Monday, May 26, 2008

အားလုံးအတွက် ထိုးတဲ့ ခေါင်းလောင်းသံ...



လူသားတစ်ဦး သေဆုံးခြင်းဟာ
ကိုယ့်အတွက်လည်း ဆုံးရှုံးခြင်းတစ်ခုပါ.
ဆွေမျိုးတော်တော် မတော်တော်
ကိုယ်နဲ့ သိသိ မသိသိ
ဘယ်လိုလူစား ဖြစ်ဖြစ် မဖြစ်ဖြစ်
လောကကြီးထဲကနေ သူထွက်ခွာသွားတာ
ကမ္ဘာမြေရဲ့ သဟဇာတမှာ
အနည်းအများ ဒဏ်ရာကျန်စေခဲ့တယ်.

မွေးဖွားခြင်းနဲ့ သေဆုံးခြင်းမှာ အပေးအယူရှိနေကြလည်း
ဂျီနိုဆိုက် တစ်ခုလို သေကြရတာ
သက်တမ်းစေ့မနေရဘဲ ထွက်ခွာသွားကြရတာ
လျစ်လျူရှုခံရလို့ ကွယ်ပျောက်တိမ်းပါးရတာ
ဒါတွေကတော့
သေဆုံးသူအတွက်လည်း နစ်နာ
ကျန်ရစ်ခဲ့သူတွေအတွက်လည်း နစ်နာ
ကိုယ့်အတွက်လည်းနစ်နာ
လောကကြီးအတွက်လည်း သိပ်နစ်နာလွန်းပါတယ်.



လူတစ်ယောက်သေဆုံးချိန်မှာ
အိမ်အပြန်လမ်းနဲ့အတူ ခေါင်းလောင်းတစ်ချက် တီးလိုက်ကြမယ်.
ဝမ်းနည်းခြင်းရဲ့ ပြယုဂ်တစ်ခုပေါ့.

ခေါင်းလောင်းသံတွေ ပေါင်းဆုံခဲ့ကြဖူးတယ်
ဂျူးလူမျိုးတွေ သုတ်သင်ခံခဲ့ရတုန်းက…
တွတ်ဆီလူမျိုးတွေ လူမျိုးသုဉ်းလု အသတ်ခံခဲ့ရတုန်းက…
အာရှတစ်လွှား ဆူနာမိ နှိပ်စက်သွားခဲ့တုန်းက…

ခေါင်းလောင်းသံတွေ မစဲနိုင်အောင် မြည်ဟည်းနေခဲ့ကြပြန်ပြီ.
ငါတို့အားလုံးရဲ့ နှလုံးသားကမ်းပါးတွေကို
အတားအဆီးမရှိ ဖြတ်သန်းလျက်..
ငါတို့အားလုံးရဲ့
နှလုံးသည်းပွတ်တွေကို ဆွတ်ခြွေယူလျက်…
ငါတို့အားလုံးရဲ့
ကြေကွဲမျက်ရည်တွေကို တစ်နေရာတည်း ပေါင်းဆုံစေလျက်…

စကားလုံးတွေ ပျောက်ဆုံးလို့ ဆွံ့အသွားခဲ့လည်း
နားထဲမှာတော့ ခေါင်းလောင်းသံတွေ ပဲ့တင်ထပ်နေတုန်းပဲ…

ဘာသာပြန်ဆိုမှုနဲ့ ကိုယ်ပိုင်ခံစားချက်ပေါ်မူတည်ပြီး
ဒီခေါင်းလောင်းသံဟာ
နိုင်ငံရေးဖြစ်နိုင်တယ်
လူမှုရေးဖြစ်နိုင်တယ်.
ဘာသာရေးဖြစ်နိုင်တယ်.
စီးပွားရေးလည်းဖြစ်နိုင်တယ်.

ဘာပဲဖြစ်ဖြစ် တစ်ခုတော့ မမေ့ပါနဲ့.
ဒါဟာ
အားလုံးအတွက် ထိုးတဲ့ ခေါင်းလောင်းသံပဲ…

ပြည်ဖုံးကား မချပါနဲ့
မျက်ကွယ်မပြုပါနဲ့
ကံကိုချည်းပဲ ယိုးမယ်မဖွဲ့ပါနဲ့
အချိန်နဲ့ မကုစားပါနဲ့
မုန်တိုင်းပြီးရင် လေပြည်လာတယ်တဲ့
ငါတို့အတွက်တော့
မုန်တိုင်းပြီးရင် လေပွေလာမယ်လို့ ခံစားမိနေကြတယ်.



ငတ်မွတ်ခြင်းလေပွေ
စိတ်အနာတရဖြစ်ခြင်း လေပွေ
အစာရေစာရှားပါးခြင်း လေပွေ
ဆင်းရဲနိမ့်ကျခြင်း လေပွေ
စာရိတ္တပျက်ပြားခြင်း လေပွေ
အနာဂတ်ပျောက်ဆုံးခြင်း လေပွေ
တိုင်းပြည်ဂုဏ်သိက္ခာညှိုးနွမ်းခြင်းလေပွေ
ကိုယ့်ကိုယ်ကို အပြစ်တင်စွပ်စွဲမိခြင်း လေပွေ
လေပွေတွေ ၀င်မွှေဦးမယ်
ငါတို့ရဲ့ မငြိမ်းချမ်းနိုင်သေးသော ရွှေပြည်တော်ဆီကိုပေါ့…

ဟော.
“ဒေါင်”တဲ့…

ဒီတစ်ခါထိုးတဲ့ ခေါင်းလောင်းသံ
ဘယ်သူ့အတွက်လဲလို့ မမေးပါနဲ့
သင့်အတွက်ပါပဲလေ…



ဂျီနိုဆိုက် = Genocide = အစုလိုက်အပြုံလိုက် အသတ်ခံရခြင်း

6 comments:

Soe Mya Nandar Thet Lwin (Borros Roxo) said...

Very touching Poem.

Life and death is always combined but to leave the life with not in purpose is tragedy.

It's caused sad and lost..,

Great intention to composed the poem.

Soe Mya Nandar Thet Lwin

Unknown said...

ခေါင်းလောင်းထိုးသွားတယ်ဗျာ။
လေပွေတွေ မွှေနေသ၍တော့
ရွှေပြည်တော် မျှော်လည်း ဝေးပြီပေါ့။
ခေါင်းလောင်းထိုးလိုက်တယ်.....
ငြိမ်းချမ်းရေး လေပြည်လေး အေးပါစေ။

Unknown said...

:P

good poem..

u r very good at writing peoms :D

Apprenticeship said...

ကောင်းတယ်ကွာ.... တစ်ချှိုလူတွေရဲ့သေဆုံးမှုက လောကကြီးအတွက်ကောင်းတယ် ဥပမာဆိုရင် Hitler Pop..

Han Thit Nyeim said...

ဆည်းလည်းလေးများ ပြတဲ့တရားသံကို
စမ်းချောင်းလေးတို့ ဇွဲနဲ့အားမာန်နဲ့
ပေါင်းစပ်ပြီးကျင့်ခဲ့ရင် အေးငြိမ်းတဲ့ သစ်ရိပ်မှာ
စွန့်လွှတ်မှုနဲ့ ခွင့်လွှတ်စဉ် ငြိမ်းသွားလိမ့်မယ်တဲ့

ခင်မောင်တိုးရဲ့ အဲဒီသီချင်းလေးကိုပဲ ကြားယောင်နေမိတယ်။ အားလုံး အေးငြိမ်းပါစေလို့ပဲ ဆုတောင်းနေပါတယ်။

Layma said...

(ဒီခေါင်းလောင်းသံဟာ
နိုင်ငံရေးဖြစ်နိုင်တယ်
လူမှုရေးဖြစ်နိုင်တယ်.
ဘာသာရေးဖြစ်နိုင်တယ်.
စီးပွားရေးလည်းဖြစ်နိုင်တယ်.

ဘာပဲဖြစ်ဖြစ် တစ်ခုတော့ မမေ့ပါနဲ့.
ဒါဟာ
အားလုံးအတွက် ထိုးတဲ့ ခေါင်းလောင်းသံပဲ…)

ဟုတ်တယ်..ကိုရန်... သတိပေးခေါင်းလောင်း.. အချက်ပေး ခေါင်းလောင်းသံ လိုပဲ ... ခေါင်းလောင်းသံတွေ ဆူညံနေတယ်...။


(ဘယ်သူ့အတွက်လဲလို့ မမေးပါနဲ့
သင့်အတွက်ပါပဲလေ)

ခေါင်းထဲမှာ .. ဒင်..ကနဲ မြည်သွားတယ်...။ လန့်နိုးသွားတရ်...။