Monday, May 04, 2009

မမှာမကြား၊ ချိန်းမထားပေမင့်....

နားကြပ်လေးကို နားမှာတပ်ထားရင်း၊ အိပ်ယာပေါ်မှာ စောင်ပါးပါးလေးကို ခြုံလို့ ပြန်ဖတ်ဖြစ်တဲ့ ကဗျာဟောင်းလေးတစ်ပုဒ်ပါ. ဒီစာရိုက်တာတောင် လက်တွေ နည်းနည်းတုန်ချင်နေတယ်. အခြေအနေသိပ်မကောင်းတော့ဘူးထင်တယ်ဗျာ... :)


ရတနာ (၃)

မမေ့တတ်ဟု၊ ယုံမှတ်ပြန်သည်
မှောင်ရီမိုးသည်း၊ မလာလည်းလေ
လာနေမလား၊ ထသွားပြန်ခက်
လာလျက်နဲ့များ၊ လွဲသွားမည်စိုး
မိုးချုပ်တော့မည်....

ခရေလမ်းကို၊ လှမ်းငေးမျှော်မော
မြင်ရသောသူ၊ ဩော်... သူမဟုတ်
အလုပ်သွားပြန်၊ တစ်ရံတစ်ဆစ်
ချစ်သူတွေလား၊ မိုးကြားလေထဲ
နှစ်ယောက်တွဲပျော်၊ အဖော်နှင့်လေ
ခရေတန်းအောက်၊ သူလာလျှင်တစ်ယောက်တည်း
မလာရဲလို့လားကွယ်....



လေတစ်ချက်ဝေ့၊ မိုးစက်ထိမှန်
ပြန်မှဖြစ်မည်၊ မိုးချုပ်ပြီကွယ်
တကယ်ဆိုလျှင်၊ အမျှင်မပြတ်
မတ်တပ်စောင့်ဆဲ၊ မိုးပိုသည်းပြန်
တစ်ရံတစ်ခါ၊ လာမည်ဆတ်ဆတ်
မိုးစက်ကြားမှာ၊ ကြားယောင်လာ၏
သတိတော့ရမှာပါ...



မတွေ့ခြင်းဖြင့်၊ တွေ့ခြင်းများစွာ
မလာခြင်းဖြင့်၊ မျှော်လင့်ရင်မော
သောကဟု မဆိုသာ...
ဗျာပါဟု မဆိုချင်...
သံယောဇဉ်တစ်ခုခုဖြင့်...
ဘယ်သူ့ဘယ်သူ၊ ခွန်းကျူချိုသာ
မမှာမကြား၊ ချိန်းမထားပေမင့်
စကားများစွာ ပြောချင်သည်....။ ။

ရတနာ (၃)၊ သောကခြေရာ ရတနာ ကဗျာများ၊ မောင်စိန်ဝင်း (ပုတီးကုန်း)

Photo Credit:
pic-1
pic-2

4 comments:

သားကြီး said...

မောင်စိန်ဝင်းကဗျာလေးတွေအရမ်းကြိုက်ပါတယ်
ဖတ်ပြီးရင်မေ့မေ့ သွားတာက ခက်တယ်ဗျာ
ခုလိုအပုံတွေနဲ့ တင်တော့ ပိုပြီးအသက်ဝင်တယ်ကဗျာက

ဒူကဘာ said...

ကဗျာ ဖတ်မိတော့ ကျောင်းသားဘဝ ကိုပြန်ရောက်သွားသလို ပါပဲ၊ တင်ပြပုံ ကောင်းလွန်လွန်းလို့ ခံစားရပါသည်။

Thinzar said...

အခြေအနေ သိပ်မကောင်းတော့ဘူးဆိုတော့ H1N1 များလား :D

Rita said...

ကျွန်မလဲ မောင်စိန်ဝင်း ကဗျာတွေ သိပ်ကြိုက်တယ်။