Monday, April 02, 2012

ငယ်...



တိုးတိုးလေး တိုက်ခတ်သွားတဲ့ လေပြည်ကို မက်မက်မောမော နမ်းရှိုက်ရင်း အားတင်းပြုံးမိတယ်.
အသက်ရှူလိုက်တိုင်းမှာ မင်းရဲ့ ကိုယ်ငွေ့လေးတွေကို အမှတ်ရတမ်းတနေဆဲပဲ ငယ်….


တကယ်ဆို ကိုယ်နဲ့မင်းနဲ့က  ဒီလောက်ထိ ဝေးကွာနေခဲ့ကြဖို့ မကောင်းဘူး.
သံယောဇဉ်ဆိုတာ ဝေးခါမှ ပိုပြီး တိုးနှောင်ရစ်ဖွဲ့တတ်တယ်လို့ ပြောလေ့ရှိတတ်ကြပေမယ့်လည်း ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရတာ ဘယ်လောက်ထိ ရင်ထဲမှာ နာကျင်စေလိုက်မလဲဟင်…
မင်းကြိုက်တတ်တဲ့ သီချင်းလေးတွေကို ကိုယ်နားလည်ခံစားတတ်နေခဲ့ပြီဆိုတာ..
မင်းမက်မောတဲ့ ကဗျာချိုလေးတွေကို ကိုယ့်ရဲ့ ဒိုင်ယာရီစာမျက်နှာလေးတွေထဲမှာ သရုပ်ဖော် ပန်းချီလေးတွေ နဲ့အတူ ရေးခြစ်တတ်နေခဲ့ပြီဆိုတာ…
ကိုယ့်မွေးနေ့က မင်းပို့လိုက်တဲ့ နှင်းဆီပွင့်လေးတွေ ကိုယ့်ရဲ့ မေးလ်ဘောက်စ်လေးထဲမှာ အမြဲတမ်း လန်းဆန်းမွှေးပျံ့နေဆဲပဲဆိုတာ..
မင်းကို သိပ်သိစေချင်ပါတယ် ငယ်ရယ်….

ငယ်ပြောဖူးတယ်နော်.
လှိုင်းလုံးတွေ တ၀ုန်းဝုန်း ရိုက်ခတ်နေတဲ့ ပင်လယ်ကြီးဖက်ကို ငေးကြည့်ပြီး အသံကုန်အော်ဟစ်လို့ ရင်ထဲမှာ တင်းကြပ်နေတဲ့ ခံစားချက်တွေကို ဖောက်ခွဲပစ်လိုက်ရတာ သိပ်သဘောကျမိတယ်တဲ့…
ကိုယ်လည်း ဒီလိုပါပဲ ငယ်..
ငယ်ရှိနေနိုင်မယ့်ထင်တဲ့ အရပ်မျက်နှာဖက်က အလွမ်းပင်လယ်ကြီးဖက် ငေးကြည့်ရင်း အလွမ်းကဗျာလေးတွေရေးလို့ ဆက်လက်အသက်ရှင်နေနိုင်အောင် ခံစားချက်တွေကို ပြန်ညှိယူနေခဲ့ရတယ်..

ကိုယ့်ရဲ့အားနည်းချက်က ကိုယ်က သိပ်ခံစားတတ်တယ်လို့ ပြောခဲ့တုန်းက ငယ်က ခန္ဓာကိုယ်လေး တသိမ့်သိမ့်ခါလို့ ဟက်ဟက်ပက်ပက် ရယ်မောခဲ့တယ်နော်…
ယောင်္ကျားလေးဖြစ်တာနဲ့ မခံစားရဘူးလို့ ဘယ်သူကများ ပညတ်သတ်မှတ်ခဲ့လဲ ငယ်ရယ်…
လူရှေ့သူရှေ့ အမူအရာမပျက်အောင် ထိန်းနိုင်သိမ်းနိုင်ခဲ့ပေမယ့် ကိုယ်တစ်ယောက်တည်းရှိနေချိန်တွေမှာ ခံစားချက်တွေက ရင်ဘတ်ကြီးထဲ သိပ်သွင်းထားလို့မရနိုင်တော့ဘဲ လျှံကျတယ်..
ဒီတော့ ငယ့်အတွက် ကိုယ် ကဗျာတွေရေးခဲ့မိတယ်. စာလွှာတွေပို့ခဲ့မိတယ်..
စိတ်အနှောင့်အယှက်ဖြစ်သွားဖို့မှ ကိုယ်မရည်ရွယ်ဘဲ ငယ်ရယ်…

ငယ်သိခဲ့တဲ့ကိုယ်က ကြာလေလေ ငယ့်ကို ပိုချစ်လာလေလေဖြစ်ခဲ့ပေမယ့် ကိုယ်သိနေတဲ့ငယ်က ကြာလေလေ ကိုယ့်အပေါ် စိမ်းကားရက်စက်တတ်လာလေလေပါပဲ.
မလိုချင်ရင် ငြင်းပယ်နိုင်ပါတယ် ငယ်.. ဒါပေမယ့် တန်ဖိုးမရှိသလို ပြက်ရယ်စကားတော့ မဆိုလိုက်ပါနဲ့. ကိုယ်ခံစားရလွန်းလို့ပါ…
ငယ့်အတွက် ကိုယ်ဆောင်ယူလာခဲ့တဲ့ပန်းကို ငယ်မနမ်းချင်လည်း အသာအယာဘေးကို တွန်းဖယ်ထားနိုင်ပါတယ်.
လွှင့်ပစ်နင်းချေချင်တာမျိုးတော့ မလုပ်ပါနဲ့ငယ်ရယ်..

ဘယ်အရာမဆို သူ့တန်ဖိုးနဲ့ သူရှိတတ်ကြပါတယ်…
တစ်ယောက်နဲ့တစ်ယောက် ဘ၀ကို ရင်ဆိုင်ဖြတ်သန်းပုံချင်း မတူညီကြတဲ့အတွက် ရလာကြတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ၊ စဉ်းစားဆင်ခြင်ပုံတွေ၊ ခံစားနားလည်ပုံတွေလည်း မတူညီတတ်ကြပါဘူး ငယ်ရယ်..
ငယ်နဲ့နေပုံထိုင်ပုံ၊ တွေးတောသိမြင်ပုံ၊ မှတ်ယူနာခံပုံတွေ မတူညီနိုင်တဲ့ ကိုယ့်ကို အားမလိုအားမရ ဖြစ်နေမယ့်အစား ကိုယ့်ကို ငယ်ဘယ်လို ဆက်ဆံနေလဲဆိုတာလေးကို တစ်ချက်လောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်လိုက်ပါလား ငယ်…


လူတွေဟာ ကိုယ့်အမြင်ကိုပဲ အမှန်ထင်တတ်ကြတာ ကိုယ်နားလည်ပါတယ်. ကိုယ်ဟာ ပျော့ညံ့တဲ့ ယောင်္ကျားတစ်ယောက်လို့ ငယ်ထင်ခဲ့တယ်ဆိုရင်လည်း ထင်နိုင်ပါတယ်.
ငယ်သိထားဖို့က ကိုယ်ဟာ ငယ့်ကို ချစ်မြတ်နိုးစိတ်တွေ ယိုဖိတ်လွန်းလို့ ခံစားချက်တွေနဲ့အတူ နူးညံ့ပျော့ပျောင်းနေခဲ့တာပါ…
ကိုယ့်ရဲ့ လိုက်လျောတတ်မှု၊ အလိုလိုက်တတ်မှုတွေကို အခွင့်အရေးယူပြီး ကိုယ့်ကိုစော်ကားတဲ့ စကားတွေ နောက်ထပ်မပြောပါနဲ့တော့လားငယ်….

ကိုယ်ဟာ ခံစားချက်ရှေ့တန်းတင်လွန်းတဲ့ ခပ်ညံ့ညံ့ယောင်္ကျားတစ်ယောက် မဟုတ်ခဲ့ဘူးဆိုတာရယ်.
နူးညံ့စွာ ခံစားတတ်သလောက် တုန်လှုပ်စရာကောင်းလောက်အောင် ဥပေက္ခာပြုတတ်တယ်ဆိုတာရယ်..
ဘယ်သူနဲ့မှ မတူအောင် ချစ်မြတ်နိုးတတ်သလောက် ဘယ်သူနဲ့မှ မတူအောင် မုန်းတီးတတ်တယ်ဆိုတာရယ်…
ဒါတွေကို ငယ် သိလျက်နဲ့ တမင်ရှေ့တိုးခဲ့တာလား..
ဒါမှမဟုတ် လျှော့တွက်ခဲ့တာလား..
ဒါမှမဟုတ် ဘယ်တုန်းကမှ ကိုယ့်ကို မသိခဲ့တာလား..

ဘာပဲဖြစ်ဖြစ်ပါ ငယ်…
ကိုယ်မှန်တယ်ထင်ရင် ရှေ့ဆက်တိုးပါ.
ကိုယ်ဟာ ငယ့်ကို ဘယ်သူမှ မပေးနိုင်လောက်တဲ့ ခွင့်လွှတ်နားလည်ခြင်းတွေ ပေးဆပ်ခဲ့ပြီးပြီ..
မိန်းမတစ်ယောက်ရဲ့ စိတ်တွေ ကိုယ့်အပေါ်ယိမ်းယိုင်လာစေဖို့ ဒူးထောက်ခစားမယ့် ယောင်္ကျားမျိုးထဲမှာတော့ ကိုယ်မပါဘူး ငယ်..
ကိုယ့်ဆီကို ငယ်ပြန်မလာတော့ဘူးဆိုလည်း ကိုယ်ယောင်္ကျားပီသစွာပဲ နာကျင်ခံစားမယ်.
ငယ့်ဘေးနားမှာ အဆိပ်မရှိတဲ့မြွေလို ပျော့ခွေနေပြီး ကိုယ့်ဆီပစ်သွင်းလာမယ့် ခနဲ့တဲ့တဲ့စကားလုံးတွေကို တချိန်လုံး ခံယူနေမှာတော့ မဟုတ်ဘူး.
သည်းခံခွင့်လွှတ်ခြင်းဆိုတာ အတိုင်းအတာတစ်ခုထိ ရှိတယ်ငယ်…
ငယ်က ကိုယ့်ကိုယ်ကို သိပ်တန်ဖိုးထားတတ်ပြီပဲ..
ကိုယ်ချင်းစာကြည့်ပေါ့ငယ်…
ကိုယ်လည်း ကိုယ့်ကိုယ်ကို တန်ဖိုးထားခွင့် ရှိပါတယ်..
ဒါပါပဲငယ်ရယ်…

ဒီနေ့မနက် အိပ်ယာထတော့ ငယ့်အတွက် ပေးဖို့ ရည်ရွယ်ထားတဲ့ ဒိုင်ယာရီစာအုပ်လေးကို ဖွင့်ကြည့်မိတယ်.
သိပ်ကိုသတိရမိပါတယ်ငယ်ရယ်... 
အထူးသဖြင့် ငယ့်ကိုပေးဖို့ ရည်ရွယ်ပြီး  ဆောင်းမ၀င်ခင်လေးက ခူးထားခဲ့တဲ့ မေပယ်လ်ရွက်လေးနှစ်ရွက်ကို မြင်တွေ့လိုက်ရပြီးတဲ့နောက်မှာပေါ့...
အသည်းတွေလည်း ပြတ်ကြွေမတတ်ပါပဲ ငယ်ရယ်...


တိုးတိုးလေး တိုက်ခတ်သွားတဲ့ လေပြည်ကို မက်မက်မောမော နမ်းရှိုက်ရင်း အားတင်းပြုံးမိတယ်.
အသက်ရှူလိုက်တိုင်းမှာ မင်းရဲ့ ကိုယ်ငွေ့လေးတွေကို အမှတ်ရတမ်းတနေဆဲပဲ ငယ်….



.... ရေခဲငှက် ....

20 comments:

ကိုအောင် said...

နူးနူးညံ့ညံ့ ခံစားပြီး စာရေးတဲ့ ကိုရန်အောင်ကို တကယ်ပဲ လေးစားတယ်ဗျာ ...

Nyi Linn Thit said...

ဟူး.. ရင်မောရတယ်ဗျာ...၊

ချစ်သူကို ကြည့်တဲ့ အကြည့်ထဲမှာ ကိုယ့်ရဲ့ အရည်အချင်းတွေ၊ ကိုယ်ကပဲ အနစ်နာခံရတာ၊ ကိုယ်ဟာ တန်ဖိုးရှိလွန်းသူ စတာတွေနဲ့ ပိတ်ဖုံးနေခဲ့ပြီ ဆိုရင်တော့ ချစ်သူကိုရော၊ ပြီးတော့ သူ့ရဲ့ အချစ်တွေကိုပါ မှန်မှန်ကန်ကန် မြင်နိုင်တော့မယ် မထင်ပါဘူး၊ ဒီလိုနဲ့ မေပယ်လ်ရွက် ကလေးတွေလည်း ဒိုင်ယာရီ စာအုပ်ထဲကို တိတ်တိတ်လေး ပြန်ဝင်သွားဖို့ပဲ ရှိတော့တာပေါ့...၊

ကောင်းတယ် ကိုရန်...။ Carry on..bro !!!

true said...

nice,but can't overcome acceleration:)

သဒ္ဓါလှိုင်း said...

လွမ်းစရာကောင်းလိုက်ပါဘိတော့။ စာအုပ်လေးနဲ့ မေပယ်လ်ရွက်လေးကလည်း သခင်ကို စောင့်မျှော်နေမှာပေါ့..။ ဖတ်ရတာ အလွမ်းဓါတ်ခံရှိသူကတော့ ဟူးးးးကနဲသာ မောပန်းသွားတော့တယ် ..
ခင်မင်လျက်
သဒ္ဓါ

အိမ့်ချမ်းမြေ့ said...

မျက်ရည်တောင် ကျချင်သွားတယ်..

အခုလို စာမျိုးတွေ အသက် ၃၀ကျော် ဘလောဂါတွေရဲ့ စာမျက်နှာတွေမှာ မတွေ့ရတာ ကြာသွားပြီမို့ ခုလိုဖတ်ရတာ ၀မ်းသာမိသလို..
အကြောင်းအရာက ရင်ကိုဆို့နင့်စေပါတယ်။

တစ်နေကုန် ရုံးမှာ ထရိန်နင်တွေမှာ အလုပ်ဖိဆီးမှုတွေနဲ့ ကိုရန့်ပိုစ်အသစ်တင်တော့ ငါတော့ ရယ်ပစ်လိုက်တော့မယ်ဆိုလာဖတ်တာ...
ငိုင်ကျသွားတယ်....
ဆိုတော့... ကဲ..
လေးနက်လွမ်းမောတဲ့ဒဏ်ကို မခံနိုင်တော့၍ ကိုရန့်ဒီဇိုင်းအတိုင်းပဲ ပြောလိုက်တော့မယ်..

အဲဒီ ဒိုင်ယာရီ ငယ် မယူဘူးဆို ဒီဘက်သာပို့ပေးလိုက်ပါ... လို့..
မေပယ်ရွက်တွေတော့ မယူဘူးနော်..
ကိုအောင်တို့ ကိုညီလင်းသစ်တို့ သဒ္ဒါတို့ကပါ စာအုပ်လေးကို သဘောကျတယ်ဆိုလည်း မဲချမယ်..
အဟတ်ဟတ်.. (ကိုရန့်ရယ်သံကို တုပြီး ရယ်ခြင်း ဖြစ်ပါတယ် - ဘလောဂ်မှာလည်း ရယ်တာတောင် ကော်ပီရိုက်ထိမှာစိုးနေရတယ် :P)

ခင်မင်လျှက်...
မလေး

ချော(အစိမ်းရောင်လွင်ပြင်) said...

အိုး စာသားတွေက အစွမ်းကို နုနွဲ့လို့
ခံစားချက်တွေ စမ်းရေလို တစ်သွင်သွင်စီးလို့ပါလား..
အဲဒီစမ်းရေလေးတွေက ငယ်ရှိရာဆီ စီးဆင်းသွားပြီး စကားလုံးတွေအဖြစ် အသွင်ပြောင်းလို့ နှလုံးသားထိတိုင် စီးဆင်းသွားစေချင်ပါတယ်။
မေပယ်ရွက်လေးတွေ နှမြောစရာရယ်
ရည်ရွယ်သူအတွက် ခူးဆွတ်သိမ်းဆည်းပြီးကာမှ ပိုင်ရှင်ဖြစ်မဲ့သူကို မပေးလိုက်ရတာမျိုး မဖြစ်စေချင်ပါ။
မေပယ်ရွက်လေးတွေ ပိုင်ရှင်ဆီ အမြန်ဆုံးရောက်ပါစေ..

Yan said...

>ကိုအောင်... ကျေးဇူးဘရားသား. ဒါတောင် နည်းနည်းလျှော့ထားရတယ်.း)

>ညီလင်းသစ်... ရင်မမောပါနဲ့ ကိုညီရယ်. ဒိုင်ယာရီကိုတော့ ပြန်ပိတ်ထားလိုက်ပြီဗျ. ရေးစရာစာရွက်ကုန်သွားလို့လေ. ဟတ်ဟတ်.

>true... မတူဘူးလေ. ရေးပုံချင်းက. ဒါပေမယ့် အရှိန်ပို့စ်ကို ပိုကြိုက်ချင်လည်း ကြိုက်ပါဗျာ. သဘောသဘော.း)

>သဒ္ဒါလှိုင်း... နောက်တစ်ယောက် ဟူးပြန်ပြီလား... အလွမ်းဓာတ်ခံရှိသူတိုင်း ဟူးကြပါသည်လို့ရေးဦးမယ်ဗျာ.း)

>အိမ့်ချမ်းမြေ့... ကော်ပီရိုက်မထိပါဘူးမလေးရယ်. အဟွန်းဟွန်း.း) ရယ်စရာမောစရာနောက်ပိုင်းတော့ ပြန်ရေးဖြစ်လာမယ်ထင်ပါတယ်. လောလောဆယ်တော့ စာရေးဖြစ်အောင်ကို မနည်းတွန်းအားပေးနေရတယ် မလေးရေ... ကော်မန့်အတွက်ကျေးဇူး..း)

>

Yan said...

>ချော... မချောလည်း ခံစားတတ်သားနော့ ကျွန်တော်က စွယ်တော်ရွက်ကိုတောင် သုပ်စားရက်လေတဲ့ မချောဆိုပြီး ထင်နေခဲ့တာ ခုတော့ သိပ်မဆိုးလှသေးပါဘူးလေ. :)

Sophie said...

ကိုရန်

ဖတ်သွားခဲ့ပါတယ်။

သူ သိနားလည်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်မင်္ဂလာလေးဖြစ်ပါစေ။

ဝေမိုးနိုင်(မုံရွာ) said...

နူးညံ့တဲ့ နှလုံးသား
သိမ်မွေ့တဲ့ အရေးအဖွဲ့
ကျွမ်းကျင်တဲ့ အသိမ်းအနုတ်တွေနဲ့
အလွမ်းဖွဲ့ အချစ်ဝတ္ထုတစ်ပုဒ်အ ဖြစ်
ရင်နှင့်အမျှ ခံစားဖတ်ရှုသွားပါတယ် ဆရာ ရေခဲငှက် ခေါ် ကိုရန်အောင်ခင်ဗျား။

ရတနာစိုး said...

ကိုရန်..

အဟမ်းဟမ်းးး။ ကိုရန့်ဆီမှာ ကော်မန့်ကေ ပေးနေကြမဟုတ်တော့ မပေးတတ် ပေးတတ်ဖြစ်နေတယ်။

စာလာဖတ်သွားတယ်လို့ ပြောရမှာလည်း ငယ့်ကို အားနာစရာ။

ဒီတော့ ဘာပြောရမလဲ။ အင်းးးးးးး
(ဘာပြောရင် ကောင်းမလဲ စဉ်းစားနေတာ)

ကိုရန်နဲ့သူ အဆင်ပြေပါစေလို့ပဲ ဆုတောင်းပေးလိုက်တာ။

Happy Myanmar New Year!
(ကြိုတင်ဆုတောင်းပေးလိုက်တာ)

;)

ရတနာ

Yan said...

>Sophie... ကျေးဇူးညီမ... သူသိသိ မသိသိပေါ့ ကိုယ်ကတော့ သိအောင်ရေးပါတယ်.. ဆိုသလိုဖြစ်နေပြီ.း)

>ဝေမိုးနိုင်...အသိမ်းအနုတ်တွေဆိုတော့ သိုင်းဝတ္ထုထဲကလို သိုင်းကွက်တွေတောင် ကစားချင်သလိုလို ဖြစ်သွားမိတယ်. သိုင်းကျူး ဘရားသား.

>ရတနာစိုး.... ဘယ်တွေပျောက်နေတာလဲ ရတနာပေါက်စ... မတွေ့ရတာကြာပေါ့. သင်္ကြန်နားနီးမှ ပေါ်လာတယ်. ဟက်ပီးမြန်မာနယူးရီးယားပါဗျာ.း)

Shwe Eain Si said...

ဟင့်....
ငိုချင်သွားတယ်..
ညီမလေး နာမည်လဲ ငယ် ပဲ
ဟတ်ထိသွားပီ
အကိုရန်အောင် ပြန်လျော်ပေး :(((

Yan said...

>Shwe Eain Si... တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပါ... ငယ်...း))))

mee nge said...

ဘာမှကိုတိုက်ဆိုင်မှုမရှိပါပဲလွမ်းမောသွားတယ်ရှင့်...

မြသွေးနီ said...

ခေါင်းထောင်ထလာတဲ့ ယောကျာ်းတစ်ယောက်မာနတွေကို သူ့ရဲ့ ချစ်ခြင်းမေတ္တာအောက်မှာ ဘွားခနဲ တွေ့လိုက်ရတယ်။ အတိုင်းအတာတစ်ခုအထိ နားလည်ခွင့်တွေ ပေးပြီးသွားချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေက ပိုပြီး ခိုင်မာနေတတ်တယ်။

thaingarra said...

ငယ့်ဘေးနားမှာ အဆိပ်မရှိတဲ့မြွေလို ပျော့ခွေနေပြီး

ကိုယ့်ဆီပစ်သွင်းလာမယ့် ခနဲ့တဲ့တဲ့စကားလုံးတွေကို

တချိန်လုံး ခံယူနေမှာတော့ မဟုတ်ဘူး...


မှန် ၏ ...

Yan said...

> Mee Nge ..း) ပြုံးနေလိုက်တော့မယ်.

>မြသွေးနီ ... ခိုင်မာတယ်လို့ ထင်ခဲ့တာပါပဲ မမြသွေးနီရယ်.း)

>Thaingarra ... Yep! ;D

infernal said...

ဖတ်တော့ဖတ်လိုက်တယ် ဘယ်လိုပြောရမှန်းမသိဘူး....... ဒါပေမယ့် ကြိုက်တယ်ဗျာ

လှိုင်မျိုး said...

What a good writing! very good!
I do like it.