Wednesday, May 20, 2009

မလွမ်းရဲသေးဘူး...း)

ခုတလော စာရေးလို့ မရဘူးဖြစ်နေပြန်တယ်ဗျာ...

လူက ကောင်းကောင်းနေမကောင်းသေးတာကြောင့်လည်း ပါမလားမသိဘူးဗျ. စာရေးမယ်လို့ ထိုင်လိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှု၊ မုဒ်သွင်းလိုက်တာနဲ့ မုဒ်လည်းဝင် နှာခေါင်းထဲလည်း ဘာတွေဝင်လို့ ၀င်မှန်းမသိဖြစ်ပြီး ဟတ်ချိုးတော့တာပဲ...

ဒီနှစ် ဖြစ်တဲ့ အလာဂျီ(allergy) တော်တော်ခံရတယ်ဗျာ. ဒီကြားထဲ Swine Flu ကလည်း Around the corner ဆိုတော့ ကိုယ့်ဆီမှာ ဖြစ်တဲ့ ရောဂါလက္ခဏာတွေနဲ့ သတင်းစာထဲ၊ တီဗွီတွေထဲမှာ ကြော်ငြာနေတဲ့ ရောဂါလက္ခဏာတွေနဲ့များ မတော်တဆ တူနေမလားဆိုပြီး တိုက်ဆိုင်စစ်ဆေးကြည့်ရတာလည်း အခါခါ...

ဟိုတလောက ဆေးသောက်မှားလို့ ၀မ်းကလျှောလိုက်သေးရဲ့.... အားကိုးတကြီးနဲ့ မ ကိုများ တိုင်ပင်လိုက်မယ် မကြံနဲ့.... ဘာပြောတယ်မှတ်လဲ... အဲဒါ အေနဲ့စပြီး အက်စ်နဲ့ ဆုံးတဲ့ ရောဂါများ ဖြစ်နေလားမသိ တဲ့လေ... ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ ပြန်ပြောလိုက်တယ်. အဲဒီ့ရောဂါလား သိပ်သိတာပေါ့လို့...
'Achit Nat Soe' လို့လေ....း)

စထရပ်စ် (Stress) တွေလည်း များနေတယ်ဗျာ. အလုပ်ကိစ္စ၊ အိမ်ကိစ္စ၊ ကျောင်းကိစ္စ၊ မိသားစုကိစ္စ၊ စီးပွားရေးကိစ္စ၊ ကြီးပွားရေးကိစ္စ၊ မီးဖွားရေးကိစ္စ (အဲလေ.. ယောင်ကုန်ပြီ. ဟတ်ဟတ်)

အင်း... ဘာလိုလိုနဲ့ အဆက်ဟောင်းကြီးလည်း ကလေးမွေးတော့မယ်ကြားတယ်ဗျ... (ငိုချင်တယ်) ဟိုတလောကတောင် ဂျီတော့ခ်မှာ တက်လာတာ တွေ့လို့ လှမ်းနောက်လိုက်သေးတယ်.

'သားလေးမွေးရင် ကိုယ့်နာမည်ပေးပါ' လို့လေ...

အံမယ်... ရှက်သွေးဖြန်းသွားမယ်များထင်နေလား.. နားနားနားနား..

သူကလည်း မခေဘူးဗျ... ပေးမှာပေါ့တဲ့... ဘယ်လိုပေးမှာလဲ ပြန်မေးလိုက်တော့ ဘာပြောတယ်မှတ်လဲ... 'ဘူရေးရဲရန်ရန်' လို့ပေးမှာတဲ့ဗျာ... (အောင်မျငေး.. ဂျောက်ဂျက်ရယ်... လုပ်ချလိုက်ပြန်ပြီဟလို့ စိတ်ထဲကသာ ကျိန်ဆဲနေမိတော့တယ်.) ဟတ်ဟတ်ဟတ်...

တော်သေးတာပေါ့. ဘူရေးရဲရန်ရန်ဆိုလို့... တော်နေကြာ စိတ်ပြောင်းပြီး ဘူတားရန်အောင်. ဘူဆွတ်ရန်အောင်. ဘူဘူကြီးရန်အောင်လို့ မပေးတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီ.. အဲ... လုပ်ကြပါဦး... ပြောရင်းနဲ့ကို ၀မ်းက ထပ်လျှောချင်လာပြီ...း)

ကျွန်တော်လည်း စထရပ်စ်တွေ သိပ်များနေတယ်ဗျာ. နှစ်ပတ်ရှိပြီ. အလုပ်ဆင်းရင် မြစ်ကမ်းဘေးမှာ သွားသွားထိုင်ရင်း အတ္တတွေကို ရေထဲပစ်ပေါက်နေတာ... ဟိုတစ်နေ့ကတော့ အပေါက်ကောင်းကောင်းနဲ့ ပိုက်ဆံအိတ်ပါ ပစ်ပေါက်မိတော့မလို့ဆဲဆဲ ဘင်ဂျမင်ဖရန်ကလင်က "What's up, man?" ဆိုတာနဲ့ ဘုရားဘုရားဘုရားဆိုပြီး အသာပြန်ခေါက်သိမ်းထားလိုက်ရတယ်...

စိတ်နဲ့လူနဲ့လည်း သိပ်မကပ်ချင်ဘူး.. အရင်တုန်းကလို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး စိတ်ထားလေး ပြန်ရချင်တယ်.

အင်း... လွှဲချတာတော့ မဟုတ်ပါဘူး. ဒီကိစ္စက မ နဲ့ အများကြီး သက်ဆိုင်တယ်.း(((((

တော်ပါပြီဗျာ. မပြောတော့ပါဘူး... မန္တလေးမှာနေခဲ့တုန်းက လမ်းထိပ်မှာနေတဲ့ တရုတ်ကြီးပြောသလိုပဲ ပြောရတော့မယ်.

ဖိသမျှအီကြောင်း အီကောင်းပဲပေါ့လို့ ၀တွေးလယ်... ငှဲ... ငှဲ... ငှဲ...

ပြောရင်းနဲ့ အီကွေးစားချင်လာပြီဗျာ...

စပ်မိလို့ ပြောရဦးမယ်... ကျွန်တော်က အရင်ဘ၀က ရေကသိုဏ်းများ ရှုခဲ့ဖူးလားမသိဘူး. ဒီဘ၀မှာ ရေစပ်နားသွားထိုင်တာကို တော်တော်ကြိုက်တယ်. ရေကို ကြည့်နေရရင်ကို စိတ်က တည်ငြိမ်လာတယ်. အေးချမ်းလာတယ်. လမ်းထိပ်ကဆိုင်မှာ ရေဖြူဖြူလေးကို ရေခဲတုံးလေး ပလုံခနဲ ပစ်ထည့်ပြီး ခွက်လေးကို လှည့်ကာလှည့်ကာ ကြည့်ရင်တော့ ဘာပြောကောင်းမလဲ... အဟဲ.ဟဲ.

မန္တလေးမှာတုန်းကလည်း ကျွန်တော် စိတ်တွေ နောက်ကျိရှုပ်ထွေးလာရင် စက်ဘီးကိုဆွဲ၊ ကျုံးဘေးမှာ အအေးသွားသောက်ပြီး တင်းနေတဲ့စိတ်တွေကို လျှော့ချပစ်လိုက်တတ်တဲ့ အကျင့်ရှိတယ်. ဒီမှာကတော့ သူ့အရပ်နဲ့ သူ့ဇာတ်ပေါ့ဗျာ. မြစ်ကမ်းဘေးနားလေးက ခုံတန်းလျားလေးမှာ ထိုင်ရင်း အတွေးစဉ်လေးတွေ ဆင့်ကာဆင့်ကာနဲ့ စိတ်ကူးလေးယဉ်နေလိုက်ရရင် ကျွန်တော့်ရဲ့ စထရပ်စ်အချို့ လျော့ကျသွားတတ်တယ်.

နောက်ပို့စ်တစ်ခုကျမှ ကျွန်တော် မြစ်ကမ်းဘေးမှာ ထိုင်ရင်း ရိုက်ဖြစ်ခဲ့တဲ့ ဆည်းဆာဓာတ်ပုံ ကောင်းကောင်းလေးတွေ တင်ပေးဦးမယ်.

အခု ဒီပို့စ်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော် စာရေးလို့ မရသေးဘူးဆိုတာကို ရှင်းပြမလို့ပါပဲ... အဲလို ရှင်းပြရင်းနဲ့ကိုပဲ ကျွန်တော်တစ်ယောက် တော်တော်လေကြောရှည်နေမိပြီ ဆိုတာကို သတိထားမိချိန်မှာတော့ ဘလော့ဂါရပ်ကွက်ထဲက တစ်ယောက်က မကြားတကြား လှမ်းပြောပါတယ်...

"အဲဒီ့က ဘူလေးလဲတဲ့... "

း)

နောက်နေ့မှ တွေ့မယ်ဗျာ... အိပ်တော့မယ်.
အားလုံးပဲ ဂွတ်ည...

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်.

9 comments:

Rita said...

မရေးဘူးဆိုတဲ့ အကြောင်း ရေးထားတာ တော်တော်ရှည်သားနော်

သားကြီး said...

ကြီးပွားရေးကိစ္စ၊ မီးဖွားရေးကိစ္စတွေမရောနဲ့လေဗျာ... :)
ဖတ်ရင်းနဲ့ရယ်နေရတယ်ဗျို့
နောက်တင်မယ့်ဆည်းဆာပုံကိုလည်းမျှော်နေလျှက်ပါ
ဟဲဟဲ...ကိုရန်အောင့်ကျေးဇူးနဲ့ကျနော့ဘလော့မှာlinkin parkနဲ့ VIPကို စိတ်ကြိုက်လုပ်ထားတယ် သူများတော့မသိဘူး ကျနော်တော့ကိုယ့်ဘလော့ကိုကိုယ်ကြည့်ပြီး ပီတိတွေဖြစ်လို့ ဟိဟိ.. ကျေးဇူးအထူးနော်ကိုရန်အောင် ခု ကိုရန်အောင်ရဲ့ help deskဘက်ဒိုးဦးမယ် ယူစရာတွေကျန်သေးလို့... bye....

khin oo may said...

တို့လည်းရေတွေ ကိုထိုင်ကြည့်ရတာကြိုက်တယ်။

khin oo may said...

တိမ်တွေ ကိုမော့ကြည့်ရတာလည်းကြိုက်သေးတယ်။

မသက်ဇင် said...

ကိုရန်အောင်
အမြန်ဆုံးနေကောင်းပါစေ
ခင်မင်လျက်

လင်းလက်ကြယ်စင် said...

ကိုရန်အောင်ရေ .. အရေးအသားတွေက အမြဲလန်းလျက်ပဲနော်။ မတွေ့ရတာ အတော်ကြာ။ သတိရပါ၏။ swine flu ပြဿနာကြောင့် ကျွန်မလည်း နည်းနည်းလေး နေမကောင်းဖြစ်လာရင် အချက်အလက်တွေ ခဏခဏပြန်ဖတ်ခဲ့ရတယ်။ လောကကြီးထဲက မထွက်ချင်သေးဘူးလေ။ ကျန်းမာရေးဂရုစိုက်။

ခင်မင်စွာဖြင့်

လင်းလက်ကြယ်စင်

WWKM said...

အယ်ဆိုင်းဇီ သီချင်းလားလို့..း)))

မီးမီးချစ် said...

ဒါဆို ရင် တော့ သေချာပါပြီ..းp

thantsin said...

ကိုရန်အောင်နဲ့ ကျွန်တော် လာတူနေပီဗျ .. ကျွန်တော်လဲ stress အရမ်းများလာရင် ရေကန်ဘေးကို ပြေးချင်စိတ် အမြဲပေါက်တာဗျာ .. ဟိုတလောက လူက တညလုံး မအိပ်ရသေးတာတောင် မိုးလင်းတော့ အဆောင်က ထွက်လို့ရတာနဲ့ တန်းပြီး ပန်းခြံထဲက ရေကန်ဘေးကို ပြေးတာ ညရောက်တော့ ဖျားတော့တာပဲဆရာရေ .. အဲလောက် ရူးတာ .. နှင်းတောထဲသွားတာ နဲတောင် နဲသေးတယ်လို့ပြောရမလို ဖြစ်နေပီ .. ရေကန်ဘေး မသွားဖြစ်တောင် ဘယ်သူနဲ့မှ စကားမပြောပဲ တယောက်ထဲ ငြိမ်ငြိမ်လေး နေချင်တာ .. စိတ်အတော်လေးကို ငြိမ်သွားတာ အဲလိုလုပ်လိုက်ရရင် .. ဘာပဲပြောပြော ကို့လို ရူးဖော် ရူးဘက် တယောက်ရပီ သွပ်သွပ် .. :P