Friday, June 07, 2013

ပန္နက်တိုင်များ...


တရံတစ်ခါမှာ သိပ်ကိုကြီးကျယ်
မြင့်မြတ်လွန်းချင်ခဲ့သလို
တစ်ခါတရံမှာ အတတ်နိုင်ဆုံး
သိုသိပ်လျှို့ဝှက်ထားချင်တယ်...


တစ်ခါတစ်ခေါက်မှာ အမြင့်ဆုံးထိ
တက်မဟဲ့လို့ ကြုံးဝါးကြိုးစားချင်မိသလို
တစ်ခေါက်တစ်ခါမှာ ရှိတာလေးနဲ့ ရောင့်ရဲပြီး
သူလိုကိုယ်လိုလေးပဲ နေချင်မိတယ်...

နွေမှာ ငှက်ကျေးစုံလင်
ပန်းမာန်ပုရစ်ဖူးလေးတွေနဲ့ လှပကျူးရင့်နေတတ်သလို
နွေဟာ တဖျစ်ဖျစ်နဲ့ ပူပြင်းခြောက်သွေ့လွန်းလှတယ်...

မိုးမှာ စိုပြည်စိမ်းလန်း
တောတောင်စိမ့်စမ်းတွေ တသွင်သွင်နဲ့ စီးဆင်းနေတတ်သလို
မိုးဟာ တဖျောက်ဖျောက်နဲ့ စွတ်စိုထိုင်းမှိုင်းလွန်းလှတယ်.

ဆောင်းမှာ နှင်းမှုန်နှင်းစက်
ရေခဲကျောက်ခက်တွေနဲ့ လှပဆန်းကြယ်မှုတွေ ရှိနေတတ်သလို
ဆောင်းဟာ တဝေါဝေါနဲ့ ခြောက်သွေ့ကျွတ်ဆတ်လွန်းလှတယ်...

ဒီလိုပါပဲ..
အကောင်းနဲ့အဆိုး ဒွန်တွဲနေသမျှမှာ
ကိုယ့်ခံစားချက်အတိုင်း လောကဟာ
ရုပ်ဆင်းပျိုမြစ် ကညာအပျိုစင်စစ်လေး ဖြစ်ချင်ဖြစ်လိုက်
ရုပ်ဆိုးခက်ထန် ယက္ခဂုမ္ဘာန်လည်း ဖြစ်ချင်ဖြစ်လိုက်..

တကယ်တော့ ခံစားတတ်တဲ့ နှလုံးသားဟာ
ဟိုး အတွင်းထဲမှာ နက်နက်ရှိုင်းရှိုင်းရှိနေတတ်သားနဲ့
ထစ်ခနဲဆို ပြင်ပကမ္ဘာကိုပဲ အပြစ်ဆိုနေမိတာ
မရင့်ကျက်မှုရဲ့ ပြယုဂ်တစ်ခုလေပဲလား...

ဘာပဲဖြစ်ဖြစ်
ကိုယ်ကိုယ်တိုင်နဲ့ ပတ်သက်လာရင်တော့
ကျွန်တော်တို့အားလုံး ရိုးသားတယ်လို့
ပန္နက်တိုင်တွေ ရိုက်မိနေတုန်း....


~ ရေခဲငှက် ~

4 comments:

ထရီဆာ said...

ဟုတ်တယ်နော် ကိုရန်အောင်၊ ညီမဆိုလည်း အဲ့လို ခံစားချက် ရှိတယ်၊ အတ္တခွံပါးပါးလေးထဲက ရုန်းမထွက် နိုင်သေးကြလို့နဲ့ တူပါတယ်နော် ..

Yan said...

အတ္တခွံပါးလို့လား၊ ထူလွန်းနေတာပဲလား မသိပါဘူး ညီမရေ... အမှားကြာ အမှန်ဖြစ်ဆိုသလို ကြာလာတော့လည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်တတ်တဲ့ ယန္တရားကိုပဲ ကျေးဇူးတင်ချင်လာသလိုလို ဖြစ်လာတယ်.
သက္ကာယဒိဋ္ဌိ စွဲကပ်နေပြီထင်ပါရဲ့လေ :)

ရောင်ပြန် said...

လာလည်သွားပါတယ်.. ဦးလေး ရန်ပြောင် :D

Thain Garra said...

အရိုးရှင်းဆုံး ဘ၀မှာ ပဲ နေချင်တယ်ဗျာ .... ။

လောက နဲ့ လူတွေ ဖိအားတွေ ၊ အတွန်းအတိုက်တွေ ကို

တော်တော်ကို စိတ်ကုန်မိနေတယ် ... ။

တစ်ယောက် နဲ့ တစ်ယောက် အပွင့်လင်းဆုံး

လူမှု ဆက်ဆံရေး မှာ ရိုးသားမှု က အဓိက ပါပဲ အစ်ကိုရာ...