Tuesday, January 03, 2012

နွံ





တလိပ်လိပ်တက်လာခဲ့တဲ့ တိမ်သားညိုတွေက အဲဒီ့နေ့ကျမှ အငြိုးနဲ့ ရွာချခဲ့တယ်. 

အိမ်အပြင်ဖက်က နှင်းထုတွေကို ဖောက်ခွဲထိုးဝင်လာခဲ့တဲ့ တိမ်ပုပ်မိုး… 

နှလုံးသည်းပွတ်တွေကို တိုက်ခြွေဖဲ့စားခဲ့တဲ့ သည်းခြွေမိုး..

မျှော်လင့်ခြင်းတွေကို ကတိမ်းကပါးဖြစ်စေခဲ့တဲ့ လောကဓံမိုး…

မျက်ရည်မြစ်တွေ ပေါင်းဆုံခဲ့တဲ့ အဲဒီ့နေ့က သက္ကရာဇ်တွေကို ၀ါးမျိုစပြုနေပေမယ့်လည်း ကျွန်တော့်ရင်ထဲ၊ အတွေးထဲ၊ နှလုံးသားထဲ လတ်လတ်ဆတ်ဆတ် ရှိနေခဲ့ဆဲပါပဲ.

ကျွန်တော်မလွတ်မြောက်နိုင်သေးတာပဲလား. 

ဒါမှမဟုတ် ကျွန်တော်ကိုယ်တိုင်ကပဲ မလွတ်မြောက်ချင်ခဲ့တာလား…

ဘောင်တွေထဲက လွတ်မြောက်အောင် ကြိုးစားရင်း ကိုယ်သတ်မှတ်တဲ့ ဘောင်ကနားတွေထဲ ပြန်ပိတ်မိသွားတဲ့ လွတ်လပ်သော အကျဉ်းသားတစ်ဦးဟာ ကျွန်တော်ဖြစ်နေခဲ့တာလား…


အိုးကောင်းတစ်လုံးရဖို့ ရွှံ့စေးပုံသွင်းနေဆဲမှာ နာနာရိုက်ပေးရတယ်တဲ့

ဓားကောင်းတစ်လက်ရဖို့ သံရည်ကျိုကို ပုံသွင်းနေဆဲမှာ နာနာထုပေးရတယ်တဲ့.

အဲဒီ့ကတည်းက ကျွန်တော့်ကို ရိုက်လိုက်၊ ထုနှက်လိုက်တဲ့ လောကဓံရယ်လေ. ခုချိန်ထိ အငြိုးကို မပြေနိုင်ခဲ့သေးဘူး.

ရိုက်ချက်တွေများလာတော့ ကျွန်တော့်ရဲ့ ရိုးသားခြင်းတွေတောင် သူ့ရိုက်ချက်တွေအောက် လွင့်မျောခဲ့ရပြီ.

ရိုးသားခြင်းတွေ လွင့်စင်ပျောက်ကွယ်သွားတာကို ရိုးသားစွာနဲ့ ကျွန်တော်ဆက်ကြည့်နေခဲ့မိတယ်. 

ပြန်မလာတော့မှန်းလည်း သိနေခဲ့တော့ ရိုးသားစွာနဲ့ပဲ နှုတ်ဆက်ဖြစ်ခဲ့တော့သည်ပေါ့.

အဲဒီ့အချက်နဲ့ပတ်သက်လို့တော့ ကျွန်တော် ရိုးသားခဲ့ဖူးတာကို ရိုးသားစွာ ၀န်ခံချင်ပါတယ်.

….

ပြတင်းပေါက်အပြင်ဖက်က ကောင်းကင်ပြင်ကြီးကို ငေးကြည့်မိတော့ လမင်းကြီးက လရောင်တွေကို လူတိုင်းအတွက် ရက်ရက်ရောရော ကြဲချပေးနေခဲ့တယ်.

ကျွန်တော်က လမင်းကြီးကို ငေးလို့ ဆွေး၊ လမင်းကြီးက ကျွန်တော့်အဆွေးတွေကို တွေးဖို့ဝေး…

ဒီ့ထက်လည်း ပိုလို့မရ၊ ပိုနိုင်ခွင့်လည်းမရှိ၊ ပိုပြန်လျှင်လည်း အဓိပ္ပါယ်မရှိ..

ကောင်းကင်ပြင်ကိုမော့ကြည့်လို့ ကျွန်တော့်မျက်ဝန်းတွေကတဆင့် ခံစားချက်တွေက လမင်းကြီးဆီကို ညစဉ် ပြေးထွက်သွားခဲ့ကြတယ်.

အဖြေရယ်လို့တော့ မဟုတ်ပေမယ့် ဖြေဆည်ရာရစေမယ့် စကားလုံးလေးတွေကို လမင်းကြီးက ကျွန်တော့်အိပ်မက်တွေထဲကို ညစဉ် ပို့လွှတ်ပေးခဲ့တယ်.

တကယ်တော့ ကျွန်တော်နဲ့ လမင်းကြီးကြားမှာ လရောင်တွေပဲ ရှိခဲ့တာပါ…


ငွေနှင်းမှုန်လေးတွေ မြေကမ္ဘာပေါ်ကို သက်ဆင်းလာခဲ့ပြီ…

သူတို့ ကျွန်တော့် ရင်ခွင်ထဲကိုရောက်ဖို့ အဝေးကြီးက လာခဲ့ရတယ်တဲ့..

ဒေါက်…ဒေါက်…ဒေါက်..

ဟော… သူလာပြီ…

ကျွန်တော် တံခါးနှစ်ချပ်ကို စိတ်ပါလက်ပါ ဖွင့်ခဲ့လိုက်မိတယ်.

ခရီးပန်းလာခဲ့သူတစ်ယောက် အမောဖြေဖို့ ဒီရင်ခွင်ထဲမှာ၊ အတွေးစဉ်တွေထဲမှာ ရှင်းလင်းနေဖို့တော့လိုတယ်.

တံခါးဝရဲ့ အပြင်ဖက် ပြေးထွက်လို့ ကြည့်လိုက်မိတော့ နွမ်းလျတဲ့ အပြုံးတစ်ခုပန်ဆင်ပြီး ကျွန်တော့်ကိုပြန်ငေးကြည့်နေခဲ့တဲ့သူဟာ…
.
.
ကျွန်တော်ကိုယ်တိုင်ဖြစ်နေခဲ့တာပါပဲ…


(ရေခဲငှက်)

13 comments:

အိမ့်ချမ်းမြေ့ said...

ကိုရန်စာတွေပြန်ရေးတာ ၀မ်းသာမိပါတယ်..
ဒီစာလေးဖတ်ရတာ ဘ၀ဒဿနပေမယ့် လွမ်းမောဘွယ်ရာ ခံစားမိပါတယ်။

အရင်တုန်းကလို ဟာသလေးတွေနဲ့ သီချင်းလေးတွေလည်း ပြန်ရေးနိုင်ရန် ဆုတောင်းလျှက်ပါရှင်..။

ခင်မင်တဲ့..
မလေး

Yan said...

>အိမ့်ချမ်းမြေ့... အားပေးတာ ကျေးဇူးမလေးရေ... ကျွန်တော် ကြိုးစားသွားပါမယ်. ဟာသလေးတွေ သီချင်းလေးတွေတော့ အရင်လို ပြန်ရေးနိုင်ပါ့မလား ကိုယ့်ကိုယ်ကို သံသယ၀င်မိတယ်.း) မင်္ဂလာနှစ်သစ်ပါ မလေး.

မောင်(စွယ်စုံကျမ်း) said...

ဟိုအမပြောတာ..ဟုတ်ပါတယ်ဗျာ..ဟက်ဟက်ဟက် ဆိုတာ ကိုရန်အောင်ရီနေကျမဟုတ်လားဗျ..ခုလိုပြန်ရေးတာတွေရတော့ ဆရာသမားရေ ၀မ်းသာတယ်ဗျို့ .....
ခင်မင်လေးစားလျှက်ပါ...မောင်(စွယ်စုံကျမ်း)

Nyi Linn Thit said...

ဆက်တိုက်ကို တက်လာနေပါလား ကိုရန်အောင်..၊း)

အကြည်ဓါတ်တွေက တာကျိုးတဲ့ ဆည်လို တရဟော စီးဆင်းနေတာ များလား?း) စာတွေ ပြန်ဖတ်ရတာ ဝမ်းသာတယ် bro..!!

မြသွေးနီ said...

အလွမ်းပို့စ်တွေနဲ့ အစပြုပေမယ့် နောက်ပိုင်း ကိုရန်အောင့်စာတွေ ဆက်တိုက် ဖတ်လာရမယ့် သဘောရှိတယ်လို့ မြင်မိပါတယ်။ ( ဘာရမလဲ... ဇွတ်ကို မြင်လိုက်တာ.. :)

“ တဟက်ဟက် ” နဲ့ ရယ်သံပြုရေးတတ်တဲ့ ကိုရန်အောင်ရဲ့ အရင်လို အသော့အထေ့ ပို့စ်များကိုလည်း မျှော်လင့်နေပါကြောင်း..။

Yan Aung said...

>မောင်စွယ်စုံကျမ်း... ကျေးဇူးဘရားသား. ရေးဖြစ်အောင် ကြိုးစားလို့ ကြိုးစားရင်း ရေးဖြစ်နေမှာပါ... ခုတလော ကဗျာနည်းနည်းဆန်ချင်နေတာ ခွင့်လွှတ်.း)

>Nyi Linn Thit. အကြည်ဓာတ်တွေ အကြည်ဓာတ်တွေနော်. ဘာမှတ်နေလဲ. Thx, bro.

>မြသွေးနီ.. ဇွတ်......... တော်ကြာမှ သော့လှချည်လား ကိုရန်အောင်.. ထေ့လှချည်လား ကိုရန်အောင် ဖြစ်နေမယ်နော်. ဟတ်ဟတ်

သစ်သစ် said...

နွံဆိုတာ ရုန်းလေနစ်လေတဲ့....

မြတ်မွန် said...

နောက်ဆုံးတော့ အခန်းကျဉ်းလေးထဲမှာပဲ..
အပြင်ကို ငေးကြည့်ရင်းသာ..သက်ပြင်းခပ်တိုးတိုးချမိတယ်..

သဒ္ဓါလှိုင်း said...

ကိုရန်အောင်
နှင်းထုကြီးကိုကြည့်ပြီး ထက်သန်တဲ့အပြုံးတခုပန်ဆင်နိုင်ပါစေ။ စာတွေဖတ်ဖို့ မျှော်နေမယ်နော်။။
ခင်မင်လျက်
သဒ္ဓါ

ချော(အစိမ်းရောင်လွင်ပြင်) said...

ကိုရန်အောင်ရေ
အလွမ်းစာမို့လို့လားမသိဘူး
စကားလုံးတွေက နုညံ့နေပြီးတော့ ဆွတ်ကျင်စရာလေး ခံစားရတယ်.
စာတွေ အများကြီးရေးပါဦး
ဖတ်ချင်ပါသေးတယ်
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော်...

Yan said...

>သစ်သစ်... ဟုတ်ပါ့ ညီမရေ... ဒါကြောင့် နွံလို့ နာမည်ပေးလိုက်တာပေါ့. ပြောရင်းနဲ့ကို နစ်ချင်လာပြီ. ဟတ်ဟတ်

>သဒ္ဒါလှိုင်း.. ကျေးဇူးပါ မသဒ္ဒါ.. လောလောဆယ်တော့ နှင်းထုကြီးကိုကြည့်ပြီး ခုန်ခုန်တိုက် ခိုက်ခိုက်တုန်နေတယ်.း)

>ချော... ဟုတ်တယ်ဗျာ. ကျွန်တော်လည်း ရေးနေတုန်းက ကျင်နေခဲ့တာပါပဲ. ပွဲပြီးပေမယ့် မီးမသေသေးတဲ့ အဖြစ်အပျက်မျိုးလေးတွေလည်း ရှိတတ်သေးတယ်ဆိုတာ သူမကို သိစေချင်ပါတယ်. ငိုချင်လာပြီ.း)

အိမ့်ချမ်းမြေ့ said...

ပိုစ်အသစ်လာရှာပါတယ်။

အင်း..
နွံကနစ်တုန်း ထင်တယ်။
(တစ်ယောက်တည်း ခပ်တိုးတိုးပြောသွားတာပါ)

Yan said...

>အိမ့်ချမ်းမြေ့..

ဟုတ်တယ်မလေး... နွံက ဗယ်လင်တိုင်းထိ နစ်တုန်း. ဟတ်ဟတ်.