Monday, October 05, 2009

သင်္ကေတ


လှပသော ခြေလှမ်းတစ်စုံ သူ့ရှေ့ လာရပ်သည်ကို သူမက်မောလွန်းစွာ ငေးကြည့်နေခဲ့မိသည်. ပြီးတော့ သူမ သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သည်. သို့မဟုတ် လှမ်းကြည့်လိုက်သည်ဟု သူထင်မိလိုက်ခြင်းလည်း ဖြစ်နေနိုင်သည်. သို့မဟုတ် သူ့စိတ်ထဲက သူမကို လှမ်းကြည့်လိုက်စေချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်. သူမအကြည့်က တဒင်္ဂလောက်ပဲ ကြာမည်ထင်သည်. သေချာသည်ကတော့ သူ့ရင်ခုန်သံ နည်းနည်းမြန်သွားခဲ့သည်ကိုတော့ သူသတိထားမိလိုက်သည်.

ထိုနေ့က သူထင်ထားခဲ့သလို မိုးမရွာနေခဲ့ပါ. နေရောင်ခြည် ကျိုးတိုးကျဲတဲက သူ့လက်ချောင်းလေးများကြားထဲသို့ ထိုးခွဲဝင်ရောက်လာသည်ကို မနှစ်မြို့လွန်းစွာ ကြိုးစားပိတ်ကာရင်း သူမမျက်နှာနုနုလေးပေါ်သို့ နေရောင်ခြည် မကျရောက်စေရန် သူကာပေးလိုက်သည်. အရိပ်နည်းနည်းကျသော နေရာတွင် ခေါင်းငုံ့ကာ စာဖတ်နေသော သူမတစ်ယောက်ကတော့ သူအလုပ်များနေခဲ့သည်ကို သိဟန်ပင်မတူ… သို့မဟုတ် သူမအတွက် သူသည် ဖြစ်တည်မှုမရှိသော မြင်တွေ့နိုင်စွမ်းမရှိသည့် အရာတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ခဲ့သည်. သေချာသည်ကတော့ သူမအတွက် သူကာကွယ်ပေးရသည်ကို သူနှစ်သက်နေမိသည်ကို သူသတိထားမိလိုက်ခြင်းပင်ဖြစ်သည်…

ကျေးငှက်ကလေးများက စိုးစီစိုးစီ သီကျူးနေကြသည်. ကျီးကန်းတစ်ကောင်က ခပ်လှမ်းလှမ်းက သစ်ပင်ပေါ်တွင် နားလျက် တအာအာ မြည်တွန်နေသည်. ဟိုင်းဝေးလမ်းမကြီးပေါ်တွင် ယာဉ်ကြီးယာဉ်ငယ်များက တ၀ီဝီဖြင့် ဥဒဟို သွားလာလှုပ်ရှားနေကြသည်. ဘိုးအင်းဂျက်လေယာဉ်ပျံကြီးတစ်စင်း တ၀ုန်းဝုန်း တဝေါဝေါ ဟစ်ကြွေးလျက် တိမ်လွှာထုထဲ ထိုးခွဲဝင်ရောက်သွားခဲ့သည်.

မည်သည့်အသံကမျှ သူမ၏ အာရုံစူးစိုက်မှုကို စိန်ခေါ်လှုပ်ရှားနိုင်စွမ်း ရှိခဲ့ဟန်မထင်. နားကြပ်အဖြူရောင်လေးကို ဖက်ရှင်ကျလွန်းစွာ နားနှစ်ဖက်မှာတပ်ပြီး ခုံတန်းလျားလေးပေါ်တွင်ထိုင်လျက် စာမျက်နှာတစ်ခုကို ခေါင်းငုံ့ကာစိတ်ဝင်တစား ဖတ်နေသော သူမနဖူးပေါ် ၀ဲကျနေသည့် ဆံနွယ်လေးများကို သွားပြီး သပ်တင်ပေးလိုက်ချင်သည်… ပါးပြင်မို့မို့ပေါ်တွင် ယှက်သန်းနေသော အကြောစိမ်းစိမ်းလေးများကို မြတ်မြတ်နိုးနိုး နမ်းရှိုက်ချင်သည်. လှပလွန်းစွာ သွယ်ဆင်းသွားသော နှာတံစင်းစင်းလေးကို သူ့နှုတ်ခမ်းဖျားလေးဖြင့် တို့ထိကစားချင်သည်. လေးကိုင်းသဏ္ဌာန် ကွေးဆင်းသွားသော သူမ အပြုံးရှင်းသန့်သန့်လေးကို သူ့ရင်ထဲ ထာဝရ သိမ်းထားခွင့် ရချင်သည်.

တကယ်တော့ သူမက ရွေ့လျားသွားလာနိုင်စွမ်းသော သက်ရှိတစ်ယောက်. သူကတော့ စိတ်သွားတိုင်း ကိုယ်မပါနိုင်သော သက်ရှိတစ်ယောက်. ဒီလောက်ထိ ဘ၀ခြင်း ခြားနားလွန်းခဲ့ပေမယ့်လည်း သူမအပေါ် သူ သံယောဇဉ်ဖြစ်မိသည့်အတိုင်းအတာကတော့ မည်သည့်အရာနှင့်မျှ တိုင်းတာ၍ပင် ရနိုင်မည်မထင်ချေ…

တိုက်တစ်လုံးအကွယ်မှ သူမလှုပ်ရှားသမျှကို ငေးမောကြည့်ရှုရင်း ရင်ခုန်လွမ်းမောနေရသော သူ့ဘ၀ကို သူမ စာနာနားလည်ပေးနိုင်မည့် တစ်နေ့ကို မရဲတရဲဖြင့် သူမျှော်လင့်လွမ်းမောနေခဲ့ရသည်. သို့သော် သူမကတော့ဖြင့် သူ့အဖြစ်ကို သိဟန်လည်းမတူ. သိဖို့လည်း ကြိုးစားမည်မထင်ဟု တွေးကာ စိတ်ပျက်အားလျော့စွာ နံရံကို မှီလျက် အသာအယာ ထိုင်ချမိလိုက်သည်. သူ့ခြေထောက်တွေ ဘာလို့ လမ်းလျှောက်ခွင့်မရတာလဲဟု အသံကုန်အော်ဟစ် ငိုကြွေးလိုက်ချင်သော်လည်း ဆန္ဒတို့က လည်ချောင်းဝတွင်ပင် တစ်ဆို့ပျောက်ကွယ်သွားကြသည်… နံရံကို ခေါင်းဖြင့်ဆောင့်လျက် ၀မ်းနည်းစွာဖြင့် သူ ရှိုက်ကြီးတငင် ငိုပစ်လိုက်သည်… ရင်အစုံတို့ နိမ့်ချည်မြင့်ချည်ဖြင့် မောဟိုက်လာကြသည်. နံရံဖက်သို့ သူ့မျက်နှာကိုကပ်လျက် သူ့လက်ချောင်းများကို နံရံပေါ်တွင် ကပ်ထားလိုက်သည်.

နံရံကြားမှ ရေစက်တစ်ပွင့်က သူ့လက်ကြားထဲသို့ ဖြတ်စီးသွားသည်. ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသော ရေစက်ပွင့်လေးကို ငေးကြည့်လျက် သူ ပြန်အားတင်းလိုက်သည်.

‘အနည်းဆုံးတော့ ငါ သူ့ကို မြင်တွေ့ခွင့်ရနေသေးတာပဲ. သူ့အတွက် ငါလုပ်ပေးနိုင်တာလေးတွေ လုပ်ပေးနေနိုင်သေးတာပဲ. ချစ်တယ်ဆိုတာ တစ်ဖက်လူ သိအောင်ပြဖို့ထက် ကိုယ်တိုင်ကိုက လိုလိုလားလား ဖြည့်စွမ်းပေးချင်တဲ့ ဆန္ဒတစ်ခု ဖြစ်ရင် ပိုမကောင်းဘူးလား.. ဟုတ်တယ်. အနည်းဆုံးတော့ ငါသူ့ကို င့ါအတိုင်းအတာတစ်ခုနဲ့ ဆက်ချစ်ခွင့် ရနေသေးတယ်…’

ဆတ်ခနဲခါထုတ်လိုက်သော သူ့ဆံနွယ်များကြားမှ ရေစက်တစ်ပွင့် လွင့်စင်သွားခဲ့သည်. ဖွာလန်ကြဲနေသော သူ့ဆံပင်များကို သပ်သပ်ရပ်ရပ်ဖြစ်အောင် အသာအယာဖိလိုက်ပြီး စာဖတ်နေသော သူမထံသို့ လှမ်းကြည့်လိုက်သည်.

အိုး….

သူမ မရှိတော့ပါလား…

အရပ်ရှစ်မျက်နှာသို့ ယောက်ယက်ခက်လွန်းစွာဖြင့် သူလိုက်ကြည့်မိသည်…
လှေကားပေါ်သို့ ဖျတ်လတ်စွာဖြင့် ပြေးတက်သွားသော သူမနောက်ကျောလေးကို ၀မ်းနည်းတသစွာ ငေးကြည့်ရင်း သူမထိုင်သွားသော ခုံတန်းလျားလေးပေါ်သို့ နောက်ပြန်လှဲချလိုက်သည်.

‘နှုတ်ဆက်ခွင့်လေးတောင် မရလိုက်ပါလား ချစ်သူရယ်….’




ခပ်လှမ်းလှမ်းတိုက်လေးတစ်လုံးမှ အခန်းလေးတစ်ခန်းကို သူငေးကြည့်နေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီထင်သည်…

မြို့ထဲမှ နာရီစင်ကြီးထဲက ချိန်သီးက သုံးချက်တီးလိုက်သံကို သူကြားလိုက်သည်.

‘နာရီစင်က သုံးချက်တီးသံမြည်….. နှင်းတွေလည်း ကျနေသည်… ဒီဆောင်းမြောက်လေ မြူးသည်… ခုတော့သိပြီ.. မင်းကို ကိုယ်ချစ်သည်….’

သူ့ရှေ့တွင် ရှိနေသော မြက်ခင်းစိမ်းစိမ်းလေးတွင် တွဲခိုနေသည့် ရေစက်လေးများကို ငေးကြည့်ရင်း သီချင်းစာသားတစ်ခုကို ခပ်တိုးတိုး သူရေရွတ်နေခဲ့မိသည်…

‘နောက်ထပ် နှစ်နာရီ ထပ်စောင့်ရဦးမယ်….’

ညဉ့်နက်နက်တွင်မှ ပုစဉ်းရင်ကွဲတို့က အလိုက်မသိလွန်းစွာ မြည်ကြွေးနေကြသည်.
သူ့နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပိတ်လျက် အုတ်ခုံပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလိုက်သည်. သို့သော် ကြာကြာတော့ မထိုင်နိုင်. ကြာတော့လည်း စိတ်ပျက်လာပြီး ပုစဉ်းရင်ကွဲတစ်ကောင်နှင့်တစ်ကောင်ကြားက လစ်ဟာသွားသော အချိန်လေးများကို နရီတစ်ခုအဖြစ် မှတ်ယူကာ သံစဉ်တစ်ခုကို စိတ်ကူးဖြင့် ဖန်တီးနေခဲ့လိုက်သည်.

ဖျတ်ခနဲ မီးပွင့်လေးတစ်ပွင့် ပွင့်သွားသည်ကို သူ့စိတ်က အတပ်သိလိုက်သည်.

ခေါင်းကို ဆတ်ခနဲ မော့ကြည့်လိုက်တော့ သူ့အထင်မမှားသည်ကို သိလိုက်ရသည်. ရင်ခုန်သံတို့ ပိုမြန်လာသည်…

သူမ အခန်းလေးရှိရာဖက်သို့ လှမ်းမျှော်ကြည့်ရင်း စိတ်ကူးဖြင့် တွေးတောနေခဲ့မိသည်.

အခုအချိန်လောက်ဆို သူမ မျက်နှာသစ်နေလောက်ပြီ. ရေချိုးနေလောက်ပြီ. အ၀တ်လဲနေလောက်ပြီ. ကော်ဖီသောက်နေလောက်ပြီ. မုန့်စားနေလောက်ပြီ….

သူ ရူးနေပြီဟု ထင်မိသည်…

နံနက်ခင်းလေပြည်အေးတစ်ချက်အဝေ့တွင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သော သူ့ရယ်သံတစ်ခု လွင့်မျောစီးဆင်းသွားသည်…

….

‘ဂျိမ်း.. ဂျိမ်း..’

သံဘာဂျာတံခါးတစ်ခု ဆွဲဖွင့်လိုက်သံကို ကြားလိုက်သည်.

သူ့ရင်ခုန်သံတို့က အတိုင်းအဆမသိ မြန်လာခဲ့သည်… ခြေဖျားလက်ဖျားတို့က ရုတ်ချည်းအေးစက်လာခဲ့သည်…

ဒီအချိန်ကြီး သူမကိုစောင့်နေသော သူ့ကို တွေ့လျှင် သူမ ဘာပြောမည်လဲ. လန့်သွားမည်လား. သို့မဟုတ် မနှစ်မြို့လွန်းစွာဖြင့် တစ်ချက်မေးငေါ့မည်လား. သို့မဟုတ်. သနားစရာဖြစ်ရပ်တစ်ခုလို့ပဲ သဘောထားပြီး ခေါင်းလှည့်ထွက်သွားမည်လား.

သူမ မီးတိုင်လေးကို ကွေ့ပတ်လျှက် ကျောက်စရစ်ခဲလေးများစီထားသော လမ်းကလေးကို အသာအယာနင်းလျှောက်လာသည်…

ဟော… နီးလာပြီ…

တဖြည်းဖြည်း သူ့အနားကို ရောက်လာသော သူမ၏ လှုပ်ရှားမှုမှန်သမျှကို မလွတ်တမ်းငေးမောကြည့်ရင်း သူမကို သူ ဘယ်လိုနှုတ်ဆက်လိုက်ရမည်လဲဟု အလျှင်အမြန်တွေးတောလိုက်သည်…

အမှောင်ထဲတွင် ထိုင်နေသော သူ့အနားသို့ သူမ ရောက်လာသည်ကို အသက်ရှူရပ်မတတ် သူလိုက်ကြည့်နေခဲ့မိသည်…

သစ်ပင်တစ်ပင်နောက်ကွယ်သို့ သူ အမြန်ပြေးကပ်လိုက်သည်.

သူမ သူ့ရှေ့နားမှ ဖြတ်လျှောက်သွားသည်. လက်ထဲတွင်ကိုင်ထားသော ဖိုင်တွဲအနက်ရောင်လေးကို သ၀န်တိုစွာဖြင့် သူငေးကြည့်နေခဲ့မိသည်.

ဟော… သူမ သူ့အရိပ်ထဲက ထွက်သွားတော့မည် ထင်သည်…

သူ့လက်တစ်ချက်ကို ဆတ်ခနဲလှုပ်လိုက်သည်…

လှပသော ပန်းလေးတစ်ပွင့် သစ်ကိုင်းလေးများကြားထဲမှ ဝေ့၀ဲလျက် သူမရှေ့သို့ အသာအယာ သက်ဆင်းသည်…

သူမ ခြေလှမ်းတို့ တုံ့ခနဲ ရပ်ဆိုင်းသွားသည်…

ဘေးဘီဝန်းကျင်ကို အကဲခတ်ကြည့်သည်…

ထို့နောက် ကလေးငယ်တစ်ယောက်ကဲ့သို့ အပြစ်ကင်းစွာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလျက် ပန်းပွင့်လေးကို ကောက်ယူလိုက်သည်.

"Thank you…"

ခပ်တိုးတိုး ပြောလိုက်သော သူမ၏ စကားလုံးလေးများက သူ့ရင်ဘတ်ထဲသို့ အဆီးအတားမရှိ ပြေးဝင်တိုးခတ်သည်...

သူမဆံနွယ်လေးကြားထဲတွင် ၀င့်ကြွားစွာ လိုက်ပါသွားသော ပန်းပွင့်လေးကို ငေးကြည့်လျက် ခုံတန်းလျားလေးပေါ်တွင် စိတ်ဖြေလျှော့ကာ သူထိုင်ချလိုက်သည်….

ညနေကျရင် စောစောပြန်ခဲ့ပါနော်….

ကျွန်တော်နဲ့အတူတူ ဒီခုံတန်းလျားလေးပေါ်မှာ စာလာဖတ်နိုင်ပါစေလို့ ကျွန်တော်ဆုတောင်းရင်း တမ်းတလွမ်းဆွတ် နေပါ့မယ်...

ဒီနေရာလေးမှာ ကျွန်တော် အမြဲ ရှိနေမယ်....

I miss you soooo much…

အဆောက်အဦးတစ်ခုထဲမှ မိန်းကလေးတစ်ယောက် ထွက်ခွာသွားချိန်တွင် သူမ အိမ်ရှေ့မှ သစ်ပင်လေးတစ်ပင် အသံတိတ် လွမ်းဆွေးနေခဲ့သည်ကို မည်သူကမျှ သိနိုင်ခဲ့မည်မထင်…




~ရေခဲငှက်~

5 comments:

WWKM said...

အယ်. ပြီးသွားရောလား..ဇာတ်လမ်းကတိုလိုက်တာ.
ဖတ်လို့ကောင်းတုန်းရှိသေး..း)

ဒါနဲ့ ဒီသီချင်းလေးကတိုက်ဆိုင်နေတယ်.
“နာရီစင်က သုံးချက်တီးသံမြည်….. နှင်းတွေလည်း ကျနေသည်… ဒီဆောင်းမြောက်လေ မြူးသည်… ခုတော့သိပြီ.. မင်းကို ကိုယ်ချစ်သည်….”
ဦးဥာဏ်က အစ်မကို ဒီသီချင်းလေးနဲ့ ကိုယ်တိုင်ဂစ်တာ
တီးသီချင်းဆိုပြီး တိပ်ခွေတစ်ခွေအပြည့် လက်ဆောင်ပေးပြီး ပိုးခဲ့တာလေ။ :D

ငြိမ်းချမ်းပါစေ မောင်ရန်အောင်။

Rita said...

မေ့သလောက်ရှိမှ တခါတင်တယ်

အိမ်ချမ်း said...

ပိုစ်လေးက အရမ်းကောင်းပါသည်။

မရီတာရဲ့ ကွန့်မင့်ကို သဘောကျသည်။
သူပြောတာမှန်သည်။

မကြာခဏ ရေးစေလိုပါသည်။

အိမ်ချမ်း said...

သြော်... ကိုရန်..ကိုရန်...
လက်စသတ်တော့ မကြီးမငယ်နှင့် သစ်ပင်ပေါ်မှ တက်ချောင်းနေသည်ကိုးးးး

Yan said...

>မ၀ါ... ပြန်သတိရသွားတယ်ပေါ့လေ.း)

>ရီတာ... အမေ့ခံကြည့်တာပါ. ဘယ်လောက်များ ကိုယ့်အပေါ်ကို ခင်တွယ်ကြလဲ သိချင်လို့. တစ်ချို့ကတော့ တကယ်ကို မေ့သွားကြပြီထင်ပါရဲ့.

>မလေး... သစ်ပင်ပေါ်က တက်ချောင်းတာမဟုတ်ပါဘူးဗျာ. Character ကိုယ်တိုင်က သစ်ပင်လေး ဖြစ်နေတာပါ.း) ကော်မန့်နှစ်ခုအတွက် Double Thanks...