Wednesday, April 30, 2008

မစိုးရိမ်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနအစီအစဉ်

မစိုးရိမ်ဆရာတော် ဘုရားကြီး၏ အန္တိမဈာပနတော်ကို အောက်ပါအတိုင်း ကျင်းပမည် ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား အများပြည်သူများ နောက်ဆုံးအကြိမ် ဖူးမြော် ဂါရ၀ပြုနိုင်ရန်အတွက် အချိန်နှင့်နေရာကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်။

နေ့ရက်

စနေနေ့ မေလ (၃) ရက် - ညနေ ၈ နာရီမှ ၁၁ နာရီထိ
တနင်္ဂနွေနေ့ မေလ (၄) ရက် - နံနက် (၁၀) နာရီမှ ညနေ ၈ နာရီထိ

နေရာ

Midwood Chapel
1625 Coney Island Ave
Brooklyn, NY 11230

http://www.midwoodchapel.com

မီးသဂြိုဟ်ခြင်းအား အောက်ပါအတိုင်း ပြုလုပ်ပါမည်။

နေ့ရက်

၂၀၀၈ ခုနှစ် မေလ (၅) ရက်၊ တနင်္လာနေ့

နေရာ

Greenwood Crematory
500 25th Street
Brooklyn, NY 11232

http://www.green-wood.com

မီးသဂြိုဟ်မည့် အချိန်အသေးစိတ်ကို မကြာခင် ဆက်လက်ထုတ်ပြန်သွားမည်ဟု သတင်းရရှိပါသည်။

မစိုးရိမ်ဆရာတော်ဘုရားကြီး ပျံလွန်တော်မူလေပြီ...




ဆရာတော်ဘုရားကြီးအား နောက်ဆုံးအကြိမ် ဂါရ၀ပြုနေကြသော တပည့်သံဃာတော်များ...


မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက် ပိဋကနယူပဒေသကျောင်း၊ မစိုးရိမ်ကျောင်းတိုက်ကြီး၏ မဟာနာယက စာချဆရာတော်၊ စိန်ပန်းရပ်၊ ယဉ်ပုံပရိယတ္တိစာသင်တိုက်၏ မဟာနာယက၊ ရှမ်းပြည်နယ် မန်းပြိန်းကျောင်းတိုက်၏ မဓာနမဟာနာယက၊ တိပိဋက အဘိဓာန် ကျမ်းပြုအဖွဲ့ဝင်၊ နယူးယောက်မြို့ မစိုးရိမ်သာသနဇောတိကကျောင်း ပဓာန နာယက၊ သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (International Burmese Monks Organization) ၏ ပဓာနစေရ ဆရာတော် သက်တော် (၈၁) နှစ်၊ သိက္ခာတော် (၆၂) ၀ါရှိ ဘဒ္ဒန္တကောဝိဒါဘ၀ံသသည် ခရစ်နှစ် ၂၀၀၈ ခုနှစ်၊ ဧပြီလ (၂၉) ရက် အင်္ဂါနေ့ အမေရိကန် အရှေ့ပိုင်း စံတော်ချိန် နေ့လယ် (၁) နာရီ (၇) မိနစ် အချိန်၊ မြန်မာစံတော်ချိန် ည (၁၁) နာရီ (၃၇) မိနစ်တွင် နယူးယောက်မြို့၊ ဘရွတ်ကလင်းရှိ Coney Island ဆေးရုံကြီး၌ ဘ၀နတ်ထံ ပျံလွန်တော်မူပါကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။

ဦးဝံလာသ
ဒုတိယ ဥက္ကဋ္ဌဆရာတော်
သာသနာ့ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်



အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ်မှ တရားဝင် ထုတ်ပြန်ကြေငြာစာ




ရဟန်းရှင်လူပြည်သူလူထု ညီညွတ်စေရေးအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သော ပုံရိပ်တစ်ချို့





http://sasanamoli.org/

Monday, April 28, 2008

မျောက်နှင့်အုန်းသီး


တစ်ညတွင် ဒိသာပါမောက္ခဆရာကြီးသည် သူ့ထံတွင် ပညာသင်ကြားနေသော မင်းညီမင်းသားများ၏ စဉ်းစားတွေးခေါ်နိုင်စွမ်းကို စမ်းသပ်လိုသဖြင့် အားလုံးကို စုဝေးခေါ်လိုက်လေသည်။

ထိုညက ကောင်းကင်တွင် လမင်းကြီးက ထိန်ထိန်သာနေခဲ့လေသည်။

တပည့်မင်းညီမင်းသားများမှာလည်း ဆရာကြီးပြောပြမည့် သင်ခန်းစာပုံပြင်လေးအကြောင်းကို စိတ်ဝင်တစားဖြင့် စောင့်မျှော်နားထောင်နေခဲ့ကြလေသည်။

“တစ်ခါတုန်းကပေါ့ကွယ်…”

ဆရာကြီးက ထိုသို့ အစချီလိုက်သည်နှင့် တီးတိုးတီးတိုး စကားပြောနေကြသော မင်းသားငယ်များအားလုံး မီးကိုရေနှင့်ဖြန်းလိုက်သကဲ့သို့ ငြိမ်ကျသွားကြလေသည်။

ဆရာကြီးက ချောင်းတစ်ချက်ဟန့်ရင်း သူ၏ အသံဝါကြီးဖြင့် ပုံပြင်လေးကို ဆက်ပြောပြလေသည်။

“တစ်ခါတုန်းကပေါ့ကွယ်…

မျောက်ဖမ်းရင်း အသက်မွေးဝမ်းကျောင်းလုပ်နေတဲ့ မုဆိုးတစ်ယောက် ရှိသတဲ့…

မျောက်ဆိုတာ အင်မတန်မှ လျင်မြန်ဖျတ်လတ်တဲ့ သတ္တ၀ါမို့ ဖမ်းရတာလည်း အတော်ခက်ခဲသပေါ့ကွယ်…

အဲဒီ့မျောက်ဖမ်းသမားဟာ ဘယ်လောက်တော်သလဲ ဆိုရင် သူများမျောက်ဖမ်းမုဆိုးတွေ မျောက်တစ်ကောင်မှ မမိခဲ့ရင်တောင် သူက အနည်းဆုံးတစ်ကောင်တော့ အမြဲမိနေတာပဲတဲ့…”

ဆရာကြီးက ပြောလည်းပြော၊ ပရိသတ်ကိုလည်း တစ်ချက်ဝေ့ကြည့်ရင်း အကဲခတ်လိုက်သည်။

မင်းသားငယ်များမှာ ဆရာကြီးဆက်ပြောမည့် အကြောင်းအရာကို စိတ်ဝင်တစားနားထောင်နေကြသည်ကို တွေ့ရသည်နှင့်…

“အေး… အဲဒီလိုမျိုး မျောက်ဖမ်းတော်တဲ့ မုဆိုးအကြောင်းကို ရွာနီးချုပ်စပ်က လူတွေကပါ ကြားသိလာရတော့ သူ့ရဲ့မျောက်ဖမ်းနည်းကို စိတ်ဝင်တစား လာမေးကြတော့တာပေါ့…

မျောက်ဖမ်းမုဆိုးကလည်း သူ့ရဲ့ အသက်မွေးဝမ်းကျောင်းပညာ လျှို့ဝှက်ချက်မို့ ဘယ်သူ့ကိုမှ မပြောပြဘဲ လာမေးတဲ့သူတွေကို တမင်တကာ လှီးလွှဲပြောဆိုနေခဲ့တော့တာပေါ့…

ဒါနဲ့ လူတွေကလည်း အဲဒီ့မျောက်ဖမ်းမုဆိုး မျောက်သွားဖမ်းတာကို လိုက်ချောင်းကြည့်မှပဲ သူ့နည်းကို သိတော့မယ်ဆိုပြီး မုဆိုး တောထဲကို နောက်တစ်ခေါက် မျောက်ဖမ်းသွားမယ့်အချိန်ကို စောင့်ကြည့်နေကြတော့တာပေါ့ကွယ်...

“ဟန်နီ… ကိုယ်မောပြီကွယ်… ရေချမ်းချမ်းလေး တစ်ခွက်ဆက်ပါဦး…”

ဆရာကြီး၏ ကတော်က သူမ၏ နှုတ်ခမ်းကို တစ်ချက်စူလျက် ဆရာကြီးဘေးနားမှ ထသွားခဲ့လေသည်။

မင်းသားငယ်များမှာတော့ ခေါင်းကိုငုံ့လျက်၊ အချင်းချင်းလက်တို့ကာ ပြုံးစိစိဖြစ်နေကြလေသည်။

“ဂလု… ဂလွတ်.. ဂလု… ဂွပ်….”

ဆရာကြီးလည်း သူ၏ဟန်နီ ကမ်းလာပေးသော ရေချမ်းချမ်းလေးတစ်ခွက်ကို တဂွပ်ဂွပ်မြည်အောင် သောက်သုံးပြီးသကာလ သူ၏ပုံပြင်ကို ဆက်လေသည်…



“အဲ… ဒီလိုနဲ့ တစ်နေ့မှာပေါ့…. မျောက်ဖမ်းမုဆိုးလည်း တောထဲကို နံနက်ခင်း လင်းအားကြီးအချိန်မှာ ထွက်ခွာသွားတာကို သူ့အိမ်ရှေ့က ချုံပုတ်ထဲမှာ ကင်းပုန်းဝပ်နေတဲ့ စွမ်းအားရှင် ဘလော့ဂါ နှစ်ယောက် (အဲ. ဟုတ်ပါဘူး..) လူနှစ်ယောက်က လှမ်းမြင်လိုက်သတဲ့…

မျောက်ဖမ်းမုဆိုးသမား နာမည်က ဆွမ်ကျဲအို တဲ့… သူက ချင်းလူမျိုးလေ… မြူဆွမ်တွေကို ခပ်ကျဲကျဲ ဖျော်သောက်ရင်းက အိုသွားလို့ ဆွမ်ကျဲအို လို့ နာမည်တွင်လာခဲ့တာပေါ့…

ဆွမ်ကျဲအိုကို လိုက်လံချောင်းမြောင်းပြီး ခဲလက်သီးစာကျွေး (အဲ… ဆောရီး မှားပြန်ပြီကွယ်) လျှို့ဝှက်ချက်ကို ဖော်ထုတ်မယ့် ပုဂ္ဂိုလ်လေးနှစ်ယောက်နာမည်ကတော့ ယူအာဆွိနဲ့ ယူအာကွိတဲ့…

ယူအာဆွိလို့ နာမည်တွင်ရတာက သူက အမြဲပြုံးပြုံးပြုံးပြုံးနေတတ်ပြီးတော့ ဆွိဖြစ်လို့တဲ့လေ…

ယူအာကွိကတော့ ပြောလိုက်ရင် သောက်တလွဲဖြစ်ပြီး အမြဲအပြစ်တင်ခံရလို့၊ ဘန်းစကားနဲ့ ခပ်လန်းလန်းလေးပြောရရင်တော့ ခဏခဏ ကွိတတ်လွန်းလို့ ယူအာကွိလို့ နာမည်ပေးထားကြတာပေါ့…

ကဲ… ဆက်မယ်ကွယ်…”

မင်းသားငယ်လေးများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ဆရာကြီးပြောသည့် နာမည်ဆန်းများကို ပါးစပ်မှ လိုက်လံရွတ်ဆိုနေခဲ့ကြလေသည်။

အက္ခရာနတ္ထိ မင်းသားက အားလုံးကြားအောင် အော်ပြောသည်…

“ရှီးဘောဒိသာပါမောက္ခကြီးရဲ့ ဇာတ်ကောင်နာမည်တွေက ၀မ်ချောင် မာဟန် ကျန်းလုံ ကျောက်ဟူ နာမည်တွေထက် အပုံကြီးသာတယ်…”

“၀ါးးးးး ဟားဟားဟားဟား… သွပ်သွပ်သွပ်… အက်အက်အက်… ဟတ်ဟတ်..”

ဆရာကြီးလည်း နှစ်ခြိုက်အားရစွာ ပြုံးလိုက်ရင်းက အသံကို မြှင့်လျက် ဆက်ပွားလေတော့သည်…

….

“ဆွမ်ကျဲအိုမုဆိုးလေးနောက်ကို လူမသိသူမသိ လိုက်လံချောင်းမြောင်းရတာကလည်း စွမ်းအားရှင်တွေလို ရဲက ဘက်ကပ်နောက်ခံ မပေးထားတော့ အခက်တွေ့ရတာပေါ့ကွယ်…”

ရှားလားလားနန္ဒမင်းသားက ထိုင်ရာမှ ထမေးသည်…

“ရှီးဘောကလည်း… ခက်တာလိုက်လို့… ကဒ်ထူပြားပေါ်မှာ ဆော့ဖ်ပင်နဲ့ စာလုံးကြီးတွေ ရေးပြီးလိုက်ရင် ဘယ်သူမှ မထိရဲတော့ဘူးလေ…”

“ဟေ… လုပ်ပါဦး… ဘာရေးရမှာလဲ…”

ဒိသာပါမောက္ခဆရာကြီးလည်း စဉ်းစားတွေးခေါ်မှု အိုင်ကွီ (အိုင်ကျူထက်မြင့်သော အိုင်ကွီ) မြင့်သော ရှားလားလား မင်းသား၏ စကားကို စိတ်ဝင်တစားဖြင့် ပြန်မေးလိုက်လေသည်…

ရှားလားလား မင်းသားက…

“ဩော်… ရှီးဘောကလည်း… စီးပွားရေးပိတ်ဆို့တာကို ဆန့်ကျင်သည်… မဲရုံသို့ သွားကြပါစို့… ရှားလားလားလား…လို့ ရေးလိုက်ပေါ့…. ရှီးဘောကလည်း… ဟာပဲ… ဟာပဲ… ဟာကို…”

ပြောရင်းဆိုရင်းက ရှားလားလားမင်းသား နွဲ့သွားပါတော့သည်…

“မင်းမလဲကွာ… အရေးထဲ နွဲ့နေရသေး… Brokeback Bloggers ဖြစ်ချင်နေလို့လား… အားလုံး ကျားကြီးပဲ. သိလား… ဆရာကတော်နဲ့ သူ့သမီးလေး ပျံလန်ရှင်ဂွမ်းဂွိကလွဲ လို့…”

ပြောလည်းပြော. ဆရာကြီးကတော်ကို တစ်ချက်လှမ်းရှိုးလိုက်သည်မှာကား ပလေယာမင်းသားပင် ဖြစ်တော့၏…

ဆရာကြီးကတော် ဟန်နီကြည့်မြင်တိုင်ထိပ်မှောင်ဝင် မှာလည်း ရှက်ကိုးရှက်ကန်းဖြင့် ပဲကြီးလှော်ကိုသာ ငုံ့စားနေခဲ့ရင်းက…

“ဘူ…..”

“အဲတော့်… ထွက်ကုန်ပြီ… အဟင့်… ၀ါး…”

ဆရာကတော်ငိုတော့ ဆရာကြီးလည်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခါ သူ၏ ရွှေဥာဏ်တော်ကို ကွန့်မြူးရပါလေတော့သည်…

“အို… ဘယ်ဘယ့်. အိုဘယ့် နှမတော်… ထွက်တော်မူပြီလား..”
“အို…ဘယ်ဘယ့်.. အိုဘယ့် နှမတော်… လျက်တော်မူပါလား.. (လျက်ဆား)”
“အို..ဘယ်ဘယ့်.. အိုဘယ့် နှမတော်.. ကွက်တော်မူနဲ့လား…” (စိတ်ကွက်ခြင်းကိုသာ ဆိုလိုခြင်းဖြစ်၏… စကားချပ်)

ဆရာကတော်လည်း ဆရာကြီး၏ အချော့တော်တေးဖြင့် မှေးမပျော်နိုင်ရှိနေသည်နှင့် မင်းသားငယ်များဖက်သို့ လှည့်ကာ အကူအညီတောင်းရလေတော့သည်…

ရက်ပ်ပါဟစ်ဟော့ပ်ဖလစ်ဖလော့ပ် မင်းသားက သူ၏ ပုဆိုးကို ခါးတောင်းကျိုက်လျက် ဆရာကတော်ဆီသို့ ဂျစ်ကန်ကန်ဖြင့် မထီတရီလှမ်းကြည့်လိုက်လေသည်။ (ဂျစ်ကန်ကန် မထီတရီ ကြည့်နည်းမသိလျှင် ရက်ပါများ၏ စီးရီးခွေများပေါ်တွင် ပို့စ်ပေးနေသော ဓာတ်ပုံများကို ကြည့်ပါလေ…)

“ရိုး.. ရိုး.. အို့… အိုး… ဟန်နီ… ငိုပါနဲ့ကွာ… အပိုတကယ်မပြော…
လိုတာထည့်စား… ပျိုတကယ်မမော
ဒီနေ့ပဲကြီးလှော်က မနေ့ကထက် ပေါက်တယ်.
မနက်ဖြန် ပဲလှော် ဒီနေ့ပဲထက်ပေါက်မယ်..
ရောက်လေရာ သယ်သွား. ၀ယ်စား. တကယ်မများ.. ဆယ်ပြား… အုအား…”

ဖလစ်ဖလော့ပ်၏ ခပ်မိုက်မိုက် ဟစ်ပ်ဟော့ပ် သံစဉ်များကြားတွင် ဆရာကတော်လည်း မျောသွားခဲ့လေတော့သည်…

….

“ဆက်ပါဗျို့…. ”

“ဟုတ်တယ်. ဆက်ပါဗျို့…”

“စောင့်နေရတာ ၁၉၉၀ ထဲကပဲ.. ဆက်ရွှီးပါဦးဗျို့…”

ပရိသတ်က ထိုသို့ပွဲတောင်းတော့ ဆရာရှီးဘောလည်း မနေနိုင်တော့ချေ…

“ဆန္ဒမစောကြပါနဲ့လေ… ဖြည်းဖြည်းပေါ့… လာ… မဲလေးထည့်သွား… ထောက်ခံမဲထည့်လည်း ထောက်ခံမဲပဲ. ကန့်ကွက်မဲထည့်လည်း ထောက်ခံမဲပဲထွက်တယ်. သိလား…”

“မတရားဘူး… အူး… ဟူးဟူး…. လုံးဝ… လုံးဝ…. လုံးးးးးဝ…”

ထိုကဲ့သို့ ထဖောက်သည်မှာကား ရော့ကာမက်တဲလ်သာကေတ မင်းသားပင်ဖြစ်တော့၏…

“ဘာကြောင့်လဲ… ဘာအတွက်လဲ…. ရှားလားလားလားလား..”

ရှားလားလား မင်းသားလည်း ထနွဲ့ပြန်ပါ၏…

“တော်စမ်းပါကွာ…. မင်းတို့က ဘာသိလို့လဲ… ဒီမဲပုံးက မိတ်အင်ချိုင်းနားကွ… လိုချင်တာပြောလိုက်… ပေါက်ဖော်ကြီးက တသွေမတိမ်းလုပ်ပေးတယ်ကွ… ကြားတယ်နော်. ထောက်လည်း ထောက်ပဲ. ကန့်လည်းထောက်ပဲ… ဒါကြောင့် မဲပုံးနာမည်ကိုတောင် တီလုတ်ကြီးကပေးထားသေးတယ်… ထောက်ကန့်ထောက် တဲ့…. ငှဲဟင်းငှဲညောင်း…”

ဆရာကြီးရှီးဘောက ငါးသလဲထိုးပြုံးကာ ပြန်ပြောခြင်းဖြစ်ပါသည်..

“ဟေ့ကောင်တွေ… တော်တန်တိတ်ကွာ… မင်းတို့ ပတ်စပို့်တွေ သိမ်းပစ်လိုက်လို့ နေပြည်တော် မပြန်နိုင်ဖြစ်သွားမယ်.. ဟွန်း…”

ထိုကဲ့သို့ ဘလိုင်းကြီးထကောသည်မှာကား ဆရာကြီးအားရ ကျွန်ပါးဝလုပ်နေသော အင်တာနေရှင်နယ်ဖွတ်ကြားပင် ဖြစ်တော့၏… အပေါ်အဖြူ အောက်အစိမ်းဖြင့် တိုက်ပုန်းအင်္ကျီကို အကျအန၀တ်ထားသော အင်တာဖွတ်ကားခန့်ညားလှပါဘိတောင်း…

မင်းသားငယ်များမှာလည်း နေပြည်တော်ပြန်ကာ ရှင်ဘုရင်လုပ်စားမည့်သူများ ဖြစ်သဖြင့် ပတ်စပို့ အသိမ်းခံရမည် ဆိုသည်နှင့် ၀ပ်သွားလေတော့သည်…

ထိုအခါ ဖွတ်ကြားလည်း စင်ပေါ်တက်ကာ ကမ္ဘာကျော် ဖွတ်ပုတတ်ဘုန်းတော်ဘွဲ့သီချင်းကို နားမခံသာအောင် သီဆိုရင်း ဖွတ်ကကပြပါလေတော့သည်….

….

“ကဲ… အားလုံးဇာတ်ကြောင်းရှင်းရင် ငါ့ဇာတ်လမ်းဆက်မယ်… ဘယ်သူမှ မကန့်ကွက်တာ ထောက်ခံတာပေါ့နော်… အက်အက်အက်”

ရှီးဘောဆရာကြီးလည်း ရော့စတီးဝပ်အသံဖြင့် ခပ်ကွဲကွဲရှတတ ရယ်ကာ သူ၏ မျောက်ဖမ်းခြင်းအကြောင်းကို ဆက်ပြောလေတော့သည်…

ပရိသတ်ကြီးကား အပ်ကျသံကြားအောင် ငြိမ်နေလေတော့သည်…..

“ယူအာဆွိ နဲ့ ယူအာကွိတို့နှစ်ယောက်သား ဆွန်ကျဲအိုနောက်ကို လိုက်တယ်ဆိုတာ ငါပြောနေတာနော်. ဟုတ်တယ်မလား..”

“ဟုတ်ပါတယ် ဆရာကြီး… အဲဒါ. ၁၉၇၄ ကတည်းကပါ… ကြာပေါ့… ဆရာကြီးပဲ ဆက်မပြောဘဲ မေ့ချင်ယောင်ဆောင်ထားတာ.. ၁၉၉၀ တုန်းကလည်း ဒီအတိုင်းပဲ.. အဲဟဲဟဲ… ဗြဲ…”

ဝေါ်စွတ်မင်းလောင်းမင်းသား၏ ရဲရဲတောက် အသံပင်ဖြစ်တော့၏…

အင်တာနေရှင်နယ် ဖွတ်ကြား၏ ဦးခေါင်း ဆတ်ခနဲ လည်ထွက်သွားကာ ဝေါ်စွတ်မင်းလောင်းမင်းသား၏ မျက်ဝန်းများကို စိုက်ကြည့်ပစ်လိုက်သည်…

“ရော့… အင့်… ခွပ်… ဖုန်း… ဖုန်း… ဖုန်း…”

ဝေါ်စွတ်မင်းလောင်း မင်းသားတစ်ယောက် သွေ့ပုကျိကွိကွိ ဖြစ်သွားခဲ့လေတော့သည်…

….

အင်တာနေရှင်နယ်ဖွတ်ကြား၏ လက်သံပြောင်လေလေ၊ ရှီးဘောဆရာကြီး၏ အသံဝါကြီးက ပိုပြီး ၀ါလာလေလေပင် ဖြစ်တော့၏…

“ငြိမ်ငြိမ်နေကြလေကွာ… ဒီမှာ အာရုံစိုက်လို့မရတော့ဘူး... အကုန်ဆွဲစိပစ်လိုက်တော့မယ်… ဟွန်း..”

“တောက်….”

တက်ခေါက်သံမဟုတ်ပါ…. ငြိမ်သက်လွန်း၍ ရေကျသံကိုပင် ကြားနေရခြင်းပင် ဖြစ်တော့၏… ရေကြည်အိုင် အပန်းဖြေစခန်းမှ ရေကျသံထက်ပင် ပြင်းမည်ထင်ပါသည်… မင်းသားအားလုံးကား နပ်၏… ချက်ဆိုလျှင် နားခွက်က မီးတောက်… တောက်ဆိုလျှင် ရေကြည်အိုင်ရောက်မည် လူပါအပျောက် ဟူ၍ပင်…

“အဲဒီလိုနဲ့ပေါ့ကွယ်…. ဆွန်ကျဲအိုတစ်ယောက် မျောက်ဖမ်းမလို့ ပြင်ဆင်နေတာကို ယူအာဆွိနဲ့ ယူအာကွိတို့ နှစ်ယောက် သစ်ပင်နောက်ကနေ ချောင်းမြောင်းကြည့်ရှုနေကြသတဲ့…

ဆွန်ကျဲအိုဟာ သူ့ရဲ့ North Face ကျောပိုးအိတ်ထဲကနေ အဆင်သင့်ယူလာခဲ့တဲ့ အုန်းသီးတစ်လုံးကို ထုတ်လိုက်သတဲ့…

အုန်းသီးမှာ အပေါက်သေးသေးလေးဖောက်ထားတာကိုလည်း ဆွိနဲ့ကွိတို့ တွေ့လိုက်ရတယ်..

ပြီးတော့ ဆွန်ကျဲအိုဟာ အုန်းသီးလေးထဲကို မုန့်လေးတစ်ခုနှစ်ခု ထည့်လိုက်တာကိုတွေ့လိုက်ရတယ်.

အဲဒီ့နောက်မှာတော့ ဆွန်ကျဲအိုဟာ အုန်းသီးလေးကို ကြိုးနဲ့ချည်ပြီး ကျန်တဲ့ ကြိုးတစ်စကိုတော့ ငုတ်တိုင်လေးတစ်တိုင်မှာ ချည်လိုက်တယ်.

ငုတ်တိုင်လေးကို မြေကြီးမှာ စွဲနေအောင် ရိုက်လိုက်တယ်.

ဆွိနဲ့ကွိတို့လည်း ဆွန်ကျဲအိုလုပ်သမျှကို စိတ်ဝင်တစားလိုက်ကြည့်နေခဲ့တာပေါ့…

ဆွန်ကျဲအိုလည်း မျောက်အတွက် ထောင်ချောင်လုပ်ပြီးတဲ့နောက် သူလုပ်ထားတဲ့ လင့်စင်ပေါ်သွားတက်အိပ်ဖို့ ပြင်ဆင်နေတော့တာပေါ့ကွယ်…

ဆွိနဲ့ကွိတို့လည်း နီးစပ်ရာ ညောင်နှစ်ပင်ပေါ် အသီးသီးတက်အိပ်ကြတော့တာပေါ့…

အဲဒီ့ညက မိုးတွေရွာတယ်… ပြီးတော့ ညောင်နှစ်ပင်ကိုလည်း မိုးကြိုးပစ်သတဲ့…

ဩော်… ဆွိနဲ့ကွိတို့ အိပ်တဲ့ ညောင်နှစ်ပင်တော့ မဟုတ်ပါဘူး…

မင်းတို့သိပါတယ်…

သိပါတယ်ကွာ… ဟဲဟဲဟဲ…”

ဆရာကြီးလည်း ပြောလည်းပြော ရယ်လည်းရယ်နေတော့ မင်းညီမင်းသားတွေလည်း စိတ်လက်ပေါ့ပါးပြီး လိုက်ရယ်ကြတော့တာပေါ့…


“ဒီတိုင်းကျတော့လည်း တို့ ရှီးဘောက မဆိုးပါဘူး… နောက်လကျရင် လခတွေတောင် တိုးပေးဦးမယ် ဆိုပဲ… အက်အက်အက်…”

….

ဆရာကြီးလည်း ပုံပြင်ကိုအလွတ်မပြောနိုင်တော့သဖြင့် ဘုတ်အုတ်ကိုကိုင်ကာ အသံကျယ်လောင်စွာဖြင့် ဖတ်ပြနေတော့၏…

နံနက်မိုးသောက် အရုဏ်ရောက်သော်…….

“ကွိ… ကွိ… ခွီး… ခွီး… ၀ုအို့. ၀ုအို့…. ဖုတ်.. ဖုတ်..ဖတ်… ဖတ်… ”

အသံဗလံမျိုးစုံကြောင့် ဆွိနှင့်ကွိတို့လည်း ညောင်နှစ်ပင် ပျက်ပြီအထင်ဖြင့် လန့်နိုးလာခဲ့လေသည်..

အထင်နှင့်အမြင်ကား တက်တက်စင်အောင်လွဲတော့သည်..

ညောင်နှစ်ပင်မပျက်သည့်အပြင် မဲပင်ထည့်ခိုင်းနေတော့၏… (ဟတ်. ဆောရီး.. လွဲပြန်ပြီ..)

မျောက်တစ်ကောင် အုန်းသီးတစ်လုံးနှင့် နပန်းလုံးနေသည်ကို တွေ့လိုက်ရသည်…

ကွိကွိမှာ မျောက်အော်သံဖြစ်ပြီး ခွီးခွီးမှာ မျောက်စိတ်တိုသဖြင့် အုန်းသီးကို ထုရိုက်ခြစ်ကုတ်နေခြင်း ဖြစ်ကာ ၀ုအို့ မှာ မျောက်ဝမ်းနည်းသဖြင့် အော်သံဖြစ်သည်… ဖုတ်.. ဖုတ်မှာကား မျောက်၏ အမြီး မြေကြီးပေါ်သို့ ရိုက်နေခြင်းနှင့် ဖတ်.. ဖတ် မှာမူ အုန်းသီး မြေကြီးပေါ် ပြုတ်ကျအောင် ရိုက်ထုတ်နေသော အသံပင်ဖြစ်တော့၏…

ဆွိနှင့်ကွိတို့လည်း မျောက်၏ ဖြစ်အင်ကို နားမလည်နိုင်အောင်ဖြစ်နေစဉ် မုဆိုးကျော် ဆွန်ကျဲအို လင့်စင်ပေါ်မှ နိုးထလာသည်ကို တွေ့လိုက်ရသည်…

ဆွန်ကျဲအိုလည်း ဆွိနှင့်ကွိတို့ကို မြင်သွားပြီး…

“What’s up, men? What’s going on here?”

ဆွိနှင့်ကွိတို့လည်း..

“Not much, bro… Just hanging out here and saw a monkey was busted…”

ဆွန်ကျဲအို၊ ဆွိနှင့်ကွိတို့သည် ဘရစ်တစ်ရှ်ကောင်ဆဲလ်၊ ယူအက်စ်အိုင်အက်စ်၊ ဆရာကြီးဦးဝင်းနိုင်၊ ဘ၀သစ်ဦးအောင်ကျော်၊ လှည်းတန်းဦးမြကြိုင်၊ YES၊ IELTS၊ TOEFL၊ SATI, SATII, SATIII, IV… စသည့် အနှီအင်္ဂလိပ်စာ ကျွမ်းကျင်မှု သင်တန်းမျိုးစုံတွင် တက်ရောက်သင်ကြားခဲ့ကြသော သင်တန်းဂျပိုးများဖြစ်သည့်အားလျော်စွာ တွေ့လျှင် ဘိုလိုသာ နှုတ်ဆက်တတ်ကြလေသည်…

ရှေ့လျှောက် မြန်မာလိုသာ ဆက်ရေးပါမည်. (စာရေးသူ၏ စကားချပ်… ဟတ်ဟတ်ဟတ်)

ဆွန်ကျဲအိုလည်း ငါးခူပြုံးပြုံးကာ (ငါးသလဲထိုးက ရှီးဘောကပြုံးတာ. ဒါက ငါးခူပြုံး) ဆွိနှင့်ကွိတို့ကို ခေါင်းတစ်ချက်ဆတ်ပြလိုက်လေသည်…

“ငါသိနေပါတယ်ကွာ” ဆိုသည့်သဘောပင်ဖြစ်တော့၏…

ဆွိနှင့်ကွိတို့လည်း အောင့်မထားနိုင်တော့သဖြင့် ပေါက်ချ (အဲ.. ဆောရီး) ဖွင့်မေးလိုက်တော့လေသည်…

“ဆွန်ဆွန်ရယ်… နင်သိပ်တော်တာပဲ… မျောက်ကို အုန်းသီးနဲ့ဖမ်းသွားတာ ရေလည် လေးစားတယ်. တို့ကို ပြောပြ. ဘယ်လိုလုပ်လဲ..”

ယူအာဆွိ၏ ချိုအီမွှေးစိမ့်သော စကားချီးကို ကြားလိုက်ရသည်နှင့် ဆွန်ကျဲအိုလည်း ဖင်တွန့်သွားကာ ကျွတ်ကြဲစွာ ပြန်ပြောလေသည်…

“ဟဲ့ကောင်မ … အဲ.. ကောင်ထီး… အာ… ဆွိ… စကားကောင်းကောင်းကို မပြောဘူး. ဂျော်ရကီးကျနေတာပဲ. နင်ဘာသိချင်တာလဲ ရှင်းအောင်ပြော”

ကွိလည်း မနေနိုင်တော့သဖြင့် ၀င်ရလေတော့သည်…

“ဩော်.. ဆွန်ရယ်. သူသိချင်တာကလေ.. ဟိုဟာပေါ့နော်.. ဆွန်က ပေါ့နော်. ဟိုလေ. မျောက်ကလေးကိုပေါ့နော်.. ဘယ်လိုမျိုးပေါ့နော်. ဖမ်းလဲဆိုတာကိုပေါ့နော်. အဲတာလေ… သိချင်တာတဲ့… ပြောပြနိုင်ရင်ပေါ့နော်… တဆိတ်လောက်… နော်”

တက်သစ်စ မော်ဒယ်လ်ပေါက်စန ပဲများများရန်ကုန်သူလေသံဖြင့် ညုတုတုပြန်ပြောသည်မှာကား ကွိပင်ဖြစ်တော့၏…

ဆွန်ကျဲအို ပေါက်ကွဲလေပြီ..

ဘူ….

“ညကတစ်ညလုံး လင့်စင်ပေါ်မှာ အောင့်ထားရသမျှ ခုမှပဲ ပေါက်ကွဲနိုင်တော့တယ်. သွပ်သွပ်သွပ်….”

“ဆွန်…. ညာကစ်ပါကတ်.. ဟွန့်…”

ဆွန်ကျဲအို တင်းသွားသည်…

“ဆွိ… မင်းဘာပြောတာလဲ… မင်း ငါ့ကို ရန်စတာလား… ညာကစ်ပြီး ပါကတ်ရအောင် ငါက ဘာကောင်ဖြစ်နေလို့လဲ… မင်းကွာ… မင်းကွာ… မင်းးးးးးးးး”

ကွိလည်း ၀င်ရပြန်လေသည်…

“ဆွန်ရယ်. အဲဒါက ဂျော်ရကီးတွေ ကကြီးသုံးပြီးပြောတာပါ… ညာကစ် ဆိုတာ ညစ်တဲ့. ပါကတ်ဆိုတာ ပတ်တဲ့… ဆွန်လေလည်တာကို ညစ်ပတ်လို့ ပြောတာ. သိပြီလား. မဆိုးပါနဲ့ကွာ. အချင်းချင်းတွေပဲ. ဖောင်ကြီးသင်တန်းတောင် အတူတူတက်ခဲ့ကြသေးတယ်လေ. မှတ်မိတယ်ဟုတ်…”

ထိုသို့ပြောတော့လည်း ဆွန်တစ်ယောက် လျှော့ချလိုက်ရပြန်လေသည်… (စိတ်)

….

“ကဲ.. ပြော.. ဆွန်.. ဘယ်လိုမျောက်ဖမ်းတာလဲ… ”

ဆွန်ကျဲအိုလည်း ဆွိနှင့်ကွိတို့အမေးကို ဖြေရန် ချောင်းတစ်ချက်ဟန့်လိုက်သည်…

“အိမ်း… အမေးနွားကျောင်းသား အဖြေဘုရားလောင်း ဆိုသလိုပေါ့… ပညာရှိဆိုတာ မတီးမမြည်. တီးမှမြည်တဲ့ ဆည်ကြီး… အဲ.. စည်ကြီးဆိုသလိုပေါ့… မင်းတို့က မေးလည်းမေး တီးလည်းတီးတော့ ငါလည်း ဖြေပြီး မြည်ရတော့မပေါ့ကွယ်…”

ဆွိနှင့်ကွိတို့လည်း ဆွန်ကျဲအို၏ မြောက်ကြွကြွ မျက်နှာပေးကို အံကြိတ်ကာကြည့်ရင်း…

“မိုးကောင်းတုန်းရွာထားဦးပေါ့ကွာ… တူဖြစ်တုန်းနှံထားဦးပေါ့… ပေဖြစ်မှ အင်တာနေရှယ်နယ် ခုံရုံးကို ပို့ပစ်ဦးမယ်… ”

ပါးစပ်က ထုတ်မပြောပါ. စိတ်ထဲတွင်ကြိမ်းဝါးနေခြင်းသာ ဖြစ်တော့၏…

“ဒီလိုကွ… ငါက တော်ရုံတန်ရုံလူကို ပြောတာမဟုတ်ဘူး.. မင်းတို့နဲ့ငါနဲ့က ဖောင်ကြီးမွန်းမံသင်တန်းတက်ပြီး ဖောင်ကြီးဆင်း ဖင်ကြီးစောင်းလာသူတွေအချင်းချင်းမို့ ပြောပြတာ…”

“ဟုတ်ပါပြီ. လိုရင်းပြော. မျောက်ကို ဘယ်လိုကိုင်ထည့်ပစ်လိုက်တာလဲ.”

ဒီတစ်ခါစိတ်မရှည်သူကတော့ ဆွိပင်ဖြစ်တော့သည်….

ဆွန်ကျဲအိုပင် အံ့အားသင့်ကာ နည်းနည်းဖြုံသွားလေသည်…

လူဆိုသည်ကလည်း ငြိမ်နေလျှင်ပိုဖိတတ်ကြပြီး အမြဲငြိမ်နေသူများ ကြွတက်လာလျှင် ဖြုံတတ်ကြသည်မှာ သဘာဝပင်ဖြစ်လေသည်…

သို့သော် ဆွန်က ဟိတ်ဟန်ကောင်းသည်… မုဆိုးလည်းဖြစ်သည့်အားလျော်စွာ အရာရာကို စစ်ရေးအမြင်ဖြင့်သာ ကြည့်ရှုရင်ဆိုင်တတ်သည်… ထို့ကြောင့်လည်း နိုင်ငံတော်အကြီးအကဲ… (အဲ… မဟုတ်ပါဘူး.. ဖတ်လက်စ အခြေခံဥပဒေကြီးဖယ်ထားဦးမှပဲ. စာဆက်ရေးလို့တောင်မရတော့ဘူး. အဟွတ်ဟွတ်)

ထို့ကြောင့် ဆွန်ကျဲအိုတစ်ယောက် သွေးအေးလူသတ်သမား သွားလေသူ စိုးဝင်းအကြည့်မျိုးဖြင့် တစ်ချက်ကြည့်ကာ …

“အေးဆေးပေါ့ ကိုယ့်လူ… ကိုယ့်လူက တောင်းတဲ့သူ… ကျုပ်ကပေးရမယ့်သူ… အေးဆေးပေါ့… ဟင်းဟင်းဟင်း…”

ငါးမြွေထိုးအကြည့်မျိုးဖြင့် ဟင်းဟင်းဟင်းဟု အံခဲကာ ရယ်လိုက်တော့ ကွိပင် ကွိချင်စိတ်ပေါက်သွားတော့၏…

….

“ဒီလိုရှိတယ် ဆွိနဲ့ကွိ…”

ဆွိနှင့်ကွိလည်း ခေါင်းရှေ့စိုက်ကာ သေသေချာချာ နားထောင်နေကြလေသည်…

“မျောက်ကိုအုန်းသီးနဲ့ ထောင်မဖမ်းခင် အရင်ဆုံး အုန်းသီးကို အပေါက်ဖောက်ရတယ်. လက်ဝင်သာရုံလေးပေါ့… မကျယ်မကျဉ်းပေါ့ကွာ..”

ဆွိနှင့်ကွိတို့ အပီအပြင်ပင် လိုက်မှတ်နေကြပါသည်…

ဆွန်ကျဲအိုက အသံကိုနည်းနည်းနှိမ့်လျက် ဆက်ပြောသည်…

“မင်းတို့သိလား… လူတွေတောင် ကိုယ်ရပြီးရင် ပြန်ပြီး လက်လွှတ်ချင်တာမဟုတ်ဘူး. မျောက်ဆိုမှတော့ ဝေလာဝေးပေါ့ကွာ…”

“နင်ပြောတာ ငါပြန်ပြောလိုက်ရင် သူကြီးက သူ့ကိုစောင်းပြောတယ်ဆိုပြီး နင့်ကို ဆွဲစိလိုက်လို့ နင်ငုတ်တုတ်မေ့သွားမယ်နော်. ချယ်လ်ဆီး မန်ယူကိုနိုင်လို့ ငိုနေတဲ့သူတွေထက် ပိုဆိုးသွားမယ်. ဟွန့်…”

ဆွိ၏ ပျော့စိစိခြိမ်းခြောက်သံကြောင့် ဆွန်ကျဲအိုတစ်ယောက် ဒီတစ်ခါ တကယ်ဖြုံသွားတော့၏။

“မလုပ်ပါနဲ့ကွာ. မျောက်ဖမ်းနည်းအကြောင်း ဆရာစားမချန်ပြောပြပါမယ်.. ခါကွင့်လာကွတ် ပါနော်…”

“အံမယ်. သူတောင် ခွင့်လွှတ်ဆိုတာကို ကကြီးနဲ့ ပြောတတ်နေပြီ. သိပ်တော်တာပဲ. အာဘွား…”

ဆွိ၏ စကားများကို ဆွန်တစ်ယောက် ဒီတစ်ကြိမ်တွင်မတော့ ပြန်လည်တွန်းလှန်နိုင်ခြင်း မရှိတော့ပါ. မလွန်ခင်က ကျွံခဲ့မိပြီကိုး…. သွပ်သွပ်သွပ်…. (အိမ်မြှောင်စုတ်ထိုးခြင်းဖြစ်၏.)

“အုန်းသီးကို အပေါက်ဖောက်ပြီး အထဲမှာ မျောက်တွေကြိုက်တတ်မယ် ထင်တဲ့ မုန့်ချိုချိုလေးတစ်ခုနှစ်ခုလောက် ထည့်ထားလိုက်တယ်ကွာ…”

ဆွန်ကျဲအိုက ဆက်ပြောသည်…

“မျောက်က မုန့်နံ့ရတော့ အုန်းသီးထဲကို လက်နှိုက်ပြီးယူတယ်. ပြီးတော့ လက်ကို ပြန်ထုတ်တော့ ထုတ်မရတော့ဘူး.. အုန်းသီးအပေါက်ဝမှာ တစ်နေတယ်…

မျောက်က စိတ်ပူပြီး အားနဲ့ရုန်းတယ်. မရဘူး. အုန်းသီးအပေါက်ဝမှာ မျောက်ရဲ့လက်က တစ်နေဆဲပဲ..

ဘာလို့လဲဆိုတော့ အုန်းသီးအပေါက်ဝက လက်ဖြန့်ပြီး အ၀င်အထွက်ပဲ လုပ်လို့ရတာလေ. လက်သီးဆုပ်ပြီး အသွင်းအထုတ်လုပ်လို့မရဘူး…

မျောက်က မုန့်ကို လက်မလွှတ်နိုင်တော့ လက်သီးဆုပ်နဲ့ပဲ ရုန်းထွက်တယ်. အဲဒီ့မှာ သူ ဒုက္ခရောက်တာပဲ… မုန့်ကိုလွှတ်ချလိုက်ရင် လွတ်နိုင်မယ်ဆိုတာကို သူမသိဘူး. ”

ဆွန်ကျဲအို၏ မျောက်ဖမ်းနည်းအကြောင်းကို ဆွိနှင့်ကွိတို့ စိတ်ဝင်တစားဖြင့် ရေးမှတ်နေကြလေသည်…

ဆွန်ကျဲအိုက ဘလော့ဂါရန်အောင်၏ လေသံဖမ်းကာ…

“ကဲ. Conclusion ဆွဲမယ်… အဟမ်းအဟမ်း…

ငါဆိုလိုတာက… မျောက်ထောင်ချောက်ကနေ မျောက်ရုန်းထွက်နည်းက လွယ်ပါတယ်. သူဆုပ်ကိုင်ထားတဲ့ မုန့်ကို လွှတ်ချလိုက်ပြီး လက်ဝါးကို ပြန်ဖြန့်ပြီး အသာလေး လျှိုထုတ်လိုက်ရုံပဲ…

ဒါပေမယ့် မျောက်က သူ့မုန့်ကို လက်မလွှတ်နိုင်ခဲ့ဘူးလေ…

ဒါကြောင့် သူပျက်စီးရတယ်…

အဲဒါ ငါ့ရဲ့ မျောက်ဖမ်းနည်း နိဿရည်းပဲ… ”

….

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…

ဆရာကြီး ရှီးဘောဒိသာပါမောက္ခ၏ ခန့်ညားထည်ဝါသော အသံဝါကြီးအောက်တွင် အိပ်ငိုက်နေကြသော မင်းညီမင်းသားများ လန့်နိုးလာကြလေတော့သည်…

“ညီလာခံပြီးသွားပြီလား…”

“၂၅ % ဟုတ်လား…”

“ကန့်ကွက်မဲပေးရင် ၃ နှစ်၊ မဲလုံးဝလာမပေးရင် ၁၄ နှစ် ဟုတ်လား”

“စစ်ရေးအမြင်ရှိရမယ်ဆိုပါလား… ကောင်းသားပဲ. Star Wars ဆော့မယ်. Red Alert ပစ်မယ်.”

တစ်ယောက်တစ်ပေါက်ဖြင့် မေးမြန်းပြောဆိုနေကြသော မင်းသားငယ်များ၏ အသံများကို ဖုံးလွှမ်းလျက် ဆရာကြီးက သူ၏ ဩ၀ါဒကထာကို မြွက်ကြားလေသည်…

“တပည့်တို့… မင်းတို့သာ မျောက်နေရာမှာဆိုရင် ဘယ်လိုလုပ်ပြီး လွတ်မြောက်အောင် ကြံဆောင်ကြမလဲ…”

အိုင်ကွီမြင့်သော ရှားလားလားမင်းသားက စပြောသည်…

“အဓိကပြဿနာက မျောက်က အုန်းသီးကိုပဲ အာရုံစိုက်နေလို့… အုန်းသီးကို ချည်ထားတဲ့ ငုတ်တိုင်ကို ကျန်တဲ့လက်တစ်ဖက်နဲ့ ဆွဲနှုတ်ပြီး တောထဲဝင်ပြီး. ပြီးတော့ တောထဲရောက်မှ ပြန်ပြီး Figure out လုပ်ရင် အနည်းဆုံးတော့ မုဆိုးရန်က လွတ်နိုင်တယ်…”

“ဖျောင်းဖျောင်းဖျောင်းဖျောင်း…”

လက်ခုပ်သံများမဟုတ်ပါ… ရှားလားလားမင်းသားကို ၀ိုင်းပြီး နပန်ကျင်းကြခြင်းပင် ဖြစ်တော့၏…

“တော်တော်တုံးတဲ့ကောင်… ငုတ်တိုင်ကို ပေါက်ဖော်အင်ဂျင်နီယာကြီးတွေကိုယ်တိုင် ကချင်ပြည်နယ် ကျွန်းသစ်တောတွေကို ခုတ်ထစ်ပြီး ယူလာတာကွ. မင်းက ဘာသိလို့လဲ… ဘယ်တော့မှ မကျွတ်ဘူး…”

“မျောက်က ကြိုးကို ကိုက်ဖြတ်လိုက်ရင်ရော… ဆရာကြီး”

အူကြောင်ကြားမင်းသား၏ အကြံပြုချက်ပင်ဖြစ်သည်…

“မရဘူး.. အူကြောင်ကြား… အဲဒီ့ကြိုးက ဆက်ဒမ်ဟူစိန်ကို ဆွဲကြိုးချဖို့ လုပ်ပေးထားတဲ့ ကြိုးထဲက ကျန်တာကို အော်ဒါမှာထားတာ. မလွတ်ဘူးကိုယ့်လူ… မရဘူး.. အူး..ဟူး…ဟူး…”

ရော့ကာမက်တဲလ်သာကေတမင်းသားက ၀င်ထောက်ခြင်း ဖြစ်ပါသည်…

“Yo. မင်းတို့ဖောက်တွေးတတ်ရမယ်ကွ … you know. အများအတွက် အနည်းတော့ရင်းရမယ်… မြွေမသေတုတ်မကျိုးလုပ်လို့တော့ မရဘူး… you know what I am saying?”

ဖလစ်ဖလော့ပ် ရက်ပါမင်းသား ၀င်လာခြင်းဖြစ်ပါသည်…

ဆရာကြီးလည်း အိုင်ကွီမြင့်သော သူ၏ ချစ်တပည့်များ၏ ဆွေးနွေးခန်းကို နှစ်ခြိုက်အားရစွာ ပြုံးကြည့်နေခဲ့လေသည်…

“ဒါဆိုဘာလုပ်သင့်သလဲ ချစ်တပည့်…”

“မုဆိုးလာဖမ်းရင် လိုက်သွားလိုက်… သူထားရာမှာ လိမ်လိမ်မာမာနေလိုက်… မုဆိုးစိတ်ထဲမှာ ဒီမျောက်လေး လိမ္မာတယ်ဆိုပြီး အခွင့်ထူးတွေပေးလာတော့မှ တစ်နေ့မှာ ရုန်းထွက်ပြေးပေါ့… ဒါကို ပူးချတယ်လို့ ခေါ်တယ်.. you know what I mean, guys?”

“လခွီးထဲမှပဲ… တို့ဗမာအစည်းအရုံးလည်း ဒိုင်အာခီနဲ့ ဒီလိုကွဲခဲ့ဖူးပြီ. မင်းက သမိုင်းကိုမလေ့လာဘဲ ပူးချဖို့ ကြိုးစားချင်သေးတယ်. မင်းကိုပဲ ဟိုကပူးချသွားလိမ့်မယ်… ဖွတ်ကျားရဲ့…”

“ဘာကွ. ငါ့နာမည်ယူသုံးရအောင် မင်းက ဘာကောင်မို့လဲ… ဖျောင်း. ခွပ်. ဒိုင်း..”

အခြေအနေအနည်းငယ်ရှုပ်ထွေးသွားပါသည်… ဖလစ်ဖလော့ပ်ရက်ပါမင်းသား၏ အကြံပြုချက်အား ဝေါ်စွတ်မင်းလောင်းမင်းသားမှ ၀င်ထောက်စဉ် အင်တာဖွတ်ကြား၏ လက်ဝါးစာ မိသွားခြင်းပင် ဖြစ်သည်…

“တကယ်ဆို မျောက်က ပဓာနနဲ့ သာမညမခွဲနိုင်လို့…”

ဆရာကြီး၏ မျက်ခုံးများပင် အနည်းငယ်ပင့်တက်သွားခဲ့ရသည်…

ကျန်းစန်းဖုန်းစတိုင်ဖြင့် ဆရာကြီးလည်း မုတ်ဆိတ်မရှိသော သူ၏ မေးစေ့ကို စတိုင်ကျကျ ပွတ်သပ်နေခဲ့ရင်းက…

“ပြောပါဦး ပလေယာလျှောက်ရွှီးမင်းသားလေးရဲ့… မျောက်ဘာလုပ်သင့်သလဲ…”

“သူ့ကိုဖမ်းမိထားတဲ့လက်ကြောင့် ဒုက္ခရောက်ရတာ. အဲဒီ့လက်က သူ့အသက်လောက် အရေးမပါဘူး…”

“ဒီတော့…”

အားလုံးက တစ်ပြိုင်တည်းဝိုင်းမေးကြခြင်းဖြစ်လေသည်…

“ဒီတော့ လက်ကိုဖြတ်ပစ်ရမယ်…”

“ဟာ……….”

အားလုံးက တစ်ပြိုင်တည်း ၀ိုင်းဟာကြခြင်း ဖြစ်လေသည်…

“မင်းရဲ့အတွေးအခေါ်က terrorist ဆန်တယ်… ဒီတိုင်းတွေးနိုင်မယ်သာ မှန်ရင် အဲဒီ့မျောက်က မျောက်မဖြစ်နိုင်တော့ဘူး… အိုင်ကျူမြင့်လွန်းသွားပြီ… မဖြစ်နိုင်ပါဘူးကွာ..တော်ကြာ ဘင်လာဒင်က လာပြီး recruit လုပ်သွားရင် ငါတို့လူတွေဒုက္ခ…”

ဆရာကြီးရှီးဘော၏ မကျေမချမ်း ညည်းတွားသံကို ကြားတော့ အင်တာနေရှင်နယ် ဖွတ်ကြား၏ လက်ဝါးက မြောက်တက်သွားသည်…

ပလေယာလျှောက်ရွှီးမင်းသားလည်း အခြေအနေမကောင်းသည်ကို အကဲခတ်မိသည်နှင့်..

“ကိုကြီးဖွတ်… ဒီမှာလေ ကိုကြီိးဖွတ်ကတော် ဖွတ်မဒမ်အတွက် စိန်တစ်ရံစာ… အာဖရိကစိန်နော်. ဘာမှတ်လဲ…”

အင်တာဖွတ်၏ မြောက်တက်သွားသော လက်ဝါးသည် အပြားလိုက်ဖြစ်သွားကာ တစ်စုံတစ်ရာကို ခံယူဖို့ အသင့်ဖြစ်နေလေတော့သည်…

အားလုံးတစ်ယောက်တစ်ပေါက် ၀ိုင်းပြောနေကြသည်ကို စိတ်မရှည်နိုင်တော့သည်နှင့် ဆရာကြီးရှီးဘော သတင်းစာရှင်းလင်းပွဲလုပ်ရပါတော့သည်…

သို့သော် ကြိုပိတ်ထားရသေး၏… သူဖြေနိုင်သည်များကိုသာမေးရန်နှင့် မဖြေနိုင်သည်များကို ဘောင်ကျော်မေးသော ဂျာနယ်လစ်များကို နာမည်မှတ်ထားရန် အင်တာဖွတ်ကျားကို ကြိုတင်မှာထားရသေး၏…

“ကဲ… အားလုံးပဲ ရှုပ်ကုန်ကြပြီပေါ့…

အဓိကအချက်ကတော့ ရှင်းပါတယ်…

ကျွန်တော်တို့မျောက်ဟာ နောက်ဆုံးမှာ အဖမ်းမခံရပါဘူး…

အုန်းသီးထဲကနေလည်း လွတ်ထွက်မသွားပါဘူး...

ဒါပေမယ့် သူ တောထဲမှာ အုန်းသီးပိုက်ပြီး သူ့ဘ၀ကို ကုန်ဆုံးသည်ထိ နေထိုင်သွားခဲ့တယ်…

မျောက်အုန်းသီးရသလို ဆိုတဲ့စကားပုံဆိုတာ ကျွန်တော်တို့ရဲ့ မျောက်ကို ကြည့်ပြီး ဖြစ်ပေါ်လာတဲ့ စကားပုံပေါ့ဗျာ…”

“ဖြည်းဖြည်းဖြည်းဖြည်းပြော… နားနားပြီးပြောမောမယ်… တိုးတိုးတိုးတိုးလေးပြော.. အားလုံးလည်းကြားပါတယ်..”

ဂျာနယ်လစ်တစ်ယောက် အင်းစိန်သို့ အထူးစပါယ်ရှယ် ကားပြာကြီးဖြင့် ကြွမြန်းသွားရပါတော့သည်…

ဆရာရှီးဘော ဆက်ပြီး သတင်းစာတွေ ရှင်းပါသည်… မြန်မာတိုင်းမ်၊ ဗွိုက်စ် စသည့် ခွင့်မပြုသော သတင်းများကို ဖော်ပြသည့် သတင်းစာများကို စရှင်းပါသည်…

ဆက်လက်ပြီး ရှင်းပါသည်…

ဆရာရှီးဘောကို ဘက်ကပ်လုပ်ထားပေးသော ဂျာနယ်လစ် စွယ်စုံသုတမှ စာတည်းမှူး ရင်ချွန်းမူး ထမေးပါသည်…

“ဒါဆို ဆရာကြီး… မျောက် ဘယ်လိုလွတ်မြောက်သွားခဲ့တာလဲ ဆိုတာကို အခြေခံလွတ်မြောက်လိုခြင်း သီအိုရီ (၀ါ) Bare Necessity ရှုထောင့်ကနေ ပြောပြပေးပါလား ဆရာကြီး…”

ရှီးဘောဆရာကြီးလည်း အားလုံးသော ပရိသတ်ကို ခြုံငုံကြည့်ရှုသုံးသပ်ပြီးသကာလ သူ၏ ကွန်ကလူးရှင်းကို ပြောချလိုက်လေတော့သတည်း…

“မျောက်လက်ထဲမှာ သေနတ်ရှိနေခဲ့တယ်…”

Sunday, April 20, 2008

ငါ့နေရာမှာ...



ဖြတ်ကျော်လို့မရတဲ့
စည်းမျဉ်းဘောင်တွေနောက်မှာ
ငါ့အတ္တဟာ
ပျောက်ဆုံးနေခဲ့တယ်…

ဖြတ်ကျော်ဖို့မသင့်တဲ့
စည်းမျဉ်းတွေကို ဖြတ်ခဲ့ပြီးနောက်တော့လည်း
ငါ့အတ္တနဲ့ ငါဝေးကွာ
သေချာရေရာတဲ့ ငါ့ဘ၀ကို
ငါပြန်လည်မတွေ့ရှိသေးဘူးလေ…

ဘယ်လောက်ထိများ ငါစောင့်ရမလဲ
ငါ့အတ္တကို ပြန်တွေ့ဖို့အတွက်…
ဘယ်လောက်ထိများ ငါပေးဆပ်ရမလဲ
ငါ့အတ္တ ပြန်လည်ထွန်းပလာဖို့အတွက်…
ဘယ်လောက်ထိများ စောင့်ရမလဲ..
ဘယ်လောက်ထိများ ငါစောင့်ရမလဲ…

နွမ်းနယ်မှုတွေနှင့်အတူ…
အဆင်သင့်မဖြစ်သေးတဲ့ ငါ့ဘ၀အတွက်
ငါစိုးရိမ်မိတယ်..
ငါကြောက်မိတယ်…
ဒါပေမယ့် ငါ့အတ္တကို ငါစောင့်နေဆဲပဲလေ…

သွားချင်သွားပါ
ဒီနေရာမှာ ငါ့ကိုတစ်ယောက်တည်း ထားရစ်ခဲ့.
ဒါပေမယ့် ငါကတော့ မင်းကို စောင့်နေဆဲပါ..

ဘယ်လောက်ထိများ ငါစောင့်ရမလဲ
ငါ့အတ္တကို ပြန်တွေ့ဖို့အတွက်…
ဘယ်လောက်ထိများ ငါပေးဆပ်ရမလဲ
ငါ့အတ္တ ပြန်လည်ထွန်းပလာဖို့အတွက်…
ဘယ်လောက်ထိများ စောင့်ရမလဲ..
ဘယ်လောက်ထိများ ငါစောင့်ရမလဲ…



In My Place, in my place

Were lines that I couldn't change
I was lost, oh yeah

I was lost, I was lost
Crossed lines I shouldn't have crossed
I was lost, oh yeah

Yeah, how long must you wait for him?
Yeah, how long must you pay for him?
Yeah, how long must you wait for him?

I was scared, I was scared
Tired and underprepared
But I wait for you

If you go, if you go
Leaving me here on my own
Well I wait for you

Yeah, how long must you wait for him?
Yeah, how long must you pay for him?
Yeah, how long must you wait for him?

Please, please, please
Come on and sing to me
To me, me



Come on and sing it out, out, out
Come on and sing it now, now, now
Come on and sing it

In my place, in my place
Were lines that I couldn't change
I was lost, oh yeah
Oh yeah

Friday, April 18, 2008

Alert Message Box လေးများလုပ်နည်း


အားလုံးပဲ မင်္ဂလာပါခင်ဗျာ…

ဒီတစ်ခါတော့ အသစ်အဆန်းလေးတစ်ခု တွေ့ရှိလို့ ပြန်လည် ဝေမျှချင်ပါတယ်.

ဘာလဲဆိုတော့ Alert Message Box လေးတွေ လုပ်နည်းပါ.

ကိုယ့်ဘလော့ဂ် (သို့) ၀က်ဘ်ဆိုက်ထဲကို ၀င်လာတဲ့ စာဖတ်သူကို Message Box လေးနဲ့ ကြိုဆိုတာပဲဖြစ်စေ၊ သိစေချင်တဲ့ ကြေငြာချက်လေးတွေကို Highlight လုပ်ပြတာပဲ ဖြစ်စေဖြစ်စေ၊ သတိပေးကြေငြာချင်တာလေးတွေကို ပြောပြချင်တာပဲ ဖြစ်စေပေါ့ အလိုရှိသလို အသုံးချနိုင်ပါတယ်.

Message Box လေးတွေကို လုပ်နည်း အမျိုးမျိုးရှိတဲ့ အထဲက အဆင်ပြေဆုံး နည်းလမ်းလေးကို ရွေးချယ်ပြီး ပြန်လည်ဆွေးနွေးထားခြင်းသာ ဖြစ်ပါတယ်.

ကဲ. စလိုက်ကြရအောင်လားဗျာ…

Alert Box with OK Button

အဲဒါလေးကို လုပ်ဖို့အတွက် Template ထဲကိုသွားပါ. Page Elements ကိုသွားပါ. ပြီးတော့ Add a page Element လုပ်ပြီး HTML/Javascript ကိုရွေးပါ. ပြီးရင် အောက်ပါ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ.


<script type="text/javascript">
alert('You are about to enter an extremely funny site. People who are prone to laughing fits ... Beware!')
</script>
<noscript>Enable javascript in your browser to view an important message.</noscript>


အနီရောင်နဲ့ ပြထားတာလေးတွေက ကိုယ်ပေါ်စေချင်တဲ့ Message လေးတွေပါ. အပြာရောင်လေးနဲ့ ပြထားတာလေးကတော့ တကယ်လို့များ user က သူ့ရဲ့ Browser မှာ Javascript Functions ကို off လုပ်ထားခဲ့ရင် ပြန်ဖွင့်အောင် သတိပေးထားတာပါ.

မြန်မာလို ပေါ်စေချင်တယ်ဆိုရင်တော့ Zawgyi-One ကို ထည့်ကြေငြာပေးရပါမယ်. ဒီမှာ အစမ်းလုပ်ပြထားတာ ကြည့်ပါ.


<script type="text/javascript">
alert(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်.'</font>)
</script>
<noscript>Enable javascript in your browser to view an important message.</noscript>

ဒါမျိုးလေးပေါ်လာမှာ ဖြစ်ပါတယ်.




Alert Box with Confirmation Button

ဒါကကျတော့ စာဖတ်သူကို ရွေးချယ်ခွင့်ပေးတာပါ. ဆက်သွားမလား. ဒါမှမဟုတ် မဖတ်တော့ဘဲ ပြန်ထွက်မလားဆိုတာကို ရွေးခိုင်းတာပေါ့.

ခုနကလိုပါပဲ. Template ထဲကိုသွားပါ. Page Elements ကိုသွားပါ. ပြီးတော့ Add a page Element လုပ်ပြီး HTML/Javascript ကိုရွေးပါ. ပြီးရင် အောက်ပါ ကုဒ်ဒင်းလေးတွေကို ထည့်ပေးလိုက်ပါ.


<script type="text/javascript">
confirm('This site contains explicit blogger hacks and tircks. You might bet dizzy. Are you sure you want to continue?');
if (confirm('This site contains explicit blogger hacks and tricks. You might bet dizzy. Are you sure you want to continue?')) {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
else {
window.location = "http://www.yanaung.blogspot.com/";
}
</script>


အနီရောင်နဲ့ ပြထားတာလေးတွေက သင်ပေါ်စေချင်တဲ့ စာကြောင်းလေးတွေ ဖြစ်ပါတယ်. အပြာရောင်လေးနဲ့ ပြထားတာလေးကတော့ OK Button ကို နှိပ်လိုက်ရင် ရောက်ရှိသွားမယ့် လင့်ခ်ဖြစ်ပါတယ်. လိမ္မော်ရောင်လေးနဲ့ ပြထားတာကတော့ Cancel Button ကို နှိပ်လိုက်ရင် စာဖတ်သူကို ပြန်ပြီးတော့ Redirect လုပ်ပေးမယ့် စာမျက်နှာဖြစ်ပါတယ်.

ဒါကတော့ မြန်မာလို ဥပမာပေးထားတာပါ.


<script type="text/javascript">
confirm(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်. OK ကို နှိပ်လိုက်ရင် ကျွန်တော့်ဘလော့ဂ်လေးကို ရောက်လာမှာ ဖြစ်ပြီးတော့ Cancel ကို နှိပ်လိုက်ရင်တော့ Helpdesk Blog လေးကို ရောက်သွားပါလိမ့်မယ်. It’s up to you!'</font>);
if (confirm(<font face="Zawgyi-One">'ဟေ့ဟေ့. သတိထားနော်. ခင်ဗျား အခုသွားနေတာ ကိုရန်အောင်ရဲ့ ဘလော့ဂ်ဗျ. ဟတ်ဟတ်ဟတ်. OK ကို နှိပ်လိုက်ရင် ကျွန်တော့်ဘလော့ဂ်လေီးကို ရောက်လာမှာ ဖြစ်ပြီးတော့ Cancel ကို နှိပ်လိုက်ရင်တော့ Helpdesk Blog လေးကို ရောက်သွားပါလိမ့်မယ်. It’s up to you!'</font>)) {
window.location = "http://yanaung.blogspot.com/";
}
else {
window.location = "http://mmbloggershelpdesk.blogspot.com/";
}
</script>


ဒီလိုလေး ဖြစ်သွားပါလိမ့်မယ်...



ဒီလောက်ပါပဲ…

သိပ်တော့ အခက်အခဲမရှိလှဘူးလို့ ထင်ပါတယ်.

ကဲ. ကောင်းကျိုးဆိုးကျိုးလေးတွေ ဆက်ဆွေးနွေးကြည့်လိုက်ကြရအောင်လားဗျာ..

ဒီလို Message Box လေးတွေ လုပ်ထားတာဟာ ကိုယ့်ရဲ့ ဘလော့ဂ် (၀ါ) ၀က်ဘ်ဆိုက်အတွက် လိုအပ်မှသာ လုပ်သင့်ပါတယ်. ဘာလို့လဲဆိုတော့ အဲဒီ့ Message Box လေးတွေဟာ System Dialog Windows လေးတွေ ဖြစ်နေလို့ပါပဲ. ဆိုလိုတာက ဒီ Box လေးတွေ ပေါ်ဖို့အတွက် Browser မှာ Javascript ကို Enable လုပ်ထားရပါမယ်. ဒီတော့ ကိုယ့်ရဲ့ Blog Page (or) Web Page ကို Upload လုပ်နေရတဲ့ အချိန် ပိုကြာသွားနိုင်ပါတယ်.
ကောင်းတဲ့ဖက်က ကြည့်မယ်ဆိုရင်တော့လည်း စာဖတ်သူကို Respect ပေးရာကျပါတယ်.

ဥပမာဗျာ. ညစ်ညမ်းတဲ့ Website တစ်ခုကို ၀င်တော့မယ် ဆိုရင်.

“You must be at least 18 years old to enter this site!” ဆိုတဲ့ Message Box လေး ပေါ်လာပြီး OK နှိပ်လိုက်မှ ဆက်ပြီး ခွင့်ပြုတာမျိုးဆိုရင် Internet Law ကို လိုက်နာရာကျပါတယ်.

ဒါက ဥပမာ ပြောပြတာပါ. တစ်ခြား အသုံးဝင်အောင် သုံးတတ်ရင် သုံးလို့ဖြစ်မယ့် နေရာတွေ အများကြီး ရှိပါသေးတယ်. ကြိုက်သလိုသုံးပါ. ဥာဏ်ရှိသလို သုံးပါ.

ကျွန်တော်တို့ ဘလော့ဂ်လောကမှာတော့ ဘာစည်းမျဉ်းဥပဒေသမှ မရှိသေးပါဘူး. ဒါပေမယ့် ဒီ Message box လေးတွေဟာ စာဖတ်သူရဲ့ ဥာဏ်ကွန့်မြူးနိုင်မှုပေါ် မူတည်ပြီး အမျိုးမျိုး အဖုံဖုံ အသုံးဝင်လာနိုင်တာမို့ ကျွန်တော်ဖတ်မှတ်ခဲ့ဖူးတာလေးကို ပြန်လည်ဝေမျှလိုက်ခြင်းသာ ဖြစ်ပါတယ် ခင်ဗျာ…

မှတ်ချက်။

သုံးတဲ့ Browser နဲ့ Operating Systems (ME, XP, Vista) စတာတွေပေါ် မူတည်ပြီးတော့ ပေါ်လာမယ့် Message Box လေးတွေရဲ့ ပုံစံလည်း ကွဲပြားခြားနားနိုင်ပါတယ်.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Thursday, April 17, 2008

မင်္ဂလာနှစ်သစ်မှာ ပျော်မြစ်နိုင်ကြပါစေသတည်း...

အားလုံးပဲ ပျော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်သစ်လေး တစ်ခုဖြစ်ပါစေခင်ဗျာ….

ဒီနေ့တစ်နေ့လုံး ချစ်လှစွာသော စာဖတ်ပရိသတ်နှင့် မိတ်ဆွေသူငယ်ချင်း ဘလော့ဂါရောင်းရင်းများကို သတိတရ ရှိနေပါမယ်.

ညနေကျမှ ပို့စ်ရှည်ရှည်လေး ရေးတင်တော့မယ်ဗျာ. အခု နှုတ်ဆက်ချင်လို့သာ မြန်မြန်ရိုက်တင်လိုက်ရတာ.

ကောင်းသောနေ့သစ်/ညချမ်းလေးများ ပိုင်ဆိုင်နိုင်ကြပါစေ.

မင်္ဂလာနှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ ဘလော့ဂ်ပို့စ်အသစ်များ အင်နဲ့အားနဲ့ ရေးသားပြုစုနိုင်ကြပါစေဗျား....

(ကိုယ့်ကိုယ်ကိုယ်အတွက်ပါ ထည့်ဆုတောင်းသွားလိုက်တယ်. ဟတ်ဟတ်ဟတ်)

ခင်မင်လေးစားလျက်

ရန်အောင်

Wednesday, April 16, 2008

ပိတောက်မျက်ရည်




တစ်နယ်တစ်ကျေး၊ ဟိုအဝေးက
တမ်းတမျှော်ရည်၊ ဖြေမဆည်အလွမ်းတွေနဲ့
အတိတ်ဟာ လန်းဆန်းနေဆဲပါလေ…

အင်းလျားရိပ်ခို၊ မြကျွန်းညိုမှာ
ကြည်သာငေးမော၊ ချစ်စိတ်ဇောနှင့်
နစ်မျောသက်ဝင်၊ ဒီရင်ခွင်ထဲ
အနမ်းတွေမစဲခဲ့တုန်းက
မခွဲဘူးယုံ၊ သစ္စာပုံလျက်
ရက်လကြာရှည်၊ သစ္စာတည်ရင်း
ချစ်တင်းနှောခဲ့ဖူးပါတယ်…

ဘ၀တိုက်ပွဲ၊ ကြိမ်ကြိမ်နွှဲစဉ်
ရင်ခွင်နှစ်ခု၊ ထပ်တူပြုလျက်
ခက်ခဲများစွာ၊ မမှုပါဘဲ
အားမာန်ဇွဲတူ၊ ဖေးမကူစေ
မေတ္တာဝေခဲ့ဖူးပါတယ်…

နှစ်ယောက်ရှေ့ရေး၊ မျှော်ကာတွေးလို့
ဆို့နစ်ကြေကွဲ၊ တို့လမ်းခွဲစဉ်၊
ရင်ခွင်လှိုက်ဆူ၊ ကျွမ်းသည်းပူလျက်၊
မျက်ဝန်းလဲ့စို၊ မငိုအောင်ထိန်း
စိမ်းကားသယောင်၊ ဟန်ဆောင်သော်လည်း
“ပြန်လာခဲ့နော်…”
ချစ်ရည်ရွှန်းလဲ့၊ မျက်ဝန်းသွဲ့ညို
ခွန်းဆက်ဆိုစဉ်၊ ကြည်မရွှင်ပြီ
နာရီချောက်ချက်၊ အိပ်မက်ဆိုးလား
ဝိုးတ၀ါးနှင့်၊ ထားရစ်ထွက်ခွာ
မျက်နှာလွှဲတော့၊ ခေါင်းမမော့နိုင်
မှိုင်တွေငိုကြွေး၊ လွမ်းတေးဆိုခဲ့ဖူးပါတယ်…

ဖူးစာရည်ကျဲ၊ လက်မတွဲနိုင်
ခွဲချိန်တိုင်တော့၊ မနိုင်ကိုယ့်စိတ်
ကျိတ်မှိတ်ရင်းငို၊ မာန်လည်းပြိုပြီ
မရီ(ရယ်)မရွှင်၊ စိတ်ဘ၀င်ညှိုး
လှော်တက်ကျိုးသို့၊ ချို့တဲ့မေတ္တာ
မဲ့သစ္စာတွက်၊ စိတ်မကွက်ငြား
နှလုံးသားကိုတော့၊ သော့ခတ်သိမ်းဆည်းခဲ့ဖူးပါတယ်…

နှစ်ဟောင်းလည်းကြွေ၊ နှစ်သစ်ဝေပြီ
သွေဖည်ကြမ္မာ၊ ပြစ်တင်ပါဘဲ
အားမာန်ဇွဲနှင့်၊ စွဲစိုက်စူးနစ်
နှစ်ကူးအတာ၊ သင်္ကြန်ခါမို့
တူးပို့တေးသံ၊ လမ်းတိုင်းညံစဉ်
ပိတောက်ပင်အောက်၊ ကိုယ်ပြန်ရောက်ခဲ့ဖူးပါတယ်…

ပိတောက်ပင်အောက်၊ ခေတ္တရောက်စဉ်
ကြည်ရွှင်ဝင်းနု၊ ချစ်သူ့မျက်နှာ
ပြန်မြင်လာ၍၊ သာယာစိတ်မှန်း
တမ်းတအချစ်၊ အသစ်ပြန်တွေး
ခပ်ရေးရေးမြင်၊ လွမ်းသံစဉ်ဝယ်
ငြိတွယ်ရစ်မူး၊ လွမ်းတေးကျူးခဲ့ဖူးပါတယ်…

လွမ်းတေးမပီ၊ စိတ်မကြည်ပြီ
ပြန်မည်ဟုထ၊ ခြေလှမ်းကြွခိုက်
“သွားချင်ပြီလား…”
ဝိုးတ၀ါးသွင်၊ ပိတောက်ပင်မှ
ခွန်းဟစကား၊ မြွက်ကြားလေဟန်
စိတ်သဏ္ဍာန်ဖြစ်၊ ပြန်ဆန်းစစ်တော့
ခေါင်းမော့ကြည့်ခိုက်၊ လေအတိုက်ဝယ်
မြေ၀ယ်ဆင်းသက်၊ ပိတောက်ခက်သည်
မျက်ရည်ခြောက်ခမ်း၊ ပါးကိုနမ်းစဉ်
စိတ်ရွှင်ပျိုနု၊ မျက်ရည်ဥတို့
စုစုပြိုကျ၊ မိုးရွာချလျက်
မျက်ရည်ပိတောက်၊ ပိတောက်မျက်ရည်
ပေါင်းစပ်သည်တွင်၊ စိတ်ဘ၀င်မှ
တွင်တွင်တောင်းဆု၊ သစ္စာပြုသည်
ချစ်သူ ကြည်ရွှင်ပျော်စေသား…


(ရေခဲငှက်)

Friday, April 11, 2008

စားသုံးသူများ...



ကလေးငယ်လေးတစ်ယောက် ပန်းခြံတစ်ခုထဲတွင် သူ၏ ဖခင်နှင့် အတူတူထိုင်နေရင်း ချောကလက်တစ်တောင့်ကို နှစ်ခြိုက်စွာ ကိုက်စားနေခဲ့သည်။

ပန်းပွင့်ငယ်လေးများအနီးတွင် လူးလာပျံသန်းနေသော လိပ်ပြာငယ်လေးများကို ကြည့်လိုက်၊ ဘာသာဘာဝ တွန်ကျူးနေကြသော ငှက်ငယ်လေးများ၏ တေးဆိုသံများကို နားဆင်လိုက်၊ ဖခင်ဖြစ်သူနှင့် ပျော်ရွှင်စွာ ပြေးလွှားဆော့ကစားလိုက်ဖြင့် သာယာအေးချမ်းသော ညနေခင်းတွင် စီးမျောနေခဲ့သည်။

ကစားပြီးနောက် ဒန်းစင်လေးတစ်ခုပေါ်တွင် ဖခင်ဖြစ်သူနှင့်ထိုင်နေစဉ် သူ၏ရှေ့တွင် တွန့်လိန်တွန့်လိန်ဖြင့် သွားနေသော အကောင်လေးတစ်ကောင်ကို သူတွေ့ပြီး စိတ်ဝင်စားသွားခဲ့သည်။

“အဲဒါ ဘာကောင်လေးလဲ ဖေဖေ”

“တီကောင်လို့ခေါ်တယ် သားရဲ့. မြေကြီးထဲမှာနေတာလေ…”

“ရွံစရာကြီးနော်. အော့အော့”

သားငယ်၏ ချစ်စဖွယ် ဟန်ပန်မူရာဖြင့် လုပ်ပြနေသောပုံစံကို ကြည့်ပြီး ဖခင်ဖြစ်သူမှာ တဟားဟား အော်ရယ်နေခဲ့လေသည်။

ထိုအခိုက်အတန့်မှာပင် ကလေးငယ်ရှေ့တွင် လိမ်တွန့်လိမ်တွန့်ဖြင့် သွားနေသော တီကောင်ငယ်လေးကို ငှက်ကလေးတစ်ကောင်က ဆတ်ခနဲ ထိုးဆိတ်ပြီး စားသောက်လိုက်လေသည်။

“ဖေဖေ. ဟိုကောင်ကောင်ကြီးကို ငှက်ကလေးက စားပစ်လိုက်ပြီ.”

ကလေးငယ်က ဖခင်ဖြစ်သူကို လက်တို့ပြီးပြောသည်။

“အေးပေါ့သားရဲ့. တီကောင်ဆိုတာ ငှက်ကလေးတွေရဲ့ အစာပဲလေ.”

ကလေးငယ်က စဉ်းစားဟန်ပြုပြီး

“ငှက်ကလေးတွေက ဘာလို့ ရွံစရာကောင်းတဲ့ တီကောင်ကို စားတာလဲဟင်. ချောကလက်က ဒီလောက်စားလို့ကောင်းတဲ့ဟာကို….”

ဖခင်ဖြစ်သူက သားငယ်လေး၏ နဖူးလေးကို ညင်သာစွာ နမ်းရှိုက်ခဲ့လိုက်ရင်း…

“သားရယ်. တီကောင်လေးတွေက ငှက်လေးတွေရဲ့ အစာလေ. ချောကလက်ကတော့ လူရဲ့ အစာပေါ့. ကိုယ့်အစာကိုယ်ပဲ စားရတယ် သားရဲ့…”

…………………..




ကလေးငယ်လေး ကြီးပြင်း၍ လူလားမြောက်လာခဲ့ကာ လူငယ်လေးတစ်ယောက် ဖြစ်လာခဲ့သည်။

သူဖြတ်သန်းရာ ဘ၀တစ်လျှောက်လုံးတွင် ငှက်ကို ချောကလက်ကျွေးသူများတွေ့ရသလို လူကို တီကောင်ကျွေးသူများနှင့်လည်း မကြာခဏကြုံကြိုက်လာခဲ့ရသည်။

ငှက်သည် ချောကလက်ကို မစားဘဲ ငြင်းဆိုနိုင်သော်လည်း တစ်ချို့လူများသည်ကား တီကောင်ကို မငြင်းပယ်နိုင်ဘဲ စားနေကြရသည်ကို သူသိလာရသည်။

တစ်နေ့တွင် ပန်းသီးကြွေကျခဲ့ဖူးသော သစ်ပင်အောက်၌ လူငယ်လေးတစ်ယောက်တည်း စိတ်ပျက်လက်ပျက် ထိုင်နေခဲ့ရင်း သဘာဝမကျသော၊ မတရားသော လောကကြီးအကြောင်းကို လေးလေးနက်နက် စဉ်းစားနေခဲ့မိ၏။

ငှက်သည် လူကိုမစားနိုင်ပါ.

သို့သော် လူသည် ငှက်ကို စားနိုင်၏။

ချောကလက်သည် လူကို မစားနိုင်ပါ.

သို့သော် လူသည် ချောကလက်ကို စားနိုင်၏.

လူသည် အရာရာကို စားသောက်နိုင်စွမ်းရှိ၍ လူသည် တန်ခိုးအင်အားကြီးမားသော သတ္တ၀ါတစ်ကောင်ဖြစ်၏။

လူသည် တီကောင်ကို စားနိုင်၏.

တီကောင်သည် လူကို မစားနိုင်ပါ.

သို့သော် တီကောင်သည် လူသေ၍ မြေကြီးဖြစ်သွားသော အခါတွင်ကား လူကို ပြန်စားနိုင်စွမ်းရှိ၏။ ထိုနည်းတူစွာပင် ငှက်သည် လင်းတသာ ဖြစ်ခဲ့လျှင် လူသေကို စားသောက်နိုင်စွမ်းရှိ၏…

ကျွန်ုပ် တီကောင်ကိုမကြိုက်. လင်းတငှက်ကိုလည်း မနှစ်မြို့နိုင်ပါ.

တီကောင်စားခံရမည်ကိုလည်း မခံလို. လင်းတနားခံရမည်ကိုလည်း မကြံလိုပါ.

(ရှေ့ဆက်မည့်စကားများတွင် လင်းတငှက်ကို ခေတ္တဘေးဖယ်၍ ရေးသွားမည်. သဘောတရားကား အတူတူပင် ဖြစ်၏. သိလိုက တီကောင်နေရာတွင် လင်းတငှက်ကို အစားသွင်း၍ ဖတ်ပါလေ...)

ထို့ကြောင့် ကျွန်ုပ်ရှင်သန်နေရန် ကြိုးစားလို၏…

သို့သော်အနိစ္စသဘောအရ ကျွန်ုပ်သေရမည်.

ထိုအခါ ကျွန်ုပ်၏ ခန္ဒာကိုယ်ကို တီကောင်များ လာစားကြပေလိမ့်ဦးမည်.

လူသေလျှင် တီကောင်များ လာစားကြမည့်အတူတူ လူမသေခင်ကတည်းက တီကောင်များကို မျိုးပြုန်းအောင် စားထားလျှင် ကောင်းမည်ဟု မိုက်ရူးရဲဆန်စွာ တွေးမိ၏။

တီကောင်သည် လူ၏ အစာမဟုတ်. ငှက်၏ အစာဖြစ်သည်။

လူသည် တီကောင်ကိုမစားနိုင်. ငှက်သည်သာ တီကောင်ကို စားနိုင်၏.

ထို့ကြောင့် တီကောင်ကိုစားနိုင်ရန် လူသည် ငှက်ဖြစ်သင့်၏..

လူသည် ငှက်ဖြစ်သော် တီကောင်ကို စားနိုင်မည် မှန်သော်လည်း ငှက်သည် လူ၏ အစာဖြစ်သောကြောင့် လူသည် ငှက်ကို စားပေလိမ့်ဦးမည်.

ထို့ကြောင့် တီကောင်ကိုစားရန်အတွက် လူမှ ငှက်ဘ၀သို့ ပြောင်းထားသော ကျွန်ုပ်သည် လူစင်စစ်များ၏ စားသောက်ခြင်းကို မခံရနိုင်ရန်အတွက် တီကောင်များကို စားသောက်ပြီးသည်နှင့် ငှက်မှ လူအဖြစ်သို့ ပြန်ပြောင်းရပေလိမ့်ဦးမည်….

သို့သော် အရေးကြီးသည့်အခိုက်အတန့်ကား…

ငှက်မှ လူအဖြစ်သို့ မပြောင်းမီ လူ၏အစားခံရခြင်းနှင့် လူမှငှက်အဖြစ်သို့ မပြောင်းမီ တီကောင်၏အစားခံရခြင်းပင် ဖြစ်သည်….


သီအိုရီ (၁)

အကယ်၍များ သင်သည် တီကောင်ဘ၀တွင်ရှိစဉ် ငှက်တစ်ကောင်ကောင်မှ လာရောက်ထိုးသုတ်မည်ရှိသော် လူအသွင်သို့ ချက်ချင်းပြန်ပြောင်းနိုင်လျှင် (သို့မဟုတ်) လူအသွင် ဟန်ဆောင်ပြနိုင်လျှင် ငှက်သည်နောက်ဆုတ်ရပေလိမ့်မည်။

သီအိုရီ (၂)

ထိုနည်းတူစွာပင် သင်သည် ငှက်ဘ၀တွင်ရှိစဉ် လူတစ်ယောက်ယောက်မှ လာရောက်ဖမ်းဆီး စားသောက်မည်ရှိသော် လူအသွင်သို့ ချက်ချင်းပြန်ပြောင်းနိုင်လျှင် (သို့မဟုတ်) လူအသွင် ဟန်ဆောင်ပြနိုင်လျှင် လူသည် နောက်ဆုတ်ရပေလိမ့်မည်။

သီအိုရီ (၃)

အလားတူ သင်သည် လူသေဘ၀တွင် ရှိစဉ် တီကောင်တစ်ကောင်ကောင်မှ လာရောက် စားသောက်မည်ရှိသော် ငှက်အသွင် (သို့မဟုတ်) လူအရှင်အသွင် ဟန်ဆောင်ပြနိုင်လျှင် တီကောင်သည် နောက်ဆုတ်ရပေလိမ့်မည်။

အဆုံးသတ်

သီအိုရီ (၃) ခုလုံးတွင် တူညီသော အချက်တစ်ချက်ကို စိတ်ဝင်စားဖွယ်ရာ တွေ့ရှိရလေသည်။ ထိုအရာကား လူယောင်ဖန်ဆင်းပြနိုင်လျှင် အရာရာကို ရင်ဆိုင်နိုင်ခြင်းပင် ဖြစ်လေသည်။

သို့သော် ကန့်သတ်ချက်များ ရှိသေး၏။

(၁) သင်သည် လူရှင်ဖြစ်ရန်လိုသည်။
(၂) လူလူချင်းကိုမကြောက်တတ်သော လူရှင်ဖြစ်ရန်လိုသည်။
(၃) လူပုံပေါက်သော၊ လူပီသသော လူရှင်ဖြစ်ရန်လိုသည်။

ဤနေရာတွင် “လူရှင်” ဟူသော ဝေါဟာရကို အဓိပ္ပါယ်သတ်မှတ်ရန် လိုလာပြန်သည်။

“လူရှင်” ဟူသည် ရှင်သန်လှုပ်ရှားနေသော လူကို ဆိုလိုခြင်းဖြစ်သည်။ ရှင်သန်လှုပ်ရှားသည် ဆိုရာဝယ် အသက်ရှင်သန်နေရုံမတ္တမျှကို မဆိုလို၊ အတွေးအခေါ်ပိုင်း၊ အသိအမြင်ပိုင်းတွင်ပါ ရှင်သန်ကြီးထွားနေသော လူကို ဆိုလိုခြင်းပင် ဖြစ်သည်။

လူတော်တော်များများသည် အသက်မသေရုံ ရှင်သန်လှုပ်ရှားနေကြကာ ဘ၀ခရီးကို ဆက်နေကြလေသည်။

အတွေးအခေါ်ပိုင်း၊ အသိအမြင်ပိုင်း ရှင်သန်ကြီးထွားစေရန် မြေတောင်မြှောက်ပျိုးထောင်ကြသူ အနည်းငယ်သာ ရှိကြသည်။

ထို့ကြောင့် လူတော်တော်များများသည် လူသေများဖြစ်နေကြသည်။

သို့သော် လူသေအများစုသည် လူရှင်အနည်းငယ်ကို လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းရှိကြ၏။

ထို့ကြောင့် လူရှင်များသည် လူသေများ၏ ခြိမ်းခြောက်ခြင်းကို ခံရကာ လူရှင်သည် လူသေယောင် ဆောင်ကြရပြန်သည်။

ဤတွင် ဟန်ဆောင်ခြင်း သီအိုရီသည် လှပစွာ ဖြစ်ထွန်းလာခဲ့လေတော့သတည်း….

...…..


တစ်စုံတစ်ရာကို ရှင်းရှင်းလင်းလင်း သိမြင်နားလည်သွားသော လူငယ်လေးသည် နှစ်ခြိုက်စွာ ပြုံးလိုက်ခဲ့ရင်းက ကြွေကျလာသော ပန်းသီးတစ်လုံးကို ကြွပ်ခနဲ ကိုက်စားလိုက်ခဲ့လေသည်။

သို့သော် သူကိုက်လိုက်သော ပန်းသီးသည် ပိုးထိုးထားသော ပန်းသီးပုပ်တစ်လုံးဖြစ်နေခဲ့ပြီး သူ့ပါးစပ်ထဲတွင် ပန်းသီးနှင့်အတူ ပိုးလောက်လန်းတစ်ကောင်ကိုပါ ကိုက်စားမိနေသည်ကို သိလိုက်ရသည့်အခိုက်အတန့်တွင်မတော့ သူသည် သေချင်စော်နံလောက်အောင်ပင် စိတ်ပျက်သွားနေခဲ့တော့သည်။



(သျှင်နေမင်း)

Monday, April 07, 2008

ပုံစံခွက်သီအိုရီ


တံခါးမကြီး တစ်ချပ် ကျွီခနဲ ပွင့်သွားခဲ့သည်….

သူ၏ ခြေလှမ်းများက ခန်းမကျယ်ကြီး တစ်ခုအတွင်းသို့ အလိုအလျောက် လှမ်းဝင်သွားခဲ့သည်။

အောက်ကိုငုံ့ကြည့်မိလိုက်တော့မှ သူသည် အလိုအလျောက် ရွေ့လျားနေသော ခါးပတ်ပြားကြီးတစ်ခုပေါ်တွင် မတ်တပ်ရပ်နေမိသည်ကို တွေ့လိုက်ရသည်။

ခန်းမကျယ်ကြီးထဲတွင် ဇွန်းသံပန်းကန်သံများ ဆူညံနေကြလေသည်။

အချို့နေရာတွင်မူ မီးရောင်များ မှိတ်လိုက်လင်းလိုက်ဖြင့်တစ်မျိုး၊ အချို့နေရာတွင်မူ တစ်စုံတစ်ယောက် ပြောကြားနေသည်ကို လေးစားယုံကြည်စွာဖြင့် နားစိုက်ထောင်နေကြသူများက တစ်ဖုံ၊ အချို့နေရာတွင်မူ မိမိတို့စိတ်ကြိုက် ပျော်ပါးစားသောက်နေကြသူများက တစ်နည်းဖြင့် ခန်းမကျယ်ကြီးအတွင်းတွင် စည်ကားသိုက်မြိုက်နေလေသည်။

သူတို့အားလုံးသည် စားပွဲဝိုင်းကြီးများတွင် ကိုယ်စီကိုယ်ငှ ၀ိုင်းဖွဲ့ထိုင်နေကြခြင်း ဖြစ်သည်။ အချို့သောသူများသာ တစ်ကိုယ်တည်း တိတ်ဆိတ်စွာ စားသောက်ရင်း ခန်းမကျယ်ကြီးကို ခံစားချက်မဲ့စွာ စိုက်ကြည့်နေကြလေသည်။ အချို့ကမူ တစ်ကိုယ်တည်း ထိုင်နေသော်လည်း သူ့ကို ၀ိုင်းဖွဲ့စကားပြောလာသူများကို ဖော်ဖော်ရွေရွေဖြင့် ပြန်လည် စကားပြောရင်း ထိုသူများထွက်ခွာသွားသော အခါတွင်မူ တစ်ယောက်တည်း ခေါင်းတဆတ်ဆတ် ငြိမ့်ရင်း လျှို့ဝှက်စွာ ပြုံးနေတတ်ကြလေသည်။

ခန်းမကျယ်ကြီးကား ပျော်ရွှင်ဖွယ်ကောင်းသလို လျှို့ဝှက်နက်နဲမှုများဖြင့်လည်း ပြည့်နှက်နေခဲ့လေသည်။

ယခု ထိုခန်းမကျယ်ကြီးအတွင်းသို့ သူရောက်ရှိနေခဲ့လေပြီ….

…..

လွတ်နေသော စားပွဲဝိုင်းတစ်ခုတွင် မရဲတရဲ သူဝင်ထိုင်လိုက်ခဲ့သည်။

“ရော့. ဒါမင်းအတွက်”

တစ်စုံတစ်ယောက်က သူ့နောက်မှရပ်ပြီး ပြောလိုက်သည်ဟု ခံစားမိလိုက်သည်။

လှည့်ကြည့်လိုက်တော့ အသံပိုင်ရှင်ကို မတွေ့ရတော့ချေ. သို့သော် သူ့ရှေ့တွင် ပန်းကန်ပြားတစ်ချပ် ရောက်နေသည်ကို ထိတ်လန့်တကြားတွေ့လိုက်ရပြန်သည်။

သေသေချာချာ ကြည့်လိုက်မိတော့ ပန်းကန်ပြားသည် အချို့နေရာတွင် ကျယ်လျက် အချို့နေရာတွင်မူ ပုံစံတူ အကန့်လေးများ ခွဲလျက် ဖြစ်နေသည်ကို တွေ့လိုက်ရပြန်သည်။

ထိုပန်းကန်ပြား၏ နာမည်က သူ့ခေါင်းထဲသို့ ဖျတ်ခနဲ ၀င်လာခဲ့သည်။

“ပုံစံခွက်”

…..

သူ့ရှေ့တွင် ရှိနေသော ပုံစံခွက်ကို ယောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့ရာက သတိရပြီး ပတ်ဝန်းကျင်ကို အကဲခတ်မိလိုက်သည်။

သူ့ဘေးနားက လူတွေလည်း သူ့လို ပုံစံခွက်ထဲတွင် စားသောက်ဖွယ်ရာများကို ထည့်စားနေကြသည်။

သူ့ရှေ့က လူတွေကရော….

သူ့နောက်က လူတွေကရော…

အပေါ်ထပ်မှာ ထိုင်နေတဲ့ ပုဂ္ဂိုလ်တွေကရော…

လှေကားရင်းနားမှာ ထိုင်နေတဲ့ အ၀တ်အစားခပ်နွမ်းနွမ်း လူတစ်ချို့ကရော…

နေရာဒေသ ပတ်ဝန်းကျင်သာ ကွဲပြားချင်ကွဲပြားသွားမည်.

အားလုံးတူညီနေသော အချက်ကား သူတို့အားလုံးလက်ထဲတွင် ပုံစံခွက် တစ်ခုစီ ရှိနေကြခြင်း ဖြစ်လေသည်။

တစ်စုံတစ်ရာကို သတိရမိလိုက်သလို ဖြစ်သွားခဲ့ပြီး သူဝင်လာခဲ့သော တံခါးမကြီးဆီသို့ လှမ်းကြည့်လိုက်တော့ လူသစ်တွေ ၀င်လာမစဲ တသဲသဲ ဖြစ်နေကြသည်ကို တွေ့လိုက်ရပြန်သည်။

သူတို့လက်ထဲတွင် ဘာမှ ကိုင်ဆောင်မလာခဲ့ပါ.

သူဝင်လာခဲ့စဉ်တုန်းကလည်း သူ့လက်ထဲတွင် မည်သည့်အရာမျှ ကိုင်ဆောင်မထားခဲ့ပါ.

သေချာပြန်စဉ်းစားကြည့်မိသည်။

မဟုတ်သေးပါဘူး. ငါတစ်ခုခုကိုတော့ ယူလာခဲ့ပါတယ်.

သူ့ကိုယ်ကို သေချာပြန်စစ်ဆေးကြည့်လိုက်တော့ သူ့မှာ ရေဗူးတစ်ဗူးနှင့် မုန့်ခြောက်တစ်ချို့ ပါလာခဲ့သည်ကို သတိရသွားမိခဲ့သည်။

ဟုတ်သည်။ ဒီအခန်းထဲသို့ သူဝင်မလာခင်က သူ့တွင်ရေဗူးတစ်ဗူး ပါလာခဲ့သည်။ မုန့်တစ်ချို့လည်း ပါလာခဲ့သေးသည်။

အခန်းထဲသို့ ၀င်လာသော လူသစ်များအားလုံးတွင်လည်း သူကဲ့သို့ပင် ရေဗူးတစ်ဗူးစီနှင့် မုန့်ထည့်သော အိတ်လေးတစ်လုံးစီ လွယ်ထားလျက် ရှိနေသည်ကို တွေ့လိုက်ရသည်။

ခန်းမကျယ်ကြီးထဲသို့ ရောက်ရှိနေသော လူများအားလုံးကို လျှပ်တစ်ပြက် အကဲခတ်ကြည့်လိုက်တော့ အချို့က စားလည်းစားသည်။ ရေဗူးထဲသို့လည်း ရေဖြည့်ကာ တစ်ဝိုင်းမှ တစ်ဝိုင်းသို့ ကူးသွားနေကြသည်။

အချို့ကတော့ ရေဗူးထဲသို့ ရေဖြည့်ရန်၊ မုန့်အိတ်အတွင်းသို့ မုန့်အသစ်များ ဖြည့်တင်းရန် မစဉ်းစားမိဘဲ စားပွဲဝိုင်းပေါ်တွင် တင်ထားသော ရေခွက်များထဲမှ ရေများကိုသာ အဆက်မပြတ်သောက်သုံးရင်း၊ စားဖွယ်ရာများကို အငမ်းမရ စားသောက်ရင်း နောက်တစ်ဝိုင်းသို့ ကူးသွားကြသည်။

အချို့ကတော့ စားပွဲဝိုင်းပေါ်တွင် ရှိနေသော ရေများထက် သူတို့တွင်ရှိသော ရေဗူးထဲမှ ရေများကိုသာ ယုံယုံကြည်ကြည်ဖြင့် သောက်သုံးရင်း နောက်ထပ် စားပွဲဝိုင်းတစ်ခုတွင် ထိုင်စားနေကြပြန်သည်။ သူတို့တွင် ရေနည်းနေသည်ကို သိသော်လည်း ရေဖြည့်ရန်ကိုမူကား စိတ်မကူးကြချေ….

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိရင်းက အနီးဆုံးဖြစ်သော သူထိုင်နေသည့် စားပွဲဝိုင်းကို ပြန်ငုံ့ကြည့်မိသည်။

စားစရာတွေ အလျှံပယ်ဖြစ်သော်လည်း စားပွဲပေါ်တွင် သတိပေးစာတစ်ခု ကပ်ထားသည်။

“မိမိပုံစံခွက်ထဲတွင် ဆန့်သလောက်သာ ထည့်စားရမည်။ ကြိုက်သလောက် ယူစားနိုင်သည်။ မဆန့်မပြဲစားလျှင် ခန်းမကျယ်ကြီးထဲမှ အမြန်ဆုံး ပြန်လည်ထွက်ခွာသွားရမည်။”

ထိုသတိပေးစာကြောင့် ဖြစ်မည်ထင့်။ လူတိုင်း စားသောက်ကြသော်လည်း ပုံစံခွက်ထဲတွင် ဆန့်သလောက်သာ စားနေကြလေသည်။ တစ်ချို့ကမူ ပါလာသော မုန့်အိတ်လေးထဲသို့ စားစရာများ ခိုးကြောင်ခိုးဝှက်ဖြင့် ထိုးထည့်နေကြလေသည်။

သူ့ရှေ့တွင် ရှိသော ပုံစံခွက်ကို သူငုံ့ကြည့်မိပြန်သည်။

အကန့် သုံးကန့်ခွဲထားသည်။ တစ်ကန့်က အကျယ်ဆုံးဖြစ်သည်။ အရေးအကြီးဆုံး Main Course အစားအစာ အတွက် ဖြစ်မည်ထင်သည်။ ထမင်းကြိုက်သူ ထမင်း၊ ခေါက်ဆွဲကြိုက်သူခေါက်ဆွဲ စသည်ဖြင့် ထည့်စားနိုင်ရန် အကန့်ကျယ်ကျယ် ပေးထားခြင်း ဖြစ်မည်ထင်သည်။

ဒုတိယအကန့်နှင့် တတိယအကန့်သည်ကား ပုံစံသိပ်မကွဲပြားလှချေ။ သို့သော် ပထမအကန့်ထက်တော့ ကျဉ်းမြောင်းကြလေသည်။

သူ့ဘေးနားတွင် ထိုင်နေသော ပုဂ္ဂိုလ်၏ ပုံစံခွက်ကို အကဲခတ်ကြည့်မိပြန်သည်။

ထိုပုဂ္ဂိုလ်သည် သူ့အရင်ရောက်နှင့်နေသော ပုဂ္ဂိုလ်ဖြစ်သည်။

သူသည် ထမင်းကို နှစ်ခြိုက်စွာ စားသောက်နေခဲ့လေသည်။ စည်းကမ်းရှိစွာဖြင့်လည်း စားသောက်နေသည်ကို သူသတိထားမိသည်။ သူ့အား ကကြီးဟူ၍ စိတ်ထဲမှ နာမည်ပေးလိုက်မိသည်။

ကိုကကြီးသည် သူလိုသလောက်ကိုသာ စားပွဲဝိုင်းပေါ်မှ ခူးခပ်၍ စားသောက်သည်။ သူ့ပန်းကန်ထဲတွင်လည်း ဟင်းများ ထမင်းများ ပေကျံမနေအောင် သတိထား၍ စားသည်။ စားသောက်ပြီး၍ နောက်တစ်ဝိုင်းသို့ မကူးခင် သူ့ရေဗူးအတွင်းသို့ ရေဖြည့်သည်။ မုန့်အိတ်အတွင်းသို့ အစားအသောက်တစ်ချို့ ဖြည့်တင်းသည်။ ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် နောက်တစ်ဝိုင်းသို့ ကူးသွားခဲ့လေသည်။ အခြားစားပွဲဝိုင်းများတွင် ဘာတွေဖြစ်နေပျက်နေသည်ကို သူစိတ်မ၀င်စား။ သူ့ဗိုက်ကိုသာ သူဖြည့်တင်း၍ သူလိုရာကို ယူငင်သွားခဲ့သည်။ သို့သော် မည်သူ့ကိုမျှလည်း ဒုက္ခမပေးသဖြင့် သူသည် လူကောင်းတစ်ယောက် ဖြစ်သည်ကတော့ သေချာနေခဲ့လေသည်။ သူ့တာဝန်သူကျေပွန်စွာ လုပ်ဆောင်သွားသော ကိုကကြီးဆိုသည့် လူကောင်းတစ်ယောက်အတွက် သူကျေနပ်စွာ ပြုံးလိုက်မိသည်။

သူ့ရှေ့တည့်တည့်တွင်ထိုင်နေသော ပုဂ္ဂိုလ်ကို အကဲခတ်မိပြန်သည်။ သူသည်ကား ခေါက်ဆွဲကြိုက်သော ပုဂ္ဂိုလ်ဖြစ်သည်။ သူ့အား ခခွေးဟူ၍ နာမည်သတ်မှတ်လိုက်သည်။ ခခွေး၏ ပုံစံခွက်သည် အနည်းငယ် ညစ်ပတ်နေခဲ့သည်။ သူ စားချင်ရာကို ခူးခပ်စားသောက်သလို သူ့ဘေးနားတွင် ထိုင်နေသော ခြေထောက်မသန်သည့် လူငယ်လေးတစ်ယောက်အတွက်လည်း ဟင်းခွက်များ ကူထည့်ပေးနေလေသည်။ စားသောက်ရာတွင် ဣနြေ္ဒ သိပ်မရလှသော်လည်း သူသည် သူ့ပတ်ဝန်းကျင်မှ လူများကိုပါ ကူညီ၍ ဟင်းပွဲများ ခူးခပ်ပေးတတ်သူ ဖြစ်လေသည်။

သူစားပွဲဝိုင်းမှ ထကာ နောက်တစ်ဝိုင်းသို့ ကူးသွားတော့ ကျန်ရစ်ခဲ့သူများက သူ့အကြောင်းကို တဖွဖွ ပြောမဆုံးဖြစ်နေကြလေသည်။ ထိုသူသည်ကား မိမိအတွက်သာမက တစ်ပါးသူအတွက်ပါ တာဝန်ကျေပွန်သော လူကောင်းလူတော် တစ်ယောက်ပင် ဖြစ်လေသည်။ ခခွေးကဲ့သို့သော လူများများ ရှိလျှင် တံခါးမကြီးမှ ဆက်ဝင်လာသော ချို့တဲ့နွမ်းပါးသူများ၊ ကိုယ်လက်အင်္ဂါချို့ယွင်းနေသူများအတွက် တော်တော်အကူအညီရပေလိမ့်မည်။

ခပ်လှမ်းလှမ်းမှ စားပွဲဝိုင်းတွင် ထိုင်နေသော ပုဂ္ဂိုလ်တစ်ယောက်ကို သူသတိထားမိလိုက်သည်။ သူ့အား ဂငယ်ဟု နာမည်ပေးလိုက်သည်။ ဂငယ်သည်ကား သူ့ပုံစံခွက်ကို ငုံ့ကြည့်လိုက်၊ တစ်ခြားစားပွဲဝိုင်းမှ လူများ၏ ပုံစံခွက်များအား လှမ်းကြည့်လိုက်၊ ပါးစပ်မှ တစ်စုံတစ်ရာကို မကျေမချမ်း ရေရွတ်လိုက်ဖြင့် စိတ်တို ဒေါသထွက်နေသည်ကို သူသတိထားမိလိုက်သည်။ တစ်ခြားသူများ စားသောက်ပြီး ထသွားတတ်ကြလျှင်လည်း ထိုသူများအား မကြားတကြား ဆဲဆိုနေတတ်သေးသည်။ တစ်ချို့က ဂငယ်အား ပြန်ပြီး ရန်တွေ့တတ်ကြသော်လည်း တစ်ချို့ကမူ မသိလိုက်မသိဖာသာဖြင့် နောက်စားပွဲဝိုင်းတစ်ခုသို့ ကူးသွားကြလေသည်။

သေသေချာချာ ပြန်ကြည့်မိလိုက်တော့မှ စားပွဲဝိုင်းများသည် လှေကားပေါ်သို့လည်း တက်သည်။ မြေညီထပ်တွင်လည်း ဆက်လက်ကျယ်ပြန့်သွားသည်။ မြေအောက်ခန်းသို့လည်း ဆင်းသွားသေးသည်။ ပုံစံခွက်ကိုင်ထားသော လူများ၏ အရောင်အဆင်းသည် သူတို့စားသောက်သော အစားအသောက်များပေါ် မူတည်လျက် ကွဲပြားလာတတ်ကြသည်။ ထိုအရောင်အဆင်းပေါ် မူတည်လျက် လူတို့သည် သူတို့နှင့် သက်ဆိုင်ရာ၊ သူတို့ကို လက်ခံသော စားပွဲဝိုင်းနောက်တစ်ခုသို့ ကူးလူးသွားနိုင်ကြခြင်းသာ ဖြစ်ကြောင်း သူသိလိုက်ရလေသည်။

….

သူ ဝေခွဲမရဖြစ်နေသည်။

ထမင်းစားရမည်လော၊ ခေါက်ဆွဲစားရမည်လော၊

သို့မဟုတ် စွပ်ပြုတ်ကိုသာ သောက်ရမည်လော၊

ဗိုက်ကတော့ ဆာနေသည်မှာ သေချာလေသည်။

ထမင်းတစ်ဇွန်း ခူးစားလိုက်သည်။ ကောင်းတော့ကောင်းသည်။ သိပ်တော့ မကြိုက်လှချေ။

ခေါက်ဆွဲတစ်ဇွန်း ခပ်ထည့်လိုက်သည်။ ထမင်းနှင့်ရောနယ်လိုက်သည်။

စားကြည့်လိုက်တော့ ထမင်းအရသာနှင့် ခေါက်ဆွဲအရသာ ရောနေသည်ကို မနှစ်မြို့စွာ တွေ့ရှိလိုက်ရသည်။

ပါးစပ်မှ ဝေါ့ခနဲဖြစ်သွားခဲ့သည်။

ကကြီးက သူ့ကိုလှမ်းကြည့်သည်။ ခခွေးက ပြုံးပြသည်။ ဂငယ်ကတော့ တဟားဟား အော်ရယ်နေခဲ့လေသည်။

ကကြီးကို သူတည့်တည့်ပြန်ကြည့်လိုက်သည်။ ကကြီး ခေါင်းငုံ့သွားသည်။ ထမင်းဆက်စားနေခဲ့လေသည်။

ခခွေးကို ပြန်ပြုံးပြလိုက်သည်။ ပြုံးရာမှ ကိုယ့်ဒုက္ခကို ပြန်လှောင်ရယ်ချင်စိတ်ပေါက်လာပြီး ရွဲ့ကာ အော်ရယ်ပစ်လိုက်သည်။ ခခွေးကလည်း သူ့ဗိုက်ပူပူကြီးကို ပုတ်ပြီး တဟားဟားဖြင့် မျက်ရည်များထွက်အောင် အော်ရယ်သည်။ ခခွေးဘေးနားတွင်ထိုင်နေသော လူငယ်လေးကလည်း ရှက်ကိုးရှက်ကန်းဖြင့် ပြုံးနေလေသည်။

သူအော်ရယ်လိုက်တော့ ဂငယ်တစ်ယောက် မျက်နှာစူပုပ်သွားသည်ကို သတိထားမိလိုက်သည်။

သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခုကွေးညွတ်သွားခဲ့သည်။

သူ့ပုံစံခွက်ထဲမှ ထမင်းနှင့်ခေါက်ဆွဲ အလုံးအထွေးကြီးကို သူ့ဘေးနားရှိ အမှိုက်ပုံးအတွင်းသို့ သွန်ချလိုက်သည်။ ထိုအခြင်းအရာကို အစအဆုံးမြင်သော အခန်းထောင့်မှ လူတစ်ယောက်က သူ့လက်ထဲမှ နာရီကြီးတစ်လုံးကို ကိုင်မြှောက်ပြသည်။ ထိုသူသည်ကား နာရီကိုင်ထားပြီး လူတကာကို လိုက်ပြနေတတ်သောကြောင့် သူ့အား နငယ်ဟု နာမည်ပေးလိုက်မိပြန်သည်။ နငယ်အား လှမ်းကြည့်ရင်း သူ့ခေါင်းကို ဆတ်ခနဲ တစ်ချက်ငြိမ့်ပြလိုက်သည်။

သူ၏ ပုံစံခွက်ကို ပြောင်လက်နေအောင် သေသေချာချာ ပြန်လည် သန့်စင်လိုက်သည်။ ကကြီးသည် နောက်တစ်ဝိုင်းသို့ ကူးသွားရန်ပြင်ဆင်နေလေပြီ။ သူသွားမည့် စားပွဲဝိုင်းကို လှမ်းကြည့်လိုက်တော့ သူသည် မြေညီထပ်တွင်ရှိသော နောက်ထပ်စားပွဲဝိုင်းတစ်ခုသို့ ကူးရန်ပြင်ဆင်နေခြင်းသာ ဖြစ်ကြောင်း သိလိုက်ရသည်။

သူ့ပုံစံခွက်ထဲသို့ ထမင်းဖြူကို ပြန်ထည့်လိုက်သည်။ အကန့်နှစ်ကန့်အတွင်းသို့ ကြက်သားကာလသားချက်နှင့် ငံပြာရည်ကြော်သုံးဇွန်း ခပ်ထည့်လိုက်သည်။

မြိန်ရှက်စွာ စားသောက်နေခဲ့လိုက်သည်။

လက်ပတ်နာရီကို ငုံ့ကြည့်မိတော့ သူ့တွင် အချိန်သိပ်မကျန်တော့ချေ။

နောက်တစ်ဝိုင်းသို့ ကူးရပေဦးမည်။

မကူးခင် သူ့ကိုယ်ရောင်ကိုယ်ဝါကို ပြန်စစ်ဆေးကြည့်မိတော့ သိပ်မတောက်ပြောင်လှသော်လည်း သိပ်တော့ မညှိုးနွမ်းလှဟု ထင်မိသည်။

စားသောက်ပြီး စားပွဲဝိုင်းမှ ထရပ်လိုက်သည်။ စားပွဲဝိုင်း စစ်ဆေးရေးမှူးရှေ့တွင် ရပ်လိုက်သည်။ ခခွေးက သူ့ရှေ့တွင် တန်းစီနေခဲ့လေသည်။ ခခွေးမျက်နှာ ပြုံးရွှင်နေခဲ့သည်ကို သူတွေ့လိုက်ရသည်။ ခခွေးက သူ့ကို လက်လှမ်းပြရင်း သူသွားတော့မည်ဟု နှုတ်ဆက်သည်။ ခခွေးထွက်သွားရာကို လိုက်ကြည့်မိတော့ လှေကားပေါ်သို့တက်သွားသည်ကို ၀မ်းမြောက်စွာ တွေ့လိုက်ရလေသည်။

ကကြီးသည် စားသောက်နေရာမှ တစ်ချက်ခေါင်းမော့ကြည့်သည်။ ထို့နောက်ဆတ်ခနဲ ခေါင်းပြန်ငုံ့ကာ သူ့ရေဗူးအတွင်းသို့ ရေများ ထပ်ဖြည့်နေခဲ့လေသည်။

ဂငယ်သည် စစ်ဆေးရေးမှူးဆီသို့ ပြေးသွားခဲ့ပြီး ခခွေးစားသောက်သည်မှာ အင်မတန်ညစ်ပတ်ကြောင်း ကုန်းထိုးစကားသွားပြောလေသည်။

စစ်ဆေးရေးမှူးကား သမာသမတ်ကျသူဖြစ်ပေသည်။

“သူက စားတာသောက်တာညစ်ပတ်ပေမယ့် လူတွေကို ကူညီတတ်တယ်ကွ. အပေါ်ထပ်မှာ သူ့ကို လိုအပ်နေတယ်. ဒါကြောင့် ငါအပေါ်ထပ်ကိုလွှတ်လိုက်တာ.”

“ဟာ. ဘာဆိုင်လို့လဲ. ကိုကကြီးဆို စားတာသောက်တာ အင်မတန်သပ်ရပ်တာ. စိတ်ကောင်းလည်းရှိတယ်. သူ့ကို ဘာကြောင့် အပေါ်မလွှတ်သလဲ.”

“သူက သပ်ရပ်ပေမယ့် သူ့ထမင်းပဲ သူသိတယ်. တစ်ခြားလူတွေ ဘာတွေလိုအပ်နေတယ်ဆိုတာကို မကြည့်တတ်ဘူး. ခခွေးလိုလူမျိုးတွေက အပေါ်ရောက်လေ လိုအပ်နေတဲ့သူတွေကို ငုံ့ကြည့်တတ်လေ ဖြစ်မှာမို့ အပေါ်ကိုပို့လိုက်တာ.”

စစ်ဆေးရေးမှူးက သူပြောနေသည်ကို ခဏရပ်ပြီး ဂငယ်ကို လှမ်းကြည့်သည်။ ပြီးတော့ ဆက်ပြောသည်။

“ဒါကြောင့် ခခွေးကို အပေါ်ထပ်ကို ပို့ပြီး ကကြီးကိုတော့ မြေညီထပ်မှာပဲ ထားတာ.”

ဂငယ်သည် မကျေမချမ်းဖြင့် စစ်ဆေးရေးမှူးနားမှ ချာခနဲ လှည့်ထွက်သွားခဲ့လေသည်။

ထို့နောက်တွင်တော့ သူ့ဝသီအတိုင်း စစ်ဆေးရေးမှူး၏ ဆုံးဖြတ်ချက်မှားကြောင်းကို မြည်တွန်တောက်တီးနေခဲ့လေသည်။

“….”

ဟော.. သူ့နာမည်ခေါ်သံကြားရသည်။

စစ်ဆေးရေးမှူးရှေ့တွင် သူရပ်လိုက်သည်။

စစ်ဆေးရေးမှူးက စကားရှည်ရှည်ဝေးဝေး မပြောဘဲ သူ့အတွက် စားပွဲနံပါတ် ထုတ်ပေးလိုက်လေသည်။

“၀၀၈”

၀၀၈ ဆိုပါလား.

“အဲဒါ မြေအောက်ခန်းနံပါတ်လေ”

သူ့နောက်မှ တန်းစီနေသူက သူ့အား တိုးတိုး လှမ်းပြောသည်။

သူအရမ်းအံ့အားသင့်သွားခဲ့လေသည်။ သူ့ကို ဘာကြောင့် မြေအောက်ခန်းကို ပို့တာပါလိမ့်ဟုသာ အကြိမ်ကြိမ်မေးနေခဲ့လေသည်။

စစ်ဆေးရေးမှူးက တစ်ခွန်းထဲ ပြန်ဖြေလေသည်။

“မင်း ပုံစံခွက်ကို ကောင်းကောင်းအသုံးမချတတ်သေးလို့ မြေအောက်ခန်းကိုပို့တာ”

“ဗျာ…”

“မဗျာနဲ့. မင်းမှာ အရည်အချင်းရှိတယ်. ဒါပေမယ့် အချိန်ကိုက်မလုပ်တတ်သေးဘူး. ဒါကို မင်းပြင်လာနိုင်မယ့်တစ်နေ့ကို ငါမျှော်လင့်နေမယ်.”

ဝမ်းနည်းမိသည်။ သူ့မိတ်ဆွေများ လှေကားပေါ်တက်သူတက်၊ မြေညီထပ်တွင် အခြေကျသူကျနေချိန်တွင် သူကတော့ မြေအောက်ခန်းသို့ ဆင်းရပေဦးမည်။

ဝမ်းသာမိသည်။ စစ်ဆေးရေးမှူး၏ စကားသည် သူ့အတွက် ခွန်အားတစ်ရပ်ဖြစ်စေသည်။ သူ့စကားသည် တန်ဖိုးမဖြတ်နိုင်သော ဆုံးမစကားတစ်ခွန်းပင်ဖြစ်သည်။

စားပွဲနံပါတ် ၀၀၈ ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း မြေအောက်ခန်းဖက်သို့ သူဦးတည်လိုက်သည်။

ကိုယ့်ကိုယ်ကို ခပ်တိုးတိုးပြောလိုက်မိသည်။

“မင်းစိုက်ပျိုးသလို မင်းရိတ်သိမ်းရမှာ ဓမ္မတာပဲလေ”

သူ့အဖြစ်အပျက်ကို ဂငယ်သိသွားတော့ သူ့နားလာရပ်သည်။

“စိတ်မကောင်းပါဘူးကွာ. မင်းအတွက် ငါအမြဲ ဆုတောင်းပေးနေပါမယ်.”

ဂငယ်၏ မျက်လုံးများကို စိုက်ကြည့်လိုက်တော့ ဂငယ်၏ ခံစားချက်အမှန်သည် ကန့်လန့်ကာနောက်ကွယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။

ပက်ခနဲ ပြန်ပြောလိုက်မည် စိတ်ကူးလိုက်သေးသည်။

သို့သော် သူမရိုင်းတတ်ပါ.

“ရပါတယ်ဗျာ. တစ်နေ့ ပြန်တွေ့ဦးမှာပဲ. ဒါက လမ်းဆုံးမှမဟုတ်သေးတာ. တစ်နေ့ ကျွန်တော် ပြန်လာဦးမှာပါ. ဟတ်ဟတ်ဟတ်”

သူ၏ ခပ်ထေ့ထေ့ရယ်သံကို ကြားလိုက်ရတော့ ဂငယ်၏ မျက်နှာ မည်းခနဲ တစ်ချက်ဖြစ်သွားခဲ့သည်ကို သတိထားမိလိုက်သည်။

သို့သော် ဂငယ်သည် လူတစ်ဖက်သား အောင်မြင်နေချိန်တွင် ရုပ်ပျက်ဆင်းပျက် ၀မ်းနည်းတတ်သလောက် လူတစ်ဖက်သား ကျရှုံးနေချိန်တွင်မတော့ အော်စကာဆု ဆယ်ဆုရလောက်အောင် ၀မ်းနည်းပူဆွေးရုပ်ကို ဖန်တီးတတ်သူ ဖြစ်နေခဲ့လေသည်။

ဂငယ်နှင့် အပေါင်းပါများကို သူဝမ်းမြောက်ဝမ်းသာစွာဖြင့် ကျောခိုင်းလိုက်သည်။

...



မြေအောက်ခန်းသည် မှောင်မည်းနေခဲ့လေသည်။

စမ်းတ၀ါးဝါးဖြင့် သူ၏ စားပွဲနံပါတ်ရှိရာသို့ လှမ်းလျှောက်သွားခဲ့သည်။

အမှန်တကယ်တော့ မြေအောက်ခန်းသည် ပကတိမှောင်မည်းနေသည်ကား မဟုတ်ချေ.

မြေညီထပ်သည် လင်းလွန်းနေခဲ့ခြင်းကြောင့်သာ မြေအောက်ခန်းသည် မည်းမှောင်နေသည်ဟု လူအများက ထင်နေကြခြင်းသာ ဖြစ်လေသည်။

အမှောင်ထဲတွင် ကျင့်သားရသွားတော့ သူ့ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်မိသည်။

တစ်ချို့ အ၀တ်များစုတ်ပြဲနေကြသည်။ ၀မ်းဗိုက်များ ဟာနေကြသည်။ သို့သော် မြေအောက်ခန်းမှ အပေါ်သို့တက်နိုင်ရန်အတွက် အမြဲမပြတ် ကြံစည်အားထုတ်နေကြသည်ကို တွေ့ရသည်။

အချို့သည်ကား မြေအောက်ခန်းတွင်းသို့ ရောက်သည်နှင့် ချုံးပွဲချငိုကြွေးကြသည်။ ထိုင်ခုံပေါ်တွင်ပင် မထိုင်နိုင်ဘဲ ကြမ်းပြင်ပေါ်သို့ ပြိုလဲကုန်ကြသည်။ အားပြတ်ချည့်နဲ့စွာဖြင့် လှဲအိပ်ရင်း အိတ်ထဲမှ စောင်ထုတ်ကာ ခေါင်းမြီးခြုံအိပ်လိုက်ကြတော့သည်။

အချို့သည်ကား မြေအောက်ခန်းနံရံနှင့် သူတို့၏ ခေါင်းများကို မကြာခဏ မိတ်ဆက်ပေးနေကြလေသည်။ အပြစ်တင်သံများ၊ ရေရွတ်သံများ၊ ဆဲဆိုသံများ၊ ဘုရားစာ ရွတ်သံများ၊ ငိုကြွေးမြည်တမ်းသံများဖြင့် မြေအောက်ခန်းသည် ပို၍ မည်းမှောင်သွားခဲ့သည်ဟု သူခံစားလိုက်ရသည်။

မီးခြစ်ကို ထောက်ခနဲခြစ်လိုက်ပြီး စားပွဲဝိုင်းပေါ်တွင် ရှိနေသာ ဖယောင်းတိုင်ကို ထွန်းညှိလိုက်သည်။

ကြမ်းပေါ်တွင်လှဲအိပ်နေသော လူတစ်ချို့ သူ့ကို လှမ်းပြီး ရေရွတ်ကြသည်။

လူတိုင်းတွင် အလင်းတိုင် ထွန်းပိုင်ခွင့်ရှိသည်။ မိမိဖာသာ လင်းချင်းအောင် မထွန်းညှိနိုင်ဘဲ တစ်ခြားသူများ ထွန်းညှိသည်ကို အပြစ်ပြောတတ်ကြသည့်သူများ မြေအောက်ခန်းတွင် ရှိနေတတ်သေးသည်ကို ၀မ်းနည်းစွာ တွေ့ရှိလိုက်ရသည်။

သူက ကြိုးစားရှင်းပြတော့ ထိုသူများက ပြန်ပြောလေသည်။

“ဘ၀တူချင်း တစ်မူးမသာချင်စမ်းပါနဲ့”

ဟုတ်သည်။ ဘ၀တူချင်းဖြစ်သည်။ သို့သော် စိတ်ဓာတ်ကား မတူနိုင်.

သူအိပ်ရမည့် အိပ်ယာခေါင်းရင်းတွင် စာတစ်ပုဒ်ရေးခြစ်လိုက်သည်။

“I create my meanings. I create my values. That is the highest freedom.”

“ ငါ့ဘ၀အဓိပ္ပါယ်ကို ငါဖန်တီးတယ်၊ ငါရွေးချယ်တယ်၊ ငါ့အတွက် ဘယ်ဟာ တန်ဖိုးရှိတယ် ဆိုတာကို ငါဖန်တီးတယ်။ ငါရွေးချယ်တယ်။ အဲဒါဟာ ငါ့ရဲ့ အမြင့်ဆုံးလွတ်လပ်မှုဖြစ်တယ်.”

သူ့ဘေးနားတွင်လှဲအိပ်နေသော ပုဂ္ဂိုလ်က သူရေးထားသော စာသားများကို မြင်တော့ တဟားဟားဖြင့် ဟားတိုက်ရယ်မောလေသည်။

“မဖြစ်နိုင်တာကွာ. မင်းက မြေအောက်ခန်းထဲမှာ နေနေရတာကို လွတ်လပ်ချင်နေသေးတယ်. ဟားဟားဟား… ငါက မင်းကို စေတနာနဲ့ ပြောတာပါ. သိပ်ပြီးတော့ ဘ၀င်လေဟပ်မနေနဲ့ အကျနာမယ်. ဟင်းဟင်းဟင်း”

သူ့အားလှောင်ရယ်နေသော ပုဂ္ဂိုလ်၏ မျက်နှာအား စေ့စေ့ကြည့်ရင်း…

“ကိုယ့်ဘ၀မှာ ကောင်းတာတွေဖြစ်လာအောင် ကိုယ်ကိုယ်တိုင်က ရွေးချယ်ဆုံးဖြတ်ပြီး၊ တာဝန်ယူပြီးတော့ ဖြစ်အောင်လုပ်နေတဲ့လူဟာ လွတ်လပ်တဲ့ဖက်ကို သွားနေတဲ့သူဖြစ်တယ်. လူတွေရဲ့ ချီးမွမ်းမှု၊ ကဲ့ရဲ့မှုကို မတုန်လှုပ်တဲ့သူဟာ သူ့ဘ၀ကိုသူ လွတ်လွတ်လပ်လပ် ဖန်တီးနိုင်တယ်.”

ထိုသူသည်ကား ဆက်လက်ရယ်မောနေခဲ့လေသည်။

သူ သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်သည်။

နားမလည်သောသူများကို နားလည်အောင်ရှင်းပြဆိုလျှင် ရှင်းပြနိုင်ပါသည်။ သို့သော် နားမလည်ချင်သူများကို နားလည်အောင် ရှင်းပြရန်ကား ဘုရားပင် တတ်နိုင်မည် မဟုတ်ချေ။

သူ့မျက်လုံးများကို မှေးစင်းလျက် ဘုရားစာတစ်ချို့ကို ခပ်တိုးတိုးရေရွတ်မိနေလေသည်။

“ယထာဝါဒီ၊ တထာကာရီ…
ယထာ ကာရီ၊ တထာ ၀ါဒီ…

ပြောသလို လုပ်တဲ့သူ၊ လုပ်သလိုပြောတဲ့သူ”

ထိုညက သူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့လေသည်။ မြေအောက်ခန်းတွင် နေထိုင်နေရသော်လည်း သူ၏ စိတ်ဓာတ်သည် အာကာထက်တွင် ၀ဲပျံနေခဲ့လေသည်။

တစ်နှစ်….

နှစ်နှစ်…

သုံးနှစ်….

သူ စားပွဲဝိုင်းတွင် စာထိုင်ဖတ်နေစဉ် စစ်ဆေးရေးမှူးထံမှ ခေါ်စာ ရောက်လာခဲ့လေသည်။

….

စစ်ဆေးရေးမှူးရှေ့မှောက်သို့ သူထပ်ရောက်ခဲ့ပြန်လေသည်။

ကကြီးကိုလှမ်းကြည့်လိုက်တော့ ဟိုးခပ်လှမ်းလှမ်းက စားပွဲဝိုင်းမှာ သူ့ထုံးစံအတိုင်း သိုသိပ်ကျစ်လျစ်စွာ စားသောက်နေခဲ့လေသည်။

ခခွေးသည်ကား လှေကားပေါ်မှ ငုံ့ကြည့်လိုက်၊ အကူအညီလိုသူများကို အကူအညီပေးလိုက်ဖြင့် ပျော်ရွှင်နေသည်ကိုတွေ့ရသည်။

“ခခွေးကို မကြာခင် ခုနစ်ထပ်ကို ပို့တော့မယ်. အဲဒါအမြင့်ဆုံးအထပ်ပဲ.”

စစ်ဆေးရေးမှူးက သူ့ကို ခပ်တိုးတိုးပြောသည်။

ဂငယ်ကရော…

အခန်းထဲသို့ လှည့်ပတ်ကြည့်လိုက်တော့ ဂငယ်ကိုတွေ့ရသည်။

ဂငယ်၏ နှုတ်ခမ်းသည် နဂိုရှိရင်းစွဲထက် ပိုပြီး စူထွက်လာသည်ဟု သူမြင်မိသည်။

သို့တည်းမဟုတ် အမြဲတစေ ငြူစူစောင်းမြောင်းနေတတ်ခြင်းကြောင့် လုပ်ယူမှုသည် အမှန်တကယ်ဖြစ်နေသယောင်လည်း ဖြစ်နိုင်သည်။

မည်သို့ပင်ဖြစ်စေကာမူ ဂငယ်သည်ကား ယခင်အတိုင်း ငြူစူစောင်းမြောင်း ရေရွတ်မြည်တမ်းတတ်နေဆဲပင် ဖြစ်သည်။

သူ့ကိုမြင်တော့ ဂငယ်တစ်ယောက် စစ်ဆေးရေးမှူးနားသို့ အပြေးတစ်ပိုင်း လမ်းလျှောက်လာခဲ့သည်။

“အဆင်ပြေလား ….. ”

“ဟုတ်. ပြေပါတယ်.”

“အကြာကြီးပဲနော်. ငါက မင်းအတွက် စိတ်ပူနေတာ”

သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ချက် ခပ်ကွေးကွေးလေးဖြစ်သွားခဲ့ပြန်သည်။

“ရပါတယ်. စိတ်မပူပါနဲ့လေ. ကျွန်တော့်မှာ အားကိုးရှိပါတယ်.”

“ဘာလဲ. မင်းက အဆက်အသွယ်ကောင်းလို့ အပေါ်ပြန်တက်လာနိုင်တာလို့ ဆိုချင်တာလား”

“အဆက်အသွယ်. ဟုတ်လား. ဟတ်ဟတ်ဟတ်.”

“ဘာရယ်တာလဲကွ. မဟုတ်လို့လား. ဘုရားတောင်မှ အမှီရှိမှပွင့်တယ်လေ.”

“ကျွန်တော် အချိန်သိပ်မရှိဘူးဗျာ. စစ်ဆေးရေးမှူးနဲ့တွေ့ရဦးမယ်. ခင်ဗျားနဲ့နောက်မှတွေ့မယ်နော်… တာ့တာ.. ဆီးယူ…”

ဂငယ်တစ်ယောက် မည်သို့မည်ပုံ ဖြစ်ကျန်ခဲ့မည်ကို တွေးနေစရာ လိုမည်မထင်ပါ.



စစ်ဆေးရေးမှူးက သူ့မျက်နှာကို စိုက်ကြည့်ရင်း ၀မ်းသာအားရပြောသည်။

“မင်းကို အပေါ်ထပ်ပို့ဖို့ ငါတို့ ဆုံးဖြတ်လိုက်ပြီ. ငါလုံးဝထင်မထားဘူးကွာ. မင်းဒီလိုပြန်ဖြစ်လာမယ်လို့ပေါ့…”

“ကျေးဇူးတင်ပါတယ်. စစ်ဆေးရေးမှူးကြီးရယ်. ကျွန်တော်လည်း ဒဏ်ရာတွေပွနေပါပြီ. ဒါပေမယ့် ကျွန်တော်က တန်ဖိုးရှိတဲ့ အဆုံးအမအောက်မှာ ခံယူချက်တွေ ယုံကြည်ချက်တွေကို စနစ်တကျ ပြုစုပျိုးထောင်တတ်သူပါ.”

“ကောင်းတယ်ကွာ. ဘယ်တော့မှ မကျတာထက် ကျတိုင်း ပြန်တက်နိုင်တာကမှ လူအစစ်ကွ. အညွန့်တလူလူဖြစ်နေအောင် မင်းဆက်ကြိုးစားရမယ်.”

“ဟုတ်.”

….

စားပွဲနံပါတ်များ တဖြည်းဖြည်း မြင့်တက်သွားကြသည်။

ခခွေးနှင့်လည်း အကြိမ်ကြိမ် စကားပြောဖြစ်သည်။ ခခွေးနှင့်တူသော၊ ခခွေးထက်ပို၍ ကြီးကျယ်မြင့်မြတ်သော လူများနှင့်လည်း တွေ့ဆုံခွင့်ရခဲ့သည်။

သူ့အိပ်ယာခေါင်းရင်းတွင် ချိတ်ဆွဲထားသော ဆုံးမစာများလည်း ပြောင်းလဲလာခဲ့လေသည်။

“ကိုယ့်ဘ၀မှာ ကောင်းတာတွေ ဖြစ်လာဖို့ ကိုယ်ကိုယ်တိုင်က တာဝန်ယူပြီး မလုပ်ဘဲနဲ့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး…”

“ကိုယ့်ဟာကိုယ် ပုံမှန်နေ၊ လုပ်သင့်တာတွေလုပ်၊ စိတ်ချမ်းချမ်းသာသာနေ၊ သူများအပေါ် သဘောထား ကောင်းကောင်းထား၊ ကိုယ့်အရည်အချင်းတွေ တိုးတက်အောင် ကြိုးစားနေ၊ ကိုယ့်အရည်အချင်းတွေကို များများထုတ်သုံးနေ၊ အဲသလိုနေတဲ့သူကို လူတွေက ပိုပြီး ချစ်တယ်၊ လေးစားတယ်။ ငါ့ကိုမချစ်ဘူးထင်တယ်လို့ တွေးပြီး တစ်ခြားလုပ်သင့်တာတွေကို မလုပ်နိုင်ဘဲ ဒီအတွေးနဲ့ အချိန်ကုန်နေတဲ့သူဟာ အချစ်မခံရဘူး။”

“ကိုယ့်လွတ်လပ်မှု မပျောက်ချင်ရင် သဘာဝမကျတာ၊ အကြောင်းအကျိုးမကိုက်တာကို ဘယ်တော့မှ မယုံဘူးလို့ ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာ သတ္တိရှိရှိ ဆုံးဖြတ်ထားရမယ်.”

“ကိုယ့်လွတ်လပ်မှုကို တန်ဖိုးထားရင် သူတစ်ပါးရဲ့ လွတ်လပ်မှုကိုလည်း တန်ဖိုးထားမှ ဖြစ်မယ်. ကိုယ့်လွတ်လပ်ခွင့်ဟာ သူတို့လွတ်လပ်ခွင့်ကို အန္တရာယ်ဖြစ်အောင် မလုပ်ရဘူး…”

“ကိုယ့်ကို နှိမ်နိုင်တဲ့အစွမ်းရှိတဲ့သူ၊ ရှုတ်ချနိုင်တဲ့သူဟာ ဒီလောကမှာ တစ်ယောက်ပဲ ရှိတယ်။ အဲဒီ့သူဟာ ကိုယ်ပဲ၊ တစ်ခြားသူမဟုတ်ဘူး…”

“ငါ ဘာကိုတန်ဖိုးထားပြီး နေသွားနေသလဲ၊ ငါတန်ဖိုးထားတာပေါ်မှာ ငါ့ယုံကြည်မှု ဘယ်လောက် ခိုင်မာသလဲ၊ အဲဒါပေါ်မှာ မူတည်ပြီးတော့ ငါ့စိတ်ဓာတ်အင်အား၊ ငါ့ကိုယ်ကျင့်သိက္ခာ၊ ငါ့စိတ်ရဲ့ စုစည်းမှုဆိုတာတွေ ဖြစ်လာတာ…”

….

နံနက်ခင်းတစ်ခုတွင် သူနိုးထလာခဲ့သည်။

သူ၏ စားပွဲနံပါတ်များ မြင့်မားလာသော်လည်း မပြောင်းလဲသည်မှာကား သူသည် ပုံစံခွက်ဖြင့် စားသောက်နေမြဲဖြစ်ခြင်းပင်ဖြစ်သည်။

ညချမ်းတစ်ခုတွင် သူအိပ်စက်သွားခဲ့သည်။

သူ၏ အိပ်ယာအခင်းများ ပိုမိုသန့်စင်ကောင်းမွန်ညက်ညောလာသော်လည်း သူသည် တစ်စုံတစ်ရာကို တစ်နေ့လုပ်မည်ဟု အားခဲရင်း အိပ်မက်များ ဆက်မက်နေဆဲပင် ဖြစ်နေခဲ့လေသည်။

ည…

သတ္တလောကတစ်ခုလုံး အိပ်မောကျနေခဲ့လေသည်။ ဩကာသ လောကသည်လည်း ငိုက်မြည်းနေခဲ့လေသည်။

သင်္ခါရလောကသည်ကား ကောင်းကင်တွင်ထွန်းလင်းနေသော လမင်းနှင့်အပြိုင် အားကောင်းနေခဲ့သည်။

ခပ်လှမ်းလှမ်းမှ တောအုပ်လေးထဲတွင် စမ်းချောင်းလေးသည် သီချင်းဆိုရင်း စီးဆင်းနေခဲ့လေသည်...

For men may come and men may go
but I go on forever...

ညဉ့်အမှောင်တွင် လူတစ်ယောက် တစ်စုံတစ်ခုကို ကိုင်ရင်း လမ်းလျှောက်နေခဲ့လေသည်။

သူ၏ လက်ထဲတွင် ကိုင်ဆောင်ထားသော အရာမှာ လရောင်တစ်ချက် လင်းလက်လိုက်တိုင်း ပြိုးခနဲပြက်ခနဲ ဖြစ်သွားလေသည်။

ထိုသူသည် မည်သူနည်း….

ထိုသူ ကိုင်ဆောင်ထားသော အရာကား မည်သည့်အရာ ဖြစ်မည်နည်း….

လမ်းကွေ့တစ်ခု အရောက်တွင် ထိုသူသည် သူကိုင်ဆောင်လာခဲ့သော အရာကို အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်လေသည်။

“ချွင်. ချွမ်”

သံကို သံဖြင့် ထိခတ်သံတစ်ချို့ ကြားလိုက်ရသည်။

ပဟေဠိဆန်သော ထိုသူ၏ နှုတ်ဖျားမှ စကားတစ်ချို့ ထွက်ကျလာခဲ့သည်ကို အမှောင်ထဲတွင် တိတ်ဆိတ်စွာ နားထောင်နေသော စစ်ဆေးရေးမှူး ကြားလိုက်ရသည်။

“အရေးအကြီးဆုံး တီထွင်မှုက ကိုယ့်ဘ၀ကို ကိုယ်တီထွင်တာပဲ။ ဘ၀ဆိုတာ ပုံသေနေလို့မရဘူး။ တီထွင်ကြံဆပြီး နေသွားရမယ်။ ပုံသေနေလိုက်ရင် ဘ၀ပျောက်သွားမယ်.”


“ဣဒံ ခေါပန ဘိက္ခဝေ ဒုက္ခနိရောဓ ဂါမိနိ ပဋိပဒါ အရိယသစ္စံ…
အယမေ၀ အရိယော အဋ္ဌင်္ဂိကော မဂ္ဂေါ…

သေယျထိဒံ…

သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပေါ သမ္မာဝါစာ သမ္မာကမ္မန္တော
သမ္မာအာဇီဝေါ သမ္မာဝါယာမော သမ္မာသတိ သမ္မာသမာဓိ……..”

ညသည် တိတ်ဆိတ်နေမြဲပင်ဖြစ်သည်။

လမင်းသည်လည်း ပုံမှန်အတိုင်း သာယာထွန်းလင်းနေမြဲဖြစ်သည်။

စမ်းချောင်းလေးသည်လည်း ဆက်လက်စီးဆင်းနေမြဲပင် ဖြစ်လေသည်။




သျှင်နေမင်း

Tuesday, April 01, 2008

မာနမျက်ရည်



ပန်းချီပြခန်းတစ်ခုမှာပေါ့…

တက်သစ်စ လူငယ်ပန်းချီဆရာလေးတစ်ယောက် သူအစွမ်းကုန် ကြိုးစားရေးဆွဲထားတဲ့ ပန်းချီကားလေးကို နံရံတစ်ခုပေါ်မှာ ချိတ်လိုက်တယ်.

ပြီးတော့ ဘေးနားမှာ စာတိုလေးတစ်စောင်ရေးထားလိုက်တယ်.

“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်. လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ. ကျေးဇူးတင်ပါတယ်.”

အဲလိုလေးလည်း ရေးထားတယ်. ပြီးတော့ ပန်းချီကားလေးရဲ့ ဘေးနားမှာလည်း စုတ်တံလေးတစ်ချောင်း ထားထားလိုက်တာပေါ့..

ညနေစောင်းတော့ ပန်းချီပြခန်းလည်း ပိတ်ရော ပန်းချီဆရာလေးလည်း သူ့ပန်းချီကားလေးကို ပြခန်းလာကြည့်သွားသူတွေ ဘယ်လိုမှတ်ချက်လေးတွေများ ပေးသွားမလဲလို့ ၀မ်းသာအားရနဲ့ သွားကြည့်တော့တာပေါ့.

အိုး…

သနားစရာကောင်းလိုက်တဲ့ ပန်းချီဆရာလေး…

သူ့အသည်းနှလုံးနဲ့ ရေးဆွဲသီမှုန်းထားတဲ့ ပန်းချီကားလေး တစ်ချပ်လုံး ရစရာ မရှိအောင် အစက်တွေ၊ အပြောက်တွေ၊ အ၀န်းတွေ၊ အ၀ိုင်းတွေ ပြည့်နှက်နေခဲ့တယ်…

အခန်းထောင့်တစ်နေရာကိုသွားပြီး ပန်းချီဆရာလေးလည်း စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့တယ်.

ပြီးတော့ ဘယ်သူမှ မကြားအောင် ရှိုက်ပြီး ငိုနေမိတော့တယ်တဲ့…

ဘယ်လောက်ကြာအောင် သူငိုနေခဲ့တယ်မသိ. သူ့ပုခုံးကို လူတစ်ယောက် လာကိုင်တော့မှပဲ သူလည်း ဖျတ်ခနဲ တုန်လှုပ်ပြီး သတိပြန်ဝင်သွားခဲ့တယ်..

“မင်း ဘာဖြစ်လို့ ဒီလောက်တောင် ရှိုက်ကြီးတငင် ၀မ်းနည်းပူဆွေးနေရတာလဲ.”

ပန်းချီဆရာလေးလည်း ဖြစ်ပျက်သမျှအကြောင်းစုံကို ရှင်းပြလိုက်တော့တာပေါ့..

“ကျွန်တော်စိတ်မကောင်းဘူးဗျာ. ဒီပန်းချီကားလေးကို ကျွန်တော့်ရဲ့ အကောင်းဆုံး စုတ်ချက်တွေနဲ့ ခြယ်မှုန်းထားခဲ့တာဗျ. ခုတော့ အဓိပ္ပါယ်မရှိတဲ့ စုတ်ချက်မှားတွေကြောင့် ကျွန်တော့်ရဲ့ အကောင်းဆုံးလက်ရာတစ်ခု အကျည်းတန်ပျက်စီးသွားခဲ့ရပြီ. ကျွန်တော်သိပ်မှားသွားတယ်ဗျာ.”

“မင်း မမှားပါဘူး.”

ပန်းချီဆရာလေးလည်း အလန့်တကြားခေါင်းမော့ကြည့်ရင်းက…

“ဟင်. ခုလိုဖြစ်သွားတာ ကျွန်တော်မှားသွားတာ မဟုတ်ဘူးလား. တကယ်ဆို ကျွန်တော် သူတို့ကို ပြင်ဆင်ခွင့်မပေးခဲ့သင့်ဘူး. ကျွန်တော့်ပန်းချီကားဟာ ကျွန်တော့်ရဲ့ လက်ရာသီးသန့်ပဲ ဖြစ်နေစေရမှာ”

ပန်းချီဆရာလေးပြောသမျှကို လူကြီးက ခေါင်းတဆတ်ဆတ်ငြိမ့်ရင်း နားထောင်နေခဲ့ရာက

“မင်းမမှားပါဘူး ချာတိတ်. မင်းရဲ့ အတွေးအခေါ်မမှားပါဘူး. လုပ်ပုံကိုင်ပုံပဲ နည်းနည်းလွဲသွားတာ”

“ဒါဆို ကျွန်တော်ဘယ်လိုပြန်ပြင်သင့်သလဲ”

လူကြီးက ချောင်းတစ်ချက်ဟန့်လိုက်ရင်း…

“အိုကေ. ဒီပန်းချီကားနဲ့ တစ်ထပ်တည်း တူညီတဲ့ ပန်းချီကားနောက်တစ်ချပ် မင်းဆွဲပါ. ဒီအတိုင်းပဲ စုတ်တံတစ်ချောင်းနဲ့ ဆေးခွက်ကို ပန်းချီကားဘေးနားမှာ ချပေးထားလိုက်ပါ.”

“ဟုတ်ကဲ့. ဘာများထူးခြားသွားမှာမို့လဲ ဆရာကြီး”

ပန်းချီဆရာလေးက သူ့ကို ဆရာကြီးလို့ခေါ်လိုက်တော့ သူလည်း နှစ်ခြိုက်စွာ ပြုံးလိုက်ရင်း..

“ထူးခြားတယ် ချာတိတ်. ပန်းချီကားဘေးနားမှာ ချိတ်ထားတဲ့ မင်းရဲ့ စာသားကို ပြန်ပြင်လိုက်.”

“ဘယ်လိုပြင်သင့်သလဲ ဆရာကြီး”

“ဒီလိုကွာ….

“လူကြီးမင်းများခင်ဗျာ. ကျွန်တော့်လက်ရာ ပန်းချီကားလေးကို အားပေးချီးမြှောက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်. လိုအပ်နေတဲ့အရာလေးတွေ၊ အမှားလေးတွေကို ထောက်ပြပြောဆိုပေးခဲ့ပါ. ဘာကြောင့်မှားတယ် မှန်တယ်ဆိုတာကိုလည်း ယထာဘူတ ကျကျ ဆွေးနွေးတင်ပြပေးပါ. ပြီးတော့ ဒီပန်းချီကားလေးဘေးနားမှာ ရှိတဲ့ ကင်းဗတ်စလေးပေါ်မှာ လူကြီးမင်းရဲ့ လက်ရာလေးကို မှတ်တမ်းတင်ခဲ့ပေးပါ. ကျေးဇူးတင်ပါတယ်.”

ပန်းချီဆရာလေးလည်း ဆရာကြီးဆိုသူ ပြောသမျှအတိုင်း တသွေမတိမ်း လိုက်လုပ်လိုက်တယ်.

နောက်တစ်နေ့ ပြခန်းပိတ်ချိန်ရောက်တော့ သူ့ပန်းချီကားလေးဟာ မီးရောင်အောက်မှာ ခန့်ညားထယ်ဝါစွာနဲ့ သန့်ရှင်းသပ်ရပ်စွာ ၀င့်ဝင့်ကြွားကြွား တည်ရှိနေခဲ့တာကို တွေ့လိုက်ရတယ်.

ထူးခြားတာကတော့ ဘယ်လိုဆေးစက်အရာမှ သူ့ပန်းချီကားလေးပေါ်မှာ ရှိမနေခဲ့သလို ဘေးနားမှာ ထားပေးထားတဲ့ ကင်းဗတ်စလေးနဲ့ စုတ်တံဟာလည်း အရာမယွင်းဘဲ ဖြစ်နေခဲ့တာကို တွေ့လိုက်ရတယ်.

ပန်းချီဆရာလေးလည်း သိပ်ကို အံ့ဩသွားခဲ့တော့တာပေါ့…. ဘာလို့လည်းဆိုတော့ သူ့ပန်းချီကားလေးရှေ့မှာ လူတွေ စုပြုံပြီး တိုးဝှေ့ကြည့်ရှု ဝေဖန်နေတာကို သူ နေ့ခင်းကတည်းက တွေ့နေခဲ့တာကိုး…

မနေ့ကလိုပဲ သူ့ပန်းချီကားလေးပေါ်မှာ ပြင်ဆင်ချက်တွေ၊ ဝေဖန်ချက်တွေ ပြည့်နေမယ်လို့ ထင်နေခဲ့တာကိုး…

ခုတော့ သူထင်သလို တစ်ခုမှမဟုတ်ဘဲ သူ့ပန်းချီကားလေးဟာ သိပ်ကို အပြစ်ကင်းစင်စွာနဲ့ ပြခန်းနံရံပေါ်မှာ ခေါင်းမော့နေခဲ့တယ်.

အဲဒီ့အချိန်မှာပဲ သူ့နောက်က ဩဇာအပြည့်ပါတဲ့ အသံတစ်ခုထွက်လာခဲ့တယ်….

“အဲဒါပဲ ချာတိတ်…. လူတွေဟာ သူများတွေရဲ့ အမှားတွေ၊ ဟာကွက်တွေကိုပဲ ပြစ်တင်နင်းနှိပ်ပြောချင်ကြတယ်. ဘယ်လိုပြင်သင့်တယ်၊ ဘယ်လိုနေသင့်တယ်ဆိုတဲ့ စံနမူနာပြယုဂ်တစ်ခုကိုတော့ သူတို့ကိုယ်တိုင်မတည်ဆောက်နိုင်ကြဘူး…

ပန်းချီဆရာလေးရဲ့ မျက်နှာဟာ သိပ်ကို တည်ငြိမ်ရင့်ကျက်နေခဲ့ပါတယ်.

ဆရာကြီးဟာ ပန်းချီဆရာလေးရဲ့ မျက်ခုံးထူထူအောက်က စူးရှထက်မြက်ဟန်ရှိတဲ့ မျက်ဝန်းအစုံကို စေ့စေ့စိုက်ကြည့်ရင်းက သူ့ရဲ့ ဆုံးမစကားကို တစ်လုံးချင်း ပြောကြားခဲ့လိုက်ပါတော့တယ်…

“မင်းလုပ်စရာရှိတာကိုသာ မင်းလုပ်ပါ. မင်းကိုယ်မင်းယုံကြည်စွာလုပ်ပါ. မင်းမှန်တယ်ထင်တာကို မင်းစွဲကိုင်ပြီး ဘယ်သူ့ကိုမှ မထိခိုက်စေဘဲ မင်းရည်မှန်းချက်ကို အကောင်အထည်ဖော်ပါ. မျက်စိဟာ မြင်ဖို့ဖြစ်ပေမယ့် မမြင်သင့်တာတွေအတွက် တစ်ခါတစ်ရံ ကန်းပေးရမယ်. နားဟာ ကြားဖို့ဖြစ်ပေမယ့် မကြားသင့်တာတွေအတွက် တစ်ခါတစ်ရံ နားလေးပေးရမယ်.

မင်းဘ၀အတွက် မင်းသာလျှင် ပဲ့ကိုင်ရှင်ပဲ….

မင်းရဲ့ ကံကြမ္မာအတွက် မင်းသာလျှင် ဖန်တီးရှင်ပဲ…”

ထိုညက ကြယ်တွေစုံနေသော ကောင်းကင်ပြာကြီးကို လူငယ်လေးတစ်ယောက် မျက်ရည်များကြားမှ ပြုံးလျက် ခေါင်းမော့ကြည့်နေခဲ့လေသည်…..



(သျှင်နေမင်း)


မနောဖြူတဲ့ ဘလော့ဂါသူ...



တကယ်ပြောတာပါ...

ကျွန်တော် ဒီတစ်သက် ဘယ်သူ့ကိုမှ မချစ်တော့ဘူး.

သူမကလွဲရင် ဘယ်သူ့ကိုမှ မယူတော့ဘူး. သူမဟာ ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး အချစ်မဟုတ်ခဲ့ပေမယ့် နောက်ဆုံးအချစ်လားလို့တော့လည်း ကျွန်တော် သေချာ မပြောနိုင်သေးပါဘူး.

ဒါပေမယ့် လောလောဆယ်မှာ သူမကို ကျွန်တော်သိပ်ချစ်တယ်ဗျာ...

သူမနဲ့ ပေါင်းဖက်ခွင့်မရမှတော့ ကျွန်တော် ဘလော့ဂါဖြစ်နေလို့ ဘာထူးဦးမှာလဲ.

အမေပေးစားဖို့ ကြိုးစားနေတဲ့ စင်ကာပူက မိန်းကလေး၊ ကျွန်တော်လက်ရှိတွဲနေတဲ့ အမေရိကားက ကောင်မလေး၊ အီစီကလီလုပ်နေတဲ့ ဂျပန်က မမ၊ ညညဆို ဖုန်းပဲ ဆက်နေတဲ့ ထိုင်ဝမ်က ညီမလေး၊ ဂျီတော့ခ်မှာ အမြဲစောင့်နေတဲ့ သူမ….

အိုဗျာ…

ဒါတွေ အကုန်လုံး ကျွန်တော်မစဉ်းစားချင်တော့ဘူး…

ချစ်ကောင်းရဲ့ အလှည့် စီးရီးခွေထဲက သီချင်းလိုပေါ့..

မစဉ်းစားချင်ဘူး………………..

ကျွန်တော် ဒီသံသရာကိုလည်း စိတ်ကုန်ပြီ အမေရယ်…

သူမကိုမှ မရရင် ဒီနေရာမှာ မနေချင်တော့ဘူး. (ဟိုနေရာကိုပဲ ပြောင်းတော့မယ်. Morgage သိပ်မပေးရလို့)

အမေနဲ့ တွေ့ဆုံ သံယောဇဉ်ဖြစ်ခွင့်ရတာ ကျွန်တော်ဝမ်းမြောက်ကြည်နူးမိပါတယ်.

ဒါပေမယ့်

ကျွန်တော် တစ်ဖက်ကမ်းကို ကူးခတ်တော့မယ် အမေရယ်.. (ဟိုဖက်ကမ်းမှာ ခွင်တွေပိုပေါတယ်ဗျ အမေဘာသိလို့လဲ)

နောက် ဂျီတော့ခ်မှာတွေ့ရင် မိန်းမယူဖို့ ထပ်မပြောပါနဲ့တော့နော်…

ကျွန်တော့်အသက်လည်း သိပ်မကြီးသေးပါဘူး အမေရယ်… (အခုမှ ၃၀ ကို မျက်စပစ်မလို့ မျက်ခုံးချီတုန်း)

ဘာတဲ့

ယောင်္ကျားပဉ္ဇင်း၊ မိန်းမပုခက်တွင်း ဆိုလားပဲဗျ (မိန်းမကလည်း ပုခက်တွင်းဆိုမှတော့ ဘာလုပ်ရတော့မှာလဲ. ဟွန်း)

ကျွန်တော်ပဉ္ဇင်းအရွယ်တော့ ကျော်လာပါပြီ.

အင်း. မိန်းမ..

မိန်းမဆိုတာကတော့..

ဟင်းဟင်းဟင်း..

ဘယ်လိုပြောရမလဲပေါ့ဗျာ..

သွားစမ်းပါ.

ကျွန်တော့်ဘ၀အတွက် မိန်းမမလိုအပ်ဘူး..

အဲ. ယောင်္ကျားလိုတာလားလို့တော့လည်း မပြောနဲ့နော်.

ရယ်ပါဗျာ. ရယ်ပါ. ခင်ဗျားတို့က ကိုယ်တိုင်မှ မခံစားဖူးသေးပဲကို. ရယ်လိုက်စမ်းပါ. ခင်ဗျားတို့ရဲ့ မျက်ရည်တွေထွက်ကျသွားအောင် ရယ်ပစ်လိုက်၊ မျက်ရည်တင်မကဘူးဗျာ. နှာရည်၊ ဟိုအရည်၊ ဒီအရည် အကုန်ထွက်ကျအောင်သာ ရယ်ပစ်လိုက်. I don't care.

သိဘူးဗျာ.

အမေပေးစားတာကိုတော့ မယူချင်ဘူး.

ကျွန်တော့်ဖာသာ ရှာမယ်.

ဘလော့ဂါတွေပေါမှပေါ..

ပညာတတ်၊ ဥစ္စာပေါ၊ ရုပ်ချော၊ မနောဖြူ၊ ဘလော့ဂါသူကိုပဲ ရှာယူတော့မယ် အမေရေ….

မနောဖြူ
ဘလော့ဂါသူတွေ ပေါသဗျ
ခေါင်းခေါက်ယူပြ…

လိုက်တော်မူ
ကြည်ဖြူ မောင်တော်ခေါ်ပါ့မယ်
ပျော်စေခင်နှမ…


ဩော်. အမေ

ဒီနေ့ ဧပရယ်လ် (၁) ရက်နေ့နော်.