Saturday, May 25, 2013

ပန်းခြွေမိုး




(၁)

မနေ့ညက သတင်းမှာ ကြေငြာထားတာ မိုးကြိုးမုန်တိုင်းရှိတယ်တဲ့။ ညနေကတည်းက မိုးလေးက တစ်ခါတလေမှာ ရှက်ကိုးရှက်ကန်းဟန်ပြုပြီး မစို့မပို့လေး ရွာလိုက်၊ တစ်ခါတလေမှာ လေနဲ့အတူ ခပ်ရဲရဲလေး စီးမျောလာလိုက်၊ တစ်ခါတလေမှာတော့ ပျိုးကြဲသလို ဖွားခနဲ ဖွားခနဲ ပက်ချလာလိုက်နဲ့ တစိမ့်စိမ့်လေး ရွာချင်တိုင်း ရွာနေခဲ့တယ်။ နေ့လယ်ခင်းလောက်ကျတော့ လျှပ်စီးတွေ ကြိုကြားကြိုကြားလက်ပြီး ကမ္ဘာ့စည်ကြီးက တစ်ချက်တစ်ချက် အကျယ်ကြီး ထတီးလာခဲ့တယ်။ ဩော်… မျက်နှာမည်းကြီးလည်း ငိုချိန်တန်ပါပေါ့လား…
မြို့ထဲမှာတော့ မိုးကပိုသည်းတယ်လို့ မိတ်ဆွေတစ်ယောက်က ပြောတယ်။ သူပြောတဲ့အတိုင်း အတိအကျ ပြောရရင်တော့ “ရွာတာက ဟက်ပက်ကြီးပဲဗျ” တဲ့။ အလုပ်ဒီဖက်ပြောင်းလာကတည်းက မြို့ထဲဖက်ကို ရထားမစီးဖြစ်တာလည်း အတော်ကြာခဲ့ပြီပဲ။ သည်တော့လည်း သူပြောတဲ့ ဟက်ပက်ကြီးရွာတယ်ဆိုတာကို စိတ်ကူးနဲ့ပဲ မြင်ယောင်ကြည့်လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် မနေ့ညက မိုးသံလေသံ တရှဲရှဲ တဟဲဟဲနဲ့ အိပ်လို့တော့ အကောင်းသား။

(၂)

ဒီနေ့မနက် အိပ်ယာထလို့ အပြင်ဖက်ကို လှမ်းကြည့်လိုက်တော့ မှန်ပြတင်းတံခါးလေးက မိုးစက်လေးတွေကို ဟိုနားတစ်စက်၊ သည်နားတစ်စက် လိမ်းခြယ်လို့ ရေမှုန်ရေမွှားလေးတွေကြားထဲမှာ မခိုးမခန့်လေးရပ်နေခဲ့တယ်။ အပြင်မှာ မိုးလေးကတော့ ခပ်ပါးပါးလေး အုံ့နေတုန်း။ ခပ်လှမ်းလှမ်းက သစ်ရွက်လေးတွေက တစ်ချက်တစ်ချက် အရိုင်းဆန်ချင်သွားတဲ့ လေပြည်ကို ဟိုဖက်ယိမ်းလိုက်၊ သည်ဖက်ယိမ်းလိုက်နဲ့ မထိတထိ ရှောင်တိမ်းရင်း ခိုးခိုးခစ်ခစ် လုပ်နေကြလေရဲ့။ သူတို့လေးတွေကိုကြည့်ရင်း ကိုယ်ပါစိတ်ထဲက မြူးတူးပျော်ရွှင်ချင်လာမိတယ်။

ပြတင်းတံခါးကို အသာလေးဆွဲတင်လိုက်တော့ လေနုအေးလေးက အခန်းထဲကို ကသုတ်ကရက်နဲ့ တိုးဝင်လာခဲ့တယ်။ မျက်စေ့ကိုမှိတ်၊ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်လို့ အကြောဆန့်လိုက်ရင်း လေကိုတစ်ဝကြီး ရှူသွင်းပစ်လိုက်တယ်။ ဘေးအိမ်ခေါင်မိုးပေါ်မှာ မိုးစက်လေးတွေက စစ်ချီတက်သလို အတန်းလိုက်လေးတွေ စီးဆင်းနေရင်း ရေတံလျှောက်လေးထဲကို အဆက်မပြတ်ခုန်ချနေကြလိုက်တာ အိုလံပစ်ပြိုင်ပွဲဝင် အားကစားသမားတွေအလား။

သူ့ရဲ့ မသိစိတ်က တစ်စုံတစ်ရာကို လိုက်ရှာနေခဲ့မိတယ်။ ဟုတ်တယ်။ ခြံစည်းရိုးလေးတွေပေါ်မှာ ပြေးလွှားခုန်ပေါက်နေတတ်တဲ့ ရှဉ့်ညိုလေးတွေ ဒီနေ့ ဘယ်ချောင်မှာ သွားကုပ်နေပါလိမ့်။ သူတို့လေးတွေက ရာသီဥတု ပွင့်လင်းသာယာချိန်မှာ အစာရေစာလေးတွေကို တကုပ်ကုပ်နဲ့ စုဆောင်းသိမ်းဆည်း ထားတတ်ကြတာမျိုးဆိုတော့ အခုလို မိုးလေးတဖွဲဖွဲ ရွာနေချိန်မှာ သစ်ခေါင်းလေးတွေထဲ ခပ်ကွေးကွေးလေး ဇိမ်ယူပြီး အိပ်နေမလားပဲ။

အိမ်နောက်ဖေးမှာရှိတဲ့ မြက်ခင်းစိမ်းလေးကတော့ မိုးစက်လေးတွေကြားထဲမှာ တဖျတ်ဖျတ် လှုပ်ခါနေလိုက်တာ အပျိုမလေးတစ်ယောက် သူ့ကိုယ်လုံးလေးကို ရမ်းခါပြီး စိတ်လိုလက်ရ ရယ်မောနေသလိုမျိုး။ ပျော်ရှာမှာပေါ့လေ။ တစ်ဆောင်းတွင်းလုံး သူတို့ခေါင်းလေးတွေကို တိုးလျှိုးနှစ်မြုပ်ထားခဲ့ရပြီပဲ။ သည်လိုနွေဦးရာသီမှာ ပထမဆုံးတွေ့ခွင့်ရတဲ့ မိုးစက်လေးတွေက သူတို့ဘဝရှေ့ရေးအတွက် အများကြီးအရေးပါနေနိုင်တာကိုး။

တစ်ချို့မြက်ပင်လေးတွေကတော့ ပိုင်ရှင်မရိတ်သိမ်းဘဲ ပစ်ထားခဲ့တာ ကြာလို့ထင့်။ အရှည်လွန်ပြီး တစ်ဖက်ကိုတောင် ကိုင်းကျနေလိုက်သေးတယ်။ ရုတ်တရက်ကြည့်လိုက်ရင် မြက်ပင်တံတားလေး ဖြစ်နေသလိုမျိုး။ ခပ်ကွေးကွေးလေးကျချင်နေတဲ့ မြက်ပင်တံတားလေးပေါ်မှာမှ ကပ်သီးကပ်သတ် တွယ်ကပ်ချင်နေတဲ့ မိုးစက်လေးတွေကလည်း ရှိသေးတယ်။ ခက်လိုက်ပါဘိနှယ်။

လေပြင်းလေးတစ်ချက် သုတ်ခနဲ တိုက်လိုက်ရင် မြက်ပင်လေးတွေပေါ်မှာ တင်နေတဲ့ မိုးရေစက်လေးတွေ ဝေ့ဝဲလွင့်စင်သွားတာလေးတွေက စင်မြင့်ပေါ်မှာ ရော့ခ်အဆိုတော်တစ်ယောက် သူ့ဆံပင်ရှည်တွေကို အားရပါးရ ခါယမ်းပြီး သီချင်းဆိုနေသလိုမျိုး ဖွားခနဲ ဖွားခနဲ။ ဩော်. နွေမှာ ပန်းတို့ပွင့်မှ လှတတ်တာမဟုတ်ဘူး။ မိုးမှာလည်း သဘာဝရဲ့သမီးပျိုက မိုးစက်လေးတွေ စွတ်စိုလို့ လှချင်တိုင်းလှနေတတ်သေးတာပဲ။



(၃)

မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်ပြီးတော့ ကော်ဖီပူလေးတစ်ခွက်ဖျော်ပြီး အခန်းလေးထဲ ပြန်ဝင်လာခဲ့လိုက်တယ်။ စားပွဲပေါ်မှာ တင်ထားတဲ့ လက်(ပ်)တော့ကွန်ပျူတာလေးကို ပြတင်းပေါက်နားမှာ ထားထားတဲ့ အံဆွဲလေးပေါ် ပြောင်းတင်လိုက်တယ်။ ကွန်ပျူတာအဖုံးလေးကို လှပ်လိုက်တော့ မနေ့ညက အိပ်ခါနီး နားထောင်ခဲ့တဲ့ သီချင်းလေးတစ်ပုဒ်က ဖန်သားပြင်ပေါ်မှာ ရှိနေဆဲပဲ။ Play ခလုတ်လေးကို နှိပ်လိုက်ပြီး ထိုင်ခုံနောက်ကျောကို မှီလို့ အပြင်ဖက်ကို ငေးကြည့်နေခဲ့လိုက်တယ်။ ကော်ဖီနံ့လေးက သူ့နှာခေါင်းထဲ တစိမ့်စိမ့် တိုးဝင်မြှူဆွယ်နေတာကို မသိကျိုးကျွံပြုရင်း မျက်နှာချင်းဆိုင်အိမ်က ခေါင်မိုးလေးပေါ် မိုးစက်တွေ တဖွဲဖွဲကျနေတာကို သည်အတိုင်း စိုက်ကြည့်နေခဲ့လိုက်တယ်။

ရေညှိလေးတွေတက်နေတဲ့ အိမ်ခေါင်မိုးလေးပေါ်မှာ မိုးစက်လေးတွေ စီးဆင်းနေပုံက အာရုံစိုက်ပြီး ကြည့်လေလေ စိတ်ထဲမှာ နှစ်လိုချစ်ခင်ဖွယ် သိင်္ဂါရ ရသလေးကို ခံစားလာရလေလေပါပဲ။ လက်ဆင့်ကမ်း ပြေးပွဲဝင်နေကြတဲ့ အပြေးသမားတွေလို အရှေ့က စီးသွားတဲ့ မိုးစက်လေးက တစ်နေရာမှာ ခဏရပ်နေတုန်း အနောက်က စီးလာတဲ့ မိုးစက်လေးက ဆတ်ခနဲလာပြီး ထိတွေ့တယ်။ ပြီးတော့ သူတို့နှစ်ဦးသား အတူတူပေါင်းပြီး ရေစက်လေးနောက်တစ်ခုအဖြစ် ထပ်မံစီးဆင်းရင်း ရေတံလျှောက်လေးထဲကို တောက်ခနဲ ကျသွားတယ်။

မိုးစက်လေးတွေ ရေတံလျှောက်ထဲကျသွားတဲ့နောက် သူ့မြင်ကွင်းထဲက ပျောက်ကွယ်သွားခဲ့ပေမယ့် သူကတော့ မိုးစက်လေးတွေနဲ့အတူ ရေတံလျှောက်အဆုံးထိ လိုက်ပါစီးဆင်းနေခဲ့မိတယ်။ တစ်စက်ချင်း စုဆောင်းလာတဲ့ မိုးရေစက်လေးတွေက ရေတံလျှောက်အဆုံးမှာ ရှိတဲ့ ထွက်ပေါက်လေးကနေ အားရှိတဲ့ ရေစီးကြောင်းလေး တစ်ခုအဖြစ် ဆက်လက်စီးဆင်းသွားမှာကို တွေးရင်း သူ့စိတ်ထဲမှာ အင်အားတစ်ခု တိုးပွားလာနေတာကို ခံစားသိရှိနေခဲ့မိတယ်။

မိုးစက်လေးတွေကို ငေးကြည့်နေဆဲမှာပဲ သင်းကွဲငှက်ကလေးတစ်ကောင်က မျက်နှာချင်းဆိုင် အိမ်ခေါင်မိုးပေါ် လာနားတယ်။ မိုးရေစက်တွေရွှဲရွှဲစိုလို့ တစ်ကိုယ်လုံး ဖွာလန်ကြဲနေတဲ့ ငှက်ကလေးကို ကြည့်ရင်း သနားစိတ်တွေက တဖွားဖွားပေါ်ပေါက်လာနေမိတယ်။ ဘယ်သူနဲ့ သူကွဲလာတာပါလိမ့်။ ငှက်ဖိုလေးလား၊ ငှက်မလေးလား။ သူ့မှာ သားသမီးတွေရော မရှိဘူးလား။ ကလေးတွေရှိရင် သူ့ကိုမျှော်နေရှာတော့မှာပဲ။ အတောင်ညောင်းလို့ ဆက်မပျံနိုင်တော့ရင် သည်မိုးသည်လေနဲ့ သူအိမ်ပြန်နိုင်ပါဦးတော့မလား။ အစာရှာထွက်တဲ့ သိမ်းငှက်၊ စွန်ရဲတွေနဲ့ တွေ့ခဲ့ရင် အသက်ဘေးက လွတ်အောင် သူပြေးနိုင်ပါဦးတော့မလား။ သူမရှိတော့ရင် ကျန်ခဲ့မယ့် ငှက်ကလေးတွေရဲ့ အနာဂတ် ဘယ်လိုရှိလိမ့်မလဲ။

ငှက်ကလေးကတော့ သူ့အတွေးတွေကို သိနိုင်ပုံမထင်။ ဟိုဖက်ကြည့်လိုက် သည်ဖက်ကြည့်လိုက်နဲ့ လမ်းပျောက်နေသလိုလို၊ တစ်စုံတစ်ယောက်ကို လိုက်ရှာနေသလိုလို။ ပြီးတော့ သူ့နှုတ်သီးလေးနဲ့ အမွှေးလေးတွေကြားထဲ ဟိုဟိုသည်သည် ထိုးထည့်လိုက်၊ ကိုယ်လုံးလေးကို တဖွားဖွားခါလိုက်နဲ့ အတောင်ပံလေးတွေကို ခြောက်သွေ့အောင် မနည်းလုပ်နေရရှာတယ်။

ဘာရယ်မဟုတ်ဘဲ ရင်ထဲမှာ သနားချစ်ခင်စိတ်လေးတွေ ပေါ်လာလို့ ထိုင်နေရာက ရုတ်ခနဲထပြီး စာအုပ်စင်လေးအောက်မှာ သိမ်းထားတဲ့ ကင်မရာကို ဆွဲယူလိုက်မိတယ်။ မှန်ဘီလူးအနီးအဝေးချိန်ပြီး သုံးလေးချက်လောက် ဆက်တိုက်ရိုက်ချလိုက်တယ်။ ငှက်ကလေးကလည်း တစ်ကောင်တည်း၊ သူကလည်း အခန်းငယ်လေးထဲမှာ တစ်ယောက်တည်း။ ငှက်ကလေးကလည်း လမ်းပျောက်နေသူ၊ သူကလည်း ဘဝအဓိပ္ပါယ်ကို မျက်ခြည်ပြတ်နေသူ။ ငှက်ကလေးကလည်း ပြူးပြူးပြဲပြဲ၊ သူကိုယ်တိုင်ကလည်း စိတ်ဖိအားတွေနဲ့ အလူးလူးအလဲလဲ။ သင်းကွဲငှက်ကလေးတစ်ကောင်ကို ငေးကြည့်ရင်း သင်းကွဲလူတစ်ယောက်ရဲ့ ခံစားချက်တွေက ရင်ထဲမှာ အင်နဲ့အားနဲ့ ပွင့်အန်ထွက်လာချင်နေကြတယ်။

ကင်မရာကို နေသားတကျ ပြန်ထားပြီး ပြတင်းပေါက်လေးဖက် လှည့်ကြည့်လိုက်ချိန်မှာ ငှက်ကလေးက နေရာမှာ မရှိတော့။ ဩော်. သူ လမ်းပဲတွေ့သွားခဲ့တာလား။ ဒါမှမဟုတ် ပျံမိပျံရာကိုပဲ စွတ်ပျံသွားတာလား။ ဘာပဲဖြစ်ဖြစ် သူ့ဘဝရှင်သန်ရေးအတွက် တစ်စုံတစ်ခုကိုတော့ သူလုပ်ရမှာပဲမဟုတ်လား။

ကော်ဖီတစ်ကျိုက်ကို နှစ်နှစ်ခြိုက်ခြိုက် သောက်ချလိုက်ရင်း အိမ်ခေါင်မိုးလေးကို ဆက်ကြည့်နေခဲ့မိတယ်။ သည်တစ်ခါတော့ သူ့မျက်စိထဲမှာ တုံ့ဆိုင်းဆိုင်း စီးဆင်းနေတဲ့ မိုးစက်လေးတွေကို မတွေ့တော့ဘဲ တသွင်သွင် စီးဆင်းနေတဲ့ ရေစီးကြောင်းလေးကိုပဲ တွေ့ရတော့တယ်။ အရှိန်တစ်ခု ရသွားခဲ့ပြီပဲ။

နှုတ်ခမ်းထောင့်နားလေးတွေ ကွေးတက်သွားသည်ထိ ပြုံးလိုက်ပြီး နောက်ဆုံးလက်ကျန် ကော်ဖီကို မော့ချလိုက်တယ်။ ပြီးတော့ ကော်ဖီခွက်လေးကို စားပွဲပေါ် အသံမြည်အောင် ဆောင့်ချလိုက်ရင်း “Hotel California” သီချင်းလေးထဲက စာသားလေးတစ်ကြောင်းကို ခပ်မြူးမြူးလေး အသံထွက်ရွတ်လိုက်မိတယ်။

“Some days to remember… Some days to forget….”

သတိရတတ်ဖို့လည်း လိုသလို စနစ်တကျ မေ့ဖျောက်တတ်ဖို့လည်း လိုမှာပဲလေ။ တစ်နေရာကို ခရီးရောက်အောင် သွားချင်ရင် ခြေလှမ်းတွေကို လက်ရှိရောက်နေတဲ့ နေရာတစ်ခုကနေ လှမ်းကြွနိုင်ဖို့ ဆုံးဖြတ်ချက်တစ်ခုတော့ ရဲရဲချရမှာပဲ မဟုတ်လား။


(၄)

ခြေဆန့်လက်ဆန့်ဆိုပြီး အိမ်အပြင်ဖက် ခဏလမ်းလျှောက်ထွက်ခဲ့လိုက်တယ်။ အိမ်ထဲမှာ နေတုန်းက သိပ်မသိသာပေမယ့် အပြင်ထွက်လိုက်တော့မှ ရာသီဥတုက တကယ့်ကို အေးစိမ့်စိမ့်နဲ့ရယ်။ ထီးလည်းမဆောင်းချင်တော့တာနဲ့ အနွေးထည်လေးမှာပါတဲ့ ခေါင်းစွပ်လေးကိုပဲ ထုတ်ပြီးဆောင်းလိုက်တယ်။ ဇစ်ကို လည်ပင်းနားထိရောက်အောင် ဆွဲတင်၊ အနွေးထည်လေးထဲ လက်နှစ်ဖက်ကို ထိုးထည့်လိုက်ပြီး လေမဝင်နိုင်အောင် ကိုယ်ကို အနည်းငယ်ကျုံ့လို့ လမ်းထိပ်ဖက်ကို လမ်းလျှောက်ထွက်လာခဲ့လိုက်တယ်။

မိုးစက်လေးတွေက မျက်နှာပြင်ကို တဖွဲဖွဲနဲ့ အပြေးအလွှား ကျီစယ်နှုတ်ဆက်ကြတာလေးကို အသာတကြည်ပဲ ခံယူလိုက်တယ်။ နွေဦးရာသီ အမီပွင့်ဖူးလာကြတဲ့ လမ်းဘေးဝဲယာက ဒက်ဖိုးဒေးလ်ပန်းဝါဝါလေးတွေက လေပြည်အသုတ် မိုးအရုတ်မှာ ဟိုဟိုသည်သည် ယိမ်းနွဲ့နေလိုက်ကြတာ တစ်ပင်နဲ့တစ်ပင် တွတ်တီးတွတ်တာ စကားမမြည် ပြောနေကြသလိုမျိုး။ သူတို့ဘာတွေများ ပြောနေကြပါလိမ့်၊ သိစမ်းချင်ပါဘိ။

လမ်းထိပ်နားမရောက်ခင် ညာဖက်ဘေးမှာ နှစ်ထပ်တိုက်ဖြူကြီး တစ်လုံးရှိတယ်။ တိုက်ပိုင်ရှင် အဘွားကြီးက ဥရောပသူ မျက်နှာပေါက်မျိုးနဲ့ တစ်ခါတလေ မာဖလာလေးကို သူ့လည်ပင်းမှာ ပတ်ထားလို့ နှင်းဆီရုံလေးတွေကို ပန်းညှပ်ကတ်ကြေးလေးတစ်လက်နဲ့ ဟိုညှပ်သည်ညှပ် လုပ်နေတတ်တယ်။ သူနဲ့ မျက်လုံးချင်းဆုံမိတိုင်း ခေါင်းတစ်ချက်ညိတ်လို့ အသိအမှတ်ပြု ပြုံးပြလေ့ရှိတဲ့ အဘွှားကြီးလည်း မိုးအေးအေးမှာ အိမ်ထဲအောင်းလို့ ရှေးသီချင်းတွေများ နားထောင်နေရော့မလား။ ပိုင်ရှင်ကိုယ်တိုင် တယုတယ ပြုစုပျိုးထောင်ထားခဲ့တဲ့ နှင်းဆီပင်ပျိုတွေကတော့ အပြိုင်းအရိုင်းနဲ့ သဘာဝလောကရဲ့ အင်အားစွမ်းပကားကို ကိုယ်စားပြုနေလိုက်ကြတာ တကယ့်ကို အားရစရာ။ ခုပဲရုတ်ချည်း ပွင့်အာတော့မယောင် ဟန်ရေးပြင်နေကြတဲ့ နှင်းဆီဖူးငုံလေးတွေကလည်း မိုးရေစက်လေးတွေကြားထဲမှာ ကြွားဝင့်ငွားစွင့်နေလိုက်တာများ သဇင်၊ သစ်ခွတို့တောင် အရှုံးပေးရတော့မလို။


လမ်းထောင့်ပန်းခြံနားလေးမှာတော့ အဖြူရောင် ဂါဝန်ရှည်ကြီး ဝတ်ထားသလို တစ်ပင်လုံး အဖြူရောင်ပန်းဖူးပန်းငုံတွေနဲ့ ဖွေးဖွေးလှုပ်နေကြတဲ့ အမျိုးအမည်မသိ သစ်ပင်ကြီးတွေရှိတယ်။ အမြဲလိုလို ခေါင်းမော့ရင်ကော့နေကြတဲ့ သစ်ပင်မြင့်ကြီးတွေ သည်တစ်ခါတော့ မိုးရေစက်တွေ တစ်ကိုယ်လုံး လွှမ်းခြုံထားလို့ ခြေကုန်လက်ပမ်းကျနေကြပုံပဲ။ သူတို့တွေရဲ့ အောက်မှာတော့ မိုးနဲ့လေ နှစ်ဦးသား စိတ်တူကိုယ်တူ ဝိုင်းဝန်းဖဲ့ခြွေထားကြတဲ့ ပန်းပွင့် အကြွေလေးတွေ၊ ပွင့်ဖတ်လေးတွေက ဟိုမှာသည်မှာ တောင်လိုယာလို ပုံလို့။

သစ်ပင်ကြီးရေ။ ဝမ်းနည်းနေသလား။ ဒါဟာ တကယ်တော့ သဘာဝပါပဲလေ။ ပန်းဆိုတာ ဝေချိန်ရှိသလို ကြွေချိန်လည်း ရှိတတ်တာပဲ။ ကံမကောင်းအကြောင်းမလှလို့ အကြွေစောသွားတတ်ကြတဲ့ ပန်းပွင့်ငယ်လေးတွေလည်း ရှိတတ်တာပဲလေ။ ဘာပဲဖြစ်ဖြစ် အစဉ်အလာမပျက်၊ အပြုံးမပျက် ပန်းဖူးငုံလေးတွေ ဆက်လက်ပွင့်အာပေးနိုင်ဖို့က သင့်တာဝန်ပဲ မဟုတ်လား။ ဝမ်းနည်းပါ၊ ခံစားပါ။ ပြီးရင်တော့ နောက်နေ့တွေ၊ နောက်လတွေ၊ နောက်နှစ်တွေအတွက် အားအင်အသစ်တွေ မွေးလို့ ဘဝကြီးမှာ ဆက်လက်ရှင်သန်နိုင်ပါစေ သစ်ပင်ကြီးရေ။

သည်စကားတွေဟာ တကယ်တော့ သစ်ပင်ကြီးကို ပြောနေတာ ဖြစ်နိုင်သလို သူ့ကိုယ်သူ ပြောနေတာလည်း ဖြစ်နေနိုင်တယ်။ သည်လိုပါပဲလေ။

“Good Judgment comes from experience, and a lot of that comes from bad judgment.” ဆိုပြီးတော့ Will Rogers ဆိုတဲ့ ပညာရှိတစ်ယောက်က ပြောသွားခဲ့ဖူးတယ် မဟုတ်လား။ ဖြတ်သန်းလာခဲ့သမျှ ဘဝတလျှောက်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အကျိုးရခဲ့ဖူးသလို မှားယွင်းတဲ့ ဆုံးဖြတ်ချက် တွေကြောင့်လည်း သင်ခန်းစာအတွေ့အကြုံတွေ ရယူခဲ့ဖူးတယ်။ မြတ်တယ်၊ ရှုံးတယ်ဆိုတာထက် ဘဝဆိုတာ နေတတ်ရင် ပျော်စရာကောင်းပြီးတော့ ယူတတ်ရင် နေရာတကာမှာ ပညာတွေရှိနေတတ်တာပဲလေ။

သစ်ပင်ကြီးကို အားပေးရင်း မိုးနဲ့လေကို သည်တစ်ခါတော့ နည်းနည်းစိတ်တိုသွားခဲ့မိတယ်။ အထူးသဖြင့် အချိန်အခါထက် နည်းနည်းစောပြီး ရောက်လာခဲ့တဲ့ မိုးကိုပေါ့။ လက်ဖဝါးတစ်ဖက်ကို ဖြန့်လိုက်ရင်း ကောင်းကင်ထက်က ခရီးရှည်ကြီး နှင်လာခဲ့ရတဲ့ မိုးစက်ကလေးတစ်ပွင့်ကို ဖမ်းဆုပ်လိုက်တယ်။ ပြီးတော့ နှုတ်ခမ်းနားကပ်လို့ ခပ်တိုးတိုးလေး အမည်ပေးလိုက်တယ်။


“ပန်းခြွေမိုး” လို့…

~ ရေခဲငှက် ~

5 comments:

ထရီဆာ said...

အဖြစ်အပျက်တိုင်းကို တင်စားမှုလေးတွေနဲ့ နုနုလှလှ လေးရေးထားတာလေး ဖတ်နေရင်း စိတ်ကို ကြည်လင်၊ ကြည်နူးမှုလေးတွေ ရစေခဲ့ပါတယ် .. လေကို တ၀ကြီးရှုသွင်းပစ်လိုက်တယ် ဆိုတာ စာဖတ်နေရင်း ကိုယ်တိုင်တောင် ရှုသွင်းမိသွားတယ် ။

အားပေးခဲ့ပါတယ်ရှင် :)

Shwe yoon wah said...

ဖွဲ့နွဲ့ရေးသွားတာလေးတွေ အရမ်းကြိုက်တယ်။
ပျော့ညံ့နေတဲ့စိတ်လေး အားရှိသွားစေတယ်။ ကျေးဇူးပါ။

မြသွေးနီ said...

ပန်းချွေမိုးလို့ခေါင်းစဉ်လေးပေးထားတာ သဘောကျတယ်။ ဒါပေမယ့် မိုးကလဲ ရွာချိန်တန်လို့ ရွာချရတယ်။ ပန်းကလဲ အခိုက်မသင့်လို့ ချွေချခံရတယ်။ မိုးကြောင့် ပန်းလေးတွေ ချွေခံရတာတော့ မဟုတ်လောက်ပါဘူးရယ်။ မိုးရွာချိန်ကို မြင်မိတဲ့အပေါ် ခံစားသက်ဝင်ရေးထားတဲ့ နှစ်သက်စရာ အက်ဆေးလေးတစ်ပုဒ်ပါ..။

Yan said...

>ထရီဆာ... ဟုတ်တယ်. အဲလိုမျိုး လေကို တစ်ဝကြီး ရှူသွင်းလိုက်ရတာ နည်းနည်းနေလို့ပိုကောင်းသွားစေတယ်. အောက်ဆီဂျင်ဟာ ကျန်းမာရေးကို ပိုကောင်းစေတယ်ဆိုတာ ယေဘုယျအားဖြင့် မှန်ကန်နေတတ်တဲ့ အဆိုတစ်ခုပဲ မဟုတ်လား.း)

>Shwe Yoon Wah... ကြိုဆိုပါတယ်ဗျာ. ကိုယ်တိုင်လည်း အားရှိအောင် အားပြန်ပေးနေရတာပါ. :P

>မမြသွေးနီ... ပန်းလေးကြွေခိုက် မိုးရွာခိုက် ဆိုတဲ့ စကားပုံအသစ်ပဲ ထွင်ရမလိုလို... မိုးကြောင့် ပန်းလေးတွေ အခြွေခံရတာ မဟုတ်ပေမယ့် သူတို့ကြွေဖို့ မိုးက အားကူခဲ့တာကိုတော့ မမေ့ပါနဲ့လေ :P

Karen said...

Hello, I was recommended by mydaydream89.wordpress.com as we have a client who is looking for Myanmar bloggers for a campaign.
Would you be interested? Hope to hear from you soon!