Tuesday, March 11, 2008

နာရီပေါ်က အလွမ်းများ...



ချစ်သူငွေလ၊ ရွှင်ပပကို
ဒီတစ်ညမှာ၊ မမြင်သာက
ရင်မှာစစ်စစ်၊ နာကျင်ရစ်မိ
တွယ်ငြိဒဏ်ရာ၊ လွမ်းဝေဒနာအောက်
စိုးရိမ်ခြောက်ခြား၊ အိပ်စားမပျော်
တမျှော်မျှော်နှင့်၊ စက်မခေါ်နိုင်
ကိုယ့်စိတ်ကိုယ် မပိုင်ပြီပဲ ခင်…

ဩော်…
တစ်ညတာမျှ၊ ကွယ်ပျောက်ရလို့
ဘယ်သို့အကြောင်း၊ ပြန်ပြောင်းတွေးယူ
ရင်မှာဆူသည်၊ မျှော်ရည်မှန်းဆ
လွမ်းပူရလည်း၊ အဖြစ်သည်းလွန်း
ပူပန်လွန်းကော၊ စိတ်စောပြစ်တင်
ငြိုငြင်မည်လား၊ ၀ိုးတ၀ါးနှင့်
စိတ်အားငယ်ရသူပါခင်…

ခြေသံရှပ်ရှပ်၊ အနားမှာရပ်တော့
သူလာပြီလား၊ အားတက်သွားလည်း
ရက်စက်လွန်းစွာ၊ ဖြတ်လျှောက်တာတဲ့
ပြတ်စဲနိုင်လွန်းလှချည်လားခင်…

ချက်..ချက်…ချက်..ချက်..
စည်းချက်မှန်လျက်၊ ခရီးဆက်တဲ့
လက်တံနာရီ၊ မောပြီဆိုတောင်…

ဖျတ်..ဖျတ်..ဖျတ်..ဖျတ်.
တောင်ပံခတ်လျက်၊ ညဉ့်ငှက်များပင်
နားခိုဝင်လို့၊ အရုဏ်ပျို့တောင်…

ဒီအမှောင်မှာ၊ သာယာလျက်မှေး
လွမ်းနေတတ်မြဲ၊ စောင့်နေဆဲပါလေး….


(ရေခဲငှက်)

5 comments:

Dr. Yi Yi Win said...

ပုံလေးမိုက်တယ်။

ဒီတစ်ဖက်မှာနေ့ လယ် ၃ နာရီ။ အဲဒီတစ်ဖက်ကတော့ နံက် ၃နာရီခွဲ
လောက်ရှိမှာပေါ့။ အဲဒီအချိန်ဆို ညငှက်တွေအိပ်တန်းစတက်လောက်
ပြီပေါ့လေ။ ၄နာရီလောက်ဆို အခြားငှက်တွေတောင်အစာရှာထွက်ဖို့ 
ထလာကြတော့မယ်။

နာရီကတော့ ဓာတ်ခဲအားပြည့်နေရင်မမောဘူးကွ။ တားလို့ တောင်မရ
ဘူး။

Dr. Yi Yi Win said...

ဆောရီး အကြည့်မှားသွားလို့ ။ ၂နာရီ နဲ့ ၂နာရီခွဲဖြစ်ရမှာ။

ဆောင်းယွန်းလ said...

နာရီပေါ်ကအလွမ်းများပြေပျောက်ပါစေတော့ဗျာ..
ကဗျာလေးကိုခံစားသွားတယ်ကိုရန်အောင်ရေ..

Yan said...

>မရီရီဝင်းရေ.... နာရီက ဓာတ်ခဲအားနဲ့သွားတာ မဟုတ်ဘူးဗျ. အလွမ်းတွေနဲ့သွားတာ. :)

>ကိုဆောင်း... အလွမ်းတွေ မပြေနိုင်သေးပါဘူးဗျာ. အလွမ်းပြေရင် ကဗျာရေးလို့ရမှာ မဟုတ်တော့လို့ လက်ကျန်လေးတော့ ချန်ထားရသေးတယ်ဗျ. :)

Unknown said...

ဒီအမှောင်မှာ၊ သာယာလျက်မှေး
လွမ်းနေတတ်မြဲ၊ စောင့်နေဆဲပါလေး….

တိုက်ဆိုင်တယ်ပဲ ပြောရမလား..။ မိုက်တယ်အကိုရေ။ :)