Monday, January 10, 2011

မစဉ်းစားဖြစ်တော့သောအတွေးစများ...

ခုတလော ကျွန်တော် စာရေးလို့မရပါ.

စာရေးရန်အကြောင်းကလည်း ရှိပြီးသား၊ ရေးဖို့ အချိန်လည်း ဖယ်ပြီးသား၊ ရေးရန် ဆန္ဒကလည်း အပြည့်…

ဒါပေမယ့် ကျွန်တော်ဘာမှ ရေးချလို့ မရပါ…

ရထားစီးနေရင်း အတွေးတွေက တဖျတ်ဖျတ်၊ ညစာစားနေရင်း စာရေးချင်စိတ်တွေက တဆတ်ဆတ်၊ အလုပ်လုပ်နေရင်း ကာရန်တွေက တလှပ်လှပ်…

ဒါပေမယ့် တကယ်တမ်း ကွန်ပြူတာရှေ့ထိုင်ပြီး ရေးမယ်ကြံတော့ အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်လို ပျံချင်တိုင်း မပျံနိုင်၊ တောင်ဝှေးလဲလို့ မထနိုင်တဲ့ ဖိုးသူတော်လို မရှုနိုင်မကယ်နိုင်၊ ပင့်ကူအိမ်မှာ ငြိတွယ်နေတဲ့ ပိုးဖလံလို မလူးနိုင်မလွန့်နိုင်နဲ့ မှိုင်တွေပြီး ထိုင်လေနေရတဲ့ ညပေါင်းလည်း မနည်းတော့ပါဘူး…

မနာလိုဖြစ်မိပါတယ်..


‘ကဗျာဥာဏ်အာဘော်ကလည်း ကလော်တိုင်း ထွက်သောကြောင့်’ ဆိုတဲ့ စလေဦးပုညကို တော်တော်လေး မနာလိုဖြစ်မိပါတယ်…

ကိုယ့်ကိုယ်ကို ‘ငါဘာတွေများ ဖြစ်နေတာလဲ’ ဆိုပြီး ဆန်းစစ်ချက်တွေ ထုတ်ပေါင်းလည်းများပြီ. စိတ်ဖိစီးမှုကြောင့်လား၊ အလုပ်ပင်ပန်းလို့လား၊ ကြီးပွားရေးလား၊ စီးပွားရေးလား၊ နှလုံးသားရေးရာလား… လား.. လား… စတဲ့ လားပေါင်းများစွာနဲ့ ကိုယ်တိုင် ဗေဒင်ဆရာ မဖြစ်ရုံတမယ်၊ မဟာဘုတ်တိုင် မထူရုံတမယ်၊ ကတ်ကင်းနင်းလို့ ဝေဒကျမ်းဂန်လာအတိုင်း ကိုယ့်နာမည်ကိုယ် မပြောင်းရုံတမယ် ဆန်းစစ်ချက်တွေ ထုတ်လိုက်တာလည်း စုံပါလေရော့…

နောက်ဆုံးတော့လည်း မိုက်ကရိုဆော့ဖ်ဝါ့ဒ်ရဲ့ ဒေါ့ကရုမင့်တ်မှာ နယူးပေ့ဂ်ျလေးက မလှုပ်ပါ. တုတ်တုတ်မှကို မလှုပ်ပါ…

ထားတော့… တကယ် စာရေးချင်စိတ်မရှိလည်း ထားတော့… ဘာမှကို စဉ်းစားအဖြေရှာနေစရာ အကြောင်းမရှိ…

ခုတော့ အလုပ်ပိတ်ရက်လေး ပတ်ဝန်းကျင်ရှုခင်းလေးတွေကို ဓာတ်ပုံရိုက်မိရင်တောင်မှ ဘလော့ဂ်မှာ ငါဘယ်လိုရေးလိုက်မှာ၊ ဘယ်လိုတင်လိုက်မှာ စသည်ဖြင့် အတွေးလေးတွေ စီကာစဉ်ကာနဲ့ရယ်…

အားလပ်ချိန်လေး ထိုင်ခုံပေါ်မှာ ခေါင်းအုံးလေးနောက်ခုမှီထိုင်ရင်း ဟိုဟိုဒီဒီစာလေးတွေ ဖတ်နေခိုက် အတွေးအခေါ်လေးတစ်ခု လတ်ခနဲ ဖြစ်သွားရင် ဒါလေးကိုတော့ ဘယ်လိုပို့စ်လေးမှာ ဘယ်လိုမျိုး နေသားတကျ ထည့်ရေးလိုက်ရင် ဘယ်လိုကောင်းလာမှာ စသည်ဖြင့် စိတ်ကူးလေးတွေ သိုးကာသီကာနဲ့ရယ်…

မဖြစ်တော့ဘူး… ဒီအခြေအနေကို လက်မခံနိုင်ဘူး. ရုန်းထွက်မှဖြစ်မယ်ဆိုပြီး ရှိသမျှအင်အားနဲ့ တွန်းကန်ထွက်ပြီး ကိုယ့်ကိုယ်ကို အတင်းထိုင်ခိုင်း၊ တွေးခိုင်း၊ ရေးခိုင်းတော့လည်း ရေးလို့တော့ရပါရဲ့. ဒါပေမယ့် နှလုံးသားက ထွက်ကျလာတဲ့ စာမျိုးမဟုတ်ဘဲ ကြက်တူရွေးတစ်ကောင် စာပြန်အံနေသလိုမျိုး ဖတ်ရတာ အရသာမရှိလိုက်တာ… ဖတ်လို့ကောင်းတဲ့ စာဆိုတာမျိုးကလည်း စာရေးသူကို တွန်းအားပေး၊ ဖိအားပေးရေးခိုင်းနေတာမျိုးထက် သက်တောင့်သက်သာအနေအထားမျိုးမှာ စာရေးသူကိုယ်တိုင် နှစ်နှစ်ခြိုက်ခြိုက် စိတ်ကူးစိတ်သန်း ကွန့်မြူးပျံသန်း ရေးစွမ်းနိုင်တာမျိုးမှ စာကောင်းပေမွန် ထွက်တတ်တာမျိုး မဟုတ်ပေလား…

အဲသလိုနဲ့ နှစ်ဟောင်းလည်းကုန်လို့ နှစ်သစ်ကိုလည်း ရောက်ခဲ့ပြီ. ကျွန်တော့်ရဲ့ပုံစံက ဘာမှ ထူးခြားပြောင်းလဲမလာခဲ့ပါ…

ကိုယ်ရေးခဲ့ဖူးတဲ့ပို့စ်တွေ၊ ကဗျာတွေ၊ စာတွေ ပြန်ဖတ်မိတော့ ‘အဲဒါတွေရေးခဲ့တာ ငါမှ ဟုတ်ရဲ့လား’ ဆိုတဲ့ အတွေးမျိုးတောင် ၀င်လာမိတယ်.

BLOGGER ရဲ့ DRAFT ထဲမှာ ရေးပြီး မတင်ဖြစ်ဘဲ သိမ်းထားတဲ့ စာတွေလည်း ရှိလားရှိရဲ့… ဘာကြောင့်လဲမသိဘူး. ကိုယ်ရေးတဲ့စာကို ကိုယ်ပြန်မကြိုက်ဖြစ်နေမိတယ်. ကိုယ်တိုင်မကြိုက်မှတော့ ပရိသတ်ကို ချမပြတော့ပါဘူးကွာဆိုပြီး ပြန်ပြန်သိမ်းလိုက်ရင်းက အသိမ်းလွန်ပြီး နောက်ဆုံး ကျွန်တော့်စိတ်က ကျွန်တော့်ကို ပြန်စိတ်ကောက်သွားတယ်နဲ့ တူပါတယ်. ဘာမှကို ချမပေးတော့ဘူးဗျာ…

ကံကောင်းထောက်မစွာနဲ့ ကြည့်ဖူးတဲ့ရုပ်ရှင်ကားလေးတစ်ခုကို သွားသတိရမိတယ်.

"Finding Forrester" ဆိုတဲ့ ဇာတ်ကားလေးထဲက ဇာတ်ဝင်ခန်းတစ်ခန်းကိုပါ. အဲဒီ့ဇာတ်ကားလေးထဲမှာ မင်းသားကြီး Sean Connery က တိုက်ခန်းလေးတစ်ခန်းမှာ ဇာတ်မြှုပ်ပြီး နေနေတဲ့ ပူလစ်ဇာဆုရ တစ်ချိန်က နာမည်ကြီး စာရေးဆရာ William Forrester အဖြစ် သရုပ်ဆောင်ထားပါတယ်. သူနဲ့တွဲဖက်သရုပ်ဆောင်ရတဲ့ မင်းသားက Rob Brown လို့ခေါ်တဲ့ စာရေးဆရာဖြစ်ချင်တဲ့ လူမည်းကျောင်းသားလေး Jamal Wallace ပါ. အသေးစိတ်သိချင်ရင်တော့ ဇာတ်လမ်းကို ကိုယ်တိုင်သာ ငှားကြည့်ကြတော့ဗျာ. ကြည့်ဖို့ထိုက်တန်တဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ. ကျွန်တော်ပြောချင်တာက အဲဒီ့ကားလေးထဲက ဇာတ်ဝင်ခန်းတစ်ခန်းပါ.






Jamal က Forrester နေတဲ့ တိုက်ခန်းလေးမှာ လာပြီး သူ့ရဲ့ Writing Class အတွက် စာမူတစ်ခုကို ရေးဖို့ကြိုးစားနေရင်း ဘာမှ ရေးမရဖြစ်နေခဲ့ပါတယ်. အဲဒီ့မှာ Forrester က

Forrester: Is there a problem?

Jamal: No, I’m just thinking….

Forrester: No thinking - that comes later. You must write your first draft with your heart. You rewrite with your head. The first key to writing is... to write, not to think!

အဲဒီ့အခန်းလေးပါ. ကြည့်ချင်သူတွေ အမြည်းသဘောကြည့်နိုင်အောင် youtube က Trailer လေးတင်ပေးလိုက်ပါတယ်. ခုနက ကျွန်တော်ပြောတဲ့ ဇာတ်ဝင်ခန်းလေးပါတဲ့နေရာက 2:58 မိနစ်မှာပါ.







ကျွန်တော် အဲဒီ့ဇာတ်ဝင်ခန်းလေးကို ပြန်ကြည့်ဖြစ်တယ်.

ပြီးတော့ စိတ်ကိုလျှော့ချလိုက်တယ်.

ဘာကိုမှ မစဉ်းစားချင်တော့ဘူး....

ကျွန်တော့်နှလုံးသားက အသံကိုပဲ နားထောင်လိုက်တော့တယ်.

“.............….”


အားလုံးကိုချစ်ခင်လေးစားလျက်

ရန်အောင်

10 comments:

chit said...

စဉ်းစားနဲ့ ခေါင်းလေးတယ် ...

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဘလောဂ့်ဂါ ရန်အောင်ဆိုတာ သက်ရှိထင်ရှား ရှိနေသေးလို့ တော်ပါသေးရဲ့။

နှလုံးသားက အသံကို အမြဲပဲ နားထောင်နိုင်ပါရစေ။

နန္ဒာ

. said...

ဟေးးးးး ထီပေါက်တော့မယ်ကွ :P

ကိုဇော် said...

တိုက်ဆိုင်လိုက်တာ ကိုရန်အောင်ရေ။
ကျနော်လည်း ရေးလက်စတွေ အချောသတ်လိုက်ယုံပဲ ဆိုပေမဲ့ ရေးချင်စိတ်ကို မရှိဘူး ဖြစ်နေတာ။ ကုန်ကြမ်းတွေကတော့ အများကြီး ရှိပါရဲ့။ အတင်းလုပ်ရေးပြန်တော့လည်း အလဟသ ဖြစ်သွားမှာလည်း စိုးရသေးတယ်။

အိမ့်ချမ်းမြေ့ said...

မင်္ဂလာမွေးနေ့..
မင်္ဂလာ ခရစ်စမတ်.. နှစ်ဟောင်းနှင့် မင်္ဂလာ နှစ်သစ်ဖြတ်ပါစေ...
း))

မရောက်တာကြာလို့ အကုန်စုပြီး နှုတ်ဆက်သွားကြောင်း..
စာတွေကိုလည်း ဖတ်ချင်ပါကြောင်း..

ခင်မင်လျှက်...
မလေး

အိမ့်ချမ်းမြေ့ said...

ဖြစ်ပါစေ... လို့ပြောတာပါ...
ဘယ်လိုဖြစ်လို့ ဖြတ်ပါစေ ဖြစ်သွားလည်းမသိပါဘူး။
ခုတလော ကျမ ဘာကော့မန့်ရေးရေး ၂ခါ၂ခါပြန်ရေးနေရတယ် အဖြစ်က
စာလုံးပေါင်း ပြင်ဖတ်ပါရန်..
ကျေးဇူး။

ShwunMi- said...

မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ..
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ..
=)

Anonymous said...

ကောင်းပါတယ်...အားပေးသွားပါတယ်

ုကိုသန်းမြင့် said...

ကိုရန်စာလေးတွေသဘောကျတယ်..မဂ္ဂဇင်းမှာ ပြန်သုံး
ချင်ပါတယ်..ခွင့်ပြုပေးနိုင်မလား

ုကိုသန်းမြင့် said...

ကိုရန်စာလေးတွေကို သဘောကျတယ်
မဂ္ဂဇင်းမှာ ထည့်သုံးချင်ပါတယ်
ခွင့်ပြုမှာလား