ဆရာနေ၀င်းမြင့်၏ သရုပ်ဖော်အရေးအသားက ပြောင်မြောက်လှသည်။ စာဖတ်သူကိုယ်တိုင် လှည်းအုပ်ကြီး ပြိုဆင်းလာ သည်ကို မြင်လိုက်ရသလို၊ တဟေးဟေး အော်သံများက နားထဲသို့ အလုံးအရင်း ၀င်ရောက်လာသလို၊ နွားများ၊ ကြိမ်တံမြှောက်ထားကြသည့် လှည်းမောင်းသူများ၊ လှည်းလမ်းကြောင်းနောက်မှ ဖုန်လုံးကြီးများ၊ ၀င်းပရွှင်ပျနေကြသည့် ရွာသူရွာသားများက မြင်ကွင်းထဲတွင် အထင်အရှားပေါ်လွင်လာသည်။
ဖတ်လက်စ စာအုပ်ကို ခေတ္တပိတ်လိုက်ရင်း စကားလုံးအချို့ကို တီးတိုးရေရွှတ်မိသည်။
“လှည်း”….“ရွာ”…. “အညာ”……
သူငယ်ငယ်က နွေရာသီကျောင်းပိတ်လျှင် အတော်ပျော်သည်။ ကျောင်းရက်ရှည်ပိတ်တိုင်း အဖေက သူတို့ ညီအစ်ကို နှစ်ယောက်ကို ကိုရင်ဝတ်ခိုင်း၊ ဘုန်းကြီးကျောင်းတွင် ဘုရားစာတက်ခိုင်းတတ်သည်။ ကျောင်းထိုင် ဘုန်းကြီးကို အူတုန်သဲတုန်အောင် ကြောက်တတ်ကြသော်လည်း အဖေတို့ရွာကို သွားရတော့မည် ဆိုတိုင်း သူတို့ ညီအစ်ကိုနှစ်ယောက် အမြဲပျော်ရွှင်နေတတ်ကြသည်။
အဖေတို့ရွာသည် မြန်မာပြည်အလယ်ပိုင်း ၀မ်းတွင်းမြို့နယ်အတွင်းမှ မထင်မရှား ကျေးလက် တောရွာလေး တစ်ရွာ ဖြစ်သည်။ ရန်ကုန်မှ ညနေထွက်သည့် ရန်ကုန်-မန္တလေးအဆန် အမြန်ရထားကြီးကို စီးလျှင် သဲတောမြို့ကလေးသို့ ဝေလီဝေလင်း အချိန်လောက်တွင် ရထားဆိုက်သည်။ သဲတောမြို့ကလေးက ကြားဘူတာ ဖြစ်ခြင်းကြောင့် ရထားက ကြာကြာရပ်လေ့မရှိ။
ဘူတာသို့ ရထားမဆိုက်မီကတည်းက ရထားပေါ်မှ လူများက လှုပ်လှုပ်ရွရွ ဖြစ်နေကြပြီ။ သဲတောဘူတာတွင် ဆင်းမည့်သူများကလည်း ကိုယ့်အထုပ်ကိုယ်ဆွဲလိုဆွဲ၊ အိပ်ပျော်နေသည့်သူများကို နှိုးလိုနှိုးနှင့် နိုးကြားထကြွ နေတတ်ကြသလို ဘူတာတွင် မဆင်းမည့်သူများကလည်း ကိုယ့်အထုပ်ကိုယ်ပိုက်လျက်၊ ကိုယ့်ပစ္စည်းသေတ္တာများကို မျက်တောင်မခတ်တမ်းကြည့်လျက် သတိဝီရိယဖြင့် နိုးထနေတတ်ကြသည်။ ခြုံပြောရလျှင် ဘေးတွင် ခရီးသွားဖော်ပါသည့် မိသားစုများမှအပ ရထားတစ်တွဲလုံးနီးပါး စိတ်လှုပ်ရှားနေတတ်ကြသည့် အချိန်မျိုးဖြစ်သည်။
“ဘော်…… ဘူး….. ဘော်….”
ရထားကဆွဲလိုက်သည့် ဥဩသံသည် ရထားပေါ်ပါလာသည့် ခရီးသည်များအတွက်လည်း ဖြစ်သည်။ ဘူတာတွင် စောင့်ဆိုင်းနေသည့် ခရီးသည်များ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များအတွက်လည်း ဖြစ်သည်။ ရထားအရှိန်က တဖြည်းဖြည်းနှေးလာသည်။
ပြတင်းတံခါးမှ ဘူတာဖက်သို့ စိတ်လှုပ်ရှားစွာ သူမျှော်ကြည့်နေဖြစ်သည်။ များပြားလှသည့် လူအုပ်ကြီးထဲတွင် မိမိတို့ကို လာကြိုမည့်သူကို ရှာရသည်မှာ လွယ်တော့မလွယ်လှ။ ရထားပေါ်မှ သူများကလည်း ပြတင်းပေါက်မှ အောက်ဖက်ကို စိုးရိမ်တကြီးဖြင့် ရှာဖွေနေကြ၊ ရထားအောက်မှ သူများကလည်း ရထားပေါ်ကို အမောတကောဖြင့် မော့ကြည့်နေကြ၊ ရထားမဆိုက်ခင်ကတည်းက ပစ္စည်းများကို ပြတင်းပေါက်မှ ပစ်တင်ကာ ရထားနှင့်အတူ ပြေးလိုက်လာကြသည့် ကုန်ထမ်းသမားများကလည်း ချွေးသံများရွှဲနစ်ကာ ဟောဟဲဟောဟဲဖြင့် ဘေးပြတင်းပေါက်မှ ကပ်ပါလာကြ၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်လေးများကလည်း ကုန်ထမ်းသမားများနှင့်အတူ အရောရောအထွေးထွေး ပြေးလိုက်နေကြဖြင့် ဘူတာရုံသည် ခေတ္တကမ္ဘာပျက်နေခဲ့သည်။ ရထားက ၅ မိနစ်လောက်ပဲ ရပ်မည်ဆိုတော့လည်း သူသူကိုယ်ကိုယ် လျှင်လျှင်မြန်မြန် သွက်သွက်လက်လက် လှုပ်ရှားတိုးဝှေ့နိုင်မှ တော်ကာကျမည် မဟုတ်ပေလား။
“ကိုမိုး!!! ဒီမှာ ဒီမှာ ကိုမိုး….”
လက်လည်းပြ အသံကုန်လည်း ဟစ်အော်လိုက်တော့ လူအုပ်ကြားထဲမှ တစ်ယောက်က လက်ပြန်ပြသည်။ တစ်ဆက်တည်းမှာပင် အနောက်ဖက်ကို လှည့်ပြီး အမေ့ကို ပြန်ပြောဖြစ်သည်။
“အမေ.. ကိုမိုးနဲ့ ကိုထွေး လာကြိုတယ်.”
အမေက ခုမှ စိတ်အေးသွားသလို သက်ပြင်းတစ်ချက် ဟင်းခနဲချသည်။ အမေ့ဆီမှ ပစ္စည်းများ၊ ခြင်းများကို မနိုင်မနင်း ကူသယ်ပေးကာ ရထားတံခါးပေါက်ဖက်သို့ ထွက်ရန်တာစူလိုက်ကြသည်။ ကိုယ့်ရှေ့တွင် ဆင်းမည့်သူများကလည်း တန်းစီလျက် ရပ်နေကြသည်။ အထုပ်များ၊ ခြင်းတောင်းများ၊ ဟင်းနံ့ထမင်းနံ့၊ ချွေးနံ့ လူနံ့ပေါင်းစုံဖြင့် ရောထွေးယှက်တင်နေသော ရထားတွဲကြီးပေါ်က ဆင်းခွင့်ရလိုက်ခြင်းသည် လွတ်မြောက်မှုတစ်ခု ဖြစ်သည်။ ရထားပေါ်မှ အဆင်း ၊ ကွင်းပြင်များဖက်မှ ဖြတ်တိုက်လာသည့် ဝေလီဝေလင်း လေပြည်လေညှင်းကို ခေတ္တရှူရှိုက်ခွင့် ရခြင်းက ဆီးကြိုမှုတစ်ခုဖြစ်သည်။
ရထားပေါ်မှ အဆင်းတွင်လည်း တော်တော်လေးသတိထားရသည်။ မိမိစီးလာသည့် ရထားတွဲက ဘူတာရုံထဲတွင် ရပ်ထားမိသည်ဆိုလျှင် မဆိုးလှ။ သို့မဟုတ်ဘဲ ဘူတာပလက်ဖောင်းအကျော်တွင် ရပ်ထားမိပါက ရထားလှေကားနှင့် မြေကြီးသည် တော်တော်လေး အလှမ်းကွာနေတတ်သည်။ လောလောလောလောဖြင့် ဆင်းမိသည့် ခရီးသည်အချို့ ခြေခေါက်လဲတတ်ကြသည်။ သားအမိသုံးယောက် သတိထားဆင်းပြီး ရထားနောက်မှ ပြေးလိုက်လာသည့် ကိုမိုးနှင့်ကိုထွေးကို စောင့်နေလိုက်ကြသည်။
“အကြီး… နေကောင်းလား… အမေက လာကြိုခိုင်းလိုက်လို့”
ကိုမိုးတို့ ကိုထွေးတို့က အမေ့ကို ကြီးကြီးဟုမခေါ်. အကြီးဟုခေါ်သည်။ သူတို့မိသားစုနှင့် အဖေတို့က သိခဲ့သည်မှာ နှစ်ပေါင်းအတော်ကြာပြီဟု ဆိုသည်။
လူအုပ်ကြီးကို တိုးဝှေ့ဖြတ်ကျော်လာခဲ့ပြီး မြင်းလှည်းဂိတ်နားတွင် ရပ်ထားသော စက်ဘီးများရှိရာသို့ လျှောက်လာခဲ့ ကြသည်။ မြင်းလှည်းသမားများက “သဲတောလား ၀မ်းတွင်းလား..” စသည်ဖြင့် အမျိုးမျိုးမေးကာ အနားတွင် ကပ်ပါလာကြသည်။ အမေက ဘာမှမပြော၊ ခေါင်းကိုသာ တွင်တွင်ခါသည်။ လေးငါးခွန်းလောက်မေးပြီး အကြောင်းထူးပုံမရတော့ မြင်းလှည်းဆရာတို့ နောက်ခရီးသည်တစ်ယောက်ဆီ အာရုံပြောင်းသွားကြသည်။
အမေက သွားနေသည့် စက်ဘီးပေါ် ခုန်မတက်တတ်ပါ။ ကိုမိုးက စက်ဘီးကို ထိန်းထားပေးစဉ် နောက်ထိုင်ခုံပေါ် အရင်တက်သည်။ ပိုက်ဆံအိတ်ကို ခြင်းတောင်းထဲထည့်၊ ခြင်းတောင်းကို ပေါင်ပေါ်တင်လျက် ထိုင်ခုံပေါ်တက်ထိုင် လိုက်သည်။ သူက ကိုထွေးစက်ဘီး၏ ရှေ့ဘားတန်းပေါ်တွင် တင်ပါးလွှဲထိုင်သည်။ စက်ဘီးထွက်တော့ သူ့အစ်ကိုက နောက်မှ ပြေးလိုက်တက်သည်။
ဆူညံပွက်လောရိုက်နေသည့် ဘူတာကြီးနှင့် ဝေးကွာလာ၍ထင့်၊ ပတ်ဝန်းကျင်က စိတ်ထဲတွင် ခါတိုင်းထက် ပိုမို ငြိမ်းချမ်းတိတ်ဆိတ်နေသလို ခံစားရသည်။ စက်ဘီးကို အားစိုက်နင်းနေသည့် ကိုထွေး၏ အသက်ရှူသံ၊ ဆီထည့်ထားပုံရသည့် စက်ဘီးချိန်းကြိုးမှ တစ်တစ်တစ်တစ် မြည်သံ၊ ဘေးမှ ပန်းတက်သွားသည့် မြင်းလှည်းမှ တခွပ်ခွပ် ခွာသံတို့ဖြင့် သဲတောမြို့လေး၏ မနက်ခင်းသည် အထီးကျန်မနေကြောင်း သက်သေပြနေခဲ့သည်။
စကားတပြောပြောဖြင့် သဲတောအထကကျောင်းကြီးကိုကျော်တော့ ဘေးမှ ကပ်ပါလာသည့် ကိုမိုးကို လှမ်းအော်ပြီး မေးဖြစ်သည်။
“ကိုမိုးတို့ ဘောလုံးကန်ကြသေးလား”
“ကန်တာပေါ့ကွ.”
ဤသို့ဖြင့် ခရီးတစ်ဝက်သည် သာကြောင်းမာကြောင်း၊ ကျန်ခရီးတစ်ဝက်သည် ဘောလုံးအကြောင်း၊ မိတ်ဆွေများ အကြောင်း စကားဖောင်ဖွဲ့ရင်း မိမိတို့ ခေတ္တနားနေမည့် နေရာလေးသို့ ရောက်လာခဲ့ကြသည်။
စက်ဘီးပေါ်မှ အဆင်း လက်ဖက်ရည်ဆိုင်လေးသို့ အ၀င် ၀၀ဖိုင့်ဖိုင့် အမျိုးသမီးကြီးတစ်ယောက်က သူ့ဆီသို့ အပြေးလာပြီး သူ့ပါးနှစ်ဖက်ကို ဆွဲညှစ်သည်။
“ကောင်လေး.. ထွားလာလိုက်တာ. မှတ်တောင်မမှတ်မိဘူး”
မျက်ရည်လေးဝဲလျက် သူ့ကိုကြည့်ပြီးပြောနေသော အမျိုးသမီးကြီး၏ ရင်ခွင်ထဲ ပါးအပ်လျက် ခါးကို ခပ်တင်းတင်း ပွေ့ဖက်ထားမိသည်။
“အန်တီပွေးကြီးးးး”
….
အန်တီပွေးကြီး ဖျော်တိုက်သော လက်ဖက်ရည်ပူပူလေး၊ ကိုမိုးကိုယ်တိုင် ဖုတ်ပေးသော နံပြားထောပတ်သုတ်တို့က ခရီးပန်းပြီး ဆာလောင်လာသော သူတို့ ညီအစ်ကိုနှစ်ယောက်အတွက် နတ်သုဒ္ဓါသဖွယ် ဖြစ်သည်။
အန်တီပွေးကြီးတွင် သားငါးယောက် သမီးတစ်ယောက် ရှိသည်။ ကိုသိန်းနိုင်၊ ကိုကျော်စိုးနိုင်၊ ကိုမိုး၊ ကိုနိုင်ဝင်း၊ ကိုထွေး၊ မချိုတို့ဖြစ်ပြီး အန်တီပွေးကြီး၏ အမျိုးသားက ၀မ်းတွင်းမီးသတ်မှ အရာခံဗိုလ်တစ်ဦးဖြစ်သည်။ အန်တီပွေးကြီးကို ဘာကြောင့် ဒေါ်ပွေးကြီးဟု ခေါ်လဲသူမသိ. သူသိသည်က အန်တီပွေးကြီးသည် သိပ်ချစ်ဖို့ကောင်းသော၊ စိတ်သဘောထားပြည့်ဝသော အမျိုးသမီးကြီး တစ်ဦးဖြစ်သည်။ သူ့အမျိုးသားနာမည်ကလည်း ခပ်ဆန်းဆန်းဖြစ်သည်။ ရပ်ကွက်ထဲမှ ကာလသားများက အန်တီပွေးကြီးကို စချင်လျှင် လမ်းတစ်ဖက်မှ အော်ပြောပြီး ထွက်ပြေးသွားလေ့ရှိသည်။
“ဟိုမှာ မပွေး မပွေး… ကျောက်ခဲနှင့်ထု. ကျောက်ခဲနှင့်ထု….”
အန်တီပွေးကြီး၏ အမျိုးသားနာမည်ကား ဦးကျောက်ခဲ ဟူ၏…
အန်တီပွေးကြီး၏ သမီး မချိုမှာလည်း အမေတူသမီးဟု ခေါ်ရမည် ထင်သည်။ စိတ်ထားအလွန်ပြည့်ဝသည်။ မျက်နှာထား အမြဲချိုလွင်နေသည်ကိုက သူ့နာမည်နှင့် လိုက်ဖက်လှသည်။ ကူညီတတ်သည်။ စိတ်မကောင်းစရာတစ်ခုက သူမငယ်စဉ်ကတည်းက ဆေးထိုးမှား၍ ပိုလီယိုရောဂါဖြစ်ကာ ခြေထောက်နှစ်ဖက်စလုံး မသန်တော့ခြင်း ဖြစ်သည်။ ချိုင်းထောက်ကလေးဖြင့် ဟိုမှဒီမှ သွားလာနေတတ်သော သူမကို မြင်တိုင်း သူ့ရင်ထဲ တော်တော်လေး စိတ်မကောင်းဖြစ်မိသည်။ ၀မ်းသာစရာကောင်းသည်တစ်ခုက မချိုသည် အမြဲ ပျော်ရွှင်နေတတ်သော အမျိုးသမီးတစ်ဦးဖြစ်နေခြင်းပင်ဖြစ်သည်။
အန်တီပွေးကြီး၏ သားကိုသိန်းနိုင်က ၀မ်းတွင်းမြို့ပေါ်ရှိ ရုံးတစ်ရုံးမှ စာရေးတစ်ဦးဖြစ်ပြီး သူ့အမျိုးသမီး မတုတ်မှာလည်း ခင်မင်နှစ်လိုဖွယ်ကောင်းသော ၀မ်းတွင်းသူတစ်ဦးပင် ဖြစ်သည်။ လက်ဖက်ရည်ဆိုင်က ကိုသိန်းနိုင်နှင့် မတုတ်တို့၏ ဆိုင်ဖြစ်ပြီး အန်တီပွေးကြီးတို့ ကိုမိုးတို့ ကိုထွေးတို့က ဆိုင်တွင် လက်ဖက်ရည်ဖျော်သည်၊ ပလာတာရိုက်သည်၊ နံပြားဖုတ်သည်၊ ဆနွင်းမကင်းထိုးသည်။ ပြင်ပအလုပ်သမားမရှိ၊ မိသားစုစီးပွားရေးလေး တစ်ခုကို ပျော်ပျော်ပါးပါး လုပ်နေကြသော အိမ်ထောင်စုလေးနှစ်ခု ဖြစ်သည်။
နေ့ခင်းတွင် အမေက တရေးတမောအိပ်စဉ် သူတို့ ညီအစ်ကိုနှစ်ယောက်က ၀မ်းတွင်းမီးသတ်အနောက်ဖက်တွင် ရှိသော ဆောက်လုပ်ရေးဝင်းထဲ လျှောက်သွားလိုသွား၊ တစ်နှစ်တာ ခွဲခွာထားရသည့် မိတ်ဆွေဟောင်းများကို လိုက်လံနှုတ်ဆက်၊ လက်ဖက်ရည်ဆိုင်သို့ လာထိုင်သော ကာလသားအစ်ကိုကြီးများ၏ စကားဝိုင်းတွင် တိုးဝှေ့နားထောင်ဖြင့် ရန်ကုန်သားနှစ်ယောက် အညာလေ၊ အညာမြေ၏ အငွေ့အသက်ကို ခံစားသက်ဝင်နေတတ်ကြသည်။
နေအေးချိန်ရောက်တော့ အမေလည်းနိုးပြီ။ ခရီးဆက်ရဦးပေမည်….
....
အန်တီပွေးကြီးတို့ လက်ဖက်ရည်ဆိုင်လေးမှ သူတို့ထွက်လာတော့ အညာနေက တောက်လောင်စွာ ခရီးဦးကြိုပြု၏။ စက်ဘီးရှေ့ဘားတန်းပေါ်တွင်ထိုင်ရင်း စက်ဘီးတစ်ချက်နင်းတိုင်း ထွက်ပေါ်လာသည့် ‘စီး…စီး’ ဟူသည့် အသံအကြောင်းမေးမိတော့ ကိုထွေးက ရှင်းပြသည်။
“နေသိပ်ပူလို့ ကတ္တရာတွေ အရည်ပျော်တာ. စက်ဘီးတာရာနဲ့ ကပ်ပြီး အသံမြည်နေတာကွ…”
အမေက ထီးဖွင့်ဆောင်းလျက်၊ သူတို့ ညီအစ်ကိုနှစ်ယောက်က လျှာထိုးဦးထုပ်လေးကိုယ်စီဆောင်းလျက်၊ အညာလေပူက ပါးပြင်နှစ်ဖက်ကို တိုးဝှေ့လျက် အဖေတို့ရွာကို ချီတက်ခဲ့ကြသည်။ ၀မ်းတွင်းမြို့လေးတွင် မြင်းလှည်းပဲ ရှိသည်။ ဆိုက်ကားမရှိပါ။ စတိုးဆိုင်လေးတစ်ဆိုင်အကျော်တွင် ညောင်ပင်ကြီးတစ်ပင်ရှိသည်။ ညောင်ပင်အောက်တွင် မြင်းလှည်းဂိတ်ရှိသည်။ ထိုနေရာသည် အဖေတို့ရွာသို့သွားသည့် ခရီးအစပင် ဖြစ်ချေသည်။
ခရီးလမ်းညွှန်ဆိုင်းဘုတ် မရှိ၊ ရှိစရာလည်း မလိုပါ။ လမ်းတွင်တွေ့ရသည့် တစ်ယောက်ယောက်ကို “နတ်ကန်ကို ဘယ်လိုသွားရလဲ” ဟု မေးလိုက်လျှင် အမေးခံရသူတိုင်းလိုလိုက သိကြသည်။
ညောင်ပင်အောက်သို့ ရောက်သည်နှင့် ကိုမိုးနှင့် ကိုထွေး ချွေးစပြန်လေပြီ။ နတ်ကန်ကို သွားသည့်လမ်းက တရားဝင် ဖောက်လုပ်ထားသည့် လမ်းမဟုတ်၊ လမ်းအလယ်တွင် လှည်းလမ်းကြောင်းရှိသည်။ လမ်းဘေးတစ်ဖက်တစ်ချက်တွင် လူသွားနိုင်ရုံ မြေနီလမ်းလေးရှိသည်။ မြေနီလမ်းလေးက နေရာတိုင်းမရှိ၊ ရံဖန်ရံခါ ပေါ်လာသည်။ ရံဖန်ရံခါတွင် လှည်းလမ်းကြောင်းနှင့် ပူးပေါင်းသွားသည်၊ ရံဖန်ရံခါတွင် သဲဖုတ်ထူထူထဲ ငုပ်လျှိုးကွယ်ပျောက်သွားတတ်သေးသည်။ လမ်းဘေးဝဲယာတွင် ဆူးကိုင်းပင်များကလည်း ရောပြွမ်းနေတတ်သေးသည်။
စက်ဘီးစီးမကျွမ်းကျင်လျှင်၊ ကျွမ်းကျင်ဦးတော့ လမ်းမသိလျှင်၊ လမ်းသိဦးတော့ သွားနေကြမဟုတ်လျှင် လမ်းဘေးမှာ ဆူးများဖြင့် ငြိနိုင်သည်။ သဲဖုတ်ထဲတွင် စက်ဘီးနစ်ပြီး ပစ်လဲနိုင်သည်။ မြေနီလမ်းလေးပေါ်မှ ချော်ကျပြီး လှည်းလမ်းကြောင်းပေါ်သို့ ပြုတ်ကျနိုင်သည်။ ဆန့်ကျင်ဖက်အရပ်မှ လာသည့် စက်ဘီး၊ လူကို မရှောင်တတ်ဘဲ တိုက်မိတတ်သည်။
သူအစိုးရိမ်ကြီးလွန်းနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ရွာဖက်မှ မြို့ပေါ်သို့ လာသည့် စက်ဘီးများပေါ်တွင် တစ်ချို့က ဘက်ထရီအိုးဆယ်လုံးခန့် တစ်ဖက်တစ်ချက် ချိတ်ဆွဲလျက်၊ လက်ကိုင်တစ်ဖက်တစ်ချက်တွင် ဘက်ထရီအိုးတစ်လုံးစီ ချိတ်လျက် နင်းလာသူတစ်ချို့ပင် ရှိသေးသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
အငှားဘက်ထရီအိုးဖြည့်သူများဖြစ်သည်။ ရွာတွင် လျှပ်စစ်မီးမရှိ။ ရွာသူရွာသားအများစုအတွက် မီးခွက်၊ ဖယောင်းတိုင်သည်သာ အလင်းပေးသော ပင်ရင်းများဖြစ်သည်။ တစ်ချို့က ဘက်ထရီအိုးများထားကြသည်။ ရွာထဲတွင် ရှိသော ဘက်ထရီအိုး အငှားဖြည့်သူများက အိမ်များတွင် တစ်အိမ်တက်ဆင်း လိုက်ယူကာ မြို့ပေါ်သို့ အားသွားဖြည့်တတ်ကြသည်။ လူနှစ်ယောက်တင်ရုံဖြင့် လျှာထွက်နေသော မြို့သား စက်ဘီးစီးသူများကို အနှီရွာသားများက ကွယ်ရာတွင် တိတ်တိတ်ပုန်း ရယ်ခိုးနေကြလောက်သည်။
ဝမ်းတွင်းမှ နတ်ကန်သို့သွားသော ခရီးလမ်းသည် ပြေပြစ်သည်လည်း ရှိသည်။ ကြမ်းတမ်းသည်လည်းရှိသည်။ ဖြောင့်တန်းသည်လည်း ရှိသည်။ ကွေ့ကောက်သည်လည်းရှိသည်။ ချောမောသည်လည်းရှိသည်။ မတ်စောက်သည်လည်း ရှိသည်။ မည်သို့ဆိုစေကာမူ ကားသံ၊ လူသံများ ကင်းဝေးလျက်၊ ကျေးငှက်သာရကာတို့၏ ဘာသာဘာဝ မြည်ကြွေးသံတို့ဖြင့် အလှဆင်လျက်၊ လမ်းဘေးဝဲယာရှိ လယ်တောယာတောထဲမှ လယ်သမားကြီးများ၏ လယ်ထွန်သံ၊ နွားအားကြိမ်းမောင်းသံတို့ဖြင့် တစ်မျိုးတစ်ဖုံ ထူးထွေဆန်းပြားလျက် မြင်မြင်သမျှ ပတ်ဝန်းကျင်သည် ရုတ်ချည်း ပြောင်းလဲသွားခဲ့လေသည်။
လယ်တောများပေါ်တွင် မားမားမတ်မတ် ရပ်တည်လျက် အောက်ကို ခပ်စိမ်းစိမ်း ငုံ့ကြည့်နေတတ်သူများက ဧရာမ လျှပ်စစ်ဓာတ်အားပေးတိုင်ကြီးများ ဖြစ်သည်။ လောပိတလျှပ်စစ်ဓာတ်အားပေးစက်ရုံမှ မြန်မာပြည်အနှံ့သို့ ဖြန့်ထွက်သွားသော လျှပ်စစ်ဓာတ်အားလိုင်းကြိုးကြီးများက မနီးမဝေးတွင် ရှိနေကြသော ကျေးလက်ရွာငယ်လေးများမှ မှိတ်တုတ်မှိတ်တုတ် ဆီမီးရောင်လေးများကို မသိကျိုးကျွံပြုသွားကြသည်။ ထိုဓာတ်အားပေးတိုင်ကြီးများက အနီးတ၀ိုက်မှ ရွာငယ်လေးများအတွက်မူ မကောင်းဆိုးဝါးများသဖွယ် ဖြစ်သည်။ မိမိတို့လည်း မည်သို့မျှ အကျိုးမခံစားရသည့် အပြင် မိုးတွင်းလေတွင်းဆိုလျှင် လယ်ထွန်ရင်းဖြစ်စေ၊ တောထဲမှ ထင်းခုတ်ဝါးခုတ်ပြီး ပြန်လာရင်းဖြစ်စေ ထိုဓာတ်တိုင်နားရောက်သွားတတ်သော ရွာသားတစ်ချို့ ဓာတ်လိုက်သေဆုံးတတ်ကြသည့် ဖြစ်ရပ်များကလည်း မကြာခဏ ရှိတတ်သေးသည်။ ပကတိ အေးချမ်း လှပနေတတ်သည့် ကျေးလက်ရှုခင်းနှင့် အနှီဓာတ်တိုင်ကြီးများက အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသလိုပင် ဖြစ်သည်။
ဝမ်းတွင်း-နတ်ကန် ရွာလမ်းလေးတွင် အမှတ်အသားသုံးခု ရှိသည်။ ၀မ်းတွင်းမှ အထွက် မကြာမီတွင် တွေ့ရသော ညောင်ပင်ကြီးက ခရီး၏ သုံးပုံတစ်ပုံ အမှတ်အသား ဖြစ်သည်။ ထိုညောင်ပင်ကြီးအောက်သို့ ဖြတ်တိုင်း သူကြက်သီးထမိသည်။ ကြည့်ဦးလေ. ခေါ်ကြသည်ကိုက “ဆွဲကြိုးချပင်” တဲ့.
ယုံရခက်ခက် ဇာတ်လမ်းတစ်ပုဒ်ကလည်း ဆွဲကြိုးချပင်၏ အရှိန်အ၀ါကို အားဖြည့်ပေးထားသေးသည် တမုံ့။
ကိုထွေးက သူကြားဖူးသည်ကို ပြန်ပြောပြဖူးသည်။
“တစ်ခါက အဲဒီ့အပင်အောက်ကနေ ရွာသားတစ်ယောက် စက်ဘီးနင်းပြီး ပြန်လာတာ. ‘ဖုန်း’ ခနဲ အရှေ့ကနေ ပိတ်ရိုက်ခံလိုက်ရသလိုဖြစ်ပြီး အပင်အောက်မှာ စက်ဘီးပစ်လဲသွားတယ်. အဲဒီ့ရွာသားလည်း စိတ်တိုပြီး လဲကျသွားရက ပြန်ထ၊ သူ့ကိုရိုက်လိုက်တဲ့လူကို ပြန်ရိုက်မယ်ဆိုပြီး လှည့်ကြည့်လိုက်တော့ ဆံပင်ဖားလျားနဲ့ အမျိုးသမီးတစ်ယောက် လည်ပင်းမှာ ကြိုးစွပ်ပြီး တန်းလန်းကြီးဖြစ်နေတာ တွေ့လိုက်ရတယ်. ရွာသားလည်း စက်ဘီးတောင် ပြန်မယူနိုင်တော့ဘဲ ထွက်ပြေးတာ တန်းနေတာပဲ. နောက်ပိုင်း အဲဒီ့လူ ရူးသွားတယ်လို့တောင် ပြောနေကြတယ်. အဲဒီ့ကတည်းက အဲဒီ့အပင်ကြီးကို ဆွဲကြိုးချပင်လို့ ခေါ်ကြတာ”
မည်သို့ဆိုစေ ထိုအပင်အောက်က ဖြတ်တိုင်း သူဇောချွေးပြန်မိသည်။ တိုက်ဆိုင်သည်ဟု ခေါ်ရမည်ထင်သည်။ ထိုအပင်အောက်တွင် စက်ဘီးနင်းရန် မဖြစ်နိုင်ပါ။ သဲများဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ထိုအပင်အောက်ရောက်တိုင်း စက်ဘီးနစ်တတ်၍ ဆင်းတွန်းသွားကြသူက များသည်။ အဘယ့်ကြောင့်ဆိုသော် စက်ဘီးနစ်ပြီး လဲပါက မြေကိုင်ခံရမည်ကို စိုးသောကြောင့် ဖြစ်သည်။ စက်ဘီးမနင်းနိုင်ဘဲ ဆင်းတွန်းရသည်ကလည်း ဆွဲကြိုးချပင်ကြီးအား မိမိတို့က အရိုအသေပြုနေရ သယောင်ယောင်။
ဆွဲကြိုးချပင်ကို ကျော်ပြီး အတော်လေး စက်ဘီးနင်းမိလျှင် ဇရပ်လေးတစ်ခုကို တွေ့ရတတ်သည်။ ထိုဇရပ်လေးက လမ်းတစ်ဝက်ရောက်ပြီ ဆိုသည့် အမှတ်အသား။ ဇရပ်လေးကိုကျော်ပြီး ၁၅ မိနစ်ခန့် နင်းမိလျှင်တော့ အရောင်ပြယ်နေသည့် အုတ်ဂူလေးများ၊ မြေပုံအမှတ်အသားလေးများဖြင့် သင်္ချိုင်းငယ်တစ်ခုကို ဖြတ်ကျော်ရသည်။ ထိုအရာက လမ်း၏ တတိယမြောက် အမှတ်အသားဖြစ်ပြီး သချိင်္ုင်းကိုကျော်လျှင် ရွာဦးကျောင်းမှ ညောင်ပင်ကြီးနှင့် မန်ကျည်းပင်အုပ်အုပ်ကို တွေ့ရတတ်သည်။ မန်ကျည်းပင်အုပ်အုပ်ဟု ဆိုရသည်က မန်ကျည်းပင်များ တစ်ပင်နှင့်တစ်ပင်၊ တစ်ကိုင်းနှင့် တစ်ကိုင်း ကူးလူးဆက်သွယ်လျက် အရိပ်ပေါင်းမိုးကြီးကဲ့သို့ ဖြစ်နေတတ်သောကြောင့် ဖြစ်သည်။
ရွာထဲကိုဝင်တော့ ညနေစောင်းပြီဖြစ်သည်။
....
ရွာအ၀င်လမ်းလေးဘေးတွင် တစ်ရွာလုံးဝိုင်းသုံးကြသော အ၀ီစိရေတွင်းတစ်တွင်း ရှိသည်။ ထိုရေတွင်းလေး၏ အနောက်ဖက်တွင် သောက်ရေကန်ဟု ခေါ်ကြသည့် ရေကန်ကြီးတစ်ကန်ရှိပြီး ထိုရေကန်နှင့် ကပ်လျက်တွင်မူ ဆည်ကန်ဟု ခေါ်သည့် ရွာသားများဝိုင်းဝန်း ဆည်ဖို့ထားသည့် ရေကန်တစ်ကန်ရှိသည်။
ရေတွင်းတွင် ရေပုံးများ တန်းစီချထားသည်။ လှည်းများပေါ်တွင် ရေတိုင်ကီတင်ထားသော ရေတိုင်ကီလှည်းများက ရေတွင်းနားတွင် အစီအရီ ရပ်ထားကြသည်။ ရေတွင်းပေါ်တွင် ချိတ်ဆွဲထားသော ရေဆွဲစက်သီးများက တကျွီကျွီဖြင့် မရပ်မနား အော်မြည်နေကြသည်။ စက်သီးကြိုးကို ဘယ်တစ်လှည့် ညာတစ်ခါ မာန်ပါပါဖြင့် ဆွဲရင်း ရေပုံးကို ဆွဲတင်နေသည့် ရွာသားလူငယ်က ရွာသူလုံမပျိုတို့ရှေ့တွင် သူ့ကြွက်သားများကို ပိုမိုညှစ်ပြနေသလိုလို။ လုံမပျိုတို့ကလည်း ရေခပ်လာသည့် ကာလသားတို့ရှေ့တွင် စကားကို တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ပြောနေသလိုလို။
စာထဲပေထဲတွင် ဖတ်ထားဖူးသလို လုံမပျိုတို့ ရေခပ်ဆင်းလာချိန်တွင် ဟန်ရေးပြ ခြင်းခတ်နေတတ်ကြသည့် ထိုးကွင်းမင်ကြောင် ကာလသားလူပျိုများကို မတွေ့ရပါ။ အားလုံးရေဆိပ်တွင် ရေငင်သူငင်၊ လှည်းဖြုတ်သူဖြုတ်ဖြင့် ကိုယ်စီကိုယ်ငှ အလုပ်ရှုပ်နေကြ သည်ကိုသာ တွေ့ရသည်။ မြို့မှလာသည့် သူတို့ကို တစ်ချို့က တည့်တည့်စိုက်ကြည့်ပြီး စူးစမ်းသည်။ တစ်ချို့က ခပ်စောင်းစောင်း စွေကြည့်ရင်း စပ်စုသည်။ ရေငင်နေသူများထဲတွင် မိမိတို့ အသိများ ပါလေနိုးဖြင့် စက်ဘီးပေါ်မှ သူလှမ်းကြည့်ဖြစ်သည်။
ရွာဦးဘုန်းကြီးကျောင်းဖက်ကို လှမ်းမျှော်ကြည့်လိုက်တော့ ကိုရင်တွေ ကျောင်းသားတွေ ဆော့နေကြသည်ကို တွေ့ရသည်။ အိမ်ကို အရင်သွားမည်။ ပစ္စည်းတွေ နေရာချပြီးလျှင် ဘုန်းကြီးကို လာရောက်ဂါရ၀ပြုရမည်။
ရွာဦးကျောင်းဘေးကို ဖြတ်လျက် စက်ဘီးနင်းသွားလိုက်တော့ ရွာလယ် လမ်းမကြီးကို ရောက်သည်။ လမ်းမထိပ်ရှိ ထနောင်းပင်တွင် ဘလက်ဘုတ်တစ်ခုချိတ်ဆွဲထားပြီး မြေဖြူခဲဖြင့် ရေးထားသည်က ယနေ့ညပြမည့် ဗွီဒီယိုကား။
ရွာလယ်လမ်းမကြီးအတိုင်း ၅ မိနစ်ခန့်နင်းသွားပြီး ဘယ်ဖက်ကို တစ်ဆစ်ချိုး၊ ထို့နောက် ညာဖက်ကို တစ်ဆစ်ချိုးလိုက်တော့ ကွင်းပြင်လေးအလယ်တွင် ဆောက်ထားသော တဲလေးသုံးလုံးကို တွေ့ရသည်။ ဖြန့်ခင်းထားသော ငရုတ်သီးခြောက်များဘေးမှ အသာလေးနင်းပြီး စက်ဘီးကို အိမ်ရှေ့ရပ်လိုက်တော့ အိမ်အောက်ထပ် ကွပ်ပျစ်ပေါ်မှာ ထိုင်နေသည်က အဘွားရယ်…
ညာဖက်လက်ဖြင့် မျက်ခုံးပေါ်ကာလျက် သူ့အိမ်ထဲလှမ်းဝင်လာသူများကို လှမ်းကြည့်ရင်း အဘွားတစ်ယောက် အိမ်ပေါ်သို့ လှမ်းအော်သည်။
“ခင်လှရေ… ဟဲ့ ခင်လှ… ငါ့မြေးတွေ လာတယ်ဟဲ့….”
အဘွားအသံသည် တုန်ရီနေသည်။ သို့သော် ချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှမ်းနေသည်။
စက်ဘီးပေါ်မှ စွေ့ခနဲဆင်းပြီး အဘွားဖြစ်သူ၏ ပိန်လှီလှီ ခန္ဓာကိုယ်လေးကို ခပ်တင်းတင်း ပွေ့ဖက်လိုက်တော့ မျက်ရည်လေးစမ်းတမ်းစမ်းတမ်းဖြင့် သူ့ဆံနွယ်များကို ထိုးဖွရင်း ငိုသံပါဖြင့် ပြောသည်က….
“ငါ့မြေးလေးရယ်…” တဲ့....
~ ရေခဲငှက် ~
Credits: Photos are taken from web except the sunset picture. :D
7 comments:
ငါ့မြေးလေးရယ်တဲ့ ...ဆက်ရေးဦးလေ တ၀က်တပြတ်ကြီးဖြစ်နေတယ်..
စာလာဖတ်သွားပါတယ်။
ဆက်ရန်လို့လဲ မရေးထားဘူး။ ဆက်ကော ရေးမှာလား ကိုရန်အောင်။
ဒါနဲ့ ကျွန်တော်တို့ ဖက်မှာတော့ ရေတွင်းက သပ်သပ် အဝီစိတွင်းက သပ်သပ်ဗျ။ အဝီစိရေတွင်းလို့ တွဲမခေါ်ကြဘူး။ အဝီစိတွင်းက ရေမော်တာနဲ့ မောင်းရင်မောင်း၊ မဟုတ်ရင် လက်နှိပ်တုံကင်နဲ့ ရေတင်ကြရတယ်။ တွင်းဝကနေ ပိုက်ဝ တစ်ခုစာပဲ ထွက်လာတဲ့အမျိုးကိုး။
good article, andrew
Happy New Year, Nyi Lay
I could not reach your number...........
အရေးကောင်းရင် မြင်ယောင်လာတယ်။
ဒီထက် ပိုကောင်းရင် အငွေ့အသက်တွေပါ ရလာတယ်။
ဒီပို့စ်တွေထဲမှာ အညာက လေကို ရှူမိတယ်။
Post a Comment