Saturday, June 30, 2012

ပစ်တိုင်းထောင်...

ဇူလိုင်လထုတ် Youth မဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခံရတဲ့ "ပစ်တိုင်းထောင်" ဆိုတဲ့ အက်ဆေးလေးတစ်ခုပါ။ Youth နဲ့ ဆက်သွယ်ပေးတဲ့ ကိုမော်ကြီး နဲ့ မမြသွေးနီ တို့ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ...


ပစ်တိုင်းထောင်

လောကကြီးမှာ ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ဖြစ်လိုက်တာ၊ ရလိုက်တာ အောင်မြင်မှုလို့ ဆိုနိုင်ပါသလား.

ဒါဆိုရင် ကိုယ်ရည်မှန်းလိုက်တဲ့ အရာတစ်ခုကို မရလိုက်တာ၊ မဖြစ်မြောက်လိုက်တာကရော ကျရှုံးမှုလို့ ဆိုနိုင်ပါသလား. 

လက်တွေ့ဘ၀တွေနဲ့ နီးစပ်အောင် မေးခွန်းကို ပြင်ပြီးတော့ မေးရမယ်ဆိုရင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ပြီးနောက် ဆေးတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ရေကြောင်းသိပ္ပံတက္ကသိုလ် စသည်တို့ကို ၀င်ခွင့်ရသွားတဲ့ ကျောင်းသားကျောင်းသူများဟာ အောင်မြင်သူတွေ ဖြစ်ပြီးတော့ ၀င်ခွင့်မရလိုက်သူများက မအောင်မြင်သူတွေလို့ ပြောလို့ရနိုင်ပါသလား။

တကယ်လို့သာ အဲဒီ့လို ၀င်ခွင့်မရလိုက်လို့ စိတ်ပျက်အားငယ်နေမယ့် ကိုယ့်သားသမီး၊ ညီအစ်ကို မောင်နှမ၊ မိတ်ဆွေသူငယ်ချင်းတွေကို ကျွန်တော်တို့တွေဟာ အောင်မြင်မှုဆိုတဲ့ အကြောင်း ဘယ်လိုရှင်းပြပြောဆိုမလဲ။ အကယ်၍များ အဲဒီ့လို ၀င်ခွင့်မရလိုက်တဲ့သူဟာ မိမိကိုယ်တိုင် ဖြစ်နေခဲ့မယ်ဆိုရင်ရော ကျွန်တော်တို့ မိမိကိုယ်တိုင်ရဲ့ စိတ်ဓာတ်ကို ဘယ်လိုပြန်လည်ညှိယူမလဲ။

ဒါတွေဟာ တကယ်တော့ ယေဘုယျဆန်ဆန် တင်ပြလိုက်တဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။ လက်တွေ့ဘ၀ထဲမှာတော့ ဒီ့ထက် နက်နဲရှုပ်ထွေးတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိနေခဲ့တယ်။ 


အောင်မြင်မှုဆိုတဲ့ စကားလုံးကို အဓိပ္ပါယ်တွေ အမျိုးမျိုး ဖွင့်ဆိုကြတယ်။ စာအုပ်စာတမ်းတွေ အမျိုးမျိုး ရေးသားပြုစုကြတယ်။ အောင်မြင်သူတွေလို့ အများက လက်ခံယူဆသူတွေအကြောင်း မှတ်တမ်းတင်ဖြန့်ဝေကြတယ်။ ဒီတော့ အောင်မြင်မှုဆိုတာ ဘာလဲလို့မေးလိုက်ရင်တောင် တစ်ဦးစီ၊ တစ်ယောက်စီရဲ့ နားလည်လက်ခံမှုတွေ တူညီမယ်လို့ မထင်မိဘူး။ ဒီလိုမတူညီနိုင်တာကိုလည်း ကျွန်တော်တို့ နားလည်သင့်တယ်။ ဘာလို့လဲဆိုတော့ အောင်မြင်မှုဆိုတာ ရှုထောင့်တစ်ခုတည်းကနေ ကြည့်လို့ရတဲ့ အရာမဟုတ်လို့ပဲ။ အောင်မြင်မှုမှာ ရှုထောင့်ပေါင်းများစွာ ပါဝင်နေတယ်။ 

အောင်မြင်မှုဆိုတာ ငွေကြေးသက်သက်လည်းမဟုတ်သလို ကျော်ကြားမှုသက်သက်လည်း မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်တာ ဖြစ်နေလို့၊ ရနေလို့လည်း အောင်မြင်မှုလို့ မဆိုနိုင်ပြန်ဘူး။ စိတ်ချမ်းသာနေတိုင်းလည်း အောင်မြင်မှုဆိုပြီး သမုတ်လို့ မရပြန်ဘူး။ ဘာလို့လဲဆိုတော့ မိမိတစ်ကိုယ်တည်း စိတ်ချမ်းသာ အဆင်ပြေပြည့်စုံရင်ပြီးရော၊ တစ်ခြားသူတွေ ဘယ်လိုပဲဖြစ်ဖြစ် ဆိုတဲ့ ၀ိသမလောဘသမားများဟာ ဓနအားကိုး၊ အရှိန်အ၀ါအားကိုးနဲ့ သူတို့ဖြစ်ချင်တာဖြစ်နေနိုင်တယ်၊ လိုချင်တာတွေလည်းရနေနိုင်တယ်၊ စိတ်လည်းချမ်းသာနေနိုင်တယ်။ ဒါပေမယ့် သူတို့တွေဟာ ဘ၀မှာ အောင်မြင်နေသူတွေလို့ ပြောမလားဆိုရင် မပြောနိုင်တာကို ကျွန်တော်တို့ သိရှိနားလည်လာကြလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ မိမိတစ်ကိုယ်တည်း ကောင်းစားရေးအတွက်သာ ရှေ့ရှုပြီး အများအဆင်ပြေဖို့အတွက်ကို ထည့်သွင်းစဉ်းစားလုပ်ဆောင်ပေးဖို့ ပျက်ကွက်ခဲ့တာကြောင့် ဖြစ်တယ်။

တကယ်တော့ အောင်မြင်မှုဆိုတာ မိမိကိုယ်တိုင်အတွက်သာမက မိမိနဲ့ ပတ်သက်နှီးနွယ်နေတဲ့ အသိုင်းအ၀ိုင်း ပတ်ဝန်းကျင်ကိုလည်း အကျိုးဖြစ်ထွန်းမှု ရှိစေတဲ့ စွမ်းအင်တစ်ခုဖြစ်သင့်တယ်။ အဲဒီ့လို အောင်မြင်မှုကို ကျော်ကြားမှုတွေ၊ လူသိများမှုတွေ၊ ဓနဥစ္စာတွေနဲ့ တန်ဖိုးဖြတ်တိုင်းတာလို့ မရဘူး။ ပြည်တွင်းမှာ အများကို ကူညီဖို့ စုစည်းတည်ထောင်ထားတဲ့ ပရဟိတ အဖွဲ့အစည်းလေးတစ်ခုက စေတနာရှင်လူငယ်များဟာ ပြည်ပမှာ လစာအများကြီးရပြီး ဘယ်သူ့ကိုမှ ပြန်လည်ကူညီဖို့ မစဉ်းစားတဲ့ လူချမ်းသာဟု ဆိုသူတွေထက် အများကြီး အောင်မြင်တယ်၊ ဂုဏ်ပြုထိုက်တယ်၊ လေးစားဖွယ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လေးတွေရဲ့ မွန်မြတ်တဲ့ စွမ်းဆောင်မှုတွေဟာ အမှန်တကယ်လိုအပ်နေတဲ့ ပြည်သူပြည်သားတွေကို ထိထိရောက်ရောက် အကျိုးပြုပေးနိုင်တာကြောင့်ပဲ ဖြစ်တယ်။


ဒါကြောင့် ဒီဆောင်းပါးလေးရဲ့ အစမှာ မေးခဲ့တဲ့ မေးခွန်းလေးတွေကို ပြန်ဖြေရရင် ကျွန်တော်တို့တွေ ရည်မှန်းလိုက်တဲ့ တစ်စုံတစ်ရာဟာ အများစုလက်ခံပြီးသား စံချိန်စံနှုန်းတွေ ဖြစ်နေနိုင်တယ်။ ကြီးရင် ဆရာဝန်ဖြစ်ရမယ်၊ အင်ဂျင်နီယာဖြစ်ရမယ် ဆိုတာတွေဟာ ရည်မှန်းချက်ပန်းတိုင်တွေ ဖြစ်တယ်။ အဲဒီ့ပန်းတိုင်ကို ရရှိခြင်း၊ မရရှိခြင်းဟာ အလုံးစုံသော အောင်မြင်မှုလို့ မဆိုနိုင်ပါဘူး။ ကိုယ်လိုချင်တဲ့အရာတစ်ခုကို ရလိုက်တယ်၊ မရလိုက်ဘူး၊ ဖြစ်လိုက်တယ်၊ မဖြစ်လိုက်ဘူး ဆိုတာပဲ ကွာခြားသွားပါတယ်။ 

ဒါဆိုရင် ထပ်မေးစရာရှိပါတယ်။ တစ်ချို့အရာတွေဟာ နောက်တစ်ကြိမ် ထပ်မံကြိုးစားဖို့ အခွင့်အလမ်း မရှိတော့ဘူး။ တစ်ကြိမ်တစ်ခါသာ ဖြေဆိုကြိုးစားပိုင်ခွင့်ရှိတဲ့ စမ်းသပ်မှုမှာ ကိုယ်ဟာ လွဲချော်ခဲ့တယ်ဆိုရင်ရောလို့ အမေးရှိလာနိုင်ပါတယ်။ အဲဒီ့အခါကျရင်တော့ မိမိရဲ့ ရည်မှန်းချက်ကို ပြန်လည်ညှိယူပါလို့  အကြံပြုချင်ပါတယ်။ ပညာရပ်ဆိုင်ရာ ဝေါဟာရကို ယူသုံးရရင်တော့ “Compromise Your Goal” လို့ ဆိုရမှာ ဖြစ်ပါတယ်။ 

“မိမိရဲ့ ရည်မှန်းချက်ကို ညှိယူခြင်း” ဆိုတဲ့ စကားလုံးကို ပျော့ညံ့တဲ့စိတ်ဓာတ်၊ အရှုံးသမားအားပေးတဲ့ စိတ်ဓာတ်လို့ မယူဆစေချင်ပါဘူး။ ဘ၀ခရီးလျှောက်လှမ်းတဲ့အခါမှာ ခရီးပိုရောက်လာလေလေ ဒီစကားလုံးလေးရဲ့ အဓိပ္ပါယ်ကို ပိုမိုနားလည်လာလေလေ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ဘ၀ဆိုတာကြီးက အမြဲတမ်း ကိုယ်ဖြစ်ချင်တာတွေကို ဖြစ်ခွင့်ပေးမနေလို့ပါပဲ။ 


ကိုယ်မလုပ်ချင်တဲ့အခြေအနေ၊ မဖြစ်ချင်တဲ့ အခြေအနေကို အကြောင်းအမျိုးမျိုးကြောင့် လုပ်နေရတဲ့ အဖြစ်မျိုးနဲ့ ကြုံဆုံလာခဲ့ရရင် မိမိရဲ့ စိတ်နဲ့ကိုယ်နဲ့ တသားတည်းဖြစ်နေအောင်၊ လိုက်လျောညီထွေမှု ဖြစ်နေအောင်၊ ဘ၀ကို အရှုံးမပေးဘဲ ဆက်လက်ကြိုးစားလိုစိတ်တွေ ပြင်းထန်ရှင်သန်နေအောင် ဒီစကားလုံးလေးအဓိပ္ပါယ်ကို ကျွန်တော်တို့ နားလည်သဘောပေါက်ထားသင့်တယ်။

သိုးဆောင်းစကားပုံတစ်ခုရှိတယ်။ “ဘ၀ဆိုတာ ခရီးတစ်ခု ဖြစ်တယ်။ ပန်းတိုင်မဟုတ်ဘူး” တဲ့။ အဲဒီ့စကားလေးအတိုင်းပါပဲ။ ကျွန်တော်တို့တွေဟာ ဘ၀ခရီးကို လျှောက်လှမ်းနေကြသူတွေ ဖြစ်တယ်။ ရည်မှန်းချက်တွေဆိုတာ တကယ်တော့ ဘ၀ခရီးလမ်းကြောင်းမှာ စိုက်ထူလိုက်တဲ့ ပန်းတိုင်တွေပဲ ဖြစ်ပါတယ်။ တစ်ချို့ပန်းတိုင်တွေကို ကျွန်တော်တို့ ရောက်ရှိခဲ့တယ်။ တစ်ချို့ပန်းတိုင်တွေကိုတော့ ကျွန်တော်တို့ ရောက်ရှိဖို့ ကြိုးစားပေမယ့်လည်း လက်လှမ်းမမီလိုက်နိုင်တာတွေ ဖြစ်ကောင်းဖြစ်နိုင်တယ်။ 

ဒါကြောင့် မိမိရည်မှန်းလိုက်တဲ့ ပန်းတိုင်ကို မရောက်ရှိခဲ့ရင် စိတ်မပျက် အားမလျှော့ပါနဲ့။ ထပ်မံကြိုးစားနိုင်ခွင့် ရှိသေးရင် ကြိုးစားပါ။ မိမိရဲ့ လိုအပ်ချက်၊ အပြစ်အနာအဆာတွေကို တွေ့အောင်ရှာပြီး ပြုပြင်ယူလို့ တိုက်ပွဲကို အသစ်တဖန် ဆင်နွှဲပါ။ အမှားအယွင်းတွေကို သင်ခန်းစာမယူဘဲ အရိုးစွဲနေတဲ့ ပုံစံနဲ့ ထပ်ခါတလဲလဲ ကြိုးစားနေပြီး မအောင်မြင်ရတဲ့ အကြောင်းတရားကို ကံတရားပေါ် အပြစ်ပုံချခဲ့ရင်တော့ ဒါဟာ မိမိရဲ့ မိုက်မဲမှုသက်သက်ပဲ ဖြစ်မှာပါ။ 

“တိုက်ပွဲတစ်ရာ စစ်ပွဲတစ်ခု” ဆိုသလိုပဲ ဘ၀ဆိုတာ စစ်ပွဲတစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ စစ်ပွဲတစ်ပွဲတိုက်ရာမှာ တိုက်ပွဲပေါင်းများစွာ ပါဝင်ပေါင်းစပ်နေကြတယ်။ တစ်ချို့တိုက်ပွဲတွေမှာ ကျွန်တော်တို့ အောင်နိုင်ပေမယ့် တစ်ချို့တိုက်ပွဲတွေမှာ ကျွန်တော်တို့ ဆုတ်ခွာရနိုင်တယ်။ တိုက်ပွဲတွေကို အောင်နိုင်တိုင်း ကျွန်တော်တို့ စစ်နိုင်ပြီ ပြောလို့ မရသလို တိုက်ပွဲတစ်ချို့ကို ရှုံးနိမ့်သွားတိုင်းလည်း စစ်ရှုံးပြီလို့ ပြောလို့မရပါဘူး။ အဓိက အခရာကျတဲ့ တိုက်ပွဲတစ်ချို့မှာ မရှုံးနိမ့်မိစေဖို့ ကိုယ်တိုက်ယူရမယ့် စစ်မြေပြင်ကို ကင်းထောက်ရမယ်၊ စူးစမ်းလေ့လာရမယ်၊ ရန်သူအခြေအနေကို နားစွင့်ရမယ်၊ ပတ်ဝန်းကျင် တောတောင် ရာသီဥတု အပြောင်းအလဲတွေကို မှတ်သားရမယ်။ 


 ဒီလိုပါပဲ ကျွန်တော်တို့ ချမှတ်လိုက်တဲ့ ရည်မှန်းချက်ပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိနိုင်ဖို့အတွက် ရှေ့မှာအောင်မြင်သွားသူတွေဆီက နည်းနာယူရမယ်၊ ကိုယ့်ကို အလဲထိုးရှုံးနိမ့်သွားစေနိုင်မယ့် ထောင်ချောက်တွေ၊ လှည့်ကွက်တွေကို သတိထားရှောင်ကြဉ်ရမယ်၊ ခေတ်စနစ် နည်းပညာသဘောတရားတွေနဲ့ ရင်ဘောင်တန်းလိုက်နိုင်အောင် ကြိုးစားရင်း တစ်ချိန်တည်းမှာပဲ မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို စဉ်ဆက်မပြတ် မြှင့်တင်ပေးနေရမယ်။ ဒါမှသာ တကယ့်တကယ် အရေးကြီးတဲ့ ဘ၀တိုက်ပွဲမျိုးနဲ့ ကြုံဆုံလာခဲ့ရင် ကျွန်တော်တို့တွေဟာ အရည်အချင်းပြည့်ဝပြီး အတွေ့အကြုံရင့်ကျက်တဲ့ စစ်သူကြီးတွေလို မားမားမတ်မတ် ရွပ်ရွပ်ချွံချွံ နောက်မဆုတ် သွေးမကြောင်စတမ်း စမ်းသပ်စိန်ခေါ်မှုတွေကို အကောင်းဆုံး တုံ့ပြန်တွန်းလှန်ပြီး ဘ၀အောင်နိုင်ရေး အလံကို စိုက်ထူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ဟာ မိုးကိုမျှော်နေရုံနဲ့ မပြီးဘဲ မိုးရွာလာခဲ့ရင် ခံယူနိုင်ဖို့ ရေပုံးရေကန်တို့ကိုလည်း အသင့်ပြင်ဆင်ထားဖို့ လိုပါတယ်။ အဲလိုမှ မဟုတ်ခဲ့ရင်တော့ အခွင့်အလမ်းက ကိုယ့်ဆီ တံခါးလာခေါက်နေချိန်မှာ ကိုယ်က ကြားနိုင်စွမ်းမရှိလိုက်တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ 

ဒါကြောင့် အောင်မြင်မှုဆိုတဲ့ အဓိပ္ပါယ်ဟာ အများလက်ခံယုံကြည်ထားတဲ့ အရာတွေကို ရခြင်း မရခြင်းနဲ့ မပတ်သက်ပါဘူး။ ပန်းတိုင်တစ်ချို့ကို ရောက်ရှိနိုင်တယ်၊ တစ်ချို့ကိုတော့ ဆုံးရှုံးရနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ရောက်ရာနေရာ၊ ကျရာဘ၀မှာ အားမာန်မလျှော့ဘဲ မိမိရည်မှန်းချက်တွေကို အကောင်းဆုံးဖြစ်အောင် ညှိယူရင်း နောက်ထပ်ဆင်နွှဲရမယ့် ဘ၀တိုက်ပွဲတွေအတွက် အသင့်ဖြစ်အောင် ပြင်ဆင်ထားဖို့က ပိုအရေးကြီးပါတယ်။ 

“ဘယ်တော့မှ မလဲကျတာ အောင်မြင်မှုမဟုတ်ဘူး။ လဲတိုင်းပြန်ထနိုင်မှသာ တကယ့် အောင်မြင်မှုအစစ်” ဆိုတဲ့ ဆိုရိုးစကားကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ မိမိလဲကျသွားခဲ့ရင်လည်း ပြန်ထနိုင်အောင် ကြိုးစားပါ။ မိမိနဲ့ နီးစပ်တဲ့ မိတ်ဆွေသူငယ်ချင်း၊ ညီအစ်ကိုမောင်နှမများ လဲကျသွားခဲ့ရင်လည်း ပြန်ထနိုင်အောင် အားပေးကူညီပါ။ ဆရာ ဦးအေးငွေက သူ့ရဲ့ “ရုန်းရင်းကန်ရင်း” ကဗျာလေးထဲမှာ ဒီလိုလေး ရေးခဲ့ဖူးပါတယ်။ 
 
 “ဘ၀သည်ကား တိုက်ပွဲများပင်၊
 လှုပ်ရှားရသော လူ့ရွာတောဝယ်၊ 
လင်းသောမှောင်သော အောင်သောရှုံးသော၊ 
မုန်းသောချစ်သော၊ သစ်သောဟောင်းသော၊ 
ပူသောအေးသော နုသောကြမ်းသော၊
 စောကြောစိတ်ဖြာ မနေသာပေ၊
 လဲရာကထ ကျရာကတက်၊ 
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍၊
 ရောက်ရာဘ၀ အားမာန်ပြရင်း၊ 
ရုန်းရကန်ရမည် တကား။”


လူငယ်လူရွယ်များ ပစ်တိုင်းထောင်စိတ်ဓာတ် မွေးမြူနိုင်ပြီး ဘ၀ခရီးကို အကောင်းဆုံး လျှောက်လှမ်းနိုင်ကြပါစေလို့ အဝေးတစ်နေရာကနေ ဆန္ဒမွန်ပြုလိုက်ပါတယ်။







~ ရေခဲငှက် ~
ဇွန် ၃၀၊ ၂၀၁၂ ခုနှစ်။ ။ 

8 comments:

Angelhlaing(May everybody be happy and healthy! said...

Congratulation...ပါ အကို...!!!

Nilaynla said...

ဒီလိုစာပေကလောင်ရှင်တွေ များများလိုအပ်နေပါတယ်လို့ ပြောရတော့မှာပဲ ။ အထူးသဖြင့်တော့ ကျနော်တို့ မြန်မာနိင်ငံ သို့မဟုတ် ဗားမားမှာပေါ့ ။

သိ င်္ဂါ ရ said...

ခုနစ်ကြိမ် လဲ ရင် ရှစ်ကြိမ် ပြန်ထနိုင်ရမယ် တဲ့ ...။ နင်လားဟဲ့ လောကဓံ ဆိုတာလေး လည်း သဘောကျမိတယ် ။ ဒီရက်ပိုင်း စိတ်ကျစရာ အကြောင်းတွေ နည်းနည်း ကြုံထားရတော့ ... အခု စာ ကို ဖတ်ရတဲ့ အတွက် ကျေးဇူးတင်မိပါတယ် ကိုရန်အောင် ခင်ဗျား ...။

လှိုင်မျိုး said...

ကျွန်တော်တို့ဟာ မိုးကိုမျှော်နေရုံနဲ့ မပြီးဘဲ မိုးရွာလာခဲ့ရင် ခံယူနိုင်ဖို့ ရေပုံးရေကန်တို့ကိုလည်း အသင့်ပြင်ဆင်ထားဖို့ လိုပါတယ်။

လှိုင်မျိုး said...

ကျွန်တော်တို့ဟာ မိုးကိုမျှော်နေရုံနဲ့ မပြီးဘဲ မိုးရွာလာခဲ့ရင် ခံယူနိုင်ဖို့ ရေပုံးရေကန်တို့ကိုလည်း အသင့်ပြင်ဆင်ထားဖို့ လိုပါတယ်။

ငယ် said...

ကိုလေးရေ ..

ဒီလို အကျိုးရှိတဲ့ စာပေတွေ အများကြီး ဆက်ရေးနိုင်ပါစေနော်။ အောင်မြင်ကျော်ကြားတဲ့ ကလောင်ရှင်တစ်ယောက်အနေနဲ့ မြန်မာစာပေလောကာမှာ ကိုလေးကို မြင်ချင်တယ်။

အမ်တီအန် said...

ဒီစာမူလေးကို Youthအယ်ဒီတာအဖွဲ့မှ အလွန်နှစ်သက်တယ်လို့ သိရပါတယ် ကိုရန်အောင်ရေ..။ အင်တာဗျူးမှာ မေး/ဖြေထားတာလေးတွေက အတော် ကောင်းလို့..အင်တာဗျူးလေးကို ပြန်တင်ပေးသင့်တာ... :)။

( အခုရက်ပိုင်း အလုပ်တွေ ပိလို့ စာတွေ လိုက်မဖတ်နိုင် ဖြစ်နေတာမို့ အရောက်နောက်ကျသွားတာ ခွင့်လွှတ်.. :)

သဒ္ဓါလှိုင်း said...

အောင်မြင်တဲ့ ဘဝတစ်ခုအဖြစ်. ဘဝအတွက်အကျိုးရှိစေတဲ့ စာကောင်းလေးတစ်ပုဒ်ပါ။ အမြဲဖတ်ခွင့်ရချင်ပါတယ် ကိုရန်အောင်..။
ခင်မင်လေးစားလျက်
သဒ္ဓါ