Tuesday, June 26, 2012

ပျားဖွပ်သူများ...

ဒီပို့စ်လေးကတော့ မအိမ့်ချမ်းမြေ့ မေးထားတဲ့ အွန်လိုင်းပေါ်ကစာများ ဆိုတဲ့ ပို့စ်လေးကို ပြန်လည်ဖြေကြားထားတာ ဖြစ်ပါတယ်။







မေး။ ။ မလေးတို့လို ပရော်ဖက်ရှင်နယ်တွေလည်း မဟုတ်၊ အွန်လိုင်းပေါ်မှာ စာရေးသူတွေရဲ့စာတွေဟာ ထောက်မယ်ဆိုရင် ထောက်စရာတွေအများကြီး၊ လိုအပ်မှုတွေအများကြီး ရှိပါတယ်။ အွန်လိုင်းစာရေးသူတွေရဲ့စာတွေကို မိမိရဲ့အချိန်တွေဖဲ့ပေးပြီးတော့ ဘာဖြစ်လို့ ဖတ်ကြတာလဲ ဆိုတာလေးကို အချိန်ရရင် ဖြေပေးကြပါရှင်။ 

ကျွန်တော်ကတော့ မလေးမေးခွန်းကို နှစ်ပိုင်းခွဲဖြေချင်တယ်ဗျ။

တစ်ပိုင်းက ပရော်ဖက်ရှင်နယ်နဲ့ အပျော်တမ်းကိစ္စ၊ နောက်တစ်ပိုင်းကတော့ မလေးရဲ့အဓိကမေးခွန်းဖြစ်တဲ့ အွန်လိုင်းစာရေးသူတွေရဲ့ စာတွေကို ဘာကြောင့် ဖတ်ဖြစ်ကြလဲဆိုတဲ့ ကိစ္စပါ။

ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်း မသွယ်ဝိုက်ဘဲ ပြောမှာမို့ တစ်ချို့နေရာတွေ ပွင့်လင်းလွန်းသွားရင်တော့ ခွင့်လွှတ်ပါလို့ တင်ကြိုပြီး စကားပလ္လင်ခံထားပါရစေ…

မလေး မေးခွန်းအရဆိုရင် စာပေနယ်ထဲမှာ ကျင်လည်ကျွမ်းဝင်နေတဲ့ ပရော်ဖက်ရှင်နယ် စာရေးဆရာ ဆိုတာနဲ့ပဲ သူတို့ရေးတဲ့စာတွေဟာ အပြစ်ကင်းနေသလို၊ သိပ်ကိုကောင်းမွန်နေသလို၊ ပရော်ဖက်ရှင်နယ် မဟုတ်သေးသူတွေကပဲ လေးစားအားကျ အတုယူစရာ ကောင်းနေသလိုများ ဖြစ်နေတာလား.

အွန်လိုင်းပေါ်မှာရေးပြီး အပြင်မှာ စာအုပ်တစ်အုပ်မှ မထွက်ဖူးသေးတဲ့ အွန်လိုင်း စာရေးဆရာများ၊ ဘလော့ဂါများဟာလည်း အပျော်တမ်းဆိုတာနဲ့ပဲ သူတို့ရေးတဲ့စာတွေဟာ လိုအပ်ချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေတာလား.

စာပေလောကမှာ နာမည်ရပြီး ပရော်ဖက်ရှင်နယ် စာရေးဆရာလို့ ခံယူထားသူ တစ်ချို့တွေရဲ့ အားနည်းချက်တွေ၊ ဟာကွက်တွေကို သိထားသမျှ ဖောက်သည်ချချင်ပါတယ်။ သူများစာတွေကို မှီငြမ်းကူးချပြီး မိမိကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်တွေပဲ ဖြစ်သယောင်ယောင် လုပ်တာမျိုးတွေ၊ ကိုယ့်မှာ အသိအမှတ်ပြုခံထားရတဲ့ နာမည်ရှိတယ် ဆိုပြီး ဟုတ်သော်ရှိ မဟုတ်သော်ရှိ ကမ္ဘာနဲ့ချီပြီး ဝေဖန်ရေး လေကန်ရေး လုပ်တာမျိုးတွေ၊ တက်ကျမ်းအစောင်စောင်ကို ဖတ်ရှုမွှေနှောက်ပြီး မိမိကိုယ်တိုင်ပဲ ထုံးနည်းအစဉ်အလာတွေကို နားလည်တတ်မြောက်ထားသယောင်ယောင်၊ အကောင်အထည်ဖော် အောင်မြင်ထမြောက်ပြီးသယောင်ယောင် ဆရာလုပ်ပြီး ဟောပြောရေးသားတာမျိုးတွေကို ကျွန်တော် တွေ့ဖူးမြင်ဖူး ဖတ်ဖူးကြားဖူးတယ်။ ဒီလူတွေကို ကျွန်တော့်အနေနဲ့ ပရော်ဖက်ရှင်နယ် စာရေးဆရာတွေရယ်လို့ မသတ်မှတ်ပါဘူး။

တစ်ဖက်ကကြည့်မယ်ဆိုရင်လည်း အွန်လိုင်းပေါ်မှာ အပျော်သဘောနဲ့ ရေးသားတတ်ကြတာမှန်ပေမယ့် တကယ့်ကို စေတနာပါပါနဲ့ ဘ၀အတွေ့အကြုံတွေကို ရင်းပြီးပြန်လည် ဝေမျှတာမျိုးတွေ၊ အပြင်မှာ စာတစ်အုပ်မှ မထုတ်ဖူးသေးပေမယ့် တကယ့်ကို လက်ရာမြောက်တဲ့ အရေးအသားမျိုးတွေ၊ ပရော်ဖက်ရှင်နယ် စာရေးဆရာရယ်လို့ နာမည်တစ်လုံး မထူထောင်နိုင်သေးပေမယ့် ကိုယ်ရေးတဲ့စာကို ရဲရဲဝံ့ဝံ့ တာဝန်ယူဖြေရှင်းရဲတဲ့ အဆင့်မြင့် စိတ်ဓာတ်ပိုင်ရှင်မျိုး တွေကို ကျွန်တော် ကြုံဖူးဆုံဖူး မှတ်ဖူးနာဖူးတယ်။ ဒီလူတွေကို ကျွန်တော်ကတော့ Unsung Heroes of Literature (သို့) အသိအမှတ်ပြု မခံရသေးတဲ့ စာပေသူရဲကောင်းများ အဖြစ် လက်ခံယုံကြည်မိတယ်။

ဒါကြောင့် မလေးပြောသွားတဲ့ ပထမမေးခွန်းကို ပြန်လည်ချေပရရင်တော့ စာပေနယ်ထဲမှာ နာမည်ရှိတိုင်း ပရော်ဖက်ရှင်နယ် စိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူတွေ မဟုတ်နိုင်ကြသလို စာပေနယ်ထဲမှာ ခြေမချနိုင်သေးတဲ့ နာမည်မရှိသေးသော အပျော်တမ်းစာရေးဆရာ ဘလော့ဂါတွေ ဖြစ်တိုင်းလည်း စာပေအရေးအသား အဆင့်အတန်း မမီဘူးလို့ ပြောလို့မရပါဘူး။

ဒုတိယပိုင်းအနေနဲ့ မလေးမေးသွားတဲ့ အွန်လိုင်းစာရေးသူတွေရဲ့ စာတွေကို ဘာကြောင့် ဖတ်ဖြစ်လဲဆိုတဲ့ ကိစ္စကို ဆွေးနွေးချင်ပါတယ်။

အွန်လိုင်းပေါ်မှာ စာရေးတာကို တစ်ချို့က လွတ်လပ်တယ်၊ ပွင့်လင်းတယ်လို့ မြင်ကြတယ်။ စိစစ်တာ၊ ဖြတ်တောက်တာ၊ တင်းကြပ်တာမျိုးတွေကို အလုပ်မခံရတဲ့အတွက်ကြောင့် သူတို့ရေးတဲ့ စာတွေဟာ ပိုမိုပွင့်လင်းတယ်၊ ရဲတင်းတယ်၊ ရိုးသားတယ်လို့ ထင်ကြတယ်။

စည်းမရှိတိုင်း ကောင်းတာမဟုတ်ပါဘူး။ စည်းလွတ်ရင် ၀ါးလွတ်တတ်ပါတယ်။ ဒါကြောင့် “စည်းလွတ်ဝါးလွတ်” မဖြစ်စေနဲ့လို့ ဆိုစမှတ်ပြုကြတာပေါ့။ စည်းမျဉ်းဆိုတာ ရှိသင့်သလောက်ရှိမှလည်း တိုးတက်တယ်၊ ကောင်းရာမွန်ရာဖက်ကို ဦးတည်တယ်လို့ ကျွန်တော်မြင်ပါတယ်။ မြစ်ဟာ သူ့စည်းသူ့ကမ်းကို ကျော်ပြီး စီးဆင်းရင် လူတွေ၊ သတ္တ၀ါတွေ ဒုက္ခရောက်ပျက်စီးတတ်ကြရတာကို သတိချပ်စေချင်ပါတယ်။

ဘလော့ဂ်တွေပေါ်မှာ တင်ချင်ရာတင်၊ ရေးချင်ရာရေးလို့ ရတဲ့အတွက် စကားလုံးအသုံးအနှုန်း ခက်ထန်ကြမ်းတမ်းတာတွေ၊ ကိုယ့်အမြင်နဲ့ မတိုက်ဆိုင်တာနဲ့ဘဲ နင်ပဲငဆ စိန်ခေါ် ပုတ်ခတ်တာတွေ၊ နည်းနည်းသိရုံနဲ့ အများကြီးပဲ တတ်မြောက်နားလည်ထားသယောင်ယောင် အတွေးအခေါ်ပိုင်းဆိုင်ရာ မရင့်ကျက်မပြည့်ဝမှုတွေ၊ စာပေအရေးအသား လေ့လာမှုအားနည်းချက်ကြောင့် သတ်ပုံနဲ့ ခွဲထားစနစ်မကျမှုတွေကို ပိုလို့တောင် တွေ့နိုင်သေးတယ်ဆိုတာကိုလည်း တစ်ဖက်က အမှန်အတိုင်း သိမြင်ထားသင့်တယ်။

ဒါက ဆိုးတဲ့ဖက်က ပြောတာပေါ့လေ။

ကောင်းတဲ့ဖက်က ပြောရမယ်ဆိုရင်တော့ အွန်လိုင်းစာမျက်နှာတွေ၊ ဘလော့ဂ်ဝက်ဘ်ဆိုက်တွေပေါ်မှာ တင်ထားကြတဲ့ တစ်ချို့တစ်ချို့သော စာတွေဟာ စာဖတ်သူတွေအတွက် တကယ့်ကို အကျိုးရှိစေတတ်တယ်။ အထွေထွေ ဗဟုသုတ၊ ခံစားချက်ရသ၊ အတွေးအမြင်၊ ဘ၀အတွေ့အကြုံ၊ စီးပွားရေး၊ ကြီးပွားတိုးတက်ရေး၊ နိုင်ငံရပ်ခြား အလုပ်အကိုင် အတွေ့အကြုံ၊ ပညာသင်အတွေ့အကြုံ၊ ခရီးသွားမှတ်တမ်းအတွေ့အကြုံ၊ နည်းပညာ ဗဟုသုတ၊ နိုင်ငံအကျိုးပြု ဆောင်းပါးများ၊ ဟင်းချက်နည်း၊ ဟာသရသ၊ ဓာတ်ပုံပညာ စသည်ဖြင့် ရေတွက်လို့ မကုန်နိုင်တဲ့ အကြောင်းအရာမျိုးစုံကို မိမိအားသန်ရာ ဘာသာရပ်အလိုက် အထူးပြု ရေးသားတတ်ကြတဲ့ စာကောင်းပေမွန်တွေ အများကြီး ရှိနေတတ်ကြတယ်။ 

အဲဒီ့ဘလော့ဂ်တွေ၊ ၀က်ဘ်ဆိုက်တွေမှာ ဝေမျှရေးသားထားကြတဲ့ စာတွေကို ဘလော့ဂါများသော်လည်းကောင်း၊ ဘလော့ဂါမဟုတ်သော စာဖတ်သူများသော်လည်းကောင်း တွေ့မြင်ဖတ်ရှုမိကြမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒါကြောင် အဲဒီ့လို စာကောင်းပေမွန်တွေနဲ့ ကြုံကြိုက်မိတဲ့ တခဏမှာ အဲဒီ့စာရေးသူရဲ့ သူရေးတဲ့စာအပေါ် ထားရှိတဲ့ စေတနာကို ယုံကြည်နှစ်သက်မှုနဲ့ အတူ နောက်တစ်ခေါက် ပြန်လာပြီး ဖတ်ဖြစ်ပါတယ်။ တစ်ခါတစ်ခေါက် ဖတ်ရုံနဲ့ အားမရတဲ့ အခါမှာ အကြိမ်ကြိမ် အခေါက်ခေါက် လာရောက်ပြီး ဖတ်ဖြစ်ပြန်ပါတယ်။ စာရေးသူရဲ့ မိမိရေးတဲ့ စာပေါ်မှာ အမှန်တကယ် စေတနာထက်သန်မှု ရှိမရှိဆိုတာကလည်း သူရေးတဲ့စာကို ဖတ်လိုက်ရုံနဲ့ မြင်သာသိရှိနိုင်ပါတယ်။

ဘလော့ဂါအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်လည်ပတ်တာမျိုးကတော့ စာရေးတာ ကောင်းမကောင်းနဲ့ သက်ဆိုင်မှုရှိတတ်သလို မိမိနဲ့ ခင်မင်ရင်းနှီးမှု အတိုင်းအတာပေါ်လည်း မူတည်တတ်ပါတယ်။ တစ်ချို့က အချင်းချင်း ခင်မင်ကျွမ်းဝင်မှုဆိုတဲ့ အကြောင်းပြချက် သက်သက်နဲ့ကို မိမိဘလော့ဂ်က  စာတွေကို လာဖတ်တတ်ကြပါတယ်။ တစ်ချို့ကတော့ မိမိရဲ့ ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ကို လာလည်ဖူးတယ်ဆိုတဲ့ လူမှုရေးအကြောင်းပြချက်နဲ့ အပြန်အလှန် လည်ပတ်ပြီး ကော်မန့်ရေးကြ၊ ပဋိသန္တာရ စကားဆိုတတ်ကြပါတယ်။

ဒီတော့ မလေးမေးသွားတဲ့ ဒုတိယမေးခွန်းကို ဖြေရရင်တော့ “လူကိုခင်လို့ တရားကိုမင်” တတ်ကြပြီး မိမိဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ကို လာရောက်ဖတ်ရှုတတ်ကြတာတွေ ရှိတတ်ကြပါတယ်။ ဒါကတော့ ပထမအမျိုးအစား စာဖတ်သူတွေပါ။ ပထမအမျိုးအစားလို့ သတ်မှတ်ရတာက သာလွန်ကောင်းမွန်နေတဲ့ သဘောမျိုး မဟုတ်ပါဘူး။ ကဏ္ဍအလိုက် ပိုင်းခြားခွဲပြောချင်လို့ ပထမအုပ်စုအဖြစ် သတ်မှတ်လိုက်တာမျိုးပဲ ဖြစ်ပါတယ်။ 

ဒုတိယအမျိုးအစား စာဖတ်သူတွေကတော့ မိမိဝေဖန်ဆွေးနွေး၊ ဝေမျှရေးသားသွားတဲ့ အကြောင်းအရာတွေကို သဘောကျနှစ်သက်မိရာက “တရားကိုမင်လို့ လူကိုခင်”ပြီး တိတ်တဆိတ် စာဖတ်ကာ ပြန်သွား၍သော်လည်းကောင်း၊ မိမိတို့ရဲ့ ထင်မြင်ယူဆချက်များကို မှတ်ချက်ကော်မန့်များရေးပြီး ပွင့်ပွင့်လင်းလင်း ဝေဖန်ဆွေးနွေး၍ သော်လည်းကောင်း ပြုလုပ်လေ့ရှိတတ်ကြတဲ့ စာဖတ်သူတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာ ဘလော့ဂါတွေ ဖြစ်ချင်မှဖြစ်မယ်။ မိမိတို့နဲ့ ရွယ်တူ၊ မိမိတို့အောက် ငယ်သူများ ဖြစ်နေနိုင်သလို မိမိတို့ထက် အသက်အရရော၊ ၀ါအရရော ကြီးမြင့်သူတွေ ဖြစ်နေနိုင်ပါတယ်။

ဘယ်စာဖတ်သူတွေက မိမိရေးတဲ့စာတွေအတွက် အကောင်းဆုံး ဝေဖန်တုံ့ပြန်နိုင်တဲ့ အကဲဖြတ်ဒိုင်လူကြီးတွေ ဖြစ်တယ်ဆိုတာကိုတော့ အချိန်ဆိုတာရယ်၊ မိမိရေးတဲ့စာတွေအပေါ်ကို မိမိကိုယ်တိုင်က ဘယ်လောက်ထိ စေတနာ စစ်မှန်မှုရှိတယ်ဆိုတာရယ်က အဖြေပေးသွားပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော့်အနေနဲ့ မလေးရဲ့မေးခွန်းကို ပြန်ပြီး အနှစ်ချုပ်ဖြေရမယ်ဆိုရင်တော့ အွန်လိုင်းပေါ်မှာရေးမှ၊ စာပေနယ်ထဲမှာ နာမည်ရှိပြီးသား စာရေးဆရာတွေရေးမှရယ်လို့ မဟုတ်ပါဘူး။

ငယ်ငယ်တုန်းက ဖတ်မှတ်ခဲ့ဖူးသလိုပါပဲ။ ပျားရည်ရှာသူဟာ ပျားအုံရှိတဲ့သစ်ပင်ကိုပဲ သွားပါတယ်။ အင်ကြင်းပင်ဖြစ်မှ၊ ပိတောက်ပင်ဖြစ်မှရယ်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘလော့ဂ်များ၊ ၀က်ဘ်ဆိုက်များဟာ ပျားအုံရှိတဲ့ သစ်ပင်များနဲ့ တူပြီးတော့ စာဖတ်သူများကတော့ ပျားရည်ရှာသူများနဲ့ အလားသဏ္ဍာန် တူညီပါလိမ့်မယ်လို့ ကျွန်တော် တင်စားဆွေးနွေးလိုပါတယ်။

အားလုံးကိုချစ်ခင်လေးစားလျက်

ရန်အောင်.



9 comments:

Angelhlaing(May everybody be happy and healthy! said...

ဘက်စုံထောင့်စုံကနေ ဖြေသွားတာလေးပဲ အကို....

ရွှေပြည်သူ (ShwePyiThu) said...

သေချာသုံးသပ်ပြီး ရေးပြသွားတဲ့ အတွက် ကျေးဇူးတင်ပါတယ် အစ်ကို ရန်အောင်။ တော်တော်လေးကို ကောင်းပါတယ်။

အမ်တီအန် said...

ကိုရန်အောင်ရေ...ကျွန်မကတော့ ဖတ်လိုက်လို့ ကိုယ့်ရင်ကို ထိသွားမယ်ဆိုရင် ကဗျာ၊ ၀တ္တု၊ ရသ၊ အက်ဆေး၊ ပို့စ်မော်ဒန်၊ သရုပ်မှန် လိုင်းမခွဲခြားပဲ အွန်လိုင်းပေါ်မှာရော၊ ပုံနှိပ်စာမျက်နှာပေါ်မှာပါ တစွဲတလမ်း အချိန်ပေးဖတ်ပါတယ်။

အွန်လိုင်းပေါ်မှာ ဖတ်ဖြစ်တိုင်း တော်တော်များများ အချိန်ရတိုင်း၊ ကွန်နက်ရှင်ကောင်းတိုင်း ကွန်မန့်များပေးဖြစ်ပါတယ်။ ကိုယ်တိုင် အွန်လိုင်းပေါ် စာရေးနေသူမို့ ကွန်မန့်တွေက ရတဲ့ ခွန်အားလေးတွေ၊ ခင်မင်ရင်းနှီးမှုလေးတွေကို သိနေလို့ပါ။ ကွန်မန့်မပေးပဲ ဆိုင်းလင့်ရီဒါအဖြစ် ဖတ်ဖြစ်တဲ့ လေးစားနှစ်သက်ရတဲ့ ဆိုက်တွေလဲ အများကြီး ရှိနေပါတယ်။ နမူနာ ၂ခုလောက်ပြောရရင် - WeSheMe၊ The Gardener ( Henry Zephyr)။

အွန်လိုင်းမှာမှ မဟုတ်ပါဘူး၊ ပုံနှိပ်မီဒီယာမှာလည်း ကိုယ်နှစ်သက်တဲ့ စာပဲ ရွေးဖတ်ပါတယ်။ ကိုယ်မနှစ်သက်တဲ့ စာဆို အချိန်ကုန်ခံ မဖတ်ပါဘူး။ နှစ်သက်တယ် မနှစ်သက်ဘူးဆိုတာကလဲ စာဖတ်သူရဲ့ ခံယူချက်ပေါ်လိုက်ပြီး ကွဲပြားသွားနိုင်ပါတယ်။

ကျွန်မအနေနဲ့ကတော့ အဆိပ်အတောက်မဖြစ်စေတဲ့၊ ဒေါသမပွားစေရတဲ့၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးထားတဲ့ စာမျိုးကလွဲရင် ကျန်တဲ့ မည်သည့်ရသမဆို တစ်ခုခု ရသွားတဲ့ စာမျိုးဆို အွန်လိုင်းပေါ်မှာဖြစ်ဖြစ်၊ ပုံနှိပ်မှာပဲ ဖြစ်ဖြစ် ဖတ်ပါတယ်ရှင်။

ဆိုတော့ အွန်လိုင်းမှာပဲ ဖြစ်ဖြစ်၊ ပုံနှိပ်မှာဖြစ်ဖြစ် အရည်အသွေးရှိသူ/မရှိသူများ၊ ကြိုးစားအားထုတ်နေကြသူများ/အပျော်သဘောရေးသူများ ဒွန်တွဲနေရာယူနေပါတယ်။ အဓိကအခြေခံကျတာကတော့ သူတို့အားလုံး စာရေးစာဖတ်ဝါသနာ အခြေခံထားသူအများစုဖြစ်နေလို့ပါပဲ။ ရေးသူ ဖတ်သူများကတော့ အမျိုးမျိုး ကွဲပြားနေမှာဖြစ်ပြီး၊ နှစ်သက်ရာ စာကို လွတ်လပ်စွာ ရွေးချယ်ဖတ်နေကြဦးမှာပါဘဲ။ ကိုရန်အောင်အဆုံးသတ်မှာ ပြောသလို အချိန်ကာလက အခြေအနေကို တိုင်းတာပေးသွားမှာပါရှင်။

ပျားရည်လေးက ချိုပါတယ် ကိုရန်အောင်ရေ...
(မလေး ဆိုက်ကို ကူးလိုက်ဦးမယ် :)

သိ င်္ဂါ ရ said...

ဟုတ်ပါတယ် အစ်ကို ... ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခုနောက်ပိုင်း စာအုပ်အငှားဆိုင် စာအုပ်စင်တွေပေါ်က စာရေးဆရာပေါက်စကွေးတချို့ရဲ့ ဖြစ်သလို ပုံနှိပ်ထားတဲ့ စာလုံးတွေ ၊ လွယ်လွန်းတဲ့ စာပေတွေကို ဘာကြောင့်များ စာပေ စိစစ်ရေး နဲ့ အယ်ဒီတာတွေက စာဖတ်သူတွေဆီ ပို့ဖြစ်ခဲ့ကြသလဲ ။ စာဖတ်ပရိသတ် တချို့က လက်ခံနေကြသလဲ ဆိုတာ စဉ်းစားလို့တောင် မရတတ်ပါဘူး ခင်ဗျာ ... ။ ကျွန်တော် လေးစားဦးညွှတ်ရတဲ့ စာရေးဆရာကြီးတွေ ရှိပါတယ် ခင်ဗျာ ...။ အဲလိုပဲ online ပေါ်မှာ သိပ် အနှစ်သာရပါတဲ့ စာတွေလည်း တပုံတပင်ပါပဲ ခင်ဗျာ ... ။ နောက်ဆုံးတော့လည်း ... စာဖတ်သူတွေကပဲ ... online တွေ ၊ ပုံနှိပ်စာတွေ ထဲက ကလောင်စစ်တွေကို ခွဲခြားသွားဖြစ်လိမ့်မယ် လို့ ယူဆမိပါတယ် ခင်ဗျာ ...

အိမ့်ချမ်းမြေ့ said...

သေသေချာချာ ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကိုရန်။

ဒီထဲက အချို့စကားလုံး၊၊ ၀ါကျ များကို မလေး ရေးတဲ့ဆောင်းပါးတစ်ပုဒ်မှာ QUOTE လုပ်ခွင့်ပြုပါ..။

ကျေးဇူးတင်ခင်မင်လျှက်..
မလေး

Yan said...

>Angel Hlaing ... ကျေးဇူးညီမ.

>ရွှေပြည်သူ ... သေသေချာချာဖတ်သွားတဲ့အတွက်လည်း ကျေးဇူး ညီမ.

>မြသွေးနီ ... ဟုတ်တယ် မမြသွေးနီ... အွန်လိုင်းပေါ်မှာမှ၊ ပုံနှိပ်စာပေမှာမှ မဟုတ်ပါဘူး. တကယ်စေတနာ ပါပါရေးသူနဲ့ စေတနာ မမှန်ဘဲ ရေးသူတွေက ရွေးချယ်မှုရဲ့ တစ်ဖက်တစ်ချက်မှာ ရှိနေတတ်တယ်ဆိုတာကို ဘယ်နေရာမှာမဆို တွေ့မြင်ကြုံဆုံနိုင်ရနိုင်စမြဲပါ...

>သိင်္ဂါရ ... မှန်ပါ၏ ဘရားသား. အချိန်က မှတ်ကျောက်တင်ပေးသွားပါလိမ့်မယ်.

>အိမ့်ချမ်းမြေ့... ရပါတယ်ဗျာ. မေးခွန်းရှင်ရဲ့ ကော်မန့်က အရှည်ဆုံးပဲ ထင်ပါတယ်။း)

သဒ္ဓါလှိုင်း said...

ကိုရန်အောင်
အချက်အလက်ကောင်းလေးတွေနဲ့ ပြောပြသွားလို့ ထပ်ပြောစရာမလိုလောက်အောင်ပါပဲ။
သုတ၊ ရသ၊ ဘဝသရုပ်ဖေါ်၊ က အစပြုလို့ အကျိုးပြုစာကောင်းပေမွန်တွေကို ကြိုက်နှစ်သက်တဲ့အတွက် စာရေးဆရာကြီးဖြစ်ဖြစ်၊ အွန်လိုင်းပေါ်မှာ ဝါသနာ၊ စေတနာနဲ့ အချိန်တွေပေးပြီး ရေးသားပေးနေတဲ့ သူများအားလုံးရဲ့ စာပေလက်ရာတွေပဲဖြစ်ဖြစ် လေးလေးစားစားနဲ့ အမြဲဖတ်ဖြစ်ပါတယ်။
တစ်ထောင့်တစ်နေရာကနေ အကျိုးပြုနေ. အကျိုးပြုချင်တဲ့စိတ်နဲ့ အွန်လိုင်းမှာ စာရေးသူတွေရဲ့ စာတွေက အချိန်အခါ အခြေအနေအရ အွန်လိုင်းမှာရေးနေတဲ့ စာရေးသူဖြစ်ပေမယ့် လေးစားစရာကောင်းတဲ့ စာပေပညာရှင်တွေပါပဲ..။

ခင်မင်လျက်
သဒ္ဓါ

လှိုင်မျိုး said...

Good answer! Ko Yan!
Your answer encourage to blogger like us.

ချော(အစိမ်းရောင်လွင်ပြင်) said...

ပျားလေးတစ်ကောင် ဝတ်ရည်ရှာဖို့ရောက်လာပါတယ် ကိုရန်အောင်...
စာပေနယ်ကဖြစ်စေ၊ အွန်လိုင်းပေါ်ကဖြစ်စေ. ပန်းပွင့်လေးတွေနဲ့တူတဲ့စာတွေဟာ
ပျားလေးတွေ အတွက်တော့ ဝတ်ရည်ရှာဖို့အကောင်းဆုံးနေရာတွေပါဘဲလို့...
ဘယ်ပန်းပွင့်ရဲ့ ဝတ်ရည်က ပိုချိုတယ်လို့ မဟုတ်ဘဲ ဝတ်ရည်အားလုံး ချိုပြီးသားပါဘဲနော..