အသက်ရှူကြပ်လိုက်တာ…
ဘာလို့ ငါ့ကို ဟောဒီ့နံရံ အနီရောင်ကြီးတွေနောက်ဖက်ထဲ ပို့ထားရတာလဲ.
ငါ့ကို လွတ်လပ်စွာ နေထိုင်ခွင့်ပေးပါ.
ရက်စက်လိုက်ကြတာ. ငါ့အတွက် အိပ်စရာနေရာတောင် ကျယ်ကျယ်ဝန်းဝန်းမရှိ. စားစရာဆိုတော့လည်း သူကျွေးတာပဲ စားရတယ်. သူမစားရင် ငါမစားရတော့ဘူး. သူစားသမျှရဲ့ အကြွင်းအကျန်တွေကို ငါစားရတယ်.
ပြီးတော့ သူက ပြောသေးတယ်.
ငါ့ကို သိပ်ချစ်တာပဲတဲ့…
ငါဘယ်လိုယုံရမှာလဲလေ…
ဘာမှ လုပ်စရာ အထွေအထူးမရှိတော့လည်း အချိန်တော်တော်များများမှာ ငါအိပ်ပဲ နေခဲ့တယ်. ငါ နိုးနေတဲ့ အချိန်တွေမှာ တစ်ခါတစ်လေဆိုရင်ပေါ့. နံရံအပြင်ဖက် ခပ်လှမ်းလှမ်းမှာ ပြောနေကြတဲ့ အသံဗလံတစ်ချို့ ငါကြားကြားနေရတယ်. စကားသံလိုလို၊ ချော့မြှူသံလိုလို၊ ခြိမ်းချောက်သံလိုလို၊ တောင်းပန်တိုးလျှိုးသံလိုလို ဘာတွေမှန်း ငါမသိဘူး.
တစ်ခါတစ်လေတော့လည်း ငါသိပ်အားငယ်တာပဲ. ငါသိပ်ကြောက်တာပဲကွာ…
ငါ့ဘေးနားမှာ ဘယ်သူမှလည်း မရှိကြဘူး.
ငါ့ကို ထားတဲ့ အခန်းလေးကလည်း သန့်ရှင်းသပ်ရပ်မှု မရှိဘူး. အကျိအချွဲတွေနဲ့…
အားးးးးးးးးးး. ရွံ့စရာကောင်းလိုက်တာ..
ငါ ဒီလိုအခန်းကျဉ်းလေးထဲမှာ နေခဲ့ဖူးပါတယ်. ခဏခဏပဲလို့ ထင်ပါတယ်.
နံရံနီကြီးတွေရဲ့ အပြင်ဖက်ကိုရောက်တော့လည်း ပြင်ပကမ္ဘာရဲ့ ဖြားယောင်းသွေးဆောင်မှုတွေ အောက်မှာ သာယာမိန်းမူးနေခဲ့ပြီး ဒီနံရံနီကြီးတွေ ပြန်ခေါ်မယ့်ရက်ကို ငါမေ့လျော့နေခဲ့တယ်.
တကယ်တော့ ငါမိုက်လုံးကြီးတာပါ…
မသိဘူးကွာ… လောလောဆယ် ငါဗိုက်ဆာတယ်. ငါ့ကို တစ်ခုခုကျွေးပါ..
ငါ့အသံတွေကို ခြစ်ကုတ်ပြီး အော်ပစ်လိုက်တယ်.
သူတို့တွေ ကြားဟန်မတူပါဘူးလေ… ငါ့ရှေ့က နံရံနီကြီးတွေကို ငါ့ခြေထောက်နဲ့ ကန်ပစ်လိုက်တယ်.
အိုး……
မြေငလျင်လှုပ်တာလား…
နိုးနိုး.. ဘာဖြစ်တာလဲ… ငါ့အခန်းတစ်ခုလုံး ဇောက်ထိုးမိုးမျှော်တွေ ဖြစ်သွားခဲ့တယ်.
ဟော… ဟော…
လာပြီ… အသံကြားနေရတယ်… တစ်စုံတစ်ခု ငါ့ဆီကိုချဉ်းကပ်လာနေခဲ့တယ်.
ငါနေတဲ့ အခန်းကျဉ်းလေးထဲကို စားစရာတစ်ချို့ ရောက်လာခဲ့တယ်. အငမ်းမရ ငါစားပြီးတော့ ပြန်အိပ်နေလိုက်တယ်.
လွတ်မြောက်ချင်ပြီကွာ… ဒီမှာဒီလိုချည်းပဲ စားလိုက်အိပ်လိုက်နဲ့ နေနေရတာ ငါပျင်းတယ်…
ငါ့ရဲ့ ဘ၀ဟာ ဘာလဲလို့ စဉ်းစားရလောက်အောင်လည်း ငါ့အသိဥာဏ်က မကြွယ်ဝသေးဘူးလေ.
အင်း. ဒီတစ်ခါ နံရံနီကြီးတွေ ငါ့ကို အပြင်ထွက်ခွင့်ပြုရင်တော့ စိတ်ဝင်စားစရာ ကိစ္စလေးတစ်ချို့ ငါလုပ်ကြည့်ရဦးမယ်. ဒါမှ ငါ့ကို ဒီနံရံနီကြီးတွေ ပြန်ခေါ်တဲ့တစ်နေ့၊ ဒီအခန်းကျဉ်းလေးထဲမှာ ငါ့ကို ထပ်မံ ချုပ်နှောင်ထားမယ့်နေ့ကျရင် ငါ့အတွက် စိတ်ဝင်စားစရာ တစ်စုံတစ်ခု ရှိနေမှာပေါ့…
အချိန်တွေရယ် တရွေ့ရွေ့နဲ့ပေါ့…. ငါလည်း ဒီဘ၀ထဲက လွတ်မြောက်ချင်စိတ်တွေ သိပ်ပြင်းထန်လာနေခဲ့ပြီ… ငါ့ကိုယ်ငါ လုံလောက်တဲ့ ခွန်အားတွေ ရရှိလာပြီလို့ ငါယူဆတယ်.
ဟုတ်တယ်. ငါ လောကကြီးကို ပြန်လည်ရင်ဆိုင်မယ်.
ဒီလောကကြီးဟာ ငါ့အတွက်တော့ အစိမ်းသက်သက်တော့ မဟုတ်ခဲ့ပါဘူး. ဒီလောကကြီးထဲမှာ ငါကျင်လည်နေခဲ့ဖူးတာပဲ. ခဏတော့ နေသားကျအောင် ပြန်ညှိယူရမှာပေါ့. ငါက ဒီလောကကြီးနဲ့ ခေတ္တကင်းကွာနေခဲ့တာကိုး…
အိုး…
အေးလိုက်တာ…
ငါ့ခေါင်းရင်းက အပေါက်တစ်ပေါက်ပွင့်လာခဲ့တယ်.
ဝင်လာတဲ့ လေအေးကို အငမ်းမရ ငါရှုရှိုက်လိုက်တယ်.
အင်အားတစ်ချို့ ရလိုက်သလို၊ သဘာဝရဲ့ စေ့ဆော်မှုတစ်ခုခုကို ငါခံစားမိလိုက်သလို ဖြစ်သွားခဲ့တယ်.
ဟုတ်တယ်… ဒါဟာ ငါ့အတွက် အခွင့်အရေးတစ်ခုပဲ. ငါရုန်းထွက်ဖို့ အချိန်ကျရောက်လာပြီ.
ငါ့ခေါင်းပေါ်က ထွက်ပေါက်လေးကို မော့ကြည့်လိုက်တယ်.
မေတ္တာပြည့်လျှမ်းတဲ့ ကြင်နာတဲ့ ခေါ်သံတစ်ခုကို ငါကြားလိုက်ရတယ်. အားတက်သွားတာပဲ…
ငါ့တစ်ကိုယ်လုံးမှာ ရှိနေတဲ့ ခွန်အားတွေကို စုစည်းလို့ ငါ့ခြေထောက်အောက်က နံရံနီကြီးကို အားနဲ့ ကန်ကျောက်ပစ်လိုက်တယ်.
ဝမ်းနည်းပူဆွေးသံလိုလို၊ နာကျင်ခံစားခက်တဲ့ ဝေဒနာတစ်ခုခုကို ခံစားနေသလိုလို ထူးဆန်းတဲ့ အသံတစ်ခု ငါကြားလိုက်ရတယ်.
ငါပိုကြောက်သွားတယ်..
မဖြစ်ဘူး.. ဒီအခန်းထဲက ငါအမြန်ရုန်းထွက်ရမယ်..
မဖြစ်တော့ဘူး. ဒီတစ်ခါ အခန်းအပြင်ကိုရောက်ရင် ဒီနေရာကို ငါထပ်မလာအောင် ငါ့ကိုယ်ငါ စည်းကမ်းတင်းကြပ်မှုတွေ လုပ်ရမယ်. လေ့လာသင့်တာတွေကို လေ့လာရမယ်. ပြုပြင်ပြောင်းလဲသင့်တွေကို ပြောင်းလဲရမယ်၊ ပြုပြင်ရမယ်.
ဟုတ်တယ်. ငါ ကိုယ့်ကိုယ်ကို ပစ်ထားလို့ မရဘူး. ထိန်းချုပ်ရမယ်.
ဒါမှ ငါ့ကို ဒီနံရံနီတွေနောက် သူတို့ ထပ်မပို့နိုင်မှာ…
အားးးးးးးးးးး
ငါ့ကို သူတို့ ပေးမထွက်ကြဘူး… နံရံနီကြီးတွေ ငါ့မျက်နှာနားကို တိုးကပ်လာကြတယ်.
ငါ့ခြေထောက်အောက်က ကြမ်းခင်းအနီရောင်ကြီးလည်း ကြွတက်လာသလို ခံစားလာရတယ်.
ငါ့ကို ဆွဲငင်နေတာလား၊ တွန်းထုတ်နေတာလား…
ငါမသိဘူး…
လောလောဆယ် ငါအပြင်ကို အမြန်ထွက်ချင်တယ်.
လေကောင်းလေသန့်ကို ငါငတ်မွတ်နေခဲ့တာ ကြာပြီ…
ဟာကွာ.. ဘာသံတွေလဲ…
ကျေးဇူးပြု၍ ငါ့ကို လွတ်မြောက်ရာသို့ ကယ်တင်ပါ.
အပေါက်ဝလေးအတိုင်း တွန်းကန်ရုန်းထွက်ခဲ့တယ်.
အားးးးးးးးးး
ငါ့မျက်စိတွေကျိန်းစပ်သွားတာပဲ…
အေးလေ. ငါက အခန်းကျဉ်းလေးထဲမှာ အချိန်အကြာကြီးနေခဲ့ရတာကိုး. ဒီလိုအလင်းရောင်နဲ့ မထိတွေ့ရတာ ကြာပေါ့..
ငါ့မျက်စိတွေကို မှိတ်ထားလိုက်တယ်.
အိုး… ကယ်တင်ရှင်လားမသိ…
ငါ့ကို ပွေ့ချီသွားတာ ခံစားလိုက်ရတယ်.
နူးညံ့တဲ့ မေတ္တာရှင်၊ စာနာတတ်တဲ့ ကရုဏာရှင်၊ ကြင်နာတတ်တဲ့ ကိုယ်ပွားတစ်ခုလို့ ငါယုံကြည်လိုက်တယ်…
ငါ့အတွေး မဆုံးခင်မှာပဲ ငါလုံးဝထင်မထားတဲ့ အပြုအမူတစ်ခုကို သူရက်ရက်စက်စက် လုပ်လိုက်ခဲ့တယ်.
တစ်စုံတစ်ရနဲ့ ငါ့တင်ပါးကို ဖြောင်းခနဲမြည်အောင် ရိုက်ထည့်လိုက်တယ်လေ…
ရက်စက်လိုက်တာ ကယ်တင်ရှင်ရယ်….
ငါလည်း နာကျည်းခံစားချက်တွေနဲ့ အသံကုန်ညှစ်ထုတ်ပြီး အော်ပစ်လိုက်တယ်….
အူဝဲ!
11 comments:
ပထမ နံရံနီနီကြီးကို heart လို့ထင်နေတာ။ heart ထဲက တခုခု (blood clot)တိုးထွက်နေတယ်မှတ်တာ နောက်ထွက်လာတော့ "အူဝဲ"တဲ့။ :D
မိုက်တယ်။ ရေးထားတာ။ :) အူဝဲမတိုင်ခင်အထိ တော်တော် စဉ်းစားယူလိုက်ရတယ်။
မိုက်တယ် ဗျာ ရေးထားတာ :)
ဟိ ... ၀ဲအု .... :P
(သမိန်ပေါသွပ်လို အော်တာ)
အူဝဲကို တွေ့တော့ အစကပြန်ဖတ်ရတယ်…။ nice post bro…!!
>မမြရွက်ဝေရေ... Blood Clot တော့ မထွက်လိုက်ပါနဲ့. ငယ်ငယ်လေးရှိသေးတယ်. (ဟတ်ဟတ်)
>မသဉ္ဇာ... မတွေ့တာကြာပေါ့. အူဝဲလို့အော်မှပဲ လာဖော်ရတော့တယ်နော့. ဒါဆိုလည်း ထပ်အော်ဦးမယ်ဗျာ. ဒီတစ်ခါတော့ ကိုစိုးထက်ကြီးအော်သလိုပေါ့. ၀ဲအု... ဟတ်ဟတ်ဟတ်... လေးမရေ... စိတ်မလောနဲ့လေ. အစကပြန်ဖတ်မှ ဇာတ်ရည်လည်ပြီး အူဝဲဆိုတာ ဘာဆိုတာ သိမပေါ့. စိတ်လျှော့စိတ်လျှော့. :)
ဘာရီးလည်းလို့ ဖတ်နေတာ
အူဝဲ ဆိုတော့ မှ ပဲ ပေါက်တော့တယ်... ဟိဟိ
ကောင်းတယ်ဗျိုး. :P
ဇာတ်လမ်းရဲ့ Plot ကိုလုပ်ထားတာ ရော အဆုံးသတ်လိုက်တဲ့ပုံရော အရမ်းသေသပ်တယ် အစ်ကိုရာ..။ လေးစားလောက်ပါ တယ်..။
အကိုရေးထားတာလေး မိုက်တယ်။ သရုပ်ဖော်ထားတာ ကောင်းတယ်။
ကိုရန်အောင်ရေ
ဒီပို့စ်ကလေးက တကယ့်ကို အနှစ်ပါပဲဗျာ။ စာသားတချို့ ထောက်နေတာက လွဲရင်ပါ။ ဒီပို့စ်ကလေးကို ကျနော့်အကြိုက်ဆုံးပို့စ်အဖြစ် ကျနော့်ဘလော့မှာ ကူးခွင့် ပြုပါနော်။ နော်
ရှဲရှဲ
မိုက်သကွာ ကိုရန်အောင် ။ တယ်ကောင်းသကိုးကွယ့်။
အဲ နောက်တခါဆိုရင်တော့ ကယ်တင်ရှင်ကိုပြောလိုက်ပါရှင်။
ခြေဖ၀ါးလေးကိုသာ အသာလေးပွတ်ပေးပါလို့...
အူဝဲ အလိုက်သိတတ်ပါတယ်လို့ နော်...
လေးစားလျှက်
မွန်းသက်ပန် (ဆေး-၁)
အူဝဲ .... ကောင်းလိုက်တာဗျာ ...။
တမေ့တမောပဲ အူဝဲဆိုမှပဲ ပြုံးမိတော့တယ် ...။
Post a Comment