Friday, February 17, 2012

အဖြူရောင်ကင်းဗတ်စ်...


"ဘ၀ဆိုတာ ခဲဖျက်မပါဘဲနဲ့ ပုံဆွဲခြင်းပါပဲ" ဆိုပြီး John Gardner ဆိုတဲ့ ပညာရှိတစ်ယောက်က မိန့်ဆိုခဲ့ဖူးတယ်.


ဒီစကားလေးကို ဖတ်ပြီး သေချာဆင်ခြင်တွေးတောမိလေ အဓိပ္ပါယ်ပိုလေးနက်လာလေပါပဲ.

ငယ်ငယ်တုန်းက စတုတ္တတန်းထိ ခဲတံနဲ့ပဲ စာရေးခဲ့ရတယ်. ခဲဖျက်လေးက ကျွန်တော့်အတွက် မရှိမဖြစ် အသုံးအဆောင်လေးပေါ့. တစ်စုံတစ်ခုကို မှားရေးခဲ့မိရင် ခဲဖျက်လေးနဲ့ ဖျက်လိုက်၊ အသစ်ပြန်ရေးလိုက်. ဖျက်ရပါများလွန်းလို့ ခဲဖျက်လေးပါ မည်းလာခဲ့ရင် ဘလိတ်ဓားလေးယူပြီး မည်းနေတဲ့ ခဲဖျက်အသားလေးကို တိခနဲ လှီးချလိုက်. ဒီလိုနဲ့ပဲ ကျွန်တော့်ရဲ့ စာအုပ်လေးဟာ ဖျက်ရာတွေ ရှိခဲ့ပေမယ့် ခြစ်ရာတွေတော့ ကင်းစင်ခဲ့ပါတယ်.

ပဉ္စမတန်းမှာ ဘောလ်ပင်ကို စသုံးခွင့်ရခဲ့တယ်. အဲဒီ့မှာ ကျွန်တော် ပိုပြီး ဆင်ခြင်လာရပါတယ်. ဘောလ်ပင်နဲ့ ရေးတာကြောင့် အမှားတစ်ခုခုကို ပြန်ပြင်ချင်ရင် ခြစ်ချပြီးမှ ဆက်ရေးလို့ရပါတယ်. ခြစ်ရာတွေ စာမျက်နှာပေါ်မှာ ကျန်နေမှာ မကြိုက်တဲ့ ကျွန်တော့်အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာခဲ့ပါတော့တယ်. ဒီတော့ အစ်ကိုကြီးက သင်ပေးပါတယ်.

"ခဲဖျက်ကို တံတွေးလေးဆွတ်လိုက်. ပြီးရင် ဖျက်ချင်တဲ့ စာလုံးလေးကို တို့တို့ပြီး ဖျက်လိုက်. သတိတော့ထား. အားနဲ့ ဖိဖျက်ရင် စာရွက်ပေါက်သွားတတ်တယ်."

ကျွန်တော် အဲဒီ့လိုနဲ့ပဲ ကျွန်တော့်ရဲ့ ဘောလ်ပင်နဲ့ ပြုလုပ်မိတဲ့ အမှားတွေကို ခဲဖျက်လေးနဲ့ပဲ ဆက်ဖျက်ပစ်နိုင်အောင် ကြိုးစားခဲ့ပါတယ်. မသိမသာဖြစ်အောင် လုပ်တယ်ဆိုပေမယ့်လည်း ဖျက်ရာဆိုမှတော့ နဂိုမူလအတိုင်းတော့ ပြန်မဖြစ်နိုင်တော့ဘူးပေါ့. ပြီးတော့ ကျွန်တော်သုံးတဲ့ ဗလာစာအုပ်လေးရဲ့  စာရွက်အသားလေးတွေကလည်း အလယ်အလတ်တန်းစား အဆင့်လောက်ပဲရှိတော့ ခဲဖျက်လေးနဲ့ တံတွေးဆွတ်ဖျက်လိုက်တိုင်း စာရွက်သားလေးတွေ ရိလာပါတယ်. အပေါ်ကနေ ကျွန်တော်ပြင်ချင်တဲ့ စကားလုံးလေးကို ထပ်ရေးလိုက်တယ်ဆိုရင်တောင် သိပ်ပြီး ကြည့်မကောင်းတော့ပါဘူး.

နောက်ထပ်နည်းလမ်းတစ်ခုကို ကျွန်တော်စူးစမ်းလေ့လာရပါတယ်. သူငယ်ချင်းတွေက နည်းကောင်းလေးတစ်ခု ထပ်မျှဝေပါတယ်. ဘလိတ်ဓားလေးနဲ့ ဖျက်ထုတ်ပစ်တဲ့နည်းပါ. ကိုယ်ဖျက်ချင်တဲ့ စကားလုံးလေးကို ခဲတံချွန်တဲ့ ဘလိတ်ဓားထိပ်လေးနဲ့ ထိန်းပြီး ခြစ်ထုတ်ပစ်တဲ့နည်းပါ. ပြီးသွားရင် အဲဒီ့ဘလိတ်ဓားလေးနဲ့ပဲ ဘေးနားက စာရွက်လေးတွေကိုပါ နည်းနည်းချင်း ခြစ်ပြီး ညီအောင်ညျိလိုက်လို့လည်း ရပါသေးတယ်. ဒီလိုနဲ့ပဲ ကျွန်တော် ခဲဖျက်အစား ကျွန်တော့်အမှားတွေကို ဘလိတ်ဓားလေးနဲ့ ခြစ်ထုတ်တတ်လာခဲ့တယ်.

မကြာခင်မှာပဲ ပြည်ပကနေ ၀င်လာတဲ့ မင်ဖျက်ဆေးဘူးလေးတွေကို ကျွန်တော်သုံးတတ်လာခဲ့ပါတယ်. မင်ဖျက်ဆေးဘူးလေးတွေက ဈေးနည်းနည်းကြီးတာမှန်ပေမယ့် အမှားတွေကို ဖုံးဖိကာကွယ်ချင်မှတော့ ဒီလောက်ဈေးကို ပေးဝယ်ရတာ သင့်ပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကို ဖြေသိမ့်အားပေးခဲ့ရတယ်. မင်ဖျက်ဆေးဘူးလေးကို ဂလောက်ဂလောက်ဆိုပြီး ခေါက်လိုက်ရင် အထဲက ဘောသီးလေးက ဖျက်ဆေးအဖြူရည်လေးတွေကို ခြေပေးပါတယ်. ပြီးတာနဲ့ ထိပ်ပိုင်းလေးကို အသာလေးညှစ်လိုက်ပြီး ဖျက်ချင်တဲ့ စာလုံးလေးပေါ်မှာ ပုံလိုက်ရုံပါပဲ. ဖျက်ဆေးရည်လေးတွေ ညီအောင် နှုတ်ခမ်းလေးစူပြီး ဘေးကနေ တဖူးဖူးနဲ့ လေမှုတ်ပေးရတတ်ပါသေးတယ်. ပြီးတော့မှ အပေါ်ကနေ ကိုယ်ပြင်ချင်တဲ့ စာလုံးအမှန်လေးကို ချရေးလိုက်ပါတယ်.

ဟုတ်သလိုလိုရှိပေမယ့် ကိုယ့်စာရွက်ပေါ်မှာ မင်ဖျက်ဆေးအဖြူရောင်လေးတွေက ဟိုနားတစ်ကွက်၊ ဒီနားတစ်ကွက်မြင်နေရတာမျိုးကို ကျွန်တော်သိပ်တော့ မနှစ်သက်လှပါဘူး. တကယ်တော့ မင်ဖျက်ဆေးဆိုတာ စာရွက်အဖြူရောင်ပေါ်မှာ အဖြူရောင်ဆေးရည်လေးနဲ့ ကိုယ့်အမှားတွေကို ကာကွယ်ပေးလိုက်တာလေးပါပဲ. အောက်ခံစာရွက်အသားနဲ့ အရောင်တူတဲ့ အရည်လေး အပေါ်ကနေ ထပ်တင်ပေးလိုက်တာ အမှားတွေကို ဖုံးဖိကာကွယ်ခြင်းတစ်မျိုးပဲလို့ ကျွန်တော်ငယ်စဉ်ကတည်းက နားလည်တတ်မြောက်လာခဲ့တယ်. တကယ်လို့သာ ကျွန်တော့်စာရွက်အသားလေးက အပြာရောင်ဖြစ်ခဲ့မယ်ဆိုရင်တော့ မင်ဖျက်ဆေးအဖြူရောင်သုံးတာ အင်မတန်မှ သိသာထင်ရှားနေစေပါတယ်. အဲဒီ့တော့လည်း ဖျက်ဆေး အပြာရောင်လေး ရွေးသုံးပေါ့လို့ ဘုကျကျ ကျွန်တော်တွေးမိခဲ့ဖူးပါတယ်. ဒါပေမယ့် အပြာရောင်ဖျက်ဆေးဘူးလေးတွေကိုတော့ ခုချိန်ထိ ကျွန်တော် မတွေ့ခဲ့မိသေးပါဘူး.

လူတွေဟာ စာရွက်ရဲ့ အသားအရောင်အတိုင်း လိုက်ညှိပေးမယ့် ဖျက်ဆေးအရောင်ကို ရှာဖွေသုံးစွဲနေတာထက် ခြစ်ရာမပါ၊ ဖျက်ရာမပါဘဲ မှားနေတဲ့ စကားလုံးကို ဖုံးကွယ်ချလိုက်ရတာကိုပဲ အဓိကပိုထားခဲ့တယ်လို့ ကျွန်တော် သုံးသပ်လာမိခဲ့တယ်.

အမှားတွေကနေ သင်ယူရင်း ကျွန်တော် အမှားနည်းအောင် စာရေးတတ်လာခဲ့တယ်. ကျွန်တော်မှားလေ့ရှိတဲ့ အမှားတွေကို စနစ်တကျ စူးစမ်းလေ့လာကြည့်တယ်.

သတ်ပုံကြောင့်မှားတာဆိုရင် အဲဒီ့လိုမျိုး မဖြစ်ရအောင်ဆိုပြီး သတ်ပုံကျမ်းကို ကျွန်တော်ကျေညက်အောင် ဖတ်ရှုလေ့လာခဲ့တယ်. ဒီလိုနဲ့ အဆိုးထဲကနေ အကောင်းအနေနဲ့ ကျွန်တော်သတ်ပုံတွေမှန်လာခဲ့တယ်.

လက်ရေးကြောင့် မှားတာဆိုရင် အဲဒီ့လိုမျိုး မဖြစ်ရအောင်ဆိုပြီး လက်ရေးလှစာအုပ်ဝယ်လို့ ကျွန်တော့်လက်ရေးကို သေချာပြန်ကျင့်ယူခဲ့တယ်. လက်ရေးလှတဲ့ သူငယ်ချင်းတွေရဲ့ ရေးပုံကို အတုယူမှီငြမ်းခဲ့တယ်. သူငယ်ချင်းတစ်ယောက်က ၀ဆွဲကို တြိဂံပုံစံလေး ဆွဲတယ်. တော်တော်လေးကြည့်ကောင်းတယ်. ကျွန်တော် အဲဒီ့အတိုင်း လိုက်ဆွဲတယ်. နောက်တစ်ယောက်က အသတ်လေးတွေရေးတာ သိပ်လှတယ်. သူရေးပုံကို အတုယူတယ်. နောက်တစ်ယောက်ကတော့ ယပက်လက်ရေးတာ ၀ိုင်းစက်နေတာပဲ. ကျွန်တော်သူ့အတိုင်းဖြစ်အောင် လိုက်ရေးတယ်. ဒီလိုနဲ့ ကျွန်တော့်လက်ရေးလေးလည်း အသင့်အတင့်ကြည့်ကောင်းလာခဲ့တယ်.

စိတ်လောလို့ မှားတာဆိုရင်လည်း အဲဒီ့လိုမျိုး မဖြစ်ရအောင်ဆိုပြီး စာကို ချမရေးခင်မှာ စိတ်ကူးထဲမှာတင် အဆင်ပြေအောင် တည်းဖြတ်ပြင်ဆင်လိုက်ပါတယ်. ပြီးမှ ချရေးပါတယ်. အဲဒီ့လို အကျင့်ကောင်းတစ်ခု မွေးမြူပျိုးထောင်လိုက်တဲ့အတွက် စိတ်လောခြင်းကြောင့် ရေးမိမှားတတ်တဲ့ ပြဿနာကိုလည်း ရေရှည်မှာ ကျွန်တော် ရှောင်ကြဉ်လာနိုင်ခဲ့ပါတယ်.

မကြာခင်မှာပဲ ကျွန်တော့်ရဲ့ မှတ်စုစာအုပ်လေးဟာ အင်မတန်မှ ရှင်းသန့်တယ်. ဖျက်ရာနည်းတယ်. ကျွန်တော့်လက်ရေးဟာလည်း ၀ိုင်းစက်ညီညာမနေပေမယ့် သပ်ရပ်ရှင်းလင်းတယ်ဆိုတဲ့ နာမည်တစ်ခု ရလာခဲ့ပါတယ်. ဒီ့အတွက် ကျွန်တော် ဘာတွေကို ပေးဆပ်ခဲ့ရတယ်ဆိုတာကိုတော့ တစ်စုံတစ်ယောက်ကမှ မေးမြန်းစုံစမ်းခြင်း မရှိခဲ့ပါဘူး. တကယ်တော့ လူတွေဟာ အခြေအနေကောင်းတစ်ခုကို ရရှိ ပိုင်ဆိုင်နိုင်ဖို့ ဘာတွေကို ပေးဆပ်ခဲ့ရတယ်၊ ဘာတွေလုပ်ခဲ့ရတယ်၊ ဘယ်လိုတွေ ပြင်ဆင်လေ့လာခဲ့ရတယ် ဆိုတာထက် လောလောဆယ်မှာ သူ ဘာတွေဖြစ်နေတယ်ဆိုတဲ့ ရလာဒ်ကိုပဲ အာရုံပိုစိုက်လေ့ရှိတယ်ဆိုတာကိုလည်း ကျွန်တော် နားလည်တတ်မြောက်ခဲ့ရဖူးပါတယ်.


တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်ပြီးနောက် တက္ကသိုလ်ကို တက်ရောက်ချိန်မှာ ကျွန်တော့်ဘ၀ရဲ့ စိန်ခေါ်ထိုးသတ်ပွဲတွေ အကွက်စိပ်လာခဲ့ပါတယ်. တကယ့်ဘ၀တိုက်ပွဲကြီးထဲမှာ ခဲဖျက်လေးနဲ့ ကျွန်တော်ပြုလုပ်ခဲ့မိတဲ့ အမှားတွေကို ဖျက်ချလို့ မရတော့ပါဘူး. ဒါပေမယ့် မင်ဖျက်ဆေးဘူးလေးက ပေးတဲ့ အသိပညာလေးတစ်ခုကို နမူနာပြုပြီး အမှားတွေကိုတော့ လူမသိအောင် ဖုံးကွယ်တတ်လာခဲ့ပါတယ်. ကျွန်တော့်ဘ၀စာမျက်နှာတွေမှာ ဖျက်ဆေးအရာလေးတွေ ဟိုတစ်ကွက် ဒီတစ်ကွက် စွန်းထင်းပေကျံနေတာမျိုးလေးတွေကို မြင်တိုင်း ကျွန်တော် စိတ်မသက်မသာ ဖြစ်ရပါတယ်.

ဘ၀စာမျက်နှာထက်မှာ ကျွန်တော့်သတ်ပုံတွေ မှန်ခဲ့ပေမယ့်လည်း အမှားတွေက မကင်းနိုင်ခဲ့ပါဘူး.

ဘ၀စာမျက်နှာပေါ်မှာ ကျွန်တော့်လက်ရေးတွေ သပ်ရပ်ရှင်းလင်းနေခဲ့ပေမယ့်လည်း အမှားတွေက ပြုလုပ်မိနေဆဲပါ.

ဘ၀စာမျက်နှာထဲမှာ စိတ်မလောခဲ့ပေမယ့်လည်း အမှားတွေက အကွက်စိပ်စိပ် ရွာသွန်းနေဆဲပဲ..

ဘ၀ဆိုတဲ့ ကင်းဗတ်စအဖြူရောင်ပေါ်မှာ ကျွန်တော်ဆိုတဲ့ ပန်းချီဆရာတစ်ယောက် ဆုံးဖြတ်ချက်ဆိုတဲ့ ဆေးစက်လေးတွေချလို့ အတ္တုပ္ပတ္တိဆိုတဲ့ ပန်းချီကားချပ်ကို ရေးဆွဲနေခဲ့တယ်. တစ်ချို့ ဆုံးဖြတ်ချက်ဆေးစက်လေးတွေ မှားယွင်းခဲ့ပေမယ့်လည်း ဆေးစက်ကျရာ အရုပ်ထင် ဆိုသလိုဖြစ်ရအောင် ကျွန်တော့်အမှားဆေးစက်တွေကို ရုပ်ပုံလေးတွေအဖြစ် ပြောင်းယူခဲ့တယ်.

ဒါကြောင့် ကျွန်တော့်ရဲ့ အတ္တုပ္ပတ္တိပန်းချီကားကြီးပေါ်မှာ အဆီအငေါ်မတည့်တာတွေလည်း တော်တော်များများမှာ ရှိနေခဲ့ပါတယ်. ဥပမာ ကောင်းကင်ပြင်ထဲမှာ တိမ်တွေက စိမ်းနေတာမျိုး၊ စိမ်းမြကြည်လင်နေတဲ့ မြစ်ရေပြင်ထဲမှာ သွေးစွန်းနေတဲ့ သောင်ပြင်ထွန်းနေတာမျိုးတွေပေါ့..

ကျွန်တော့်အမှားတွေကို ဖျက်ဆေးနဲ့ မဖုံးအုပ်တော့ပါဘူး. အဲဒီ့လိုလုပ်မယ့်အစား ကျွန်တော်မှားမိတဲ့ ဆေးစက်တွေနဲ့ပဲ အရုပ်တစ်ခုဖြစ်အောင် ဖန်တီးယူလိုက်တော့တယ်. ပညာသားပါပါ ပြောရရင်တော့ 'Compromising One's Ambition' ၊ မိမိရည်မှန်းချက်ကို ညှိယူခြင်းပေါ့...

ဒီလိုနဲ့ ကျွန်တော့်သူငယ်ချင်းတွေ ကျောင်းတွေပြီး၊ အိမ်ထောင်တွေကျနေချိန်မှာ ကျွန်တော်ကတော့ ရည်မှန်းချက်တွေကို ညှိယူရင်းနဲ့ အခန်းကျဉ်းလေးထဲမှာ ကျွန်တော့်ပန်းချီကားကြီးကို ဆက်လက်ရေးဆွဲနေခဲ့တယ်.

မိတ်ဆွေတွေရဲ့ ပန်းချီကားတွေထဲမှာ ပန်းတွေဝေဆာ၊ ကျေးငှက်တေးသံတွေ တွန်ကျူးသာယာနေချိန်မှာ ကျွန်တော့် ပန်းချီကားကတော့ စိတ္တဇဆန်စွာ အရောင်တွေ ထူးထူးခြားခြား ရောစပ်နေခဲ့တယ်.

တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကျွန်တော့်ပန်းချီကားကြီးဟာ ပြီးဆုံးခြင်းသို့ အရင်ရောက်သွားနိုင်သလို ကျွန်တော်ဆိုတဲ့ ကံကိုဖန်တီးသူ ကာယကံရှင်ကိုယ်တိုင်က ပြီးဆုံးခြင်းစခန်းကို အရင်ရောက်သွားနိုင်ပါတယ်.

ဘာပဲဖြစ်ဖြစ် ကျွန်တော်တစ်ခုတော့ ပြောနိုင်တယ်.

ကျွန်တော် ဖျက်ဆေးဘူးတွေ မသုံးတော့ဘူး. ဘလိတ်ဓားနဲ့လည်း မခြစ်တော့ဘူး.

ကိုယ်မှားမိတဲ့ ဆေးစက်တွေပေါ်မှာ အရုပ်တွေဖြစ်အောင်ပဲ ရေးတော့တယ် ဆိုတာပါပဲ..

တကယ်လို့များ ခုချိန်မှာ ဖန်ဆင်းရှင်တစ်ယောက်ကနေပြီး ကျွန်တော့်ကိုမေးမယ်ဆိုပါတော့.

"မင်းပန်းချီကားကြီးကို အစကနေပြန်ဆွဲခွင့်ပေးမယ်ဆိုရင် မင်း ဘယ်နေရာကို စဆွဲမလဲ..."

"...."

ကျွန်တော် တစ်စုံတစ်ခုကို ပြန်ဖြေလိုက်ပါတယ်. ဖန်ဆင်းရှင်ကတော့ ပြုံးပြီးလှည့်ထွက်သွားပါတယ်.

ကျွန်တော် သူပေးတဲ့ ကမ်းလှမ်းချက်ကို လက်ခံမယ်လို့ထင်သလား. 

ခင်ဗျားတို့ကရော ကျွန်တော့်နေရာမှာဆိုရင် ဘယ်လိုပြန်ဖြေမလဲ...


(ရေခဲငှက်)

8 comments:

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ကျွန်မ ဖတ်သွားခဲ့ပါတယ် ..


လေးစားစွာဖြင့်
မြတ်ပန်းနွယ်

သဒ္ဓါလှိုင်း said...

ကိုရန်.
ပန်းချီကားကြီးကို အစကနေပြန်ဆွဲခွင့်ပေးမယ်ဆိုရင် "********" အဲလိုပြန်ဖြေလိုက်မိပါမယ်။။။
ခင်မင်လျက်
သဒ္ဓါ

အိမ့်ချမ်းမြေ့ said...

အက်ဆေးလေး ကောင်းတယ်ကိုရန်..
နှစ်သက်ပါ၏။

Sofar Away Fromu said...

မှားမိတဲ့ ဆေးစက်တွေနဲ့ပဲ အရုပ်တစ်ခုဖြစ်အောင် ဖန်တီးယူလိုက်တော့တယ်. .

ချော(အစိမ်းရောင်လွင်ပြင်) said...

အတွေးလေးတွေပါတဲ့ ကိုရန်အောင့်စာလေးက ဆက်ပြီး တွေးချင်စရာ..
ကိုယ့်ကိုယ်ကိုလဲ ပြန်မေးကြည့်တယ် ဘယ်နေရာက စဆွဲရင် ကောင်းမလဲလို့..

White said...

အကယ်၍ ဖန်ဆင်းရှင်က အသစ်ပြန်ဆွဲခွင့်ပြုခဲ့မယ်ဆိုရင်တော့ ကိုယ့်လက်ကို ကိုင်ပြီး သူများစိတ်တိုင်းကျ ဆွဲသွားတဲ့စုတ်ချက်တချို့ကလွဲရင် ကျန်တာတွေအားလုံး နဂိုလ်အတိုင်းပုံတူပြန်ကူးချလိုက်တော့မယ်..။ ကိုယ်တိုင်ဖန်တီးယူလိုက်လို့ ဖြစ်လာမဲ့ အဆိုးအကောင်းတွေကို လက်ခံနိုင်ပေမဲ့ တစ်ပါးသူပယောဂတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ အကျည်းတန်မှုတွေကို စုတ်ချက်ညီအောင်ဆွဲညှိဖို့ထိ မပြည့်ဝနိုင်သေးလို့..။

8Yar said...

အတွေးတွေပေးသွားတဲ့ အစ်ကိုရန်အောင် post ကို သဘောကျတယ်။ တွေးတော့တွေးနေတယ်။ အဖြေက မရေရာဘူး ဖြစ်နေတယ်ခင်ဗျာ။

Yan said...

>မြတ်ပန်းနွယ်... ကျေးဇူးပါ ညီမ.
>သဒ္ဓါလှိုင်း.. ရောချပြီး မဖြေနဲ့လေ.း)
>အိမ့်ချမ်းမြေ့... သိုင်းကျူးမလေး. နေကောင်းလား.း)
>SoFar... မှန်ပါ့ဗျာ..
>ချော..း) အဲဒီ့တော့ အဖြေက ဘာတဲ့လဲ မချော.
>White... အိုင်ဒီယာလေးကောင်းတယ်. သဘောကျတယ်.း)
>8Yar... ကျွန်တော်လည်း မရေရာသေးပါဘူးဗျာ. ဟတ်ဟတ်.