Tuesday, May 22, 2012

အပြာရောင်နွေဦး



ပြတင်းတံခါးကို အသာအယာတွန်းဖွင့်လိုက်တော့ နံနက်ခင်းလေနုအေးလေးက အခန်းငယ်လေးထဲကို အသာအယာ တိုးဝှေ့ဝင်ရောက်လာခဲ့တယ်။ သူ့တံခါးဖွင့်သံကို ကြားလို့ထင့်၊ အိမ်အပေါ်ထပ်ခေါင်မိုးနားလေးဆီက ငှက်ကလေးနှစ်ကောင်က အလန့်တကြား ရုတ်ခနဲ ထပျံသွားတာကို သဘောကျစွာနဲ့ အစအဆုံး လိုက်ကြည့်နေလိုက်မိတယ်။ အိမ်ရှေ့တည့်တည့်က ဓာတ်ကြိုးလေးပေါ်မှာတော့ စာဝါငှက်ကလေးတစ်ကောင်က သူ့ကိုယ်လုံး ၀၀တုတ်တုတ်လေးပေါ်က အမွှေးလေးတွေကို တဖျပ်ဖျပ်ခါလိုက်၊ သူ့နှုတ်သီးလေးနဲ့ တောင်ပံလေးတွေကို ဟိုဟိုဒီဒီ တို့ထိလိုက်နဲ့ အလုပ်ရှုပ်နေလေရဲ့။

အပေါ်ထပ်ကမြင်တွေ့နေရတဲ့ ရှုခင်းလေးတွေက စိမ်းစိုလန်းဆန်းနေတယ်။ ဆောင်းအကုန် နွေအကူး ရာသီအကူးအပြောင်းလေးက အရင်ကထက်စာရင် ပိုပြီး ရဲတင်းလာသလို သူခံစားရတယ်။ ဟုတ်တယ်။ အရင်အပတ်တွေကဆို နွေဦးလို့သာဆိုတယ်။ မိုးလေးက တစ်ပြိုက်နှစ်ပြိုက် ရွာချင်ရွာလိုက်၊ မုန်တိုင်းဝင်ချင်တဲ့ အရိပ်အယောင်လေးတွေ သမ်းချင်သမ်းလိုက်၊ ညနေခင်းဆို အအေးဓာတ်လေးက ပိုချင်ပိုလာလိုက်နဲ့ နွေဦးဟာ သူ့ရဲ့ တောင်ပံတွေကို လွတ်လွတ်လပ်လပ် မဖြန့်ကျက်နိုင်ခဲ့ရရှာဘူး။ ရာသီစက်ဝိုင်းမှာ မေးတင်ပြီး သူ့အလှည့်ကို စောင့်စားနေခဲ့တဲ့ နွေဦး သမီးပျိုဟာ  ခုတော့လည်း တင့်တယ်ကြော့ရှင်းစွာနဲ့ လှလှပပ အရွယ်ရောက်ခဲ့ပြီပဲ။

ညက ရွာထားခဲ့တဲ့ မိုးရေစက်လေးတွေကို မက်ရေစက်ရေ သောက်သုံးထားပြီး သန့်စင်ဝင်းပနေတဲ့ နွေဦးရဲ့ သစ်ရွက်လေးတွေဟာ နံနက်ခင်းရဲ့ နေရောင်ခြည်အောက်မှာ ခုမှ ရေမိုးချိုးပြီး အလှဆင်ထားတဲ့ အပျိုမလေးတစ်ယောက်လို အစွမ်းကုန်လှပ ၀ံ့ကြွားနေကြတယ်။ သူကြည့်နေရင်းမှာကိုပဲ ခပ်လှမ်းလှမ်းက ချုံပုတ်ပင်လေးရဲ့ သစ်ရွက်လေးဆီက စီးကျလာတဲ့ ရေစက်လေးဟာ သူ့အောက်မှာရှိနေတဲ့ သစ်ရွက်လေးအပေါ်ကို တောက်ခနဲ စီးကျသွားခဲ့တယ်။ အဲဒီ့ကမှတဆင့် ရေစက်ကလေးက အောက်ဖက်မှာ ရှိနေတဲ့ သစ်ရွက်လေးတွေဆီကို ထပ်ကာထပ်ကာနဲ့ ကျသွားခဲ့တယ်။ ဘယ်လောက်လှလိုက်တဲ့ ဆင့်ကဲဖြစ်စဉ်လေးလဲ။

ခပ်လှမ်းလှမ်း သစ်ပင်လေးရဲ့ သစ်ခေါင်းလေးထဲကနေ ရှဉ့်ညိုလေးတစ်ကောင် ခေါင်းလေး ပြူတစ်ပြူတစ်လုပ်ရင်း ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေတယ်။ ခဏနေတော့ သစ်ခေါင်းလေးထဲကနေ လွှားခနဲ ခုန်ထွက်လာခဲ့ပြီး သစ်ကိုင်းလေးတွေကတဆင့် ကျင်လည်စွာ ဖြတ်လျှောက်လို့ သစ်ပင်အောက်ခြေကို ဆင်းလာခဲ့တယ်။ 

သစ်ပင်အောက်နားလေးကို ရောက်ခါနီးတော့ သူက လွှားခနဲတောင် တစ်ချက် ခုန်ချလိုက်သေးရဲ့။ သူခုန်ချလိုက်တဲ့ မြက်ပင်လေးတွေပေါ်က ရေမှုန်မွှားလေးတွေ ဖွာခနဲ ဖြစ်သွားတာလေးကိုက ရုပ်ရှင်ကားတွေထဲမှာ ရေအိုင်ထဲကို မော်တော်ကားတစ်စင်း ခပ်ကြမ်းကြမ်း ဖြတ်မောင်းသွားသလိုမျိုး ကြည့်လိုတစ်မျိုး ကောင်းနေခဲ့တယ်။

ရေနွေးအိုးကို ရေအနည်းငယ်ထပ်ဖြည့်ပြီး မီးဖိုပေါ်မှာ တည်လိုက်တယ်။ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီး ရေချိုးခန်းထဲက ပြန်ထွက်လာချိန်မှာ ရေနွေးအိုးက တရွှီရွှီနဲ့ ၀ီစီမှုတ်နေခဲ့ပြီ။ သူမ သိပ်ကြိုက်တယ်ဆိုတဲ့ အပြာရောင် ကော်ဖီခွက်လေးထဲကို သကြားတစ်ဇွန်း၊ ကော်ဖီမိတ်နှစ်ဇွန်း၊ နက်စ်ကော်ဖီမှုန့် တစ်ဇွန်းထည့်ပြီးတော့ ရေနွေးတစ်ဝက်လောက် ထည့်လိုက်တယ်။ ဇွန်းလေးနဲ့ နည်းနည်းမွှေပြီး ဇွန်းကို ပန်းကန်ဆေးစင်လေးထဲ ထားခဲ့လိုက်တယ်။ မနေ့ညနေက စိတ်လိုလက်ရ တိုက်ချွတ်ဆေးကြောထားခဲ့တဲ့ ပန်းကန်စင်လေးက သူ့ကို ကျေးဇူးတင်တဲ့အကြည့်လေးနဲ့ ပြန်ကြည့်ပြီး သူချထားခဲ့တဲ့ ဇွန်းလေးကို အသာတကြည်လေးပဲ လက်ခံယူထားခဲ့လိုက်တယ်။ စိတ်ကမဖြောင့်တော့ဘူး။ အဲဒါနဲ့ပဲ ရေဘုံဘိုင်ကို ဖွင့်ချပြီး ဇွန်းလေးကို ရေနည်းနည်းကျင်းလို့ ခပ်မြန်မြန်လေးပဲ ဆေးကြောလိုက်တယ်။

သင်းခနဲ ဝေ့တက်လာတဲ့ ကော်ဖီနံ့လေးကို တရှိုက်မက်မက် ရှုသွင်းလိုက်ပြီး ကော်ဖီခွက်လေးကို ကိုင်လို့ အိမ်ရှေ့တံခါးမကြီးဖက်ကို ထွက်လာခဲ့လိုက်တယ်။ တံခါးကို အဆုံးတိုင် ဖွင့်လိုက်ပြီး နံနက်ခင်းရဲ့ လေကောင်းလေသန့်လေးတွေကို  အိမ်လေးထဲ အပြည့်အ၀ ဖိတ်ခေါ်လိုက်တယ်။ အိမ်ရှေ့အုတ်ခုံလေးပေါ်မှာ ကော်ဖီခွက်လေးကို တင်ပြီး မသောက်သေးဘဲ ခဏနှပ်ထားလိုက်တယ်။ မတ်တပ်ရပ်လို့ ခါးနှစ်ဖက်ကို ဘယ်ညာလှည့်ချိုးလိုက်ပြီး အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လို့ “မင်္ဂလာပါ လောကကြီးရေ..” လို့ ခပ်တိုးတိုးနှုတ်ဆက်လိုက်မိတယ်။

မိုးသားတိမ်လိပ်တွေ ကင်းစင်လို့ ကြည်လင်သာယာနေတဲ့ ဒီလို နံနက်ခင်းမျိုးလေးတွေနဲ့ ကင်းကွာနေခဲ့တာ ကြာပြီပဲ။ ကော်ဖီပူပူလေးကို ရှူးခနဲ တမင်သက်သက် အသံမြည်အောင် သောက်လိုက်တယ်။ ကလေးများ ဆန်သွားပြီလားလို့ တွေးမိပြီး တစ်ယောက်တည်း ကြိတ်ပြုံးမိလိုက်သေးရဲ့။ နေရောင်ခြည်က တဖြည်းဖြည်းနဲ့ အရှိန်ရစပြုလာတယ်။ အိမ်ရှေ့ မြေကွက်လပ်လေးမှာ စိုက်ထားတဲ့ သစ်ပင်လေးတွေမှာ အဖူးအနုလေးတွေက အစီအရီပေါ်ထွက်လို့ အလှချင်းပြိုင်နေကြတယ်။

 “နွေဦးဆန်းသစ် ရွက်ရော်လှစ်လို့ ပုရစ်ကယ်ရွှေဥ ပင်တိုင်းစုကြသည် နုညိုစင်ငယ်တဲ့လေ” ဆိုတဲ့ တပေါင်းညှာကျင် အဲချင်းလေးကို ရေးစပ်ခဲ့တဲ့ ဦးယာရဲ့ ခံစားချက်ကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ချင်းစာမိသွားခဲ့ရတယ်။ ဩော်… ငယ်လိုက်ပါဘိ၊ နုလိုက်ပါဘိ၊ သန့်လိုက်ပါဘိ၊ စင်ကြယ်လိုက်ပါဘိ။

ကော်ဖီကို တမျှင်းမျှင်းနဲ့ ဇိမ်ခံသောက်နေချိန်မှာ “ဂွဒ်မောနင်း” ဆိုတဲ့ နှုတ်ဆက်သံက လမ်းမဖက်က ထွက်ပေါ်လာခဲ့တယ်။ လှမ်းကြည့်လိုက်တော့ ကလေးလေးတစ်ယောက်ကို ချီထားတဲ့ နှစ်အိမ်ကျော်က မြန်မာ အစ်ကိုကြီးတစ်ယောက် ဖြစ်နေခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နှုတ်ဆက်ပြီး “ရာသီဥတုကောင်းတယ်နော်” ဆိုတဲ့စကားကို မှတ်မှတ်ရရ ပြောဖြစ်အောင် ပြောလိုက်မိသေးတယ်။


တစ်ကောင်နဲ့ တစ်ကောင် အပြန်အလှန် တွန်ထူးဘာသာ မြည်ကြွေးနှုတ်ဆက်နေကြတဲ့ ငှက်ကလေးတွေရဲ့ အသံလေးတွေကလည်း တဖြည်းဖြည်းနဲ့ ပိုကျယ်လောင်လာခဲ့တယ်။ အစိမ်းရောင်သမ်းနေတဲ့ ပုရစ်ဖူးရွက်နုငယ်လေးတွေ၊ အ၀ါတစ်ချို့ အဖြူတစ်ချို့နဲ့ လေအသိမ်းမှာ ယိမ်းကနေကြတဲ့ အလေ့ကျပေါက် တောပန်း အပင်ငယ်လေးတွေ၊ အိမ်ရှေ့က မြေကွက်လပ်လေးထဲမှာ က္ကုနြေ္ဒရရ လဲလျောင်းအိပ်စက်နေတဲ့  အပင်စိုက်ဖို့ တူးဆွထားတဲ့ မြေအညိုရောင်လေးတွေ၊ မျက်နှာချင်းဆိုင်အိမ်အပေါ်ထပ် ပြတင်းတံခါးလေးဆီက လေတိုက်တိုင်း ဟိုဟိုဒီဒီ မျောလွင့်နေတဲ့ ခန်းဆီးဖြူဖြူလေးတွေကို လိုက်ငေးကြည့်ရင်း တစ်ချိန်တုန်းက သူမပြောခဲ့ဖူးတဲ့ စကားတစ်ချို့ကို ကြားယောင်မိလာခဲ့တယ်။

“သဘာဝကို ခံစားတတ်ဖို့၊ သဘာဝရဲ့ အရောင်အသွေးတွေကို နှလုံးသားနဲ့ ကြည့်မြင်တတ်ဖို့ဆိုတာ ပန်းချီပညာကို လေ့လာနေသူတွေအတွက် သိပ်ကိုအရေးကြီးတယ်။ တစ်စုံတစ်ယောက်ရဲ့ ပယောဂမပါဘဲ သူ့နဂိုမူလအတိုင်း ဖြစ်ပေါ်နေတဲ့ အရောင်တွေကို ကျွန်မ စိတ်ဝင်စးတယ်”

"ဒါဆိုရင် ပန်းချီဆရာရဲ့ ပယောဂကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝလွန် အရောင်တစ်ချို့ကိုရော ဘယ်လိုမြင်လဲ၊ ဥပမာ ဗင်းဆင့်ဗန်ဂိုးရဲ့ နေကြာပန်း ပန်းချီကားလိုပေါ့.”

အဲလို သူပြန်မေးတော့ သူမက ခေါင်းလေးကိုမော့လို့ ဟက်ဟက်ပက်ပက် ရယ်မောခဲ့ဖူးတယ်. ပြီးတော့မှ ချောင်းလေးတစ်ချက်ရှင်းလိုက်ပြီး ခပ်ဝေးဝေးမှာ မြင်နေရတဲ့ မေပယ်လ်ပင်လေးကို ငေးကြည့်လို့ သူမတစ်ယောက်တည်း ပြောသလို ခပ်တိုးတိုးလေး ပြန်ဖြေခဲ့တယ်။

“သဘာဝက ပေးအပ်ထားတဲ့ အရောင်ပေါ်မှာ လူရဲ့ အနုပညာကို ခံစားတတ်တဲ့ စိတ်ခံစားချက်ကို ထပ်မံပေါင်းစပ်ပေးလိုက်လို့ တစ်ချို့အရောင်တွေဟာ ရှိရင်းစွဲထက် ပိုအားကောင်းလာတတ်သလို ရှိရင်းစွဲထက်လည်း ပိုအားဖျော့သွားတတ်သေးတယ်. အနုပညာဆိုတာ အရှိကို အရှိတိုင်းပဲ တင်ပြရစကြေးဆို ပန်းချီကားချပ်တွေ အကုန်လုံးဟာ လူပုံတူ၊ သဘာဝပုံတူ ပန်းချီကားချပ်တွေကြီးပဲ ဖြစ်နေတော့မှာပေါ့.”

ကော်ဖီကို နောက်ဆုံးတစ်ကျိုက်မော့သောက်လိုက်ချိန်မှာ သူမကို နက်နက်ရှိုင်းရှိုင်း သတိရလွမ်းဆွတ်မိသွား ခဲ့ရတယ်။

အဲဒီ့နေ့က လေယာဉ်ကွင်းထဲ ၀င်ခါနီး သူ့မျက်ဝန်းတွေကို တည့်တည့်မတ်မတ် စိုက်ကြည့်လို့် သူမ ခပ်ပြုံးပြုံးလေးပြောခဲ့တယ်။

“ငွေကြေးအားဖြင့် ကြေးမမြင့်မားပေမယ့် တန်ဖိုးအားဖြင့်တော့ နှိုင်းဆလို့ မရတဲ့ အရာလေးတစ်ခုပါ. ကော်ဖီကြိုက်တတ်တဲ့ ရှင့်အတွက် အမြဲပဲ အသုံးဝင်နေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်”

သူ့ကိုကမ်းပေးလိုက်တဲ့ ဘူးလေးကိုယူပြီး ပဟေဠိဆန်လွန်းတဲ့ သူမရဲ့ ရီဝေေ၀ မျက်ဝန်းတွေကို သူအကြာကြီး စိုက်ကြည့်နေဖြစ်ခဲ့တယ်။ အထဲမှာ ဘာပါလဲဆိုတာ သူမက မပြောပြခဲ့သလို သူကလည်း မမေးခဲ့ပါဘူး။ မျက်ဝန်းတွေက နွေးထွေးဆွတ်ပျံ့ဖွယ် ကောင်းသလောက် သူမရဲ့ ပိရိသေသပ်တဲ့ နှုတ်ခမ်းဖျားလေးတွေဆီက ထွက်ပေါ်လာတဲ့ စကားသံလေးတွေကတော့ ခန့်မှန်းရခက်လွန်းစွာ အေးစက်တည်ငြိမ်နေခဲ့တယ်။

အိမ်အပြန် တရိပ်ရိပ်ပြေးနေတဲ့ အမြန်ရထားပေါ်မှာ သူမ ပေးခဲ့တဲ့ ဘူးလေးကို ရင်ခုန်မြတ်နိုးစွာနဲ့ ဖွင့်ကြည့်ဖြစ်ခဲ့တယ်။ ထောင့်ချွန်လေးတွေနဲ့ အနုပညာဆန်ဆန် ရေးထားတဲ့ သူမလက်ရေးလေးတွေက သူ့ကို မှော်အတတ်ပညာနဲ့ ပြုစားထားသလိုပဲ မလှုပ်မယှက် ငြိမ်သက်နေစေခဲ့တယ်။

“အပြာရောင်ဆိုတာ ကောင်းကင်နဲ့ ပင်လယ်ကို ကိုယ်စားပြုတဲ့ အရောင်…

အပြာရောင်ဆိုတာ နက်ရှိုင်းခြင်းနဲ့ တည်ငြိမ်ခြင်းကို ပေါင်းစည်းပေးထားတဲ့အရောင်…

အပြာရောင်ဆိုတာ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိမှု၊ အသိဥာဏ်ပညာနဲ့ ပြည့်စုံမှု၊ ကိုယ့်ကိုယ်ကို 

ယုံကြည်စိတ်ချမှု၊ အတွေးအခေါ် ထက်မြက်သန်စွမ်းမှု စတာတွေကို သိမ်းဆည်းပိုက်ထွေးထားတတ်တဲ့ အရောင်…

ကျွန်မ ရှိနေစဉ်အချိန်ကာလ တလျှောက်လုံး ဂရုတစိုက်ရှိခဲ့တဲ့အတွက်ရော...

ကျွန်မ ပြောတဲ့ စကားတွေကို အေးချမ်းတည်ငြိမ်စွာ အမြဲနားထောင်တတ်ခဲ့တဲ့အတွက်ရော...

ကျွန်မအပေါ် ယုံကြည်နွေးထွေးမှုတွေ အမြဲ ပေးစွမ်းနိုင်ခဲ့တဲ့အတွက်ရော...

ကျွန်မ ရှင့်ကို အမြဲတမ်း သတိရနေမှာပါ ၀ိုင်…”

ကဒ်ပြားလေးကို အသာဖယ်ကြည့်လိုက်တော့ အထဲမှာ စက္ကူစလေးတွေနဲ့ သပ်သပ်ရပ်ရပ် ထုပ်ပိုးထားတဲ့ အပြာရောင် ကော်ဖီခွက် လေးတစ်ခွက်ကို တွေ့လိုက်ရတယ်။


နွေဦးရဲ့ ပိုက်ထွေးယုယမှုအောက်မှာ တစ်မျိုးစီ အသက်ဝင်လှုပ်ရှားနေကြတဲ့ ပန်းမာန်လေးတွေ၊ သစ်ပင်လေးတွေ၊ ငှက်ကျေးလေးတွေ၊ ရှဉ့်ညိုလေးတွေ၊ ခန်းဆီးလေးတွေ၊ တိမ်တိုက်လေးတွေကို ငေးကြည့်ရင်း သဘာဝရဲ့ အရောင်အသွေးတွေကို သူခံစားနေခဲ့မိတယ်ဆိုတာကို သူမတစ်ယောက် သိစေချင်ပါတယ်.

နွေဦးနံနက်ခင်းရဲ့ အပြာရောင် ကောင်းကင်က အခါအခွင့်ရတိုင်း ကြည်လင်သာယာစေဖို့ အစွမ်းကုန်ကြိုးစားနေဆဲပါပဲ..

နွေဦးနံနက်ခင်းရဲ့ သဘာဝတေးသံက ဘယ်သူ့ကိုမှ ဘက်မလိုက်ဘဲ အချိန်မှန်မှန် ကျူးရင့်သီကြွေးနေဆဲပါပဲ..

နွေဦးနံနက်ခင်းရဲ့ ရင်ခွင်ထဲမှာ အပြာရောင် ကော်ဖီခွက်လေးကလည်း သဘာဝအရောင်တွေနဲ့ လိုက်လျောညီထွေစွာ ဆက်လက် ဖြစ်ပေါ်တည်ရှိနေဆဲပါပဲ…


~ ရေခဲငှက် ~
မေ ၂၂၊ ၂၀၁၂ ခုနှစ်။ ။ 

16 comments:

အမ်တီအန် said...

တကယ့်ကို ရိုမန်းတစ်ပါဘဲ...။
အပြာရောင်ကော်ဖီခွက်လေးကြောင့် အဆုံးသတ်လေးက ပိုလှပသက်ဝင်သွားတယ်။ ငယ်မူငယ်သွေးတွေနဲ့ ကိုရန်အောင်ပို့စ်တွေ ပြန်ဖတ်နေရတာ ၀မ်းသာပါ၏။

သဒ္ဓါလှိုင်း said...

ကိုရန်အောင်.သောက်နေတာ
ကော်ဖီခွက်အပြာလေးပဲလား..။ ညွှန်းဆိုဖွဲ့ပြထားပုံလေးက ငြိမ့်ငြိမ့်လေးနဲ့ လှလိုက်တာ။
ခင်မင်လျက်
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

စာရေးကောင်းလွန်းလို့ နွေဦးရဲ့ နုသစ်လှပမှုတွေထဲ စီးမျောသွားပြီး အပြာရောင်ကော်ဖီခွက်လေးရဲ့ ပိုင်ရှင် သူမ လေးကို သဘောကျသွားမိတယ်။
အပြာရောင်အပေါ်ကို ဖွဲ့ဆိုပုံလေး သဘောကျလိုက်တာ

ချစ်စံအိမ် said...

ဆရာတွေဆိုတော့ ရေးတတ်လိုက်ကြတာ
လေးစားပါတယ်ရှင်

ချစ်စံအိမ် said...

ဆရာတွေဆိုတော့ ရေးတတ်လိုက်ကြတာ
လေးစားပါတယ်ရှင်

ရွှေအိမ်စည် said...

ငါ့ အစ်ကိုတွေ၊ အစ်မတွေ နွေတွေ ရေးလှချည်လားလို့ ဖတ်နေတာ....
သာမာန် ရာသီဘွဲ့ထင်ပြီး ခပ်ပြုံးပြုံးဖတ်နေရာက...
တဖြေးဖြေး...လွမ်းမောလာတယ်..
အပြာရောင် ခွက်ကလေးကိုတောင် အငမ်းမရလိုက်ကြည့်တော့မယ့်အတိုင်းပဲ.....
အကို့ လွမ်းမောခြင်းတွေမှာ အပြာရောင်ကလေးတွေနဲ့ အတူ ညီမလေး နစ်မြုပ်သွားတယ်
ညင်ညင်သာသာလေး :) :)

Yan said...

>မြသွေးနီ... ငယ်မူငယ်သွေးပြန်သွားတယ် ဆိုတော့ ကျွန်တော်က ခု တော်တော်အသက်ကြီးနေပြီ ဆိုတဲ့သဘောပေါ့လေ ဟုတ်စ မမြသွေးနီ... (ရန်ရှာတာ)း)

>သဒ္ဓါလှိုင်း... ဟုတ်တယ် မသဒ္ဓါ. ကျွန်တော်အခုသောက်နေတာ သူမပေးခဲ့တဲ့ ကော်ဖီခွက်အပြာရောင်လေးနဲ့ပါ. ဟတ်ဟတ်

>ချစ်စံအိမ်... မြောက်ကုန်ပြီ ညီမရေ....း)

>Shwe Eain Si... ညင်ညင်သာသာလေး... အဲဒီ့စကားသဘောကျတယ်.

Unknown said...

Neo Template

ရတနာ said...

အစ်ကို..

ဒီမနက် သီချင်းတစ်ပုဒ်နားထောင်ရင်း ဒီစာကို ပြန်ဖတ်ဖြစ်တယ်။ အရမ်းလှတယ်။

( ကောင်းနေတဲ့စာကို ကောင်းတယ်လို့ ပြောရမှာ တစ်မျိုးကြီးပဲ ) :D

မမဝသုန် said...

အေးမြမြကလေးရှိတဲ့ နွေဦးရာသီမှာ ကော်ဖီတစ်ခွက်သောက်ရင်း ဟိုးဝေးဝေးက တောင်ကုန်းဖြစ်ဖြစ် တောတန်းဖြစ်ဖြစ် မြက်ခင်းစိမ်းစိမ်းကိုဖြစ်ဖြစ် ငေးမောနေရတဲ့ အချိန်အချို့က တကယ့်ကို နှစ်သက်စရာ ကောင်းလှပါတယ် အစ်ကို

မမဝသုန် said...

အစ်ကို့ရဲ့လင့်ခ်လေး ယူသွားပါတယ်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

အပြာရောင်နဲ့ Highlightလုပ်ထားတဲ့ စာကြောင်းလေးတွေကို အထူးနှစ်သက်မိတယ် ကိုရန်အောင်ရေ.. ။

ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ အလွန်လှပတဲ့ စာလေးတစ်ပုဒ်ပါပဲ။

လေးစားစွာဖြင့်
မြတ်ပန်းနွယ်

Angelhlaing(May everybody be happy and healthy! said...

လှပခြင်း နူးညံ့ခြင်းတွေ စုစည်းထားတဲ့ မနက်ခင်းလေးက အပြာရောင် လဲ့လဲ့လေး သန်းလို့ပါလား ...အကို

Yan Aung said...

>ရတနာ..ကျေးဇူးညီမလေး. အစ်ကို စာပြန်နောက်ကျသွားတယ်. ဆောရီးး)

>၀သုန်..ဟုတ်တယ်ဗျာ. အဲလိုလေး ငေးလိုက်ဆွေးလိုက်ရေးလိုက်ရတဲ့ အရသာလေးက တစ်မျိုးကောင်းတယ်.း)))

>မြတ်ပန်းနွယ်... အပြာရောင်စာလေးတွေကိုပဲ အဓိက ခံစားသွားတာလားဗျ

>အိန်ဂျယ်လှိုင် ... အခုလည်း သန်းနေဆဲပါပဲ အပြာရောင်ကိုပြောတာ.း)

မြဝတီဇော် said...

မင်္ဂလာပါ ကိုရန်အောင်! အစ်ကို့ရဲ့ လွမ်းမော ကြည်နူးဖွယ် အပြာရောင်နွေဦးကို နှစ်သက်စွာ ခံစား ဖတ်ရှုသွားပါတယ်။ နွေဦးရာသီရဲ့ သဘာဝ အလှအပတွေကို အသေးစိတ်ကျကျ ရသမြောက်အောင် ရေးဖွဲ့ထားတာ မျက်စိထဲ မှာ မြင်ယောင်လာမိတဲ့အထိပါပဲ။ ဒီထက်မက ဆက်လက် အောင်မြင်ပါစေလို့ ဆန္ဒပြုပါတယ်ရှင်။

ခင်မင်တဲ့
မြဝတီဇော်

yinminkhine said...


“အပြာရောင်ဆိုတာ ကောင်းကင်နဲ့ ပင်လယ်ကို ကိုယ်စားပြုတဲ့ အရောင်…

အပြာရောင်ဆိုတာ နက်ရှိုင်းခြင်းနဲ့ တည်ငြိမ်ခြင်းကို ပေါင်းစည်းပေးထားတဲ့အရောင်…

အပြာရောင်ဆိုတာ တစ်ဦးအပေါ်တစ်ဦး သစ္စာရှိမှု၊ အသိဥာဏ်ပညာနဲ့ ပြည့်စုံမှု၊ ကိုယ့်ကိုယ်ကို

ယုံကြည်စိတ်ချမှု၊ အတွေးအခေါ် ထက်မြက်သန်စွမ်းမှု စတာတွေကို သိမ်းဆည်းပိုက်ထွေးထားတတ်တဲ့ အရောင်…

အပြာရောင်ဆိုတာအနှစ်သက်ဆုံးအရောင်ပါ..