Wednesday, September 03, 2008

သံချပ်ဆိုတာ ဂလိုရှိတယ်....

ဒီတစ်ခါတော့ ဘာရယ်မဟုတ်ဘူး. ဖတ်မိဖတ်ရာလေးတွေထဲက သံချပ်စပ်နည်းလေးကို ဝေမျှချင်ပါတယ်.

သံချပ်ဆိုတာ ဘာလဲ. တော်ရုံတန်ရုံ အရည်အချင်း ရှိရုံ၊ စည်းမျဉ်းဥပဒေ တတ်ကျွမ်းနားလည်ရုံနဲ့ သံချပ်စပ်လို့ ရစကောင်းလား.

ရနိုင်ပါတယ်. ဖြစ်နိုင်ပါတယ်. ဒါပေမယ့် သံချပ်ရဲ့ သဘာဝမှာကိုက ခနဲ့တဲ့တဲ့၊ ငေါ့တော့တော့နဲ့ ဟာသနှောပြီး စပ်ဆိုရတာကြောင့် သံချပ်စပ်ဆိုသူမှာ ဟာသဥာဏ်ရွှင်ဖို့ လိုပါတယ်. Sense of Humor လေး ရှိသင့်တာပေါ့ဗျာ.

ကဲဗျာ. ကျွန်တော်ကတော့ စာသံပေသံနဲ့ သံချပ်စပ်နည်းကို ရှင်းပြမနေချင်ဘူး. လိုရင်းတိုရှင်းနဲ့ ထိထိမိမိလေး ပြောသွားချင်ပါတယ်.

သံချပ်

သံချပ်ဆိုသည်မှာ ရံခါရံခါ ယိုးဒယား သီချင်းကြီးများ အတွင်းသို့လည်းကောင်း၊ ရံခါရံခါ အမည်မတူသည့် သီချင်း ၂ ခုတို့၏ အတွင်းသို့ (အကြားသို့) ညှပ်ချပ်သွင်းပြီး တိုင်ကာ၊ ဖောက်ကာဖြင့် သီဆိုရသောကြောင့် “သံချပ်” ဟု ခေါ်ဆိုရလေသည် တဲ့ဗျ.

စည်းမျဉ်းဥပဒေက ဒီလိုရှိပါတယ်.



(၁) အတိုင်၊ အဖောက်ဆိုပြီး ၂ ပိုဒ်ရှိရပါမယ်.

(၂) အတိုင်ကို ၇ လုံးထားပြီး ၄ လုံး ၃ လုံး ခွဲထားရပါမယ်.

(၃) အဖောက်ကို ၈ လုံးထားပြီး ၄ လုံး ၄ လုံး ခွဲထားရပါမယ်.

ဥပမာ ကြည့်ပါ.

အတိုင်။ အပါးအောက်က- အထူခံ၊
အဖောက်။ ကုလားအပြန်- လိုက်မယ့်မိန်းမ။

ဒီသံချပ်မှာကြည့်ပါ. အတိုင်မှာ ၄-၃ ခွဲထားပြီး အဖောက်မှာ ၄-၄ ခွဲထားပါတယ်. အဲဒါ သံချပ်ရဲ့ အခြေခံဥပဒေသပါ.

ကဲ. ကာရန်ယူပုံအကြောင်း ဆက်ပြောချင်ပါတယ်. သံချပ်ကို ကျွန်တော်ဖတ်မိလေ့လာမိသမျှ အကျဉ်းချုံးဖော်ပြရရင် ကာရန်ယူတာရှိသလို မယူဘဲနဲ့ အဓိပ္ပါယ်ကို အသားပေးစပ်ဆိုတာလည်း ရှိပါသေးတယ်. ဆက်ကြည့်လိုက်ရအောင်လား…

ကာရန်ဖြင့် စပ်နည်း

တိုင်။ အင်္ကျီပါးနဲ့-မျက်ထားချို၊
ဖောက်။ သက်ကြားအိုတောင်- မကြိုက်မကြိုက်။

ဒီသံချပ်မှာ ချိုနဲ့ အိုကို ကာရန်ယူထားပါတယ်. ပိုပြီး ကာရန်ဥပဒေအနေနဲ့ ပြောရရင်တော့ ပထမ အတိုင် စာပိုဒ်ရဲ့ နောက်ဆုံး စကားလုံးနဲ့ ဒုတိယ အဖောက်စာပိုဒ်ရဲ့ တတိယ စကားလုံးကို ကာရန်ယူပါတယ်. သာယာနာပျော်ဖွယ်ဖြစ်သွားစေတာကတော့ မျက်ထားချို-သက်ကြားအို ဆိုပြီး ကာရန်နဘေထပ်လေးပါ ယူထားလို့ပါပဲ.

နောက်တစ်မျိုးကြည့်ရအောင်.

တိုင်။ ဘဲဥနှစ်လုံး-အပြုတ်ကြော်၊
ဖောက်။ ပြာတာကတော်-ဆောင်းတဲ့ဦးထုပ်။

ဒီသံချပ်မှာကျတော့ ကြော် နဲ့ တော် ကို ကာရန်ယူထားပါတယ်. ပထမပိုဒ်ရဲ့ နောက်ဆုံးစကားလုံးနဲ့ ဒုတိယပိုဒ်ရဲ့ စတုတ္ထမြောက်စကားလုံးချင်း ကာရန်ယူထားတာ ဖြစ်ပါတယ်.

ဒီလောက်ဆိုရင် ကာရန်ယူပုံလေးကို နည်းနည်းပါးပါး နားလည်လောက်ပြီ ထင်ပါတယ်.
ကာရန်နဘေထပ်လေးတွေကိုပါ လေ့လာတတ်ကျွမ်းထားကြမယ် ဆိုရင်တော့ မိမိတို့ရဲ့ သံချပ်လေးတွေဟာ ဖတ်ရဆိုရတာ အင်မတန်မှပဲ သာယာနာပျော်ဖွယ်ကောင်းမှာ ဖြစ်ပါတယ်.

အဓိပ္ပါယ်အသားပေးစပ်နည်း

ဒီနည်းမှာကျတော့ ကာရန်ကို အသားမပေးတော့ဘဲ ရှေ့ကအတိုင်နဲ့ နောက်ကအဖောက်ကိုသာ အနက်အဓိပ္ပါယ် ဆီလျော်အောင် စပ်ဆိုတာမျိုး ဖြစ်ပါတယ်.

တိုင်။ လိပ်ဥပျောက်လို့-လိပ်မမှိုင်
ဖောက်။ သူ့ခမြာမှာ- ငိုမဲ့ငိုမဲ့။

တိုင်။ အမေ့ချွေးမ-ပျောက်လို့ရှာ
ဖောက်။ တွေ့ပြီတွေ့ပြီ-သူပဲသူပဲ။

တိုင်။ သူ့သမီးကို-ပက်မယ့်ကြံ
ဖောက်။ သူ့အမေက-ကာဆီးကာဆီး။

ဒီသံချပ်တွေမှာ ကာရန်မယူပါဘူး. အတိုင်နဲ့အဖောက်ကို ဆက်စပ်ပြီးတော့ပဲ အဓိပ္ပါယ်ကို အသားပေးစပ်ဆိုထားတာ ဖြစ်ပါတယ်. ဒါပေမယ့် သံချပ်ရဲ့ အခြေခံဥပဒေသဖြစ်တဲ့ အတိုင်ပိုဒ်မှာ ၄-၃၊ အဖောက်ပိုဒ်မှာ ၄-၄ တော့ ရှိနေစေရပါတယ်.

ဒီလောက်ဆိုရင် သံချပ်စပ်နည်းပြီးပါပြီ.

ကဲ. ဥပဒေသနားလည်ပြီဆိုရင် သာယာနာပျော်ဖွယ်ကောင်းတဲ့ သံချပ်လေးတွေ ဖြစ်အောင် ဘယ်လို ဆက်ပြီး လေ့လာသင့်သလဲ..

ကဗျာတစ်ပုဒ်ရဲ့ ကောင်းခြင်းမှာ အသံဆိုတာ အရမ်းအရေးကြီးပါတယ်. ရေးထားတဲ့ ဥပဒေသမှန်နေပေမယ့် ဖတ်လိုက်တဲ့အခါ သာယာနာပျော်ဖွယ် မဖြစ်တာ၊ နားအရသာ မရှိတာမျိုး တွေ့ကြုံဖူးကြပါလိမ့််မယ်. အဲဒါ အသံရဲ့ ကောင်းခြင်းပါပဲ.

အသံမှာ တက်သံ၊သက်သံ၊ နိမ့်သံ၊ တိုင်သံ ဆိုပြီး ကွဲပါသေးတယ်. ပင်မအုပ်စုကြီးအနေနဲ့ ပြောရရင်တော့ ဂရုသံနဲ့ လဟုသံပေါ့. ဒီနေရာမှာ ပို့စ်ရှည်သွားမှာ စိုးလို့ အကျယ်ချဲ့ပြီး မဆွေးနွေးချင်ပါဘူး. နောက်မှ ပို့စ်သက်သက်ရေးပါဦးမယ်.

ခပ်လွယ်လွယ်ပြောရရင်တော့ တက်သံကို ဂရုသံလို့ ခေါ်ပါတယ်. အချီသံလို့လည်းခေါ်နိုင်ပါတယ်.

သက်သံ၊နိမ့်သံ၊တိုင်သံတို့ကိုတော့ လဟုသံလို့ခေါ်ပါတယ်. အချသံလို့ ခပ်လွယ်လွယ်မှတ်နိုင်ပါတယ်.

သံချပ်ကောင်းတစ်ခုရဲ့ ဂုဏ်အင်္ဂါကတော့ အတိုင်ပိုဒ်ရဲ့ နောက်ဆုံးစကားလုံးဟာ တက်သံဖြစ်နေရင် ပိုကောင်းပါတယ်. အဖောက်ပိုဒ်ရဲ့ နောက်ဆုံးစကားလုံးကတော့ သက်သံဖြစ်နေရင် ဖတ်ရတာ ပိုနားထောင်ကောင်းပါတယ်.

ဥပမာ အနေနဲ့ သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ရဲ့ စင်ကာပူနိုင်ငံမှာ ဒုတိယအကြိမ်ဖျော်ဖြေပွဲက သံချပ်လေးတွေကို ကိုးကားချင်ပါတယ်.

တိုင်။ မန္တလေးမှာ-မီးလောင်နေ (“နေ” ဟူသည့် ဂရုချီ)
ဖောက်။ သက်ဆိုင်ရာတွေ-လျစ်လျူရှုထား။ (“ထား” ဟူသည့် လဟုချ)

တိုင်။ ဆေးရောင်စုံအဖွဲ့-ရောက်လို့လာ (“လာ” ဟူသည့် ဂရုချီ)
ဖောက်။ ပြည်သူတွေမှာ-အေးချမ်းစေသား။ (“သား” ဟူသည့်လဟုချ)

(လဟုသံ၊ ဂရုသံ အကြောင်း အကျယ်ကို နောင်မှ ထပ်ဆွေးနွေးပါဦးမယ် ခင်ဗျာ.)

ကဲ. သံချပ်လေးတွေ စပ်ကြည့်လိုက်ရအောင်လား…

အဟမ်းအဟမ်း…

ကျွန်တော်က ဘလော့ဂါဆိုတော့ ဘလော့ဂါသံချပ်ပဲထွက်လာတော့မှာနော့

စပြီဗျာ.

တိုင်၊ ဖောက်ဆိုတာတွေ ရှုပ်လို့ ထားခဲ့တော့မယ်နော်. နားလည်လောက်ပြီ ထင်ပါတယ်.
ဟတ်ဟတ်ဟတ်..

ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ
သက်ဆိုင်ရာတွေ ကာဆီးကာဆီး

သက်ဆိုင်ရာတွေ ကာဆီးကာဆီး
ဘလော့ဂ်ဒေးကြီး မလုပ်ဖြစ်ပါ.

ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ
M-C-P-A- ခေါင်းရှောင်သည်ဗျ။

M-C-P-A- ခေါင်းရှောင်သည်ဗျ
ဘလော့ဂါများနဲ့ မသက်ဆိုင်ပါ။

M-C-P-A (Myanmar Computer Professional Association လို့ ပြောတာပဲ…)

ပြင်ဆင်ခဲ့ရ-ငါတို့တွေ
ပွဲပျက်လေတော့-ဖတ်ဖတ်ကိုမော။

ပွဲပျက်လေတော့-ဖတ်ဖတ်ကိုမော
ပြင်ဆင်ခဲ့ရ-ငါတို့တွေ။

ဘလော့ဂ်စာအုပ်-မထုတ်ဖြစ်ပါ
စိစစ်ရေးက-နွှာမှာကြောက်လို့။

စိစစ်ရေးက-နွှာမှာကြောက်လို့
ဘလော့ဂ်စာအုပ်-မထုတ်ဖြစ်ပါ။

ထည့်လိုက်ရတဲ့-ပိုက်ဆံတွေ
ပြန်ရတာက-အီးဘွတ်ခ်အီးဘွတ်ခ်။

ပြန်ရပါတယ်-အီးဘွတ်ခ်အီးဘွတ်ခ်
ထည့်လိုက်ရတဲ့-ပိုက်ဆံတွေ။

အဲဒါကကတော့ ဘလော့ဂ်ဒေး စပယ်ရှယ် သံချပ်လေးတွေပေါ့ဗျာ ပါးပါးလေးတွေပါ.ဟတ်ဟတ်ဟတ်..

ကဲ. နောက်တစ်မျိုးပြောင်းကြည့်မယ်ဗျာ.

ဂမ္ဘာရီၾကီး-ျပန္ရျပီ
အန်တီစုက-ထွက်တောင်မတွေ့။

သံတမန်များ-နှစ်ခါတောင်လာ
အော်ပါသေးတယ်-လောက်စပီကာနဲ့။

ထင်တိုင်းမဖြစ်တော့ ဖြစ်သလိုထင်
လွှင့်တင်လိုက်စမ်း-ဘုံးဘုံးလဲလို့။

အိုင်တီခေတ်ကို လျှော့တွက်သည်
နအဖမှာ သောက်ရှက်ကိုကွဲ။

ကဲ. ဒီတစ်ခါတော့ ခင်ဗျားတို့ လိုက်ဆိုနော်. မုဒ်ဝင်နေလို့ ဆက်ရေးလိုက်ဦးမယ်. ဟတ်ဟတ်ဟတ်.

မဲလိမ်ဆန္ဒ-ခံကြသည်
သန်းရွှေမောင်အေး-ပြုံးဖီးပြုံးဖီး။

သန်းရွှေမောင်အေး-ပြုံးဖီးပြုံးဖီး
မဲလိမ်ဆန္ဒ-ခံကြသည်။

မင်းကွန်းခေါင်းလောင်း-ပြုတ်ကျသည်
သန်းရွှေမောင်အေး-ပြုံးဖီးပြုံးဖီး။

(ဟာဗျာ. ခင်ဗျားတို့ကလည်း. ဂလိုဆိုရတယ်.)

မင်းကွန်းခေါင်းလောင်း-ပြုတ်ကျသည်
ရာဇ၀င်မှာ-စာတင်လောက်ငဲ့။

(ရတယ်နော်. ဆက်ဆိုမယ်. )

၉၀ ထဲက-ဆွဲတဲ့ဥပဒေ
ရာဇ၀င်မှာ-စာတင်လောက်ငဲ့။

(လုပ်ပြန်ပြီ။ ဂလိုဆိုဗျ.)

၉၀ ထဲက-ဆွဲတဲ့ဥပဒေ
နှစ်ရှည်ကြာတောင်-မပြီးသေးမစီးသေး။

ဟတ်ဟတ်ဟတ်… တော်လောက်ပါပြီဗျာ. တော်ကြာ ခုမှ လတ်လတ်ဆတ်ဆတ်လေး ပြောင်းထားတဲ့ ကျွန်တော့်ရဲ့ ဒေါ့နက်လေးကို ဘန်းထည့်လိုက်လို့ မြန်မာပြည်ထဲက ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်ခမြာ သံချပ်လေးတွေ မစပ်လိုက်ရဘဲ ရှိပါဦးမယ်.

ဆိုချင်သေးတယ်ဗျာ. နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေါ့. ဟတ်ဟတ်ဟတ်..

ဒါကတော့ သန်းရွှေဘုန်းတော်ဘွဲ့ပေါ့ဗျာ. ဘာမှတ်လဲ. ဂျော့ဘုရင်တောင် ထိုင်ငိုသွားမယ်. ဟင်းဟင်းဟင်း…

၇၀ ကျော်လည်း ပင်စင်မယူ
မငြူမစူ၊ ခပ်ပြောင်ပြောင်ပဲ။

ငါကိုယ်တော်မြတ် ကြွချီမယ်
လမ်းလျှောက်လာပြီ- တုန်ချိတုန်ချိ။

မင်းကျင့်တရား-နားစမ်းပါ
ပြေးသာဆည်းကပ်-ဆရာလေးဆီပဲ.

ဆရာလေးဆီက-ဓာတ်ဆင်ရိုက်
စိုက်ခိုင်းပြန်ပြီ-ကြက်ဆူပင်တဲ့

အနေကြာဖို့-လုပ်ပြန်ပြီ
ဟိုဟိုဒီဒီ-ရွှေနေကြာစိုက်။

ကျဉ်းကြပ်ထဲမှ-လွတ်မြောက်ရေး
ထွက်ပြေးလေပြီ-ကြပ်ပြေးဆီတဲ့။

ညကြီးသန်းခေါင်-ယတြာချေ
ရွှေတိဂုံလည်း အငြိမ်မနေရ။

တိုင်းစိုးပြည်အုပ်-ယတြာလုပ်
ကိုယ်ကျင့်တရားမှာ စုပ်စုပ်သာမြုပ်။

ဖွင့်ထားပါတယ် အစဉ်အမြဲ
မောင်သန်းရွှေအတွက် အ၀ီစိငရဲ။

ကျွန်တော်ဘလော့ဂါ မသိပါ
ရေးမိပါတယ် သံချပ်ပို့စ်လေး။

မုဒ်ဝင်လာမှ ရေးတတ်တာ
ကျွန်တော့်အကျင့်ပါ လူတိုင်းအသိ။

ဒီညမှာတော့ မုဒ်ဝင်တယ်
ရေးမိပြီကွယ်. ဒီဘုန်းတော်ဘွဲ့။

အများတကာတွက် ဝေမျှတယ်
ချမ်းသာပေးပါ ဒီဒေါ့နက်လေး။

ဘန်းချင်ရင်လည်း ဘန်းပါကွယ်
ပေးလိုက်ဦးမယ် ပရောက်ဆီဗလပွ။ (Proxy)

ဟေ. လာ. မောင်.. တို့… ၀ါးးးးးးးးးးးးးးးးး



6 comments:

GreenGirl said...

ဘုန်းတော်ဘွဲ့ကတော့ ကောင်းပ..ဟီးဟီး

thonn thonn said...

ဟား ဟား .. ကောင်းလှချည်လား ကိုရန်အောင်ကြီး။ ထိချက်က လန်းတယ်။

puluque said...

ကို ရန်အောင်ကြီးရေ.. မိုလ်က်တယ်
နောက်ထပ်ရေးပါအုံးဗျ… သံချပ်လေးတွေ မဆိုရတာ ကြာလှပြီ။

My Native Land said...

ကိုရန်အောင်ရေ အရမ်းကောင်းတယ်ဗျာ။ ပညာလည်းရသဗျာ။

ကိုရင်နော်ခင်လေးငယ် said...

သမီးကို ကျောင်းလာအပ်...အဲ့...
သံချပ်သင်ပေးဖို့ လာအပ်တာနော်..
သမီးတော်က ဘဂျီးရန်နဲ့မှ သင်ချင်တယ်လို့ ပူဆာနေလို့ရှင့်...

“ဘ ဘဂြီးအောင် တော်တော်ပြောင်
ကရေးရေးကို တံဂျတ်တင်ပေး...”

“ကရေးရေးကို တံဂျပ်တင်ပေး
ဘ ဘဂြီးအောင် တော်တော်ပြောင်..”

အဟက်..ဟက်
(ခင်လေးငယ်)

ကျားကျား said...

gat tal gat tal
u yan yae
hip hop tichin
yay par bya
het het het:D