Wednesday, May 06, 2009

တမ်းတခြင်းများစွာဖြင့် (သို့) မ-၇



ခြောက်သွေ့နေတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
နေကောင်းလားလို့ မေးသင့်ခဲ့တာပေါ့.
အဆင်ပြေလားလို့လည်း ပြောမထွက်ခဲ့ဘူး
ဘာရယ်မှန်းတော့မသိ
သူလှုပ်ရှားတာ
သူသွားတာ
သူလာတာ
သူရယ်တာ
သူပြုံးတာ
..
.
သူလှုပ်ရှားသမျှ ရင်ခုန်စွာနဲ့ လိုက်ကြည့်လို့မဝ
ပြောရမယ့် စကားလုံးတွေ ပျောက်ဆုံးနေတာ
ရင်ထဲမှာ ဗလာဖြစ်နေလို့တော့ မဟုတ်ခဲ့ဘူး
လွမ်းလွန်းလို့ပါ.
ရင်ထဲမှာ ဆို့နင့် မွန်းကြပ်လွန်းလို့ပါ

ပြန်ဆုံရင် ဘယ်လိုပြောမယ်လို့ အားခဲထားသမျှ
ပြန်တွေ့ရင် ဘယ်လိုလွမ်းနေရတယ်လို့ ပြောချင်ခဲ့သမျှ
သူ့ရဲ့ မျက်လွှာတစ်ချက် ဝေ့အကြည့်မှာ ရေခဲမြစ်ထဲ ပျော်ဝင်စီးဆင်းသွားကြတယ်.
ပြောမထွက်ဘူး ချစ်သူရယ်.
အရမ်းအားငယ်နေလို့ပါ.

ယုံကြည်စွာ လက်တွဲပိုင်ဆိုင်နိုင်ခွင့်ကိုလည်း
မရဲတရဲနဲ့ မျှော်လင့်နေဆဲပဲဆိုရင်
ကိုယ် သိပ်များ ရူးသွပ်လွန်းနေပြီလား..

မသိဘူးချစ်သူရယ်
သူ့ဘေးနားမှာ ကိုယ်ရှိနေတယ်ဆိုတဲ့ အသိလေးနဲ့ပဲ
ရန်လိုနေတဲ့ လောကကြီးကို ခေတ္တ အဆက်အသွယ် ဖြတ်ထားချင်တယ်.
သူ့ဆံနွယ်ထက်က ဟဲရ်ကုတ်နံ့လေးကို လွမ်းတယ်
ပိရိသေသပ်လှပတဲ့ သူ့နှုတ်ခမ်းလေးတွေကို တမ်းတမိတယ်.
နူးညံ့အိစက်လှတဲ့ သူ့ပါးပြင်လေးတွေကို အိပ်မက်ထဲမှာ လှမ်းစမ်းမိတယ်.
သူ့ကိုယ်ငွေ့နွေးနွေးလေး ကိုယ့်ရင်ခွင်ထဲ ဖြတ်စီးဆင်းသွားတယ်.
ရင်ခုန်တယ် ချစ်သူ.

တစ်ယောက်တည်းလွမ်း
တစ်ယောက်တည်းတမ်း
တစ်ယောက်တည်းမှန်း
တစ်ယောက်တည်းနမ်း
နေ့ညများစွာ နွမ်းလျအားငယ်ချင်လာပေမယ့်
တွယ်တာမိတဲ့ သံယောဇဉ်ကိုတော့ အကြွင်းမဲ့ယုံနေဆဲပဲ...

ခြောက်သွေ့နေခဲ့ဖူးတဲ့ သစ်တစ်ပင်အောက် ဒီနေ့ ပြန်ရောက်ဖြစ်ခဲ့တယ်.
မျက်ဝန်းညိုလေးတွေကို မြတ်နိုးစွာ ငေးကြည့်ရင်း
ကြိုတင်မစီစဉ်ထားတဲ့ စကားလုံးတွေ ကဆုန်ပေါက် ပြေးဆင်းကုန်ကြတယ်.
'အရမ်းလွမ်းတာပဲ မ...
အဆင်ပြေရဲ့လား..
ညက ကျွန်တော် မ ကို အိပ်မက်မက်သေးတယ်
အဖြူရောင်ဝတ်စုံလေးနဲ့ပေါ့
နတ်သမီးလေးကျနေတာပဲ
လှလိုက်တာဗျာ...
အိုးး..
အဲဒါ သိပ်တော့ မကောင်းဘူးထင်တယ်နော်.
အိပ်မက်ထဲမှာ လှတယ်လို့ မက်ရင် အပြင်မှာ နေမကောင်းဖြစ်တတ်တယ်တဲ့
အပြင်သွားရင် သတိထားပါနော် မ
နွေးနွေးထွေးထွေးလေးဝတ်သွားပေါ့
ကားတွေလည်းကြည့်ကူးနော်.
ကျွန်တော်လေ..
ကျွန်တော်..
ဟို..
ဘယ်လိုပြောရမယ်မသိဘူးဗျာ.

..

.

အရမ်းလွမ်းတယ် မ ရာ...'


ဒီသစ်ခြောက်ပင်အောက် နောက်နေ့တွေ ရောက်ဖြစ်ဦးမှာပါလေ...

....



...ရေခဲငှက်...

pic 1
pic 2

7 comments:

မေ့သမီး said...

လွမ်းနေတယ်ပေါ့။ ဒီကဗျာလေး မဆီပို့လိုက်ရင် ကြွေသွားလောက်တယ်။ နေကောင်းသွားပြီထင်တယ်နော်။

Anonymous said...

အလွမ်းများ တစ်နင့်တစ်ပိုး ဝေမျှခံစားသွားပါသည် ...

Anonymous said...

လွမ်းသွားပါတယ်၊အဆင်ပြေပျော်ရွှင်ပါစေဗျာ

Anonymous said...

လွမ်းနိုင်ပါစေ..
ချစ်နိုင်ပါစေ..
အမြန်ဆုံး ပိုင်ဆိုင်နိုင်ပါစေ... မ ကို. :D

ကိုရန်အောင်တို့ကတော့ မ မှ မ ပဲ.. အရင်ကဖတ်ဖူးပါတယ် မ နဲ့ဆုံဘို့က ၉၀ ရာခိုင်နှုန်း မသေခြာဘူး ဆိုလား....

အကြံပေးမယ်...
မ ကို မေ့လိုက် ညီမလေးရှာ... :D

နေမကောင်းတဲ့ကြားက အကြံလာပေးသွားတာနော်.း)
သတိတရ လာလည်တာ ကျေးဇူးပါ။

အစစအရာရာ အဆင်ပြေပါစေ.

ကဗျာဦး said...

မ အတွက်ကဗျာလေးဖတ်ပြီးငိုချင်လာပြီ
ဟင့်

Rita said...

ကိုရန်အောင်ရယ်
ခဏဖြစ်ဖြစ် ပြန်သွားတွေ့ဖို့ကောင်းတယ်။ အတည်ပြောတာပါ။ တော်ကြာ သူများနောက်ပါသွားဦးမယ်။

Anonymous said...

hello... hapi blogging... have a nice day! just visiting here....