ ပြောပြခဲ့ဖူးသည်။ ယခုတော့ ယက်ကန်းစင်လေးလည်း အရောင်အဆင်း မွဲခြောက်လျက်၊ ပင့်ကူမျှင်များ သွယ်တန်းလျက် အိမ်အောက်ဖက် ထောင့်လေးတစ်နေရာတွင် ငိုက်မြည်းနေခဲ့သည်မှာ အတော်ကြာလေပြီ။

ယက်ကန်းစင်လေး၏ နောက်ဖက်တွင် ချည်ငင် ရစ်လုံးလေးတစ်ခု ထောင်ထားသည်။ ရွာတွင် ဗိုင်းငင်သည် ပြောလေ့မရှိ၊ ချည်ငင်သည်ဟုသာ ပြောလေ့ရှိသည်။ ချည်ငင်စက်ကလေးကတော့ ယခုထိ အသုံးဝင်နေသေးပုံပေါ်သည်။ အဘယ့်ကြောင့်ဆိုသော် လောလောလတ်လတ် ငင်ထားပုံရသည့် ချည်လုံးလေးများထည့်ထားသော ခြင်းလေးကို ဘေးနားတွင် ထောင်ထားသည်ကို တွေ့ရသောကြောင့် ဖြစ်သည်။ ရွာတွင် မိမိတို့ ကိုယ်တိုင် ယက်ကန်းမရက် တော့သည်တိုင် ချည်ငင်စက်ကလေးများကတော့ အိမ်တိုင်းလိုလိုတွင် ရှိတတ်ကြသည်။ ချည်ရစ်လုံးတစ်လုံးလျှင် အဖိုးအခ မည်ရွေ့မည်မျှ စသည်ဖြင့် အငှားချည်ငင်လေ့ ရှိကြသည်။

အိမ်အောက်ထပ် အဘွားအိပ်ခန်းအောက် တည့်တည့်လောက်တွင် ပစ္စည်းဟောင်းများ သိုလှောင်ထားသော စတိုခန်းလေးတစ်ခု ရှိသည်။ ကျိုးပဲ့နေသည့် ချည်ငင်စက် အဟောင်းလေးများ၊ ချည်ရစ်လုံးအပဲ့များ၊ ခြင်းတောင်းများ၊ အိတ်အဟောင်းများ၊ ကုလားထိုင် အကျိုးအပဲ့များကို ထည့်ထားလေ့ရှိသည်။ ထိုပစ္စည်းများကို လွှင့်ပစ်ရန် ပြောသည့်အခါတိုင်း အဘွားက “ဘိုးစဉ်ဘောင်ဆက် အမှတ်တရ ပစ္စည်းတွေဟဲ့” ဟု ပြန်ပြောလေ့ ရှိသည်။

အပေါ်ထပ်တွင် အခန်းနှစ်ခုသာ ဖွဲ့ထားသည်။ အိပ်ခန်းလေးတစ်ခန်းနှင့် ဧည့်ခန်းတစ်ခုသာ ဖြစ်သည်။ ဧည့်ခန်းဟု ဆိုရမည်ထက် အခန်းကျယ်ဟုသာ ခေါ်လျှင် ပိုမှန်မည် ထင်သည်။ ဘုန်းကြီးဆွမ်းကပ်လျှင်၊ တရားနာလျှင် ဒီအခန်းလေးက ကြေးစည်သံလေး တညံညံ၊ ရေစက်ချသံလေး တတောက်တောက်ဖြင့် တင့်တယ်ဝင့်ကြွားနေတတ်သည်။ ရွာနီးချုပ်စပ်မှ ဧည့်သည်များ ညဉ့်အိပ်ညဉ့်နေ လာရောက်လျှင်မူ ဒီအခန်းလေးက စောင်တွေ၊ ခြင်ထောင်တွေဖြင့် ဟိုတယ်အသေးစားလေး ဖြစ်နေတတ်ပြန်သည်။

အထဲမှ အိပ်ခန်းလေးတွင်မူ သနပ်ခါးတုံးလေးများ၊ ကျောက်ပြင်လေးတစ်ခု၊ မှန်လေးတစ်ချပ်၊ ပေါင်ဒါဘူးဟောင်း လေးများ၊ အာချီမိတ်ကပ်ဘူးခွံဟောင်းလေးများ နှင့် အ၀တ်အစားသေတ္တာလေး နှစ်ခုက ကပိုကရိုလေး နေရာယူ ထားတတ်သည်။ အခန်းထောင့်တွင် ဖျာကြမ်းလေးတစ်ချပ်ကိုလည်း ထောင်ထားတတ်သေးသည်။

အရာရာသည် မပြောင်းလဲ၊ မနှစ်ကလည်း ဒီတိုင်းပင် ဖြစ်သည်။ ဒီနှစ် သူလာတော့လည်း ဒီတိုင်းပင် ဖြစ်သည်။ လမ်းလျှောက်လျှင် တကျွိကျွိ မြည်တတ်သည့် ၀ါးကြမ်းခင်းများ၏ အသံများပင် သူ ခြေလှမ်းတစ်ချက် လှမ်းလိုက်တိုင်း စည်းချက်ညီညီ၊ နရီကျကျ ကခုန်နေကြဆဲပင် ဖြစ်သည်။ ဘုရားစင်ပေါ်တွင်ရှိသည့် ပန်းခြောက်တို့က နွမ်းလှပြီ။ အခန်းလေး၏ ဘယ်ဖက်ထောင့်တွင်မူ လိုက်ကာအနီလေးဖြင့် ကာရံထားသည့် အိမ်တွင်း နတ်စင်လေးတစ်စင် ရှိသည်။ နတ်စင်လေးတွင် တင်ထားသည့် အုန်းသီးခြောက်လေးပေါ်မှ ကြွက်မြီးခြောက် အရောင်ခပ်နွမ်းနွမ်းလေးက သူ့ကို မမြင်ချင်ယောင်ဆောင်လျှက် တစ်ခြားအရပ်ဖက်သို့ မျက်နှာလှည့်နေလေသည်။ ရေချမ်းကပ်ထားသည့် ဖန်ခွက်လေး ကလည်း အရောင်အဆင်း သိပ်မပေါ်လွင်ချင်တော့။ ဖန်ခွက်အောက်ခြေတွင် ၀ါကြင်ကြင် ရေချိုးလေးများ ကပ်နေသည်ကို တွေ့ရသည်။ ဘုရားစင်ပေါ်တွင် တင်ထားသည့် အနှောင့်လေးများ ပြဲစုတ်နေသော ဘုရားစာအုပ်ဟောင်း လေးများ၊ ဇာတာဟောင်းလေးများက ဖုန်အလိမ်းလိမ်းအောက်တွင် အသက်ကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ရှူရှိုက်နေကြရပုံ ပေါ်သည်။ အပေါ်ခေါင်မိုးကို မော့ကြည့်မိတော့ တစ်ချို့နေရာတွင် သက်ကယ်လေးများ ပေါက်ပြဲနေသည် ကို တွေ့ရသည်။

“ငါ့တူကြီးတွေလည်း လူပျိုကြီးတွေကို ဖြစ်လို့… ဒီနှစ်ကော ကိုရင်ဝတ်ကြဦးမှာလား…”

အိမ်ပေါ်ထပ်သို့ တက်လာရင်း ခပ်ပြုံးပြုံး လှမ်းမေးသော အန်တီ့ကို လှည့်ကြည့်ရင်း ပြုံးပြမိသည်။.

“၀တ်မှာပေါ့ အန်တီရဲ့. ၀တ်ဖို့ လာတာပဲကို.”

တစ်နှစ်တစ်ခါ ရွာတွင်လာပြီး ဘုန်းကြီးကျောင်းသား လာလုပ်နေကြဖြစ်သော သူတို့အဖို့ ကိုရင်ဝတ်ခြင်းသည် အဆန်းမဟုတ်တော့။ အဖေက တာဝန်တစ်ဖက်ဖြင့် ရွာသို့ နှစ်စဉ် မရောက်လာနိုင်သည့်တိုင် သူတို့ ညီအစ်ကို နှစ်ယောက်ကိုတော့ နွေရာသီကျောင်းပိတ်တိုင်း ရွာသို့ ပို့လေ့ရှိသည်။ ဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်ဖြင့် ထားခဲ့ပြီး နှစ်ပတ်လောက်နေလျှင် အမေ ရန်ကုန် ပြန်မည် ဖြစ်သည်။

အိမ်အောက်သို့ သူပြန်ဆင်းလာပြီး မီးဖိုချောင်တဲလေးပေါ်သို့ တက်လိုက်တော့ အထဲမှာ အန်တီရယ်၊ အမေရယ်၊ အဘွားရယ် ညစာစားဖို့ ပြင်ဆင်နေကြသည်ကို တွေ့ရသည်။ ရွာတွင် ညစာကို အစောစားလေ့ရှိကြသည်။ မြို့ပြအချိန် ၅ နာရီနှင့် ၆ နာရီကြားလောက်တွင် စားလေ့ရှိကြပြီး စားပြီးသည်နှင့် ရေနွေးကြမ်းသောက်၊ စကားဝိုင်းဖွဲ့ပြောရင်း ၈ နာရီဝန်းကျင်လောက်တွင် အိပ်ရာဝင်တတ်ကြသည်။ ဗွီဒီယိုကြည့်သူများကတော့ ၉ နာရီခွဲ ၁၀ နာရီဝန်းကျင်လောက်မှ အိမ်ပြန်လာတတ်ကြသည်။

ညစာကို အိမ်ရှေ့ကွက်လပ်ထဲတွင် စားပွဲနှင့် ခုံတန်းလျားချလျက် ၀ိုင်းဖွဲ့စားသောက်ကြသည်။ ဘေးအိမ်မှ အသိအကျွမ်း များက “ဧည့်သည်တွေစားဖို့” ဆိုပြီး ဟင်းတစ်ခွက် လာပေးတတ်လေ့ရှိကြသည်ကိုက ကျေးလက်၏ ချစ်စရာ ယဉ်ကျေးမှုတစ်ခုပင် ဖြစ်သည်။ ညနေခင်း နွားရိုင်းသွင်းချိန်မတိုင်မီ ညစာကို အပြီးစားလေ့ရှိကြပြီး ညီအစ်ကိုမသိတသိ အချိန်လောက်တွင်မူ ရေနွေးကြမ်းလေးသောက်လျက်၊ ရောက်တတ်ရာရာများ ၀ိုင်းဖွဲ့ပြောဆိုလျက် ထမင်းလုံးစီနေလေ့ ရှိကြသည်။ ရွာ၏ ညချမ်းချိန်ခါများသည် ပကတိ တိတ်ဆိတ်ငြိမ်းချမ်းလွန်းလှသည်။

စားသောက်ပြီး ခဏနေတော့ ဘုန်းကြီးကျောင်းသွားရန် ပြင်ဆင်ကြသည်။ အမေက ဘုန်းကြီးကို ကန်တော့ရန် အိတ်ထဲမှ ပစ္စည်းများဆွဲထုတ်နေစဉ် အန်တီက ဓာတ်မီးထဲသို့ ဓာတ်ခဲထည့်လျက် စမ်းနေလေသည်။ တစ်နေကုန် ဓာတ်ခဲထည့်ထား လျှင် အားကုန်လွယ်သောကြောင့် နေ့ခင်းအချိန်တွင် ဓာတ်မီးမှ ဓာတ်ခဲများကို ထုတ်ထားလေ့ရှိသည်ဟု အန်တီက ပြန်ရှင်းပြသည်။

ရွာလယ်လမ်းလေးအတိုင်း သူတို့ထွက်လာတော့ မလှမ်းမကမ်းတွင် စကားတပြောပြောသွားနေကြသော ကာလသားအုပ်စုကို တွေ့ရသည်။ ဘေးဘီဝဲယာမှ တဲအိမ်လေးများတွင်မူ ရေနံဆီမီးခွက်လေးများမှ အလင်းရောင် မှိတ်တုတ်မှိတ်တုတ်လေးများက လေအတိမ်းတွင် ဘယ်ယိမ်းလိုက်၊ ညာယိမ်းလိုက်။

ဖိနပ်ကြားထဲသို့ သဲများကပ်မပါလာစေရန် ခြေထောက်နှင့် ဖိနပ်ကို ကုပ်နိုင်သမျှ ကုပ်ပြီး လမ်းလျှောက်နေခိုက် ခပ်လှမ်းလှမ်းမှ ကာလသားတစ်ချို့ကတော့ ဖိနပ်မပါဘဲ ခြေဗလာဖြင့် လမ်းလျှောက်နေကြသည်။ ရွာရှိ တစ်ဦးတည်းသော အော်ဂင်ပညာရှင် ဦးဖုန်းကျော်အိမ်နားမှ ဖြတ်လျှောက်မိတော့ အိမ်နှင့် မျက်စောင်းထိုးလောက်တွင် ကာလသား တစ်သိုက် လှည်းလမ်းကြောင်းပေါ် ထိုင်နေကြသည်ကို တွေ့ရသည်။ သူတို့ထိုင်နေသည်နှင့် မလှမ်းမကမ်းတွင် ရှိနေသည်က ရွာရှိ နာမည်ကြီး ကွမ်းတောင်ကိုင် မိရွှေ၏ အိမ်ဖြစ်သည်။ အနားဖြတ်သွားတော့ ကာလသားတစ်ချို့က သူတို့အုပ်စုကို လှမ်းအကဲခတ်သည်။ ရွာခံ အန်တီ့ကို သူတို့ မှတ်မိကြ၍ အချင်းချင်း နှုတ်ဆက်ကြသည်။

မသိမသာ သူလှမ်းအကဲခတ်ကြည့်တော့ ပုဆိုးခပ်တိုတိုဝတ်ထားသော ကာလသားတစ်ယောက်၏ ခါးကြားထဲတွင် လေးခွတစ်လက်ကို ဘေးတိုက် ခပ်စောင်းစောင်း ထိုးထည့်ထားသည်ကို တွေ့လိုက်ရသည်။ ဗွီဒီယိုကားနာမည် ရေးထားသော ဘလက်ဘုတ်ချိတ်ထားသည့် ထနောင်းပင်၏ ဘယ်ဖက်ကို ချိုးလိုက်တော့ ရွာဦးကျောင်းမှ ညောင်ပင်ကြီးက ဘွားခနဲ မြင်ကွင်းရှေ့ပေါ်လာသည်။

ညောင်ပင်ကြီးအောက် လျှောက်တော့ အပေါ်ကို မရဲတရဲ မော့ကြည့်မိသည်။ ကိုရင်ဖိုးတုတ် ပြောပြဖူးသည့် အနှီညောင်ပင်ကြီးနှင့် ပတ်သက်သော တစ္ဆေသရဲ ဇာတ်လမ်းများက သူ့မှတ်ဥာဏ်ထဲတွင် ဟီးဟီးဟားဟား ပြေးလွှားခုန်ပေါက်နေကြဆဲ။

ညောင်ပင်ကြီးအောက်တွင်ပင် ဖိနပ်ကို ချွတ်ရသည်။ ညောင်ပင်ကြီးက ဘုန်းကြီးကျောင်းအ၀င်ဝ အမှတ်အသားပင် ဖြစ်တော့သည်။ ဘုန်းကြီးကျောင်းဝင်းတစ်ခုလုံးက တိတ်ဆိတ်နေသည်။ ကျောင်းအောက်ထပ်တွင် တန်းစီအိပ်နေကြ သော ဘုန်းကြီးကျောင်းသားများ ဆီမှ စကားသံတစ်ချို့ လေအဝေ့တွင် သူတို့ဆီ လွင့်မျောလာကြသည်။ ဘုန်းကြီးကျောင်းအပေါ်ထပ်သို့ တက်သည့် လှေကားရင်းမှ ခေါင်းလောင်းကြီးကလည်း အရင်အတိုင်း။ ခေါင်းလောင်းကြီးကို ထိုးသည့် သစ်သား ခေါင်းထောင်းထိုးတံ၏ ထိပ်ဖျားကမူ မနှစ်ကထက် ပိုပြီး ဖွာထွက်လာသည်ဟု သူထင်မိသည်။

အပေါ်ထပ်သို့ တက်သွားတော့ ဆွမ်းစားခန်းထိပ်တွင် လှဲအိပ်နေသော ၀၀ဖိုင့်ဖိုင့် ဘုန်းကြီးတစ်ပါးကို တွေ့လိုက်ရသည်။ သူ့ဘေးတွင် ကိုရင်နှစ်ပါးက ထိုင်လျက် ခြေဆုပ်လက်နယ် ပြုနေကြသည်။

“ဦးဇင်းကြီး နေကောင်းလားဘုရား…”

အန်တီက လှမ်းနှုတ်ဆက်လိုက်တော့ ဦးဇင်းကြီးက ခေါင်းထောင်ကြည့်သည်။ သူတို့ ညီအစ်ကိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖျတ်ခနဲ လှမ်းကြည့်မိကြသည်။ သူကတော့ စိတ်ထဲတွင် တစ်ချက် ကြိတ်ရယ်မိလိုက်သည်။ စိတ်ထဲတွင်ပင် ပြောဖြစ်အောင် ပြောလိုက်သေးသည်။ “ဦးဇင်းတုတ်ပေါကြီး” လို့..

ဦးဇင်းတုတ်ပေါကြီးက ဆွမ်းဘုဉ်းပေးရာတွင် အတော်ကြမ်းသည်။ အရပ်စကားဖြင့် ပြောရလျှင် အတော်အစားပုပ်သည်ဟု ခေါ်ရမည်။ ပြီးတော့ ဇိမ်လည်း အင်မတန်ခံတတ်သေးသည်။ ကျောင်းထိုင်ဘုန်းကြီးက ကိုရင်တွေကို သိပ်ခိုင်းလေ့မရှိ၊ ဦးဇင်းတုတ်ပေါကြီးကသာ ညစဉ်သူ့ကို ၀တ်ဖြည့်ဖို့ ကိုရင်တွေကို အလှည့်ကျ ခေါ်ခိုင်းလေ့ရှိသည်။ ထို့ကြောင့် ရှေ့တွင် သူ့ကို ဘာမှ မပြောတတ်ကြသော်လည်း ကွယ်ရာတွင်မူ ကျောင်းသားတိုင်းလိုလို၊ ကိုရင်တိုင်းလိုလို ဦးဇင်းတုတ်ပေါကြီး အကြောင်း အတင်းတုပ်တတ် ကြသည်။ သူတို့ ညီအစ်ကိုနှစ်ယောက်ဖက်ကို လှမ်းကြည့်လိုက်သော ကိုရင်ကြီးတစ်ပါး၏ မျက်နှာက ၀င်းခနဲ ဖြစ်သွားပြီး ခပ်ပြုံးပြုံး မျက်နှာပေးဖြင့်ခေါင်းတစ်ချက်ဆတ်ပြသည်။ ကိုရင်ဗေဒါကြီးပင် ဖြစ်သည်။

ကျောင်းထိုင်ဘုန်းကြီးနာမည်ကို သူတို့ သိပ်မသိ၊ လူနာမည်နှင့်တွဲလျက်သာ မှတ်ထားကြသည်။ ဦးဇင်းခင်အောင်ဆိုလျှင် ကျောင်းသားတိုင်း ၊ ကိုရင်တိုင်း ဖိမ့်ခနဲ၊ သိမ့်ခနဲ။ သူ့ကိုမြင်လျှင် ခပ်ဝေးဝေးမှ ရှောင်သွားတတ်ကြသည်။ ကိုရင်ဝတ်မှ လူထွက်ပြီး အိမ်ထောင်ကျနေသူများပင်လျှင် ဦးဇင်းခင်အောင်ကို လမ်းမှာမြင်လျှင် ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေကြဆဲပင် ဖြစ်သည်။ စည်းကမ်းကြီးသည့်နေရာတွင် သူမတူ၊ ရိုက်သည့်နေရာတွင် နှစ်ယောက်မရှိ။ ကြိမ်လုံးကျိုး အောင် ရိုက်တတ်သည်ဟု နာမည်ကြီးသည်။ ယခင်က ဦးဇင်းခင်အောင်၊ ယခုတော့ ပျံလွန်တော်မူသွားသည့် ကျောင်းထိုင်ဘုန်းကြီး အရိုက်အရာကို ဆက်ခံသော ဘုန်းဘုန်းခင်အောင်။ ဗေဒင်တွက်ရာတွင်လည်း နာမည်အတော် ကြီးသည်။ ၀မ်းတွင်း၊ သဲတော၊ ဟံဇား၊ လျှော်ပင်၊ ဇချမ်းကုန်း စသည့် မြို့များ၊ ရွာများကပင်လျှင် ဦးဇင်းခင်အောင်ဆိုလျှင် သိကြသည်။

ကိုရင်ကြီးတစ်ပါးက ဘုန်းကြီးအခန်းတံခါးကို ခပ်တိုးတိုး ခေါက်လျက် ဧည့်သည်များလာကြောင်း အကြောင်းကြားသည်။ ဘုရားအား ၀တ်ပြုပြီးနောက် ဘုန်းကြီးထွက်လာမည်ကို စောင့်နေရင်း အမေ့နောက် မလှမ်းမကမ်းတွင် အမေ့အရိပ်ကို ကွယ်လျက် သူထိုင်နေလိုက်သည်။ အစ်ကိုဖြစ်သူက အန်တီ့နောက် မလှမ်းမကမ်းမှာ ပုဆစ်တုပ်လေးထိုင်လျက် ငြိမ်နေသည်။

“ဘယ်သူတွေလဲမှတ်တယ်. ခင်ဗျားတို့ကလည်း အကြောင်းမကြား ဘာမကြား”

ဩဇာသံပါသည့် ဘုန်းဘုန်း၏ ပဋိသန္တာရ စကားနောက်တွင် သူတို့မိသားစုအပေါ် ခင်တွယ်သည့် သံယောဇဉ်က အထင်းသားပေါ်လွင်နေသည်။ ဘုန်းဘုန်းကို ဦးချဝတ်ပြုပြီးနောက် လူကြီးများ စကားပြောနေကြသည်ကို သူတို့ညီအစ်ကိုနှစ်ယောက် တိတ်တိတ်ဆိတ်ဆိတ် နားထောင်လျက် ချောင်းတစ်ချက်ပင် မဟန့်ရဲဘဲ အငြိမ်သား ထိုင်နေကြသည်။ ဘုန်းကြီးက အမေ့မျက်နှာကို ကျော်လျက် သူတို့ညီအစ်ကိုနှစ်ယောက်အား တစ်ချက်လှမ်းကြည့် လိုက်လျှင် ဘုန်းကြီးအား သွားသုံးဆယ့်နှစ်ချောင်းလုံး ပေါ်အောင် ပြုံးရယ်ပြပြီး ဇက်ကလေးများကို ကိုယ်စီ ပုထားတတ်ကြသည်။ ဘုန်းကြီးကျောင်းပေါ်မှ ပြန်ဆင်းလာပြီး ကျောင်းအောက်ထပ်တွင် ထောင်ထားသော ဖိနပ်ကို ကောက်ကိုင်လိုက်မိချိန်တွင်မှ သက်ပြင်းရှည်တစ်ချက်ကို ခပ်ရဲရဲ ချမိသည်။


အမေနှင့် နတ်ကန်ရွာသူ တူမလေး



~ ရေခဲငှက် ~

5 comments:

သစ်သစ် said...

အဲဒါ အစ်ကိုရေးတဲ့ ရွာက ဘုန်းကြီးကျောင်းလား....

သစ်နက်ဆူး said...

ကိုရန်
ကျနော်ဆရာနေ၀င်းမြင့်ရဲ့  အညာ အက်ဆေးတွေ
ဖတ်ဘူးပါတယ်..။
ကြိုက်လဲ တော်တော် ကြိုက်ပါတယ်..။
အခု ကိုရန်ရဲ့ အညာကို ကျနော်ဖတ်ကြည့် တော့
ကိုယ်ကလဲ ရွှေဘိုနားကဆိုတော့ အညာလို့ ဘဲ ပြောနေကျပါ..။
ကို၇န်က ၀ါကျတစ်ကြောင်းချင်းစီကို အနုစိတ်ရေးထားတာဘဲ...ပြောမယ်ဆို တချို့  စာကြောင်းလေးတွေက ချစ်စရာကောင်းတယ်..။
နောက် ထူးခြားတာက ကျနော်တို့ ပန်းချီရေးတဲ့ အခါ ပန်းချီဘယ်လောက်ကောင်းတယ်ဆို တာ အောက်ဒိုး
ကားတွေတော့ ရေးနေကြတာပါဘဲ..။ ဘာနဲ့ ဆုံးဖြတ်လဲ ဆိုတော့ ကိုယ်ရေးဆွဲတဲ့ ဥပမာ ကျေးလက် ၊ တောသဘာဝ တခုရဲ့ မြင်ကွင်းဆိုပါတော့..
အဲဒီပန်းချီကားကို ကြည့်လိုက်တာနဲ့ ရာသီဥတုပါ
ပေါ်လွင်အောင် ရေးဆွဲနိုင်သလားဆိုတာ..အဓိကဘဲ။
အခု ကိုရန်ရဲ့ အညာမှာ ရာသီဥတုလဲ တွေ့ ရတယ်..သဲနစ်တဲ့  တောလမ်းလေးတွေ ၊ ဘေးက ဆူးခြုံနဲ့ စက်ဘီးနင်းရင်း ခြစ်မိတာတွေ....ဓလေ့စရိုက်..
....
.....
ပြောရရင်တော့ မျက်စေ့ထဲမှာ ကွက်ကွက်ကွင်းကွင်းကို ပေါ်လွင်လှပါတယ်..။
ဆက်လက်ရေးမှာကို လဲ စောင့်ဖတ်နေပါတယ်..။

မြတ်မွန် said...

အကိုရေ..
အညာအကြောင်းလေးတွေကောင်းတယ်။
၂ခုပေါင်းပြီး မန့်ခဲ့တယ်...
ကိုရန်အောင် စာတွေ ပြန်ရေးနိုင်လို့ ဝမ်းသာမိပါတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

စာဖတ်တဲ့သူလည်း အညာကို ရောက်နေသလို။

Yan said...

>သစ်သစ်.. ဟုတ်တယ် ညီမ. ရွာကကျောင်း.

>သစ်နက်ဆူး... ဘရားသားက ပန်းချီဆွဲလား. စိတ်ဝင်စားသွားပြီဗျာ. ပန်းချီကို. :)

>မြတ်မွန်... ၂ ခုပေါင်းပြီး ရီပလိုင်းပြန်လိုက်ပါတယ်. မင်္ဂလာပါ မမြတ်မွန်.

>ကိုအောင်... စာရေးတဲ့သူလည်း အညာကို ရောက်နေသလိုလို.း)