Tuesday, May 01, 2012

တိမ်နဲ့ရေးတဲ့အိမ်...



သူ...

အေးမြတဲ့ နှင်းရည်စက်တွေကို စုဆောင်းလို့ တောင်စဉ်တန်းတွေတလျှောက် ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ဖြတ်သန်းခဲ့ရတယ်. အရောင်နွမ်းခြောက်နေတဲ့ သစ်ရွက်ကြွေလေးတွေကို အမှတ်တရအဖြစ် သူ့ကျောပေါ်မှာ သယ်ဆောင်လာခဲ့ဖူးသလို သစ်ပင်ထက်က မတော်တဆ ပြုတ်ကျလာခဲ့တဲ့ ငှက်ပေါက်စလေးတွေကိုလည်း သူ့ရင်ခွင်ထဲမှာ တယုတယ ယူဆောင်လာခဲ့ဖူးတယ်. တစ်ချို့နေရာတွေမှာ သူဖြတ်သန်းခဲ့ရတဲ့ ခရီးလမ်းတွေက ပြေပြစ်ညီညာနေတတ်ပေမယ့် တစ်ချို့နေရာတွေမှာတော့ ကျောက်ဆောင်ကျောက်သား ကျောက်ခါးပန်းတွေကြား ခဲခဲယဉ်းယဉ်း ရင်တဖိုဖို ကျော်ဖြတ်ခဲ့ရတယ်. တစ်ချို့နေရာမှာကျတော့ ဟာလာဟင်းလင်း ဝေါခနဲ တောင်အောက်ကို အမှတ်မထင် ပြုတ်ကျခဲ့ဖူးတယ်. ဒါပေမယ့် သူ ဘယ်တော့မှ စိတ်မပျက်ဘဲ ရောက်ရာနေရာကနေ ဖုတ်ဖက်ခါထလို့ သွားရမယ့်ခရီးလမ်းကို တစိုက်မတ်မတ် လျှောက်လှမ်း ရင်ဆိုင်ခဲ့တယ်…

ရွာငယ်လေးတွေနားက သူဖြတ်လျှောက်ခဲ့ဖူးတယ်. သူလာပြီဆိုတာ သိရင် လူတွေ သိပ်ပျော်တတ်ကြတယ်. အထူးသဖြင့် ကလေးတွေပေါ့. သူ့ရင်ထဲ အတင်းတိုးဝင်လို့ ဒီတစ်နွေလုံး သူ့ကို ဘယ်လိုလွမ်းဆွတ်နေခဲ့ရတယ် ဆိုတဲ့အကြောင်း တီတီတာတာ ပြောလားပြောရဲ့. သူ့လက်ကို အတင်းချိတ်ဆွဲလို့ ရွာရိုးကိုးပေါက် မရပ်မနား ပြေးလားပြေးရဲ့. ပျော်လွန်းလို့ဆိုပြီး သူ့ရှေ့မှာ ရှေ့ဂျွမ်းနောက်ဂျွမ်းထိုးပြလား ပြရဲ့နဲ့ပေါ့… သိပ်ချစ်ဖို့ကောင်းလိုက်တဲ့ တကယ့်ကို အပြစ်ကင်းစင်တဲ့ ပီဘိကလေးငယ်လေးတွေပါပဲ…

မြို့ပြညရဲ့ ချစ်သူစုံတွဲလေးတွေ ထိုင်နေတတ်တဲ့နားကလည်း သူမကြာခဏ ဖြတ်လျှောက်ခဲ့ဖူးတယ်. ချစ်သူမိန်းကလေးကို ဘယ်လောက်ထိ မေတ္တာရှိ ပါကြောင်း၊ မြတ်နိုးတွယ်တာပါကြောင်း ချစ်သူကောင်လေးတွေက တိုင်တည်သစ္စာ ဆိုပြနေချိန်မှာ ချစ်ရည်ရွှန်းလဲ့နေတဲ့ မျက်ဝန်းအစုံနဲ့ ငေးကြည့်နေတတ်တဲ့ ချစ်သူမိန်းကလေးတွေကို မြင်တွေ့မိတိုင်း၊ ပျော်ရွှင်ကြည်နူးနေကြတဲ့ ချစ်သူစုံတွဲလေးတွေရဲ့ ခိုးခိုးခစ်ခစ် ရယ်သံလေးတွေကို ကြားရတိုင်း သူ့စိတ်တွေက ဟိုးတောင်ပေါ်ကို ပြန်လည်ရောက်ရှိသွားခဲ့ရတယ်. ထင်းရှူးနံ့လေးတွေ သင်းပျံ့နေတဲ့ အုံ့ဆိုင်းဆိုင်း တောအုပ်ငယ်လေးရယ်၊ နှင်းရည်လေးတွေနဲ့ အေးခဲ ပြောင်လက်နေတဲ့ ကျောက်စရစ်ခဲ ငယ်ငယ်လေးတွေရယ်၊ နှင်းသီးလေးတွေကို မနိုင့်တနိုင် ထမ်းပိုးထားရတဲ့ မြက်ပင်ငယ်ငယ်လေးတွေရယ်၊ မီးခိုးလေးတွေ အူနေတဲ့ သစ်လုံးအိမ်လေးထဲက ရဲထွေးနီစွေးနေတဲ့ ပါးလေးနှစ်ဖက်ပိုင်ရှင် သူမရယ်….. 

သိပ်ကိုလွမ်းဆွတ်မိပါတယ်လေ…


နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးက သူ့မျက်နှာပြင်ထက် အပြေးအလွှားဖြတ်သန်းတတ်ကြပေမယ့် သူကတော့ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ် ရှည်ကြာလာတာနဲ့အမျှ ပိုပြီး ရင့်ကျက် တည်ငြိမ်လာခဲ့တယ်. အတွေ့အကြုံတွေ၊ ခံစားချက်တွေရဲ့ သင်ကြားပြသပေးမှုကြောင့်လည်း ခုဆိုရင် သူဟာ လွယ်လွယ်နဲ့ စိတ်လှုပ်ရှားတတ်သူ တစ်ယောက် မဟုတ်တတ်တော့ဘူး. ဒါကြောင့်လည်း တစ်ချို့က သူ့ကို မထုံတက်တေး၊ အေးတိအေးစက်နဲ့ ဆက်ဆံရခက်တဲ့သူလို့ မကြားတကြားပြောဆို ဝေဖန်လာကြတယ်. တစ်ချို့ကတော့ သူ့အကြောင်းသိရဖို့၊ သူ့ခံစားချက်တွေကို နားလည်ဖို့ ခဲယဉ်းတယ်တဲ့. တစ်ချို့ကတော့ သူ့ကို ချီးမွမ်းချင်တာလား ကဲ့ရဲ့ချင်တာလား မသိရတဲ့ အဓိပ္ပါယ်နှစ်ခွထွက်တဲ့ စကားမျိုး ပြောတတ်သေးတယ်.

“သူ့ရဲ့ စိတ်သဘောနဲ့ ခံစားချက် အတိမ်အနက်က ခန့်မှန်းရခက်တယ်”

သူကတော့ ဘာမှ ချေပပြောဆိုခြင်းမျိုး မလုပ်တော့ပါဘူး. တစ်ချို့က အသက်ကြီးလာရင် စကားတွေ ပိုပြောလာတတ်တယ်. တစ်ချို့ကတော့ အသက်ကြီးလာရင် စကားပိုနည်းသွားတတ်တယ်တဲ့. သူကတော့ ဒုတိယအမျိုးအစားထဲမှာ ပါနေမယ်လို့ ထင်ပါတယ်လေ. 

သူသွားစရာရှိတဲ့နေရာ သွားတယ်. လုပ်စရာရှိတဲ့အလုပ် လုပ်ပေးသွားတယ်. ယူစရာရှိတာယူတယ်. ပေးစရာရှိတာပေးတယ်. တခါတလေ သူတို့တောင်းသလောက် သူ့ဖက်က မပေးနိုင်ရင် အပြစ်တင်ကြိမ်းမောင်းခံရတတ်သလို သူတို့လိုချင်တာထက် ပိုပေးမိပြန်ရင်လည်း ကဲ့ရဲ့ရှုတ်ချခံရ တတ်သေးတယ်. “မလျှော့မတင်း စောင်းကြိုးညှင်း” ဆိုတဲ့ သဘောကို သူနားလည်ပါတယ်. ဒါပေမယ့် လောကနိယာမကြီးက သူဖြစ်ချင်သလို ဖြစ်နေခဲ့တာလေ. ဒီတော့ လောကနိယာမကြီးကို အကောင်အထည်ဖော်ပေးနေရတဲ့ သူ့အတွက် “အစွယ်ကိုလိုသူ မိဖုရား၊ အသွားစေခိုင်းသူ မင်းဧကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်၊ ဤကြံဖော်ကြံဖက်၊ သုံးယောက်သားအနက်တွင်မှ၊ ကံကွက်ကျား၍၊ ငမိုက်သားမုဆိုးလေ၊ နင့်ချည်းပင် သေပေတော့” ဆိုသလို သူ့ဘ၀တလျှောက်လုံး ဆိုးတဲ့ကံကွက်ကျားမိုး ရွာချခံခဲ့ရပေါင်း များသလို ကောင်းတဲ့ကံကွက်ကျားမိုးနဲ့ ကင်းကွာခဲ့ရပေါင်းလည်း များခဲ့ပါပြီ.

သူ တွေးနေမိတယ်..

ဒီလို အချိန်ဆို သစ်လုံးအိမ်လေးဘေးနားမှာ ဒက်ဖိုဒေးလ် ပန်းဝါ၀ါလေးတွေ ပွင့်ဖူးနေကြလောက်ပြီ. နှင်းသီးလေးတွေ မြက်ဖျားလေးတွေပေါ်ကနေတဆင့် ပေါင်းဆုံလို့ ရေစီးကြောင်းသေးသေးလေးဖြစ်ပြီး ကျောက်စရစ်ခဲလေးတွေကို တိုးဝှေ့နေချိန်မှာ စမ်းရေစီးသံ လွင်လွင်လေး တောအုပ်လေးထဲမှာ လွင့်ပျံ့နေလောက်ပြီ. ထင်းရှူးသီးလေးတွေ မြေပြင်ထက် ကြွေကျလာချိန်မှာ အလန့်တကြားဖြစ်သွားမယ့် ရှုဉ့်ဝါ၀ါလေးတွေ၊ ငှက်ကျားလေးတွေကို ကြည့်ရင်း သူမ တစ်ယောက် ကိုယ်လေးသိမ့်သိမ့်တုန်အောင် လှုပ်ခါရင်း ရယ်မောပျော်ရွှင်နေလောက်ပြီ…


သူ လွမ်းနေမိတယ်…

အေးခဲကျွတ်ဆတ်နေတဲ့ ရာသီဥတုအောက်မှာ တဖျောက်ဖျောက်မြည်နေတဲ့ သစ်ကိုင်းခြောက်လေးတွေရဲ့ အသံလေးတွေ၊ တောအုပ်လေးကို ဖြတ်ပြီး တိုက်ခတ်လာတဲ့ လေအေးလေးတွေနဲ့အတူ စည်းချက်ညီစွာ ယိမ်းထိုးလှုပ်ရှားနေတဲ့ ထင်းရှူးရွက်ချွန်ချွန်လေးတွေ၊ ကြောက်စရာကောင်းပေမယ့် တောရဲ့ မရှိမဖြစ်သင်္ကေတ တစ်ခုဖြစ်တဲ့ သားရဲဟိန်းသံ၊ ၀ံပုလွေအူသံ၊ အိပ်တန်းတက်နေကြတဲ့ ကျေးငှက်သာရကာတွေ အချင်းချင်း သတိပေးသံလေးတွေ…

ဒါတွေဟာ ရှိနေစဉ်က သူ့အတွက် တစ်သက်လုံး မပျောက်ပျက်တော့မယ့် အရာတွေလို့ ထင်ခဲ့မိပြီး တန်ဖိုးထား နားမထောင်တတ်ခဲ့ပေမယ့် ပြန်မရနိုင်တော့တဲ့အခါကျမှ တမ်းတမ်းတတ မှန်းဆလို့ အာရုံစိုက်ပြီး နားထောင်ချင်နေမိခဲ့တယ်…

တောအုပ်လေးထဲ ဖြတ်လျှောက်နေချိန် ကိုယ့်ခြေသံကိုယ် ပြန်ကြားပြီး အထိတ်တလန့်ဖြစ်ခဲ့မိတာတွေ၊ ဆောင်းတွင်းကြီးမှာ ချွေးစို့ခဲ့ရတဲ့ သည်းထိတ် ရင်ဖိုညတွေကို ခုတော့ သူ သိပ်ကိုလွမ်းဆွတ်နေမိတယ်..

သူ သတိရနေမိတယ်…

လသာညတစ်ခုမှာ နှင်းပြင်ကျယ်ကြီးကို ဖြတ်လျှောက်လို့ ထင်းရှူးပင်လေးအောက် အမောဖြေထိုင်ချလိုက်ချိန်မှာ သူတစ်ယောက်တည်း ကြားလောက်ရုံအသံလေးနဲ့ သူမ ခပ်တိုးတိုးလေး ကပ်ပြောခဲ့ဖူးတယ်…

“တစ်နေ့နေ့တော့ နင့်ကိုမွေးဖွားပေးခဲ့တဲ့နေရာကို ပြန်လာခဲ့ပါဟာ” တဲ့…

လမင်းကြီးကို မော့ကြည့်ရင်း သူ့မျက်တောင်တစ်ချက်မှိတ်လိုက်မိတော့ မျက်ရည်တစ်ချို့ ညင်သာတိုးတိတ်စွာ ဖြတ်စီးသွားခဲ့ကြတယ်…

ငါပြန်လာနိုင်အောင် ကြိုးစားပါမယ်ဟာ…


သူ့ရှေ့မှာ ဆက်လက်လျှောက်လှမ်းရမယ့် လမ်းမကြီးက တမျှော်တခေါ်ကြီး ကျန်နေသေးတယ်.

ဆက်လက်တိုက်ယူဆင်နွှဲရမယ့် ဘ၀တိုက်ပွဲတွေဟာလည်း ဘယ်တော့မှ ဆုံးခန်းတိုင်သွားခဲ့တယ်ရယ်လို့ မရှိခဲ့ဘူး.

ငယ်ငယ်တုန်းက နားထောင်ခဲ့ရတဲ့ အိပ်ရာဝင်ပုံပြင်လေးတွေထဲမှာတော့ “Happily Living After…ပျော်ရွှင်စွာ နေထိုင်သွားကြလေသတည်း” ဆိုတဲ့ ဇာတ်ပေါင်းခန်းလေးတွေနဲ့ နားယဉ်ခဲ့ရပေမယ့် လက်တွေ့ဘ၀ကတော့ တစ်ခန်းရပ် ပြဇာတ်လိုမျိုး ဇာတ်သိမ်းချင်တဲ့နေရာမှာ ရပ်ထားလို့မရဘဲ ဆက်လက်ရုန်းကန် ရင်ဆိုင် ဖြတ်သန်းနေရတုန်း… 

သူစဉ်းစားမိတယ်. တကယ်တော့ ဘ၀ဆိုတာ တိုက်ပွဲမဟုတ်ဘဲ စစ်ပွဲလို့ တင်စားဖို့ကောင်းခဲ့တယ်… တိုက်ပွဲပေါင်းများစွာကို တိုက်ယူပြီးမှ စစ်ပွဲကြီးတစ်ခုလုံးကို အနိုင်ယူနိုင်သလိုမျိုးပါပဲ ဘ၀ထဲမှာ တိုက်ပွဲပေါင်းများစွာ ပါဝင်ပေါင်းစပ်နေခဲ့တယ်. သူ့အတွက် နိုင်ခဲ့တဲ့ တိုက်ပွဲတွေလည်းရှိရဲ့၊ ကျရှုံးခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိရဲ့၊ အဖြေမပေါ်ဘဲ သူတင်ကိုယ်တင် ဖြစ်နေခဲ့တဲ့ တိုက်ပွဲတွေလည်း ရှိရဲ့… ဘာပဲဖြစ်ဖြစ် သူကတော့ ဆက်လက်တိုက်ပွဲဝင်နေတုန်းပါပဲလေ…

ဒီတိုက်ပွဲတွေ တစ်ချိန်ချိန်တော့ ရပ်သင့်တယ်လို့ တဆက်တည်းတွေးမိတယ်. ဘယ်အချိန်မှာ ရပ်မလဲဆိုတဲ့ ပြဿနာက တဆက်တည်း တွဲပါလာခဲ့တယ်. တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲရင်း တိုက်ပွဲအတွေ့အကြုံတွေ ရင့်ကျက်ပြည့်ဝလာတဲ့ စစ်သူကြီးကောင်းတစ်ယောက်ပဲ ဖြစ်ချင်တယ်. အောင်မြင်မှုပေါင်းများစွာကို ရယူရင်း မိမိရဲ့ နယ်နိမိတ်အတွက် လောဘမသတ်နိုင်တဲ့ ဧကရာဇ်တစ်ယောက်မျိုးတော့ သူ ဘယ်တုန်းကမှ မဖြစ်ချင်ခဲ့ဘူး. တချိန်တည်းမှာပဲ တစ်စုံတစ်ရာကို တွေးမိရင်း ကြောင့်ကြပူပင်လာမိခဲ့တယ်.

“ငါ အမှန်တကယ်ပဲ ရပ်တန့်နိုင်ပါ့မလား”


သူ့ရှေ့မှာ မြင်နေရတဲ့ မြင်ကွင်းက ရုတ်ချည်းဆိုသလို ကျယ်ပြန့်သွားခဲ့တယ်…

သူ့ရင်ထဲ ထိတ်ခနဲဖြစ်လို့ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်မိတယ်. သူ့ခြေလှမ်းတွေက အရင်ကထက်ပဲ ပိုမြန်လာသလိုလို၊ သူ့ခြေထောက်တွေကိုပဲ သူမပိုင်တော့သလိုလို ခံစားလာမိတယ်.

ခါတိုင်းသူမြင်တွေ့နေကျ ရှုခင်းတွေ၊ ခါတိုင်း သူကြားယောင်နေကျ ဒေသန္တရ ဘာသာစကားတွေ၊ ခါတိုင်း သူထိတွေ့နေကျ ပတ်ဝန်းကျင်တွေ အားလုံး သူ့အတွက် တစိမ်းပြင်ပြင်လို ဖြစ်လာခဲ့တယ်…

ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ သူ့လိုမျိုး ဒရွတ်တိုက်ဆွဲပါနေသူ တစ်ချို့ကို တွေ့ရတယ်. တစ်ချို့က ပျော်ပျော်ပါးပါး. တစ်ချို့က မရေမရာ. တစ်ချို့က အိပ်မှုံစုတ်ဖွား. တစ်ချို့က ပြူးပြူးပျာပျာ…

တဝေါဝေါနဲ့ အသံတွေက ပိုမိုကျယ်လောင်လာခဲ့တယ်. သူနဲ့ ပုခုံးချင်း ယှဉ်လုနီးပါး နီးကပ်လာတဲ့ တစ်ယောက်ကို အသံမြှင့်ပြီး လှမ်းမေးလိုက်တယ်.

“ဗျို့ ကိုယ့်လူ… ကျုပ်တို့ကို ဆွဲခေါ်နေတဲ့သူက ဘယ်သူလဲဗျ…”

တစ်ဖက်ကလူက လေပူတစ်ချက်မှုတ်ထုတ်ရင်း ပြန်ဖြေလိုက်ချိန်မှာ သူ့ရင်ထဲဗလောင်ဆူသွားခဲ့ရတယ်…



ဟင့်အင်း မဖြစ်နိုင်ဘူး..

လုံးဝ မဖြစ်သင့်ဘူး. 
 
ဘယ်လိုမှ မဖြစ်စေရဘူး…

ဟုတ်တယ်. တောင်ပေါ်ကို သူပြန်သွားရဦးမယ်.


ဒက်ဖိုဒေးလ်ပန်းလေးတွေကို သူနမ်းရှိုက်ချင်သေးတယ်.

ထင်းရှူးပင်လေးတွေကြား ပြေးလွှားဆော့ကစားချင်သေးတယ်.


နှင်းခဲပြင်ကြီးထက် လျှောတိုက်စီးရင်း တောအုပ်လေးထဲက ထွက်ပေါ်လာမယ့် တောခြောက်သံလေးတွေကို နားထောင်ကြည့်ချင်သေးတယ်.


စမ်းချောင်းလေးဘေးမှာ ရှဉ့်ညိုလေးတွေနဲ့အတူ ပြေးလွှားဆော့ကစားနေမယ့် သူမကို တိတ်တိတ်လေး သူငေးကြည့်ချင်သေးတယ်….


ထင်းရှူးနံ့လေးတွေ သင်းပျံ့နေတဲ့ အုံ့ဆိုင်းဆိုင်း တောအုပ်ငယ်လေးရယ်…


နှင်းရည်လေးတွေနဲ့ အေးခဲ ပြောင်လက်နေတဲ့ ကျောက်စရစ်ခဲ ငယ်ငယ်လေးတွေရယ်…


နှင်းသီးလေးတွေကို မနိုင့်တနိုင် ထမ်းပိုးထားရတဲ့ မြက်ပင်ငယ်ငယ်လေးတွေရယ်…


မီးခိုးလေးတွေ အူနေတဲ့ သစ်လုံးအိမ်လေးထဲက ရဲထွေးနီစွေးနေတဲ့ ပါးလေးနှစ်ဖက်ပိုင်ရှင် သူမရယ်…..


ငါဟာ တိုက်ပွဲကို အဆုံးသတ်မယ့်သူ ဖြစ်ချင်ခဲ့တာ…


ငါ နင့်ဆီကို ပြန်လာချင်သေးတာ…
.....

….

..

.



ကမ်းဝေးမြစ်တစ်စင်းကတော့ ပင်လယ်ဆီကို အရှိန်အဟုန်နဲ့ စီးလို့မျောလို့ကောင်းနေတုန်း…
 

~ ရေခဲငှက် ~
မေ ၁၊ ၂၀၁၂ ခုနှစ်။ ။ 

4 comments:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဝါကျလေးတွေရော၊ သုံးနှုန်းထားတဲ့ စကားလုံးလေးတွေရော၊ ဇာတ်ကောင်ကို မြှုပ်ထားတဲ့ ပုံစံလေးရော အရမ်းကို လှတယ်။

“မထင်မှတ်တဲ့နေရာမှာ ၀ဲဂယက်ရှိတတ်သလိုမျိုး သူ့ရဲ့ စိတ်သဘော အတိမ်အနက်လည်း ခန့်မှန်းရခက်တယ်”ဆိုတာလည်း ရောက်ရော ကျွန်မ ထင်သလိုများလားလို့ သံသယဖြစ်လိုက်သေးတယ်။ အဆုံးထိ ဖတ်ကြည့်မှ ဟုတ်တာပေါ့ ဆိုပြီး ဘဝင်ကျသွားတယ်။

ပြီးတော့ အတွေးတွေ တပုံကြီးပိုက်ပြီး ပြန်သွားပါတယ်။

လေးစားလျက်
မြတ်ပန်းနွယ်

Anonymous said...

ဖတ်သွားပါတယ်အကို။ စကားလုံးအသုံးအနှုန်းလေးတွေ သဘောကျတယ်အကို

Nilaynla said...

" လမင်းကြီးကို မော့ကြည့်ရင်း သူ့မျက်တောင်တစ်ချက်မှိတ်လိုက်မိတော့ မျက်ရည်တစ်ချို့ ညင်သာတိုးတိတ်စွာ ဖြတ်စီးသွားခဲ့ကြတယ်…"

" ဟင့်အင်း မဖြစ်နိုင်ဘူး..

လုံးဝ မဖြစ်သင့်ဘူး.

ဘယ်လိုမှ မဖြစ်စေရဘူး… "

း)သယ်ရင်း အားပေးနေပါတယ်။

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်လေးကို ကိုပျူနိုင်ငံရဲ့ ဘလောဂါများ၏ ဧရာဝတီ စုစည်းမှုမှာ ထည့်ခိုင်းပါလား ကိုရန်။

ဒီကော့မန့်ကို သင့်တော်ချိန်မှာမှ တင်ပါ..
ဖတ်တဲ့သူတွေ သူတို့အတွေးလေးနဲ့သူတို့ ရှိနေစေချင်လို့ရယ်၊ မလေး ကော့မန့်ကြောင့် အတွေးလေးတွေ ပျက်မသွားစေချင်လို့ရယ်ပါ...။