Monday, June 18, 2012

ကြယ်တစ်ပွင့် ကြွေလွင့်ကယ်စော...


“From the Cradle to the Grave” ဆိုတဲ့ အီဒီယမ်လေးကို ကျွန်တော် ငယ်စဉ်က ဖတ်ခဲ့မှတ်ခဲ့ဖူးတယ်။ အင်္ဂလိပ်အဘိဓာန်စာအုပ်လေးကို လှန်လှောကြည့်မိတော့ Cradle ဆိုတာ ကလေးသိပ်တဲ့ ပုခက်၊ Grave ဆိုတာ လူသေတွေမြှုပ်နှံတဲ့ သင်္ချိုင်းဆိုတာကို နားလည်မိပြီး ဒီစကားစုလေးဟာ ဘ၀တစ်ခုရဲ့ အစကနေ အဆုံးတိုင်လို့ ပြောချင်တာဖြစ်မယ်ဆိုပြီး မှတ်ယူခဲ့တယ်။ ဒါပေမယ့် ဘ၀ခရီးကို ကိုယ်တိုင်လျှောက်လှမ်း နေရချိန်တွေမှာတော့ “ပုခက်ထဲကနေ သချိင်္ုင်းထိ” ဆိုတဲ့ စကားစုလေးကို ရံဖန်ရံခါမှသာ ကျွန်တော်တစ်ယောက် တွေးတောမိတော့သလို တွေးတောမိပြီး မကြာခင်မှာပဲ မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေဖြစ်ခဲ့ပြန်တယ်။ 

ဒီနေ့ ဖေ့စ်ဘွတ်ခ်ပေါ်တက်တော့ မမျှော်လင့်ရဲခဲ့တဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရတယ်။


“ဆရာကြီး လူထုဦးစိန်ဝင်း ဆုံးပြီ” တဲ့လေ။


တကယ်တော့ ဒီသတင်းဟာ တစ်နေ့နေ့တော့ ဖတ်ရလိမ့်မယ်လို့ သိနေပြီးသားပါ။ ဒါပေမယ့် မမျှော်လင့်ချင်ခဲ့ဘူး။ ဆရာကြီးလို ပုဂ္ဂိုလ်မျိုးတွေ မြန်မာပြည်အတွက် ဆက်လက်ရှင်သန်နေစေချင်သေးတယ်။ အထူးသဖြင့် အခုလိုမျိုး ခေတ်ပြောင်းကာလမှာ နိမ့်ကျပြည်သူတွေအတွက် ဘက်မလိုက်ဘဲ အာဏာပိုင်အစိုးရကို မြန်မာပြည်တွင်းကနေ မကြောက်မရွံ့ရေးသားဝေဖန်ရဲတဲ့ ဆရာကြီးလို ကလောင်မျိုးဟာ အင်မတန်မှ ရှားတယ်။ 


"ညီညွှတ်ရင် အလုပ်တွင်တယ်၊ ကောင်းတယ်။ မညီညွတ်ရင် အလုပ်မတွင်ဘူး၊ ဖင့်နှေးတယ်။ ဒါပေမယ့် မညီညွတ်တာ မကောင်းဘူးလို့တော့ တစ်ထစ်ချ ပြောလို့မရဘူး။ ညီညွတ်တိုင်း ကောင်းတယ်လို့ ပြောမရနိုင်တာမျိုးရှိသလို မညီညွတ်လို့ ကောင်းသွားတာမျိုးလည်း ရှိတယ်။"

"အတင်းအကြပ်ပေါင်းစည်းခိုင်းရင် ပိုပြီးဝေးကွာသွားမှာ သေချာတယ်။ မတူတာကို တူအောင်ဇွတ်ညှိရင် နှစ်ဦးနှစ်ဖက် ထိခိုက်မှာ သေချာတယ်။ မတူတဲ့အတိုင်း ပေါင်းစည်းနေထိုင်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ငါနဲ့မတူ ငါ့ရန်သူလို့ သဘောထားခြင်းဟာ နိုင်ငံရေးအရ ရင့်ကျက်မှုမရှိတဲ့ သဘောဖြစ်တယ်၊"

"ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းမှာ အရောင်အသွေး၊ အမျိုးအစားစုံ ပန်းတိုင်းပွင့်စေရမယ်။ အတွေးအခေါ် အယူအဆပေါင်းစုံ လွတ်လွတ်လပ်လပ် ထွန်းကားစေရမယ်။ အားလုံးလွတ်လွတ်လပ်လပ် ငြင်းခုန်ဆွေးနွေးဖို့ အားပေးရမယ်။ ငြင်းခုန်ခြင်းဟာ ရန်ဖြစ်တာ မဟုတ်ဘူး။ မတူတဲ့ အယူအဆတစ်ခုကို ထုတ်ဖော်တင်ပြတာ ဖြစ်တယ်။ ရှေးခေါမခေတ် လူသားတွေ အပြန်အလှန် ဆွေးနွေးငြင်းခုန် လုပ်ကြရာက ဒီမိုကရေစီ သဘောတရားတွေ ပေါ်ထွန်းလာရတာ မဟုတ်လား။"

"အစိုးရဆိုတာလည်း လူပဲ။ သတင်းသမားကလည်း လူပဲ။ ပြည်သူကလည်း လူပဲ။ လူဆိုရင် ဘယ်သူဖြစ်ဖြစ် အမှားတော့ ရှိမှာပဲ။ သူတစ်ပါး ဘ၀ပျက်လောက်တဲ့ အမှားကို ကျူးလွန်တဲ့သူဟာ တစ်နေ့တော့ တစ်ဘ၀မှာတော့ သူခံရမှာပဲ။"

"နောက်တော်ပါတွေနဲ့ အောက်ခြေဆင်းတယ်ဆိုပြီး နောက်တော်ပါ တစ်ပြုံကြီးနဲ့ သွားကြည့်ရင်လည်း ပကတိ အခြေအနေမှန်ကို မသိနိုင်ဘူး။ သနပ်ခါးလိမ်း၊ ပန်းပန်ပြထားတာတွေပဲ တွေ့ရလိမ့်မယ်။ တကယ့်အဖြစ်မှန်၊ အခြေအနေမှန်ကို သိချင်ရင် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေကို တွေ့ဆုံမေးမြန်းမှပဲ ဖြစ်လိမ့်မယ်။
ကျောင်းထဲမှာ အစည်းအဝေးခေါ်ပြီး ပြောပါဆိုရုံနဲ့တော့ ဘယ်သူမှ ပြောမှာမဟုတ်တာ သေချာတယ်။ အတိုင်ခံရသူတွေက ဘာမှမဖြစ်ဘဲ တိုင်ကြားသူသာ အရေးယူခံရတဲ့ အဖြစ်မျိုးတွေ ကြုံဖူးပေါင်းများပြီဆိုတော့ လူတွေက ရှေ့ထွက်ပြီး လူစွမ်းကောင်း မလုပ်ချင်ကြတော့ဘူး။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိဆိုတာကလည်း သိသိသာသာ ဖြစ်လာတာ မတွေ့မမြင်ရသေးဘူး။"

ဒီလို ရဲရဲတောက် စကားမျိုးတွေကို ကျွန်တော်တို့တွေ နောက်နောင် ဖတ်ရဖို့ အခွင့်အလမ်းမရှိတော့ဘူး။ ဆရာကြီးဟာ ကျွန်တော့်အတွက် မြင်ဆရာ၊ ကြားဆရာတစ်ယောက်ပါ။ ဆရာကြီးနဲ့ ကျွန်တော် တစ်ကြိမ်တစ်ခါမှ မကြုံဖူး မဆုံဖူးခဲ့သလို ဆရာကြီးသိတဲ့ အသိုင်းအ၀ိုင်းထဲမှာလည်း ကျွန်တော့်ကို တစ်ခါမှ ကြားဖူးခဲ့လိမ့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ဆရာကြီးရဲ့ စာပေဂုဏ်သိက္ခာကို အထူးပဲ လေးစားမြတ်နိုးမိတယ်။ 

သာမန်ရောဂါလေးတွေ ဖြစ်ရင်တောင် အမေကယ်ပါ အဘကယ်ပါဆိုပြီး ရှူနာရှိုက်ကုန်း အကြောင်းအမျိုးမျိုးပြလို့ ရေသာခိုချင်နေသူတွေကို ဆရာကြီးအိမ်ကို ခေါ်ပြသွားချင်မိတယ်။ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ အသက်ကို ခဲရာခဲဆစ် ရှုကာ တစ်ရက်ကို အကျိုးပြု ဆောင်းပါးနှစ်ပုဒ်နှုန်းကျ ရေးသားပြုစုနေတဲ့၊ မိမိအတွက်သာမကဘဲ လူငယ်လူရွယ်တွေရဲ့ အကျိုးစီးပွားအတွက် ခက်ခက်ခဲခဲ အချိန်တွေကို ဝေမျှပေးဖို့ ၀န်မလေးတဲ့ ဆရာကြီးရဲ့ ပရိဟိတစိတ်ဓာတ်ကို အတုယူအားကျမိတယ်။ 

ကြုံကြိုက်ကွဲ အချစ်ဇာတ်လမ်းတွေ၊ အညှီအဟောက်ဆန်တဲ့ အပေါစား စာပေမျိုးတွေဆိုရင် အမှာစာရေးပေးဖို့ မပြောနဲ့၊ ပြတ်ပြတ်သားသား ဝေဖန်ရှုတ်ချတတ်တဲ့ ဆရာကြီးရဲ့ ကလောင်ဂုဏ်သိက္ခာကို ကျွန်တော်ကိုယ်တိုင် မြန်မာစာပေလောကထဲ တိုးဝင်ကြည့်မိတော့မှ ပိုပြီးသိရှိနားလည်လာခဲ့ရတယ်။ အဲဒီ့လို သိရှိလေလေ၊ ဆရာကြီးပေါ်ကို ကြည်ညိုလေးစားစိတ်တွေ ပိုမိုဖြစ်ထွန်းလာလေလေပါပဲ။

ပြက္ခဒိန်ရက်စွဲကို ကြည့်မိတော့ တိုက်ဆိုင်လွန်းတာပဲလား မသိဘူး။ ဆရာကြီး ဆုံးသွားခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့ဟာ “အဖေနေ့” ဖြစ်နေခဲ့တယ်လေ။

ဆရာကြီး ရောက်လေရာရာ ဘ၀တိုင်းမှာ အများအကျိုးအတွက် ရှင်သန်နိုးကြားနေမယ်ဆိုတာကို ပြောစရာမရှိ အကြွင်းမဲ့ ယုံကြည်နေပြီးသားပါ။

ကျွန်တော်က ဒီနှစ်ထဲမှာ ဆရာကြီးကို တွေ့မယ်ဆိုပြီး အားခဲထားခဲ့တာ။ ရှေ့ဆက်လျှောက်လှမ်းရမယ့် စာပေခရီးအတွက် အကျိုးပြုကလောင်တစ်ချောင်းဖြစ်အောင် ဘယ်လိုခံယူချက်တွေနဲ့ ရပ်တည်နေထိုင်သင့်သလဲ ဆိုတာတွေကို ဆရာကြီးနဲ့ လူကိုယ်တိုင် တွေ့ဆုံမေးမြန်းပြီး ဩ၀ါဒ ခံယူချင်ခဲ့တာ။ လူငယ်လူရွယ်တွေကို စေတနာထားလွန်းတဲ့ ဆရာကြီးရဲ့ နေ့စဉ်ဘ၀လှုပ်ရှားမှု ပုံရိပ်တွေကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ချင်ခဲ့တာ။

ဒီလိုပါပဲလေ. ချစ်ခင်မြတ်နိုးလေးစားရသူတွေကို အသက်ရှည်ရှည် နေထိုင်စေချင်ပေမယ့်လည်း မဖြစ်လာခဲ့တာတွေ အတိတ်မှာ ရှိခဲ့ဖူးပြီမို့ ကျွန်တော် ဖြေသာအောင် ဖြေလိုက်ပါတော့တယ်။ ဒါပေမယ့် စာရေးကျဲတဲ့ ကျွန်တော့်ဘလော့ဂ်မှာတော့ ဆရာကြီးနဲ့ ပတ်သက်တဲ့ ပို့စ်လေးတစ်ခုကို ခံစားချက်တွေနဲ့အတူ ရေးတင်ဖြစ်ခဲ့တယ်…

မြန်မာစာပေကောင်းကင်မှာ ကြယ်ပွင့်ကြီးတစ်ပွင့် ဒီနေ့ ကြွေလွင့်သွားခဲ့တယ်။

ကျွန်တော်တို့အတွက်၊ အထူးသဖြင့် ကျွန်တော့်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ…





~ ရေခဲငှက် ~

Photo Credits: Internet

8 comments:

cho kha said...

ကျွန်တော်တို့အတွက်၊ အထူးသဖြင့် ကျွန်တော့်အတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတစ်ခုပါပဲ…

မြသွေးနီ said...

ဆရာကြီးတပည့်တစ်ယောက်အနေနဲ့ ဒီပို့စ်လေးကို ဖတ်ပြီး ပိုပြီး ၀မ်းနည်းကြေကွဲရတယ်။ အကြွေစောတဲ့ ကြယ်တွေအတွက် ကောင်းကင်ပြင်ကြီးက နေရာတစ်နေရာ သတ်မှတ်ပေးထားမှာပါ..။ ဆရာ့ကြီးကတော့ ကြယ်ပွင့်များထဲက ရဲရဲနီတဲ့ ကြယ်ပွင့်တစ်ပွင့် ဖြစ်ခဲ့သူပါ။ ဆရာ့လို လူစားမျိုး နောက်ထပ် ထပ်ပေါ်ဖို့ မလွယ်ကူပါဘူး။ လူ့ဘောင်တာဝန်ကို နောက်ဆုံး ဆံချည်မျှင်မျှသော အချိန်အထိ တာဝန်ကျေအောင် ထမ်းသွားသူပါ..။
ဝမ်းနည်းကြေကွဲမှုက ပြောမပြတတ်အောင်ပါ..:(

ခနွဲ said...

လူထု ဦးစိန်ဝင်းက လူငယ်တွေ အတွက် လမ်းပြခေါင်းဆောင်၊ ရဲရဲတောက် စကားလုံးတွေနဲ့ ကျွန်တော်တို့တွေကို မျိုးချစ်စိတ်ဓါတ် နိုးကြားစေခဲ့သူ...

ကောင်းရာ သုဂတိလားပါစေခင်ဗျာ............

သတိုး said...

လူငယ်တွေကို စိတ်ဝင်စားသလို အားထားလျှက် အားလည်း မရခဲ့တဲ့၊ စိတ်ဇွဲသတ္တိအပြည့်နဲ့ ဆရာကြီးရဲ့ ကျေးဇူးဂုဏ်ကို မမေ့မလျော့ ကန်တော့အပ်ပါတယ် ခင်ဗျာ..။

အိမ့်ချမ်းမြေ့ said...

ဆရာကြီးရဲ့ အတွေးနဲ့အရေးကို လေးစားလွမ်းဆွတ်လျှက်...
ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းလျှက်..။

(FB မှာ မလေး ..ရှဲလိုက်ပါတယ်)

Yan said...

>Cho Kha... ဟုတ်တယ်. ညီမရေ. တကယ့်ကို နှမျောနေမိတယ်.

>မြသွေးနီ... ကျွန်တော်တို့လို သိပ်မနီးစပ်တဲ့လူတွေတောင် ၀မ်းနည်းခံစားရရင် တပည့်ရင်းဖြစ်တဲ့ မမြသွေးနီတစ်ယောက် ဘယ်လိုခံစားရနေမလဲဆိုတာ တွေးမိပါတယ်။ ဆရာကြီးအကြောင်း ပို့စ်လေးတွေ ရေးစေချင်ပါတယ် မမြသွေးနီ..

>ခနွဲ... ဟုတ်တယ် ဘရားသား. သူ့စကားလုံးတွေက တကယ်ပြောင်မြောက်တယ်. လူငယ်တွေကို အားပေးတယ်. ပြည်သူတွေဖက်က ရပ်တည်ပေးတယ်.

>သတိုး... ထပ်တူပါပဲ ဘရားသားရေ.

>အိမ့်ချမ်းမြေ့... ကျေးဇူးမလေး. သူမရှိတော့မှပဲ သူ့စာတွေကို ပိုတန်ဖိုးထားလာမိတယ်. အီးဘွတ်ခ်လေး လုပ်ထားနိုင်ရင် ကောင်းမယ်လို့တောင် တွေးနေမိတယ်.

ပျိုးယုဝသုန် said...

ဆရာကြီးရဲ့နောက်ဆုံးခရီကို လိုက်ပို့ခွင့် မရခဲ့ဘူး။
ငယ်စဉ်အခါက တွေးတတ်မြင်တတ် စဉ်းစားတတ်အောင်၊ ပြဿနာဆိုတာ ကြောက်စရာမဟုတ်ပဲ ရဲရဲရင်ဆိုင်တတ်အောင်၊ မိဘနဲ့ သားသမီးကြားမှာရှိတဲ့ အက်ကြောင်းတွေကို ထောက်ပြပေးခဲ့တဲ့ သင်ကြား သွန်သင်ခဲ့တဲ့ ဆရာကြီး ...
စာသင်ပေးရင် ထမင်းပါကျွေးခဲ့တဲ့ ဆရာကြီး ..
ခုတော့ ဆရာကြီးကျွေးတဲ့ထမင်းလည်း မစားရတော့ဘူး၊ ဆရာကြီးရဲ့မှတ်သားစရာစကားတွေလည်း မနာကြားရတော့ဘူး..
ဝမ်းနည်းလိုက်တာ .. ..

Nyi Linn Thit said...

ဆရာကြီးရဲ့ အကြောင်းတွေကို သာမာန် စာဖတ်ပရိတ်သတ် တစ်ယောက်ထက် ပိုမသိပေမယ့် သူ့ရဲ့ ရဲရဲတောက် ဆောင်းပါးတွေကို သတိထားပြီး စောင့်ဖတ်ခဲ့တယ်၊ တည်ကြည်၊ ပြတ်သားတဲ့ အရေးအသားနဲ့ ရပ်တည်ချက်တွေကို တသက်လုံး ဆုပ်ကိုင်၊ နေထိုင်သွားခဲ့တဲ့ ကြယ်တစ်ပွင့်မို့ အစားထိုး မရတဲ့ ဆုံးရှုံးမှုပါပဲဗျာ...။