Monday, May 05, 2008

မစိုးရိမ်ဆရာတော်ဘုရားကြီး ထေရုပ္ပတ္တိအကျဉ်း



သာသနာ့ဥသျှောင် ပဓာနစေရ မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသ၏ ထေရုပ္ပတ္တိ အကျဉ်း


မစိုးရိမ်ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ ကောဝိဒါဘိဝံသကို ဧရာဝတီတိုင်း ပုသိမ်မြို့ အသည်ကြီးရပ်နေ ခမည်းတော် ဦးမောင်စီ၊ မယ်တော် ဒေါ်သိန်းတင်တို့မှ ၁၂၈၉ ခုနှစ် ကဆုန်လဆုတ် ၈ ရက်နေ့မှာ ဖွားမြင်ခဲ့ပါတယ်.

ဆရာတော်ဘုရားကြီးဟာ ၁၃၀၈ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့မှာ မြင့်မြတ်တဲ့ ရဟန်းအဖြစ် ရောက်ရှိခဲ့ပါတယ်.

ဗုဒ္ဓရဲ့ ကျမ်းဂန်စာပေများကို ဧရာဝတီတိုင်း ဓနုဖြူမြို့ ခင်မကန်ကျောင်းတိုက်နဲ့ မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်များမှာ သင်ကြားခဲ့ပါတယ်.

ဆရာတော်ဘုရားကြီးဟာ သာသနဓဇ သီရိပ၀ရ ဓမ္မာစရိယ၊ စေတိယင်္ဂဏ ဓမ္မာစရိယနဲ့ ပရိယတ္တိ သာသနဟိတ (သကျသီဟ) ဓမ္မာစရိယ စာမေးပွဲများကို အောင်မြင်တော်မူခဲ့ပါတယ်.

မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှာ ၁၃၁၇ ခုနှစ်မှ ၁၃၆၆ ခုနှစ်အထိ နှစ်ပေါင်း ၅၀ တိုင်အောင် ရဟန်းသံဃာတော်များကို ဗုဒ္ဓစာပေကျမ်းဂန်များ သင်ကြားပို့ချခဲ့ပါတယ်. ဒါ့အပြင် ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့တယ် ငွေကြာယံကျောင်းတိုက်မှာလည်း နွေရာသီ အထူးသင်တန်းအဖြစ် နှစ်ပေါင်းများစွာ စာပေပို့ချခဲ့ပါတယ်. ဆရာတော်ကြီးဟာ အထူးသဖြင့် ဓမ္မာစရိယတန်းဆိုင်ရာ ၀ိနည်းကျမ်းအဖွင့်ဖြစ်တဲ့ ပါရာဇိကဏ် အဋ္ဌကထာကျမ်း ပို့ချရာမှာ အထူးအောင်မြင် ကျော်ကြားပါတယ်.

ဆရာတော် ဦးကောဝိဒါဘိဝံသဟာ သူ့ခေတ် သူ့အခါက အအောင်မြင်ဆုံး ပါရာဇိကဏ်ကျမ်းဆိုင်ရာ စာချအကျော် ဆရာတော်တစ်ပါးဖြစ်ခဲ့သလို တိပိဋကပါဠိ မြန်မာ အဘိဓာန် ကျမ်းပြု အဖွဲ့ဝင် ဆရာတော်တစ်ပါး အဖြစ်လည်း ဆောင်ရွက်တော်မူခဲ့ပါတယ်. ဆရာတော် စာဝါပို့ချရာမှာ စာလိုက်သံဃာ အလွန်များပြားလွန်းတဲ့အတွက် စာချရာကျောင်းတိုက်ရှေ့ သစ်ပင်များအောက် ရောက်တဲ့အထိ စာသင်သံဃာတော်များက စာဝါလိုက်ကြရပါတယ်.

ဆရာတော်ကြီး ပြုစုခဲ့တဲ့ ကျမ်းစာများမှာ မစိုးရိမ် ပါရာဇိကဏ် အဖြေ (ပထမတွဲ၊ ဒုတိယတွဲ၊ တတိယတွဲ)၊ မစိုးရိမ် သီလက္ခန်အဖြေနှင့် မစိုးရိမ် တိပိဋက ပါဠိ မြန်မာ အဘိဓာန်ကျမ်းတို့ ဖြစ်ပါတယ်.

အမျိုးဘာသာ သာသနာနဲ့ စပ်ဆိုင်လာရင် ဆရာတော်ကြီးဟာ တက်တက်ကြွကြွ ပါဝင်ပြောဆို လုပ်ကိုင်လေ့ရှိတဲ့အတွက် ၁၉၉၀ ခုနှစ်က ဆရာတော် သံဃာတော်များ ဗုဒ္ဓ၀ိနည်းတော်နှင့်အညီ ဓမ္မနည်းလမ်းကျ ပတ္တနိက္ကုဇ္ဖနကံဆောင်ရာမှာ ဦးဆောင်ဆရာတော်တစ်ပါး အဖြစ်ပါဝင်ခဲ့ကြောင်း မြန်မာစစ်အစိုးရက မတရားစွပ်စွဲပြီး ထောင်သုံးနှစ် အကျဉ်းချခဲ့ပါတယ်.

ပြည်တွင်းပြည် သာသနာပြုလုပ်ငန်းများကိုလည်း အားတက်သရော ပြုလုပ်ခဲ့ပြီး ခန္ဓာဝန်ချ ဘ၀နတ်ထံ ပျံလွန်တော်မမူခင်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့ မစိုးရိမ် သာသနာ့ဇောတိက ကျောင်းမှာ သီတင်းသုံးနေထိုင်တော်မူခဲ့ပါတယ်.

အမေရိကန်ပြည်ထောင်စု ကယ်လီးဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့၌ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ ထူထောင်ခဲ့တဲ့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ်တွင် ဥက္ကဋ္ဌဆရာတော် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသ၊ အတွင်းရေးမှူးဆရာတော် ဦးဥတ္တရတို့နှင့်အတူ ပဓာနစေရ ဆရာတော်အဖြစ် ဘ၀နတ်ထံ ပျံလွန်တော်မူတဲ့အထိ အမျိုးဘာသာ၊ သာသနာ အကျိုးများကို ဆောင်ရွက်တော်မူခဲ့ပါတယ်.

(သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ ပြုစုရေးသားဖြန့်ဝေသော လက်ကမ်းစာစောင်ကို ပြန်လည် တင်ပြထားခြင်းဖြစ်ပါသည်။)

No comments: