Thursday, September 11, 2008

ဘလော့ဂါရန်အောင်ဆိုတာ....



ဘလော့ဂါ ညီမငယ်လေး ခေးရော့စ်က တက်ဂ်လို့ ရေးပြီဗျာ.... :)
ကိုယ့်ရဲ့နာမည် - ရန်အောင်တဲ့. ဂျီတော့ခ်မှာတွေ့တဲ့သူတွေ တစ်ချို့ကတော့ အခုချိန်ထိ ကျွန်တော့်နာမည်ရင်းကို သိချင်နေကြတုန်းပဲ. အမှန်တော့ တစ်စုံတစ်ခုသော ပို့စ်တစ်ခုမှာ ကျွန်တော့်နာမည်ရင်းကို ဖော်ပြခဲ့ဖူးတယ်ဗျ. အဲဒီ့တုန်းကလည်း နှစ်လုံးတည်းပဲ. အခုလည်း နှစ်လုံးပါပဲ. (နာမည်စာလုံး အရေအတွက်ကို ပြောတာပါ) ဟတ်ဟတ်ဟတ်. ရေခဲငှက်ဆိုတဲ့ နာမည်နဲ့လည်း အချစ်ကဗျာလှလှလေးတွေ၊ အလွမ်းကဗျာ သသလေးတွေ ရေးတတ်သေးတယ်.

ကိုယ့်ကို သူငယ်ချင်းတွေက ဒီလိုခေါ်တယ် - လာပါဦး...တဲ့လေ.. (ဟတ်ဟတ်ဟတ်).အားလုံးသိထားကြတာကတော့ ရန်အောင်တဲ့. တစ်ချို့ကတော့ ကိုရန်လို့ ခေါ်တယ်. ဘဘရန်လို့လည်း ခေါ်ကြသေးတမုံ့၊ ဦးရန်ကြီးလို့လည်း ခေါ်ကြတတ်ပြန်သေးတယ်. တစ်ချို့ကျတော့ ကိုရန်လေးတဲ့. ဟောဗျာ. တစ်ချို့ကျပြန်တော့လည်း ကိုရန်ကြီးတဲ့. သူတို့သေးရင်သေးလိုက်၊ ကြီးရင်ကြီးလိုက်နဲ့ ကျွန်တော့်ကိုယ်ကျွန်တော် ပိန်လိုက်ဖောင်းလိုက် တရားမှတ်နေရတဲ့ ဘ၀ထဲမှာမှ “မာမီရန်” ဆိုပြီး နာမည်ကတွင်လိုက်သေးတယ်. မဖြစ်ချေဘူး. ကုသိုလ်ကောင်းမှုများများပြုရဦးမယ်. ရေခဲညှပ်လို့ ပြောင်ခေါ်ခံရတာလည်း ရှိသေးရဲ့ဗျာ.

အားကြီးစိတ်ညစ်တာပဲ...

ကိုယ်ဒီမှာနေတယ် - တကယ်ပါ. ကျွန်တော် နေရာစုံ နေခဲ့ရဖူးတော့ အခုနေနေရတဲ့နေရာလေးကိုလည်း ကျွန်တော် နေနေတယ်လို့ မအောက်မေ့မိသေးဘူးဗျ. နောက် လေးနှစ်ကြာရင်တော့ ဟောလိဝုဒ်ဖက်မှာ အိမ်တစ်လုံးဝယ်ဖို့ plan ဆွဲထားတယ်. နောက် ၁၀ နှစ်ကြာရင်တော့ မြန်မာပြည်ပြန်နေတော့မယ်ဗျာ. အမေရိကားမှာ Hollywood, အိန္ဒိယမှာ Bollywood ဆိုပြီး ရှိကြတယ်လေ. ကျွန်တော်လည်း မြန်မာ့ရုပ်ရှင် အဆင့်အတန်း မြင့်မားစေရေး ရှေးရှုပြီး မြန်မာပြည်မှာ Mollywood ဆိုပြီး ထောင်မယ် စဉ်းစားထားတယ်. ဇေကမ္ဘာခင်ရွှေ၊ KMD ဦးသောင်းတင် ဆိုပြီး နာမည်နဲ့တွဲမြင်သလို Mollywood ရန်အောင် ဆိုပြီး ဟတ်ဟတ်ဟတ်ဟတ်ဟတ်…

ကိုယ့်ဆီဖုန်းဆက်ချင်ရင် - အရင်တုန်းကတော့ နံပါတ်ပေးခဲ့ဖူးတယ်ဗျ. ခုတော့လည်း တွေ့လိုက်တာနဲ့ “ဘာလို့ အွန်လိုင်း မလာတာလဲ. မရဘူး. ခုလာခဲ့.” ဆိုပြီး နှုတ်ခမ်းလေးစူလို့ မျက်လုံးလေး ထောင့်ကပ်ပြီး ပြောသူကပြော၊ “အမလေး ကိုရန်အောင်ရယ်. ဈေးကိုင်လိုက်တာ. ဖုန်းဆက်တာတောင် မကိုင်ဘူး” ဆိုပြီး ငြိုငြင်သူငြိုငြင်၊ ဖုန်းမကိုင်လို့ “you will be in my thoughts…” ဆိုပြီး text ပို့သူပို့နဲ့ တစ်လတစ်လ ဖုန်းဖိုး မနည်းရှင်းယူနေရတယ်. ဒါကြောင့် ဒီလကုန်ကစပြီး ဖုန်းနံပါတ်အသစ်ပြောင်းတော့မယ်.

အရောင်ဆိုရင် - စကောစကအရောင်တွေ ကြိုက်တယ်. ဥပမာ. စိမ်းပြာရောင် (ပရိုဗီမင် မဟုတ်ပါ). ကြက်သွေးရောင်၊ ဘဲခေါင်းစိမ်းရောင်၊ မြင်းချေးစိမ်းရောင်၊ ဂဏန်းအရေခွံလဲပြီးစအရောင်၊ ကြက်မဒန်း ဥဥခါနီး အမောက်နီနေတဲ့ အရောင်၊ ဈေးထဲမှာ ကြက်သားကိုရေထိုးပြီး ဆေးစိမ်ထားတဲ့အရောင်… အဲလိုအရောင်မျိုးတွေကို သဘောကျတယ်. သူများနဲ့မတူလို့… ပြောရရင်တော့ ရှိပြီးသားအရောင်တွေထဲက ရော့ အင့် ရော့ အင့်ဆိုပြီး ရွေးလိုက်ရတာထက် ကိုယ်ကြိုက်တဲ့အရောင်ကို ကိုယ့်ဖာသာကိုယ် explore လုပ်ပြီး ရလာတာကိုမှ ပိုနှစ်သက်တယ်. လောလောဆယ် ဒီနေ့မနက်ခင်းက ဒန်ပေါက်စားထားတယ်. ရွှေရင်အေးသောက်တယ်. ၀မ်းနှုတ်ဆေးစားထားတယ်. (ဟတ်ဟတ်ဟတ်)

အ၀တ်အစားဆိုရင် - အသက် (၂၀) အထိဘောင်းဘီ လုံးဝမ၀တ်ခဲ့ဘူး. (ဟေ…. လို့ မအော်နဲ့နော်…. ပုဆိုးပဲ ၀တ်ခဲ့တယ် ပြောမလို့ပါပဲ. လူက စိတ်ကမြန်တယ်. လက်ကမလိုက်နိုင်ဘူးဖြစ်နေလို့.) ရန်ကုန်မှာနေတုန်းက Study Guide လုပ်ခဲ့တာဆိုတော့ အပေါ်က အဖြူဝတ်၊ ဘောလ်ပင်အနီလေးကို အိတ်ကပ်ထဲထိုး၊ ပိုက်ဆံအိတ်ခါးကြားထဲထိုး၊ ဆိတ်ခွန် ပုဆိုးကို ညီနေအောင် ၀တ်ခဲ့တာပေါ့. ကျောင်းသားအိမ်ရောက်သွားရင် “ဆရာ. ဆရာ” ဆိုတာနဲ့ ငါးသလဲထိုးပြုံးလေးပြုံးပြီး အိမ်စာတွေ တစ်ဝကြီးပေးလို့ အဲဒီ့လထုတ် “နက္ခတရောင်ခြည် မဂ္ဂဇင်းလေး ဖတ်ခါ လိမ္မော်ရည် တစ်ဝကြီးသောက်ခဲ့တဲ့ ကျွန်တော် ခုတော့လည်း ဘောင်းဘီမှ ဘောင်းဘီဖြစ်သွားတယ်. ညအိပ်ရင်တောင် ဘောင်းဘီကို မချွတ်ဘဲအိပ်တာ. (Pyjamas ဘောင်းဘီလေဗျာ. ခင်ဗျားတို့ကလည်း တစ်လွဲတွေးပြီ.. ဟိ)

လိုတိုရှင်း ပြောရရင်တော့ ကျွန်တော် ဘောင်းဘီဝတ်ရင် rapper တွေလို ပွပွကြီး ၀တ်တာထက် ကိုယ်နဲ့ fitting ဖြစ်နေမယ့် ဘောင်းဘီမျိုးဝတ်ဖြစ်တယ်. လက်ရှိကြိုက်တာကတော့ True Religion၊ Monarchy၊ နဲ့ Theory ပါ. အင်္ကျီဆိုရင်တော့ တီရှပ်ကို ပိုကြိုက်တယ်. ရှပ်အင်္ကျီဝတ်ဖြစ်ရင်လည်း ဘောင်းဘီထဲကို ရှပ်ထိုးထည့်ပြီးမှ အပြင်ကို နည်းနည်းစီ ဆွဲထုတ်ပြီး ၀တ်တတ်တယ်. နေကာ မျက်မှန်မတတ်တတ်ဘူး. မျက်မှန်တပ်ရင် ရှေ့ကလျှောက်နေတဲ့ ပလက်ဖောင်းကြီးက ကိုယ့်မျက်နှာနား နီးလာသလို ခံစားရတယ်. ခလုတ်တိုက်တတ်တယ်. အင်္ကျီထဲမှာ ကျွန်တော်နဲ့ fit အဖြစ်ဆုံးတွေကတော့ Ben Sherman, 7 Diamond, Marc London, Diesel နဲ့ American Eagle ပါ.

မကြိုက်ဆုံး Brand တွေကတော့ Banana Republic ဘောင်းဘီ. (၀တ်လိုက်ရင် တင်ပါးကြီးက ပွနေတတ်တယ်. ဖင်မရှိဘူးလို့ မပြောနဲ့. ရှိသမှ သိပ်ရှိ. အဲ. ဘာတွေ ပြောမိနေပြီ မသိ. :)
Joseph Abbound ရှပ် အင်္ကျီ. ၀တ်လိုက်ရင် အဆင်ကို မပြေဘူး. အချိုးမကျဘူး.

အစားအစာဆိုရင် - ကောက်ညှင်းနဲ့ လုပ်တဲ့ မုန့်မှန်သမျှ အကုန်ကြိုက်တယ်. ကြည့်မြင်တိုင် ညဈေးနားမှာ နေတုန်းက ကျူရှင်သွားဖို့ ကားစောင့်နေရင်း ရွှေရင်အေးဆိုင်၊ ကျောက်ကျောဆိုင်၊ မုန့်လက်ဆောင်းဆိုင် မြင်လာရင် ရွှေရင်တွေ တဒိတ်ဒိတ် ခုန်လာတယ်.

မုန့်ဟင်းခါး ကြိုက်တယ်. Crazy တော့ မဖြစ်ဘူး. မုန့်လင်မယားဆိုရင် ကြွေပြီးသား၊ မုန့်ပျားသလက်ဆိုရင်လည်း လာထားပဲ.

ရွှေမန်းမှာနေခဲ့တုန်းက ၃၅ လမ်း ကုန်းကျော်တံတားအောက်က မလှိုင်နဲ့ အီကြာကွေး ဆိုရင် ငုံ့ပြီးတော့ကို လွေးတော့တာပဲ. “စားလို့မကောင်းရင် ကျွန်တော်တို့ကို ပြောပါ. ကောင်းရင်တော့ သင့်မိတ်ဆွေများကို ပြောလိုက်ပါ” ဆိုတဲ့ ကီးမားတင်ဝင်းကိုလည်း ကြိုက်တယ်. (လွမ်းသွားပြီ. ဒီဇင်ဘာ ၃၁ ညက အဲဒီ့မှာ ထိုင်ပြီး ကီးမား နှစ်ချပ်တောင် အပီဆွဲခဲ့တာဗျ. ဟတ်ဟတ်ဟတ်.) ဟော. နန်းရှေ့က ကြိုင်သင်း လမုန့်ကိုလည်း ကြိုက်တယ်ဗျာ.

ထမင်းကို သိပ်မစားဖြစ်ဘူး. စားမယ်ဆိုရင်လည်း အရည်ရွှဲရွှဲလေးနဲ့မှ စားဝင်တယ်. သင်္ကြန်တုန်းက ကားနဲ့လည်ရင်း စားလိုက်ရတဲ့ တာမွေနားက ထမင်းသုပ် အကောင်းဆုံးပဲ. အရည်ရွှဲသမှ ထမင်းစေ့လေးတွေကို လိုက်ဖမ်းနေရတယ်. ဟတ်ဟတ်ဟတ်.

ကြက်သား ကာလသားချက်၊ ဘဲကင်၊ စမူဆာသုပ်၊ ကြေးအိုး၊ တို့ဟူးနွေး၊ ပူရီ၊ ချပါတီ၊ အဲဒါတွေ ကျွန်တော် စားချင်တယ်ဗျာ…. (အဲ. ကြိုက်တယ်ဗျာ….)

Western Food တွေထဲမှာ ကြိုက်တာ သိပ်မရှိဘူး. ထူးထူးဆန်းဆန်း ကြိုက်တာဆိုလို့ တောက်တဲ့ကင်တော့ ရှိတယ်. ကျွန်တော့်ကိုကြောက်လို့ မိုးရွာရင်တောင် တောက်တဲ့ လာမအော်ရဲဘူး. ဟတ်ဟတ်ဟတ်..

ပစ္စည်းဆိုရင် - လျှပ်စစ်နဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ၊ ဥပမာ - ရေဒီယို၊ ကက်ဆက်၊ ကွန်ပြူတာ၊ အင်ပလီဖိုင်ယာ စတာတွေကို ကလိရတာ စိတ်ဝင်စားတယ်. နှစ်လည်းနှစ်သက်တယ်. ရွှေမန်းမှာနေတုန်းကဆို ကြက်တန်းကို ရောက်တယ်. (ကြက်တန်းဆိုတာ အဲလို အဟောင်းပစ္စည်းတွေရောင်းတဲ့နေရာကို ပြောတာပါဗျ. တစ်လွဲမတွေးနဲ့) ရန်ကုန်မှာနေတော့လည်း ရွှေဂုံတိုင်နဲ့ အနော်ရထာလမ်းထောင့်က လျှပ်စစ်ပစ္စည်းအဟောင်းတွေ ရောင်းတဲ့ဆိုင်တွေမှာ ကက်ဆက်အပျက်တွေ ခဏခဏသွားဝယ်တယ်. အိမ်ရောက်ရင် ကလိတယ်. ကောင်းသွားရင် အိမ်လာလည်တဲ့ လူတကာကို လိုက်ပြတတ်တယ်. ပိုဆိုးသွားရင်တော့ ကြာသပတေးနေ့တိုင်း လမ်းထဲကို လာတတ်တဲ့ ကုလားဆီ ပိဿာချိန်နဲ့ ထိုးရောင်းလိုက်တယ်. ပြီးတော့ ရလာတဲ့ပိုက်ဆံလေးကို သူလေးနဲ့ ရုပ်ရှင်ကြည့်ပစ်လိုက်တယ်ဗျာ. (ဂလု… ရုပ်ရှင်ရုံထဲမှာ ရေသောက်လို့ မြည်တဲ့အသံပါ. ဟတ်ဟတ်)

နောက်ကြိုက်တာကတော့ စာအုပ်. စာအုပ်တွေ တော်တော်ဝယ်ဖတ်ဖြစ်တယ်. စုလည်းစုမိတယ်. အ၀တ်အစားဆိုင်ထဲဝင်လို့ ပြန်ထွက်လာရင် တစ်စုံတစ်ခု ပါလာချင်မှ ပါလာမယ်. စာအုပ်ဆိုင်ထဲက ပြန်ထွက်လာရင်တော့ စာအုပ်တစ်အုပ်လောက်တော့ အနည်းဆုံး ပါလာတတ်တယ်. ဘာစာအုပ်လဲ ဟုတ်လား. ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ. စာအုပ်ဆိုတော်ရောပေါ့. ဟတ်ဟတ်

သီချင်းဆိုရင် - Slow Rock, R&B လေးတွေ နားထောင်ဖြစ်တယ်. စိတ်မွန်းကြပ်လာရင်တော့ Heavy Metal တွေနဲ့ ဖောက်ခွဲဖြစ်တတ်တယ်. တစ်ခါတစ်လေ Fruity Loop တစ်ခုခုကို အွန်လိုင်းမှာ လိုက်ရှာဖွင့်ပြီး Subwoofer ကို အမြင့်ဆုံး မြှင့်တင်လို့ တစ်ယောက်တည်း Rap နေတတ်သေးတယ်. ဒါကြောင့် nothing special ပါ. ခံစားမိသလို နားထောင်ဖြစ်ပါတယ်.

အကြိုက်ဆုံးကတော့ များပါတယ်. မှတ်မှတ်ရရ ပြောပါဆိုရင်တော့ ခင်မောင်တိုး၊ စိုင်းထီးဆိုင်၊ မြန်မာပြည်သိန်းတန်၊ တွံတေးသိန်းတန်၊ ကိုအံ့ကြီး၊ ရာဇာဝင်းတင့်၊ အောင်သူ၊ အနိုင်၊ မင်းအောင်၊ ထူးအိမ်သင်၊ မောင်မောင်ဇော်လတ်၊ လေးဖြူနဲ့ အာဇာနည်ပါ. နောက်ပေါ်တွေထဲမှာ ဂျေမီ၊ ရန်ရန်ချမ်း၊ ဟိန်းဇော်နဲ့ Big Bag ကိုကြိုက်ပါတယ်. မိန်းကလေးတွေထဲမှာဆိုရင်တော့ ချောစုခင်၊ မီမီဝင်းဖေ၊ ဟေမာနေ၀င်း၊ ရီရီသန့်၊ ရတနာဦး၊ ဆုန်သင်းပါရ်တို့ကို ကြိုက်ပါတယ်.

နိုင်ငံတကာထဲမှာဆိုရင်တော့ … များပါတယ်. လူအထင်ကြီးအောင် နာမည်ကြီးအဆိုတော်တွေ လိုက်မရွတ်တော့ဘူး. မြန်မာသံစဉ်သီချင်းတွေကို ပိုရင်ခုန်တယ်.

စာရေးဆရာ - ဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ရွှေဥဒေါင်း၊ မင်းသိင်္ခ၊ တာရာမင်းဝေ၊ ဦးရွှေအောင်၊ ဦးဇောတိက၊ ဖေမြင့်၊ ဆန်းလွင်၊ နန္ဒာသိန်းဇံ၊ ရှင်ဇနကာဘိဝံသ၊ ငွေတာရီ၊ မိုးမိုး(အင်းလျား)၊ ဂျူး၊ နုနုရည် (အင်းဝ)၊ ၀င်းဝင်းမြင့် (နန်းတော်ရှေ့)၊ တော်ပြီ…. :D

Life Style - ပျော်ပျော်နေတတ်အောင် ကြိုးစားနေရင်း တစ်နေ့တစ်ခြား လေးလံလာနေတဲ့ ဘ၀တစ်ခုကို ပိုင်ဆိုင်ထားတယ်. (ဒါတောင် Low Fat တွေ စားနေတာ. ၀ိတ်ကတက်လာတုန်းပဲ. ဟတ်ဟတ်) အရွဲ့တိုက်တတ်တယ်. ခနဲ့ပြုံးလည်း ပြုံးတတ်သေးရဲ့. ဟတ်ဟတ်ဟတ်ကတော့ ပုံမှန်ရယ်တာပေါ့. ခနဲ့ချင်ရင်တော့ “ဟင်းဟင်းဟင်း” လို့ ရယ်တတ်တယ်. အစမ်းရယ်ပြမယ်နော်.

ဟင်းဟင်းဟင်း…

ကိုယ့်ရဲ့ ၀ါသနာ - ခရီးထွက်တာ ၀ါသနာပါတယ်. ရှေးဟောင်း မြို့တော်တွေကို လည်ပတ်ချင်တယ်. ဂစ်တာတီးတယ်၊ သီချင်းဆိုတယ်၊ ဓာတ်ပုံရိုက်တယ်၊ ကဗျာရေးတယ်. ပန်းချီဆွဲတတ်ဖို့ ကြိုးစားနေတယ်.

အလိုချင်ဆုံးလက်ဆောင် - ချစ်သူရဲ့ နှလုံးသားတံခါးလေးကို အချိန်မရွေး တွန်းဖွင့် ၀င်ရောက်နိုင်တဲ့ ဆုလာဘ်တစ်ခုကို လိုချင်တယ်. သူမနားကို စိတ်ရှိတိုင်း သွားလာခွင့် ရချင်တယ်. သူမနှုတ်ခမ်းပါးလေးကို ……………. (Lipstick လေး ဆိုးပေးချင်တယ်.) ရွှတ်… (Lipstick ဆွဲထုတ်လိုက်တဲ့ အသံပါဗျာ.)

ကိုယ့်ရဲ့ အချစ်ဆုံးသူက - စည်းတစ်ဖက်ကနေ မျှော်လင့်ခြင်းမျက်ဝန်းအစုံနဲ့ ကိုယ်နဲ့ ဆုံတွေ့နိုင်ခွင့်ကို မျှော်လင့်စောင့်စားနေတဲ့သူ…

ကိုယ့်ရဲ့ အလေးစားဆုံးသူက - ရင့်ကျက်တဲ့ အတွေးအခေါ်တွေကို ပိုင်ဆိုင်ရုံတင်မကဘူး. ကိုယ်တိုင်ပါ လိုက်နာကျင့်သုံး နည်းပေးလမ်းပြ လုပ်နိုင်သူ. ကြီးသူ ငယ်သူ ရွယ်တူ မဟူ လေးစားပါတယ်.

ကိုယ့်ရဲ့ အခင်ဆုံး သူငယ်ချင်း - လက်ရှိ ဒီပို့စ်လေးကို ဖတ်နေတဲ့ သူတွေထဲက တစ်ယောက်ပေါ့. (ဟဲဟဲ. ပိုင်တယ်နော်)

ကိုယ့်ကို အများဆုံးနားလည်မှု ပေးနိုင်သူက - အခက်အခဲတွေ၊ အတားအဆီးတွေကြားထဲကမှ ကိုယ့်ကို မရရအောင် ဆက်သွယ်ပြီး သံယောဇဉ် ရှိနေမြဲ၊ ချစ်နေမြဲ၊ ခွင့်လွှတ်နားလည်ပေးနေနိုင်မြဲ ဖြစ်တဲ့ သူမ….
(အထင်ကြီးအောင် ပြောထည့်လိုက်ပြီ. လူပျိုကြီး၊ အလွမ်းမင်းသားကြီးလို့ ခေါ်သူတွေ နာပြီသာမှတ်တော့. ကဗျာရေးကောင်းအောင် လွမ်းပြနေရတာကိုများ ဘယ်လိုထင်နေကြလဲမသိပါဘူး. ဟတ်ဟတ်)

ကိုယ့်ရဲ့ အမုန်းဆုံးသူက - လူတွေကို မုန်းခဲပါတယ်. မချစ်ရင်လည်းဒီတိုင်းပဲ ဥပေက္ခာပြုပြီး နေလိုက်တယ်. မုန်းတော့ မမုန်းပါဘူး. အလုပ်သဘောအရ လိုအပ်လာရင် ကိုယ့်ကိုမုန်းနေတဲ့ သူပေမယ့်လည်း အေးဆေးတည်ငြိမ်စွာ စကားပြောနိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးတစ်ခုကို ကြိုးစားမွေးမြူထားပါတယ်. ဆယ်တန်းကျောင်းသားဘ၀တုန်းကတော့ ကိုယ်နဲ့ မကြည်တဲ့ကောင်ကို လမ်းကြားထဲမှာတွေ့တာ ဘလိုင်းကြီး ပုခုံးချင်း ၀င်တိုက်ပြီး လက်သီးဖလှယ်ဖူးပါတယ်. Aja. Aja. Fighting ပေါ့ဗျာ.

အဲ. မုန်းမိပြီဆိုရင်လည်း ကိုယ့်ဘ၀ထဲက အပြီးအပိုင်ကို ထုတ်ပယ်ပစ်လိုက်တဲ့အထိ အငြိုးအတေးကြီးတတ်ပါတယ်.

ဟင်းဟင်းဟင်း...

ရင်အခုန်ဆုံးအချိန် - သူမဆီ ဖုန်းဆက်လိုက်တော့ သူမ လာမှ ကိုင်ပါ့မလားလို့ မျက်လုံးလေးမှိတ်ပြီး စောင့်ဆိုင်းနေရတဲ့အချိန်… (ဟဲဟဲ. နောက်တစ်မှတ်နော်.)

အကြောက်ဆုံးအချိန် - ဘလော့ဂ်အတွက် ပို့စ်ရေးပြီး တင်ခါနီးမှာ အင်တာနက်ပြုတ်ကျသွားမှာကို သိပ်ကြောက်တယ်. သူမဆီ ဖုန်းဆက်နေရင်း ချစ်ရည်ရွှန်းလဲ့ မျက်ဝန်းလဲ့ပြာပြာလေးအကြောင်း စဉ်းစားနေတုန်း “You Have One Minute Left!” ဆိုတဲ့ ဖုန်းကဒ်ထဲက အသံကြီးကို ကြားရမယ့်အချိန်ကို ကြောက်တယ်.

အမှတ်တရနေ့ - ဇန်န၀ါရီ (၂) ရက်၊ အဖေဆုံးတဲ့နေ့က နှင်းမြူတွေကြားထဲကို တစ်ယောက်တည်း စိုက်ကြည့်နေခဲ့မိတဲ့နေ့…. နိုဝင်ဘာ (၈) ရက်၊ ကိုယ့်မွေးနေ့၊ ဒီဇင်ဘာ (၈)ရက်၊ ဆုပေးပွဲစင်မြင့်ပေါ်ကနေ ပရိတ်သတ်ကြားထဲမှာ ကိုယ့်အဖေရဲ့ ၀ိညာဉ်လာထိုင်နေမလားလို့ စင်မြင့်ပေါ်ကနေ တစ်ချက်ရပ်ပြီး ခပ်ကြာကြာ စိုက်ကြည့်မိတဲ့နေ့၊ ဩဂုတ် (၁၉) ရက်၊ ရန်ကုန်လေဆိပ်မှာ မိသားစုကို မျက်ရည်တွေကြားထဲကနေ နှုတ်ဆက်လက်ပြခဲ့ရတဲ့နေ့၊ ဇူလိုင် (၂၆) ရက်၊ သူမနဲ့ ရင်းနှီးခွင့်ရတဲ့နေ့….

ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်တောင်းမယ့်ဆု - သူမ ချစ်တဲ့ မိသားစုလေး ငြိမ်းချမ်းပျော်ရွှင်ပါစေ...

အချစ်ဆိုတာ - လူတစ်ယောက်အတွက် အကောင်းဆုံးဖြေဆေးဖြစ်နိုင်သလို အဆိုးဆုံး အဆိပ်အတောက်လည်း ဖြစ်နိုင်တယ်. အချစ်ကို ကောင်းစွာ မထိန်းချုပ်နိုင်ရင် ကိုယ့်ကိုယ်ကိုသာမကဘူး. ပတ်သက်နေတဲ့ ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတတ်တယ်. ကျွန်တော် သူမကို သိပ်ချစ်တယ်. သိပ်မြတ်နိုးတယ်. ဒါပေမယ့် ကျွန်တော် ဒီနေ့ဒီချိန်ထိ ဘယ်သူမှ မသိအောင် ထိန်းချုပ်ထားတယ်. သူမ ဒုက္ခရောက်မှာ၊ ငြိုငြင်ခံရမှာ စိုးလို့ပါ. (နောက်တစ်မှတ်ယူသွားပြန်ပြီနော်. ဟတ်ဟတ်ဟတ်)

အမုန်းဆိုတာ - ကိုယ့်ဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ဖီလာကန့်လန့် ဖျက်ဆီးပစ်တဲ့ လူ (သို့မဟုတ်) အခြေအနေတစ်ခု.

အလွမ်းဆိုတာ - ချစ်သူခင်သူနဲ့ ဝေးကွာနေရတဲ့ အခါမှာ သူရှိစဉ်က ရရှိခဲ့တဲ့ နွေးထွေးမှုတွေကို ပြန်တမ်းတမျှော်မှန်းနေမိတဲ့ ခံစားချက်တစ်ခု

သံယောဇဉ်ဆိုတာ - အချစ်ထက် အင်အားကြီးမားတဲ့ မေတ္တာကို နောက်ခံအားထောက်ပြုထားတဲ့ ခံစားချက်တစ်ခု၊ အချစ်မရှိပေမယ့် သံယောဇဉ် ရှိနေနိုင်သေးတယ်. သံယောဇဉ်ဆိုတာမရှိရင်တော့ အချစ်ဆိုတာ မရှိလာနိုင်တော့ဘူး.

ဘ၀ဆိုတာ - ကိုယ့်အဓိပ္ပါယ်နဲ့ကိုယ် ရင်ထဲမှာ ရှိနေပြီးသားပေမယ့် လူတိုင်းလက်ခံထားတဲ့ အယူအဆတစ်ခုကို သံပြိုင်ဟစ်ကြွေးနေကြတဲ့ စကားလုံးတစ်ခု.

သူငယ်ချင်းဆိုတာ - တစ်ယောက်အကြောင်း တစ်ယောက် သိနားလည်ပြီး တစ်ယောက်အကျိုးတစ်ယောက် ရှေးရှုကြင်နာတတ်သူတွေလို့ မြင်တယ်.

ချစ်သူဆိုတာ - အသံလေးကြားလိုက်ရရုံနဲ့ အရာရာကို အလိုလို လိုက်လျောပေးချင်စိတ်တွေ ဖြစ်ပေါ်လာစေနိုင်တဲ့ သူ…

ကိုယ့်ကိုယ်ကို ဒီလိုထင်တယ် - အရှက်အကြောက်ကြီးတယ်. ဒါပေမယ့် လိုအပ်လာရင်တော့ လက်ရဲဇက်ရဲပဲ. ဟာသဥာဏ်ရှိတယ်. ဒါပေမယ့် ဘ၀တစ်ခုကို အလေးအနက်ထားတယ်. မိတ်ဆွေအပေါင်းအသင်းတွေကို တန်ဖိုးထားတယ်. ချစ်သူကို သိပ်ချစ်တတ်တယ်. စိတ်တိုတယ်. စိတ်ဆတ်တယ်. ဒါပေမယ့် သည်းခံတတ်ပြန်တယ်. သည်းခံရာက ပေါက်ကွဲတတ်လို့ ရှက်စရာကောင်းလောက်အောင် ဒေါသကြီးတတ်ပြန်တယ်. ရည်မှန်းချက်ကြီးတယ်. ခံယူချက်ပြင်းထန်တယ်. ခေါင်းမာတယ်. မာနနည်းနည်းလည်း ကြီးတတ်သေးတယ်လို့ သူများတွေက ပြောတာ ကြားဖူးတယ်. ကတိတည်တယ်. ကတိဖျက်တဲ့သူတွေကိုလည်း အထင်မကြီးတတ်ဘူး.

အေးအေးဆေးဆေးနေတတ်တဲ့ သဘာဝကို ပိုင်ဆိုင်တယ်. စိတ်ကူးယဉ်တတ်တယ်. ကူညီချင်စိတ်ရှိတယ်. သိပ်အကူအညီတောင်းလွန်းရင်လည်း လူက အင်တင်တင် ဖြစ်လာတတ်တယ်. အချိန်ကို တန်ဖိုးထားတယ်. ဒါပေမယ့် ချစ်သူနဲ့ပတ်သက်လာရင် အချိန်ဆိုတာ ရေတွက်မှုနိယာမ တစ်ခုထက်ပိုပြီး ဘာမှ အရေးမပါပါဘူး. ဒါကြောင့် အချစ်ကြီးတတ်ပါတယ်. အမျက်လည်း ကြီးတတ်ပါတယ်. ချက်လည်း ကြီးပါတယ်. ငယ်ငယ်တုန်းက ချက်ကြီးစူနေလို့ ချက်စူလို့တောင် ခေါ်ခံခဲ့ရပါသေးတယ်. ခုတော့ ချက်ပိန်သွားပါပြီ. ဒါပေမယ့် စိတ်ကတော့ မပိန်သေးဘူး. ဟတ်ဟတ်ဟတ်.

ကိုယ့်ရဲ့ လက်ဆွဲဆောင်ပုဒ်က - To know and not to do is not yet to know. (သိရုံသိပြီး မလုပ်လို့ကတော့ မသိသေးတာနဲ့ အတူတူပါပဲ)

အပြောချင်ဆုံး စကားတစ်ခွန်း - မမျှော်လင့်ဘဲ အခြေအနေအကြောင်းတစ်စုံတစ်ရာကြောင့် ရုတ်တရက် ကျွန်တော်ထွက်ခွာသွားခဲ့ရင် မငိုပါနဲ့နော်…

ထပ်မံတက်ဂ်သူများ

ဒီပို့စ်လေးကို ဖတ်ပြီး ရေးချင်စိတ်ရှိလာတဲ့ မိတ်ဟောင်းမိတ်သစ် ဘလော့ဂါ မည်သူကို မဆို တက်ဂ်ပါတယ်. ဖီလင်လာရင် ရေးပေးပါ. ကျွန်တော်တက်ဂ်တယ်လို့သာ ပြောပေးပါ. မရေးဖြစ်သေးရင်လည်း မရေးပါနဲ့. ဒီပို့စ်လေးကို ဖတ်ပြီး ကျွန်တော်ခင်ဗျားကို တက်ဂ်လုပ်ထားခဲ့ဖူးတယ်လို့ပဲ မှတ်ယူလိုက်ပါ. ကျွန်တော့်ကို ခင်တယ်၊ ချစ်တယ်ဆိုတဲ့သူ မည်သူမဆို ကျွန်တော် တက်ဂ်ပါတယ်. ကိုရန်အောင်ကြီးက တက်ဂ်လို့ ရေးဖြစ်ပါတယ်လို့သာ ပြောလိုက်ဗျာ.
ဟတ်ဟတ်ဟတ်

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

9 comments:

chaos said...

အခုတော့သိပြီ။ နောက်မခေါ်တော့ဘူးနော်။ အလွမ်းမင်းသားလို့။ ကိုရန်အောင်ကြီးကို သေးခိုင်းလိုက်၊ ကြီးခိုင်းလိုက် လုပ်တဲ့ အထဲမှာ တစ်ယောက်အဖြစ်ပါနေသလိုပဲနော်။ အဟဲ
Mollywood တွေဘာတွေ ထောင်မယ်ဆို ခေါ်ဦးနော်။ ဇာတ်ပို့ရလဲရ၊ မရတော့ ဇာတ်ရံပေါ့ အစ်ကိုရာ...
နာတို့ အစ်ကိုကတယ်စွံသကိုး။ ဖုန်းနံပါတ်တွေ ဘာတွေပြောင်းသာပြောင်း။
လောလောဆယ် ထွက်လာမယ့် အရောင်ကိုခွဲခြမ်းစိတ်ဖြာနေတာဗျ။ တော်တော်ဆိုးပဲ။ အရောင်က တကယ့်ကိုကန့်လန့်ကြီးနော်။
အစ်ကို့လို ခနဲ့တဲ့တဲ့ လိုက်ပြုံးကြည့်တာ။
ဟင်းဟင်းဟင်း
အမှတ်ယူတာတွေတော့ တရားလွန်များတယ်။
လက်ဆွဲဆောင်ပုဒ်လေးကို သဘောကျတယ်။
တက်တာကို အရှည်ကြီးနဲ့ ပြည့်ပြည့်စုံစုံရေးပေးတာ ကျေးဇူးပဲနော် အစ်ကို။

ရွှန်းမီ said...

:D
စာအုပ်ထုတ်လို့ ရလောက်တယ်..။ ရေးထားတာ အများကြီးပဲ။
အော်ချင်ရက် လက်တို့.. =)
ကြွားချင်ရက် ဓားပြတိုက်..
ငိုက်ချင်ရက် ပုံပြင်ပြော..

အဟဲ..။
ပျော်ရွှင်ပါစေ ကိုရန်အောင်။

thorn musem said...

သူများတွေဘယ်လိုခေါ်ခေါ် ...
ကျနော်ခေါ်တာက....
ရွာတော်ရှင်..
( ဘလော့ဂ်လုပ်နေရင်း ရွာလည်နေတာကို ကူညီတဲ့သူ)

ဆောင်း said...

ဓါးပြလာတိုက်သွားတယ် ဘာလဲသိချင်ရင်တော့ ၃၀ စက်တင်ဘာ ၂၀၀၈ မှာ လိုက်ကြည့်ဘဲ

ကိုရင်နော်ခင်လေးငယ် said...

ဘယ်ကစပြီး ဘယ်လို့ပြောရမယ်မသိတော့ဘူး.. ရေးထားတာကတော့ စုံသမှ စုံစုံကိုစိနေတာဘဲ.. တစ်ခုချင်း တစ်လိုင်းချင်း ပြောနေရင် ကော်မန့်က တော်တော်ရှည်သွားလိမ့်မယ်.. “အရမ်းဖတ်လို့ကောင်းတယ်.. ပြုံးပြုံးပြီးရင်းပြုံးရင်း ဖတ်သွားပါတယ်” လို့..

အဲ့.. နောက်ဆုံးက အပြောချင်ဆုံးစကားတစ်ခွန်း ဆိုတာကတော့.. အင်းး.. တစ်ပုဒ်လုံးပြုံးအောင်လုပ်လာပြီး နောက်ဆုံးတစ်လိုင်းမှ ပြုံးတာတွေအားလုံး ရုတ်တရက် ရပ်သွားအောင် လုပ်လိုက်လို့ သိတ်တော့ မကျေနပ်ဘူး... ဟီးးး..

ရေးတတ်ပါပေ့.. တွေးတတ်ပါပေ့..

ဇောင်း said...

ဟက်..ဟက်..ဟက်.... ဘယ်လိုပြောရမှန်းတောင်သိတော့ ဘူး... မိုက်လယ်ဂျာ.... :P

LIN LET KYAL SIN said...

အရေးအသားကတော့ ပိုင်ပါ့ ကိုရန်အောင်ရေ :)

MELODYMAUNG said...

ရေခဲညှပ်က ရေခဲညှပ်ပေါ့ ဘာမှပြောင်ခေါ်တာမဟုတ်ပေါင်
စိတ်ညစ်မနေပါနဲ့ ဘိုးတော်ရန်ရန် ရေခဲညှပ်ရယ် :P

summer snow said...

ိကိုရန်ကြီး အဆွေးသမားဟုတ်မဟုတ်တော့မသိဘူး.. ဒါပေမဲ့ မသိရင် ခုမှ လတ်လတ်ဆတ်ဆတ် ကောင်မလေးရထားလို့.. ပြောလိုက်တိုင်းသူ့အကြောင်းပါနေသလိုပဲ.. ဒါရိုက်တာရင်ပုံနဲ့ ဘလော့ဂါရန်အောင်ဆိုတော့.. ဖတ်နေရင်းနဲ့ ဘလော့ဂါရန်အောင်ကို အဲဒိပုံလေးပေါ်ပြီး.. ကြွေချင်နေပြီနော်...