Tuesday, January 18, 2011

Leao's Heart...

ဘရာဇီးမှာ မိုးတွေအရမ်းရွာပြီး ရေတွေကြီးနေတယ်. အကျိုးဆက်အဖြစ် မြေပြိုတာတွေလည်း ဖြစ်ပြီး ခုချိန်ထိ လူပေါင်း ၆၅၅ ယောက် သေသွားပြီလို့ သတင်းတွေထဲမှာ ဖော်ပြနေကြတယ်. အဲဒီ့ထဲမှာ တစ်ယောက်အပါအ၀င် ဖြစ်တဲ့ Cristina Maria Cesario Santana ကတော့ သူမသေသွားပေမယ့်လည်း သူမဘေးမှာ ခြေတစ်ဖ၀ါးမှ မရွေ့ဘဲ နေပူမိုးရွာ အဖော် လုပ်ပေးနေတဲ့ သက်ရှိ တစ်ယောက် ရှိနေတယ်.

Monday, January 17, 2011

မှန်းဆရော်ရည်... အညာဌာနီ.(၃)

ဘုန်းကြီးကျောင်းမှ ပြန်လာတော့ ရွာလယ်လမ်းကလေးက တိတ်ဆိတ်စွာ အိပ်မောကျနေလေပြီ။ လမ်းဘေး သစ်ပင်လေးများကြားမှ ဖြိုးဖြိုးဖြောက်ဖြောက် ကျနေသော လရောင်အပိုင်းအစလေးများကို နင်းလျက် စိတ်လက် ပေါ့ပါးစွာ အိမ်ပြန်လာခဲ့ကြသည်။ အချို့တဲအိမ်လေးများက ရွာခံမဟုတ်သော ဧည့်သည်များကို ခပ်စောင်းစောင်း လှမ်းကြည့်ကြသည်။ လေအဝှေ့တွင် ခပ်လှမ်းလှမ်းရှိ နွားတင်းကုပ်များဆီမှ နောက်ချေးနံ့(နွားချေး) က ဝေ့ခနဲ ပျံ့လွင့်လာသည်။

အိမ်ရှေ့ကွက်လပ်လေးထဲတွင် လရောင်က ပြိုင်ဖက်မရှိ မင်းမူထားသည်။ အပေါ်ထပ်သို့ အမေတက်သွားပြီး အိပ်ရာများ ခင်းနေချိန်တွင် သူကတော့ အဘွား၏ ၀ါးပက်လက်ကုလားထိုင်လေးကို ထုတ်လျက် ကွင်းပြင်ထဲတွင် ထိုင်ရင်း လေညင်းခံ နေမိသည်။ မြို့ပြမီးရောင်များနှင့် ကင်းကွာသည့် ကျေးလက်တောရွာငယ်လေး၏ လသာညသည် ဆိတ်ငြိမ်အေးချမ်း နေသည်၊ သိမ်မွေ့ ငြိမ့်ညောင်းနေသည်။ ကောင်းကင်ပြင်ကြီးက ကြယ်နက္ခတ်တွေကို ခါတိုင်းထက် ပိုမိုစုံလင်စွာ ခင်းကျင်းပြထား နေသည်ဟုပင် ထင်မြင်မိသည်။ နေ့လယ်နေ့ခင်းတွင် ပူပြင်းတောက်လောက်နေသော သဲမြေပြင်ကအစ ညအချိန်တွင်တော့ သူ၏ မာန်မာနများကို ခ၀ါချလျက် လရောင်၏ အေးမြသော မေတ္တာဓာတ်လေးများကို နူးညံ့စွာ စားသုံးနေလေသည်။

Sunday, January 16, 2011

Mesmerized by Dead Pirates

အပြင်မှာ ရာသီဥတုက အေးစက်စက်နဲ့ သူစိမ်းတပြင်ဆန်နေတယ်.

အဲဒါနဲ့ အိမ်ထဲမှာပဲအောင်းပြီး စာဖတ်လိုက်၊ ကုတင်ပေါ်လူးလွန့်လိုက်နဲ့ ရှိနေတုန်း ဂီတတစ်ခုရဲ့ ဖမ်းစားခြင်းကို ခံလိုက်ရတယ်.

အဖွဲ့နာမည်က Dead Pirates တဲ့. UK က Band တစ်ခုပါပဲ.

ဝူဖာကို ခပ်ကျယ်ကျယ်အနေအထားမှာထား၊ အခန်းအလယ်မှာ ခြေထောက်နှစ်ဖက်ကို ခွဲရပ်လိုက်ပြီး မျက်စိနှစ်ဖက်ကို မှေးစင်းလို့ ကိုယ်ကိုယ်တိုင် Dead Pirate တစ်ယောက် လုပ်ပစ်လိုက်မိတယ်. ခေါင်းကို ရှေ့ငိုက်လိုက်၊ နောက်ကို စည်းချက်နဲ့အညီ မော့ပစ်လိုက်၊ ဘေးနှစ်ဖက်ကို ယမ်းပစ်လိုက်နဲ့ ဆံပင်တွေတောင် ပိုရှည်လာသလိုလို...

Thursday, January 13, 2011

မှန်းဆရော်ရည်... အညာဌာနီ.(၂)

အိမ်အောက်က ကွပ်ပျစ်တွင် ထိုင်ရင်း ရေနွေးကြမ်းသောက်ကြ၊ အဘွားချပေးသည့် အညာလက်ဖက်နှင့် ပဲကြမ်းကို တဂျွမ်းဂျွမ်း စားကြပြီး ခဏနေတော့ ကိုထွေးနဲ့ ကိုမိုးတို့ ၀မ်းတွင်းကို ပြန်ကြသည်။ အမေက ကိုမိုးတို့ကို ကျေးဇူးတင် ကြောင်း နှင့် စက်ဘီးကောင်းကောင်းစီးပြန်ရန် မှာသည်။ ကိုမိုးက စက်ဘီးပေါ်တက်၍ မသွားခင် သူတို့ ညီအစ်ကို နှစ်ယောက်အား ၀မ်းတွင်းကို လာလည်ဖို့ အော်ပြောသွားသေးသည်။

အဘွားမျက်နှာကမူ ကြည်လင်ဝင်းပနေလေသည်။ အဘွားတို့ အိမ်ခြံဝင်းက အတော်အသင့် ကျယ်သည်။ အိမ်၏ အနောက်ဖက်တွင် အဖေ့ညီ၊ အဘွား၏ ဒုတိယသားနှင့် သူ့မိသားစုတို့က အိမ်တစ်လုံး သက်သက် ခွဲနေကြသည်။ အိမ်၏ တောင်ဖက်တွင် အဖေ့ညီမ၊ အန်တီပေါမယ်နှင့် သူတို့မိသားစုနေသည့် တဲလေးတစ်လုံး ရှိသည်။ ၀င်းလေးထဲတွင် မန်ကျည်းပင်ရှိသည်၊ ထနောင်းပင်ရှိသည်။ ဘောစကိုင်းပင်များ ရှိသည်။ ယခင်က ခြံဝင်းအလယ်တွင် ဥသျှစ်သီးပင် တစ်ပင်လည်း ရှိခဲ့ဖူးသည်။ အဖေဦးစီးပြုလုပ်သည့် ရှင်ပြုရဟန်းခံ နားသမင်္ဂလာပွဲကို ဒီခြံဝင်းလေးထဲမှာပဲ မဏ္ဍပ်ထိုးပြီး ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ဖူးသည်။ ထိုစဉ်က မဏ္ဍပ်ထိုးရာတွင် နေရာမလွတ်သည်နှင့် ဥသျှစ်ပင်ကို ခုတ်ပစ်လိုက်ရသည်။

Tuesday, January 11, 2011

မှန်းဆရော်ရည်... အညာဌာနီ...

"လှည်းက မိုးလွဲရွာအ၀င် ချောက်နက်ကြီးကို ဒရောသောပါးဆင်းသည်။ လှည်းတော်တော်များများ ဘီးပြုတ်လှည်းကျိုး သည့်နေရာ။ နတ်ပွဲလှည်းတွေဆီက ချောက်အဆင်းမှာ ဟေးခနဲ အော်သံတွေ ညံလာ၏။ အဝေးလှည်းတွေက လှည်းချင်းဆက်အောင် အပြေးမောင်းလာကြသည်။ လှည်းအုပ်ကြီးဖြစ်မှ အားတောင့်သည်ဆို၏။ ဧရာဝတီမြစ် အနောက်ဖက်ကမ်း ရွာပုလဲ၊ ရွှေလှံရွာတွေက လှည်းတွေ၊ ဘုရားပြို ဘုရားပျက်၊ ဇရပ်တန်း၊ လယ်ခင်း ယာခင်း၊ ထန်းတော၊ ဇီးပင်တော၊ အညာ scene စစ်စစ်…"

ဆရာနေ၀င်းမြင့်၏ သရုပ်ဖော်အရေးအသားက ပြောင်မြောက်လှသည်။ စာဖတ်သူကိုယ်တိုင် လှည်းအုပ်ကြီး ပြိုဆင်းလာ သည်ကို မြင်လိုက်ရသလို၊ တဟေးဟေး အော်သံများက နားထဲသို့ အလုံးအရင်း ၀င်ရောက်လာသလို၊ နွားများ၊ ကြိမ်တံမြှောက်ထားကြသည့် လှည်းမောင်းသူများ၊ လှည်းလမ်းကြောင်းနောက်မှ ဖုန်လုံးကြီးများ၊ ၀င်းပရွှင်ပျနေကြသည့် ရွာသူရွာသားများက မြင်ကွင်းထဲတွင် အထင်အရှားပေါ်လွင်လာသည်။

ဖတ်လက်စ စာအုပ်ကို ခေတ္တပိတ်လိုက်ရင်း စကားလုံးအချို့ကို တီးတိုးရေရွှတ်မိသည်။

“လှည်း”….“ရွာ”…. “အညာ”……

Monday, January 10, 2011

မစဉ်းစားဖြစ်တော့သောအတွေးစများ...

ခုတလော ကျွန်တော် စာရေးလို့မရပါ.

စာရေးရန်အကြောင်းကလည်း ရှိပြီးသား၊ ရေးဖို့ အချိန်လည်း ဖယ်ပြီးသား၊ ရေးရန် ဆန္ဒကလည်း အပြည့်…

ဒါပေမယ့် ကျွန်တော်ဘာမှ ရေးချလို့ မရပါ…

ရထားစီးနေရင်း အတွေးတွေက တဖျတ်ဖျတ်၊ ညစာစားနေရင်း စာရေးချင်စိတ်တွေက တဆတ်ဆတ်၊ အလုပ်လုပ်နေရင်း ကာရန်တွေက တလှပ်လှပ်…

ဒါပေမယ့် တကယ်တမ်း ကွန်ပြူတာရှေ့ထိုင်ပြီး ရေးမယ်ကြံတော့ အတောင်ကျိုးနေတဲ့ ငှက်တစ်ကောင်လို ပျံချင်တိုင်း မပျံနိုင်၊ တောင်ဝှေးလဲလို့ မထနိုင်တဲ့ ဖိုးသူတော်လို မရှုနိုင်မကယ်နိုင်၊ ပင့်ကူအိမ်မှာ ငြိတွယ်နေတဲ့ ပိုးဖလံလို မလူးနိုင်မလွန့်နိုင်နဲ့ မှိုင်တွေပြီး ထိုင်လေနေရတဲ့ ညပေါင်းလည်း မနည်းတော့ပါဘူး…

မနာလိုဖြစ်မိပါတယ်..