Thursday, January 17, 2008

စပိတ်ဖဲတစ်ချပ်ကို လွမ်းဆွတ်တဲ့ည...



ကျွန်တော်ရေးလက်စ အိပ်မက်နတ်သမီးလေးအတွက် စဉ်းစားအကွက်ချနေရင်း ဘလော့ဂ်တွေ လိုက်လည်ဖြစ်ခဲ့ပြန်ပါတယ်.

အမှတ်မထင်ပါပဲလေ.

မပန်ဒိုရာရဲ့ ပို့စ်လေးနဲ့ ဘာညာပေါက်စလေးရဲ့ ပို့စ်လေးကို ဖတ်မိသွားပြီး ကျွန်တော် အတိတ်တစ်ချိန်က ဘလော့ဂါ ဘ၀ကို အရမ်းတမ်းတလွမ်းဆွတ်သွားခဲ့မိတယ်.

အဲဒီ့တုန်းက ဘလော့ဂါတွေ ဒီလောက်မများသေးပါဘူး. နိုင်ငံရေးအကြောင်းတွေလည်း ဒီလောက်ထိ မရေးခဲ့ကြသေးပါဘူး. ကိုယ်ပိုင် အသိစိတ်နဲ့ ဆော်ဩတာ၊ ရေးတာတွေတော့ ရှိခဲ့ပေမယ့် ခုလိုမျိုး ဆန့်ကျင်ဖက် အမြင်ရှိသူတွေရဲ့ ကလောင်စစ်ပွဲ ဆင်နွှဲရာ ဘလော့ဂ်စစ်မြေပြင် မဟုတ်ခဲ့ပါဘူး…

တစ်ချိန်တုန်းကပေါ့
ငါတို့ပျော်ခဲ့ဖူးတယ်
ဘယ်သူဘယ်ဝါ မခွဲခြားဘဲ
ဂုဏ်အလွှာတွေ မတပ်ဘဲ
လွတ်လပ်ပေါ့ပါးစွာ
အတားအဆီးကင်းမဲ့စွာ
သွက်လက်မြူးတူးစွာ
ကူးလူးဆက်သွယ်ခဲ့ကြဖူးတယ်…
လွမ်းမောဖွယ်ရာ အခိုက်အတန့်လေးတွေ
ဘယ်တော့များမှ ပြန်လည်တောက်ပနိုင်တော့မှာလဲ.
ငါသိပ်လွမ်းတယ်…

မဂျစ်တူးကစလို့နှိုးဆော်
တို့ဘလော့ဂါတွေ စုပေါင်းရေးကြမဟဲ့လို့
သူငါအစပြုလို့ ဥာဏ်တွေညှစ်
စပိတ်ဖဲတစ်ချပ် ထွက်ခဲ့ဖူးတယ်
ဖတ်သူတိုင်းရယ်မော
ပြောသူတိုင်း ရွှင်ကြည်
တို့ဘလော့ဂါတွေ ပွဲစည်ခဲ့ကြဖူးတယ်…

ဘယ်အရာကိုမှ အပြစ်မဖို့ချင်ပါဘူး
သမိုင်းမှာ မေ့ကျန်လို့မရတဲ့ အဖြစ်
စက်တင်ဘာမှာ ဖြစ်ကတည်းက
ငါတို့ဘလော့ဂါတွေ
ဝမ်းနည်းစွာ
ခံပြင်းစွာ
နာကျည်းစွာ
တာဝန်သိစွာ
တက်ကြွစွာနဲ့
တော်လှန်ရေး စစ်ပွဲနွှဲခဲ့ကြတယ်…

ဒီတိုက်ပွဲနဲ့အတူ
ငါတို့ကြားက ယုံကြည်မှုတွေ
ငါတို့ကြားက ယိုင်းပင်းမှုတွေ
ငါတို့ကြားက စောင့်ထိန်းမှုတွေ
ငါတို့ကြားက ပျော်ရွှင်မှုတွေ
အို…
ဒါတွေကို
ငါတို့တကယ်ပဲ စတေးလိုက်ခဲ့ရတယ်…

ငါတို့ဘလော့ဂါခေတ်
ဆန်းသစ်ခဲ့တာ အမှန်ပါ
ဒါပေမယ့်
ချစ်ခြင်းတရားတွေကို
မြေမြှုပ်ပစ်လိုက်ဖို့တော့ မဟုတ်ခဲ့ဘူး..

ဘလော့ဂါတွေ အလျှိုအလျှို
ဟိုဟိုဒီဒီ မှိုလိုပေါက်လို့
တစ်ဦးနဲ့တစ်ဦး စကားလုံးတွေပစ်ခတ်
သပ်လျှိုလို့ ဖြိုခွဲကြ
သီလတွေ မြောင်းထဲရောက်လို့
ကပေါက်တိကပေါက်ချာ ဆဲဆိုနေကြချိန်
မောင်နှမသားချင်း မကြားဝံ့သာတဲ့ စကားလုံးတွေ
အရယ်အပြုံးကင်းမဲ့စွာ စီးဆင်းနေချိန်
ဟန်ဆောင်မှုတွေ ရှေ့တန်းတင်
ဟိတ်ဟန်တွေ အဖော်ပြုလို့
စာရှုသူကို အမိုက်မှောင်တိုက်သွင်းချိန်..

ဒီအချိန်မှာ..
ငါတို့နေခဲ့ဖူးတဲ့
အတိတ်က ဘလော့ဂါတွေဘ၀ကို တမ်းတမိတယ်.

တစ်ချိန်တုန်းကပေါ့
ငါတို့ပျော်ခဲ့ဖူးတယ်
ဘယ်သူဘယ်ဝါ မခွဲခြားဘဲ
ဂုဏ်အလွှာတွေ မတပ်ဘဲ
လွတ်လပ်ပေါ့ပါးစွာ
အတားအဆီးကင်းမဲ့စွာ
သွက်လက်မြူးတူးစွာ
ကူးလူးဆက်သွယ်ခဲ့ကြဖူးတယ်…
လွမ်းမောဖွယ်ရာ အခိုက်အတန့်လေးတွေ
ဘယ်တော့များမှ ပြန်လည်တောက်ပနိုင်တော့မှာလဲ.
ငါသိပ်လွမ်းတယ်…


ကျွန်တော်တို့ ဘလော့ဂါတွေ ပျော်ပျော်ပါးပါး စုပေါင်းရေးသားခဲ့ကြဖူးတဲ့ စပိတ်ဖဲတစ်ချပ်ရဲ့ လျှို့ဝှက်ချက် စုံထောက်ဝတ္ထုလေးကို အမှတ်တရ ပြန်လည်တင်ပြပေးလိုက်ပါတယ်.

မှတ်မှတ်ရရ ဖြစ်သွားအောင်
မဂျစ်ကြီး ရဲ့ ပို့စ်လေးကိုပဲ ပြန်လည်ညွှန်ပြလိုက်ပါတယ်. အဲဒီ့မှာ ရေးထားတဲ့ ကော်မန့်လေးတွေကိုလည်း အားလုံးဖတ်ရှုနိုင်အောင်လို့ပါ.

ကျွန်တော်တို့ မြန်မာဘလော့ဂါတွေ ဒီ့ထက်ပိုပြီး အောင်မြင်တောက်ပနိုင်ကြပါစေဗျာ…

ဒီနေရာမှာလည်း တစ်ထိုင်တည်း ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ်. Download လည်းလုပ်လို့ရပါတယ်. အောက်နားလေးမှာ ပါပါတယ်. Download as a PDF (or) Word (or) Plain Text ဆိုပြီးတော့ ထုတ်ပေးထားပါတယ်. ဘလော့ဂါတွေ ဘယ်လိုပျော်ရွှင်စွာ စုပေါင်းရေးသားခဲ့ကြတယ် ဆိုတာလေးကို ဖတ်ရှုခံစားကြည့်လိုက်ကြပါဦးနော့....





12 comments:

နှင်းပွင့်ဖြူ said...

``အခန်း ( ၁၆ )
အော်ပြောရင်း မြိုင်ရာဇာရန်အောင် နှင့် တက်စလာတို့ပြေးတက်သွားရာ ရန်အောင်မှာ ခလုတ်တိုက်လဲ၍ ခွေးချေးပုံပေါ် မျက်နှာအပ်ကာ မှောက် လဲလေတော့သည်။ တက်စကာကလည်း ရဲဘော်ရဲဘက်စိတ်ဖြင့် လဲနေသော ရန်အောင်ကို အားပါးတရ တက်နင်းရင်း မေဓါဝီတို့ လူစုထံ ပြေးလေသည်။ ´´

အားလုံးထဲမှာ အဲ့စာသားကို အကြိုက်ဆုံးပဲ.......... ဟီးဟီး..
မဂျစ်တူး ဘလော့မှာ ဖတ်၇တုန်းက ဗိုက်အောင့်နေအောင်ရီရတယ်... မျက်ရည်တောင် အဆစ်ပါလိုက်သေးတယ်. ဟီးဟီးး..
ခု နောက်တစ်ခါ ပြန်ဖတ်တော့လည်း ရီ၇သေးတာပဲ။ အရမ်းကောင်းတဲ့ ၀တ္ထုတစ်ပုဒ်ပါ။ ဒီလို ၀တ္ထုမျိုး နောက်ထပ်ထွက်လာဖို့ မျှော်လင့်ပါတယ် ကိုရန်အောင်ကြီးရေ................... ။

Anonymous said...

ကိုရန်အောင်ရေ ခင်မင်ခဲ့ဖူးပါတယ်.. သို့သော် အကြောင်းမသိသူတွေ တလွဲနားလည်သွားမှာ စိုးလို့ ပြောပါရစေနော်။

တစ်ချိန်တုန်းကပေါ့
ငါတို့ပျော်ခဲ့ဖူးတယ်
ဘယ်သူဘယ်ဝါ မခွဲခြားဘဲ
ဂုဏ်အလွှာတွေ မတပ်ဘဲ
လွတ်လပ်ပေါ့ပါးစွာ
အတားအဆီးကင်းမဲ့စွာ
သွက်လက်မြူးတူးစွာ
ကူးလူးဆက်သွယ်ခဲ့ကြဖူးတယ်…


(ဘယ်သူဘယ်ဝါ ခွဲ တာတို့ ဂုဏ်အလွှာတို့ ဘာလို့များ သုံးနှုံးရပါသလဲ။ အခုအထိလည်း ဘလော့ဂါတွေကြားမှာ (ဒီခင်မင်သူ လူဟောင်းတွေကြားမှာ) ဘယ်သူဘယ်ဝါမှန်း မသိကြပဲ အွန်လိုင်းကပဲ ဆက်သွယ်ကြ ခင်မင်ကြဆဲပါ။ ဂုဏ်မြင့်သူ နိမ့်သူလို့များ ကိုရန်အောင် မြင်မိလို့လား။ ဂုဏ်အပေါ်မူတည်ပြီး ဘယ်သူက ခွဲခြားနေလို့လဲ။ ဘေးကဖတ်ရင် အထင်လွဲပါ့မယ်။ ရင်တွင်းဖြစ်တွေပဲ ဖွင့်ချကြတဲ့ ဘလော့ဂ်လောကမှာ အနုပညာလုပ်လုပ် နိုင်ငံရေးလုပ်လုပ်ပါ တကယ်တော့ ရိုးသားမှုကိုသာ တန်ဖိုးထားကြတာပဲလေ။ ကိုယ့်မှာ အများ အမြင်မကြည်နိုင်တဲ့ လုပ်ရပ်တစ်ခုကြောင့် ၀ိုင်းပယ်ခံရတယ်ဆိုရင်လည်း ငါတကောမကောပဲ ပြုပြင်ဖို့ ကြိုးစားပါလားဟင်။ အခုလို ကိုယ်ကပဲ မှန်သယောင် ပို့စ်ရေးပြီး လူတွေကို ချချပြတာမျိုးလည်း ရပ်သင့်ပါပြီ။ )

ဘယ်အရာကိုမှ အပြစ်မဖို့ချင်ပါဘူး
သမိုင်းမှာ မေ့ကျန်လို့မရတဲ့ အဖြစ်
စက်တင်ဘာမှာ ဖြစ်ကတည်းက
ငါတို့ဘလော့ဂါတွေ
ဝမ်းနည်းစွာ
ခံပြင်းစွာ
နာကျည်းစွာ
တာဝန်သိစွာ
တက်ကြွစွာနဲ့
တော်လှန်ရေး စစ်ပွဲနွှဲခဲ့ကြတယ်…

ဒီတိုက်ပွဲနဲ့အတူ
ငါတို့ကြားက ယုံကြည်မှုတွေ
ငါတို့ကြားက ယိုင်းပင်းမှုတွေ
ငါတို့ကြားက စောင့်ထိန်းမှုတွေ
ငါတို့ကြားက ပျော်ရွှင်မှုတွေ
အို…
ဒါတွေကို
ငါတို့တကယ်ပဲ စတေးလိုက်ခဲ့ရတယ်…

(တဆိတ်ကလေး ကိုရန်အောင်… စက်တင်ဘာ တော်လှန်ရေးကို လွှဲမချလိုက်ပါနဲ့..။ စက်တင်ဘာ တော်လှန်ရေးကြောင့် ဘလော့ဂါတွေကြားမှာ ရဲဘော်ရဲဘက်စိတ်နဲ့ ကူညီမှုတွေ ပြဌာန်းမထားတဲ့ နားလည်ညှိနှိုင်းမှုတွေ မတူညီတဲ့ အခြေအနေတွေကို စာနာလာမှုတွေပဲ ပိုတိုးလာကြပါတယ်။ ယုံကြည်မှု ယိုင်းပင်းမှု စောင့်ထိန်းမှု ကို စက်တင်ဘာမှာ မစတေးခဲ့ရပါဘူး။ အင်း.. မရိုးသားတာကိုတော့ သည်းမခံနိုင်ကြဘူးပေါ့။ ကိုရန်အောင် တစ်ယောက် ဘာတွေများ ဘာကြောင့် စတေးရလဲဆိုတာ ကိုယ့်လုပ်ရပ်နဲ့ တိတိကျကျ ချပြပါလား။ )

ငါတို့ဘလော့ဂါခေတ်
ဆန်းသစ်ခဲ့တာ အမှန်ပါ
ဒါပေမယ့်
ချစ်ခြင်းတရားတွေကို
မြေမြှုပ်ပစ်လိုက်ဖို့တော့ မဟုတ်ခဲ့ဘူး..

ဘလော့ဂါတွေ အလျှိုအလျှို
ဟိုဟိုဒီဒီ မှိုလိုပေါက်လို့
တစ်ဦးနဲ့တစ်ဦး စကားလုံးတွေပစ်ခတ်
သပ်လျှိုလို့ ဖြိုခွဲကြ
သီလတွေ မြောင်းထဲရောက်လို့
ကပေါက်တိကပေါက်ချာ ဆဲဆိုနေကြချိန်
မောင်နှမသားချင်း မကြားဝံ့သာတဲ့ စကားလုံးတွေ
အရယ်အပြုံးကင်းမဲ့စွာ စီးဆင်းနေချိန်
ဟန်ဆောင်မှုတွေ ရှေ့တန်းတင်
ဟိတ်ဟန်တွေ အဖော်ပြုလို့
စာရှုသူကို အမိုက်မှောင်တိုက်သွင်းချိန်..

(ဆီပုံးမှာ ဆဲဆိုကြတာကတော့ ခင်မင်သူတွေ အချင်းချင်းကြားမှာ မဟုတ်ပါဘူးနော်။ ဘေးက အကြောင်းတရားတွေပါ။ ကိုရန်အောင် ဘာကိုဆိုလိုလဲတော့ မသိပါ။ မရှင်းလို့ပါ။ ဘလော့ဂါ အချင်းချင်းရဲ့ (တိုက်ခိုက်ရန် တကူးတက ထောင်ထားသော ဘလော့ဂ်များကလွဲရင်) ဘလော့ဂ်တွေကြားမှာတော့ စကားလုံးတွေ ပစ်ခတ်ကြတာ မရှိရပါလား။ ကိုရန်အောင်သာ တခုခုမကျေနပ်ရင် မင်းရန်အောင်ဆိုပြီး ဆုံးမစာလိုလို သံဝေဂလိုလို မပီကလာ ရိုးရာကဗျာပုံစံတွေနဲ့ ဟိတ်ဟန်ထုတ် စောင်းမြောင်းရေးခဲ့တာ မဟုတ်လား။ အားလုံးက ငဲ့ပြီး မတုံ့ပြန်ကြတာပါ။ သေချာတာကတော့ နိုင်ငံရေးကိစ္စတွေ ပေါ်ပေါက်လာလို့ ခင်မင်ရင်းစွဲ ဘလော့ဂါချင်း နိုင်ငံရေးအယူအဆကွဲပြီး ဘလော့ဂ်ထဲမှာ တိုက်ခိုက် စိတ်ဝမ်းကွဲတာမျိုး မရှိခဲ့ရပါ။ ကိုယ့်ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လူမှုရေးဆိုင်ရာ အခွင့်အရေးယူခြင်းဆိုင်ရာ မကြေညက်မှုတွေကြောင့် ပြဿနာတက်ခဲ့တယ် ဆိုရင်လည်း စက်တင်ဘာကိစ္စ တွေကို လွှဲမချပါနဲ့လို့ပဲ ထပ်ပြောပါရစေ။)

ဒီလို ပွင့်လင်းစွာ ဝေဖန်လိုက်လို့ စိတ်ဆိုးတာ စိတ်ဓာတ်ကျတာလည်း မဖြစ်စေချင်ပါ။ အင်မတန်မှ တိုးတက်ကြီးပွားလိုသော ကိုရန်အောင် နည်းမှန် လမ်းမှန် စိတ်ဓာတ်မှန်နဲ့ ပြုပြင်လိုစိတ် ရှိလာပါစေ။ အောင်မြင်ပါစေ။

စေတနာဖြင့်
အကြောင်းသိသူ

Anonymous said...

အနောနီမက်စ်ရဲ့ရေးပုံသားပုံကိုကြည့်ရတာရန်အောင်ရဲ့အမေအရွယ်လောက်ကရေးထားပုံပဲ။ သိပ်ရိုးသားနေရင်လည်းနာမည်ရင်းလေးဖေါ်ပြီးရေးပါလား။အဲဒါပဲလေ….လူတွေမရိုးသားရ
ခြင်းအကြောင်းရင်းက။ရင်တွင်းဖြစ်တွေကိုတိုက်ရိုက်ရေးရင်နာမည်ဝှက်ရေး။နာမည်ရင်း(ကလောင်နာမည်)နဲ့ ရေးရင်တော့အများအထင်ကြီးလေးစားမယ်ထင်တာလေးတွေရွေးရေး
ဟော..ရိုးသားမှုတဲ့..ပါလာပြန်ပြီ..ပစ်ပေါက်စရာအလုံးကြီးကြီး။ အဲဒီအလုံးကြီးကိုကြောက်
ပြီးရင်တွင်းဖြစ်စစ်စစ်တွေဟာရေရောခံရ၊ဖြတ်ညှက်ကပ်ခံရ၊ဖုံးဖိခံရ။ ရင်တွင်းဖြစ်စစ်စစ်တွေမှာတော့ရိုးသားလား..နိုးကြားလားဘယ်ခွဲထားမလဲ။ ရိုးသားမသား
လိုက်တိုင်းပြီးမှရေးတာတွေကရင်တွင်းဖြစ်လား။မျက်မှန်တစ်ခုအောက်ကလုပ်ယူမှုတွေ
လား။
ရန်အောင်အကြောင်းသိသူဆိုပြီး…ဟိုတလောက..ညီလင်းဆက်နဲ့ ..ရန်ကင်းနဲ့ ..
နိုင်ငံရေး အမြင်တွေကြောင့်မကြေမလည်ဖြစ်သွားကြလို့ ရန်အောင်ပို့စ်တခုရေးလိုက်တာမသိဘူလား။ဘာတဲ့..ဒေါ်လာစားရတာတွေ..မစားရတာ
တွေပြောခဲ့ကြတာလေ။
ရိုးသားမှုစစ်စစ်မှာဖုံးကွယ်မှုတွေမရှိဘူးဆိုတာနားလည်ရင်…နောက်တခါဘလော့လင့်ခ်
လေးပေးခဲ့။ လာလည်ရအောင်လို့ ။

Smilemay said...

အစ ကိုဇော်ဇော်မောင်က သူ့ဘလော့ကို
စမိုင်းမေကို ပေးဖတ်တယ်
အင်တာနက်သုံးတာ သိပ်မကြာသေးတော့ ဘလော့ဆိုတာ
ဘာမှန်းတောင်မသိလို့ comment တောင် ဘလော့မှာ
မရေးတတ်ဘူး
မြန်မာတီးရှော့ပျက်ခါနီးတော့မှ ဘလော့အကြောင်းနည်းနည်း
သိလာတာ ကိုရန်အောင်ဘလော့ နဲ့ ဘလော့ဖိုရမ်မှာ ဖတ်ပြီး ဟိုကလိဒီကလိနဲ့ နည်းနည်းရလာတာ
ဖိုရမ်နဲ့ ဘလော့ရေးရတာတော့ပျော်တယ်

Kaung Kin Ko said...

စိတ်ဓာတ်မကျ စိတ်မပျက်ပါနဲ့ ကိုရန်အောင်ရေ။ ကိုရန်က ဘလော့လောကမှာ ပရဟိတ အလုပ်ဆုံး blogger တွေထဲက တစ်ယောက်ဆိုတာ အများစုက သိပြီးသားပါ။ blog လောက စည်ပင်လာအောင် ကြိုးစားတဲ့ သူတွေထဲမှာလည်း ကိုရန်အောင်ပါတာ လူတိုင်း အသိ။

Anonymous ရေ။ ကိုယ့်ခံစားချက် ကိုယ်ချပြ ရုံနဲ့ တော့ ငါတကော ကောတယ်လို့ မစွပ်စွဲပါနဲ့ ဗျာ။ အပြင်ဘက်မှာတောင်မှ လွတ်လွတ်လပ်လပ် ရေးသားခွင့်မရှိတော့ဘူးလား။ ဒီကဗျာက ဘယ်သူ့ ကိုများ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ပါလို့ လဲဗျာ။ ကိုယ်ခံစားရတာ ကိုယ်ချပြခွင့် မရှိဘူးလားဗျာ။

စက်တင်ဘာတော်လှန်ရေးကို လွှဲချတယ်လို့ လည်းမြင်စရာမရှိပါဘူး။ တစ်ဦးနဲ့ တစ်ဦး စကားလုံးတွေနဲ့ ပစ်ခတ်နေတာကို မချင့်မရဲနဲ့ ရေးသားထားတယ်ဆိုတာ အမြင်ရှင်းရှင်းနဲ့ ဖတ်ရင် သိသာပါတယ်။

Anonymous က “ဘလော့ဂါတွေကြားမှာ (ခင်မင်သူ လူဟောင်း တွေကြားမှာ)” လို့ သေသေချာချာကြီး သုံးလိုက်တယ်နော်။ လူသစ် လူဟောင်း ခွဲခြားချင်တဲ့ သဘောလားဗျာ။ blogger အသစ်တွေကို လက်ကမ်းမကြိုချင်တဲ့ သဘောလား။ လူသစ် လူဟောင်းဆိုပြီး အုပ်စု ခွဲတော့မှာလား။

ကို ရန်အောင့် post ထဲမှာ ပုဂ္ဂိုလ်ရေး စောင်းမြောင်းတိုက်ခတ်ထားတာ လုံးဝမပါသလို အခြေအနေတစ်ရပ်ကိုပဲ ယေဘုယျ သဘောရေးထားတာ သိသာပါတယ်။ ဘေးလူတစ်ယောက် အနေနဲ့ ပြောရရင် စောင်းမြောင်းရေးသားထားတဲ့ အပိုဒ် လုံးဝရှာလို့ မရကြောင်းပါ။

စိတ်မပျက်သွားပါနဲ့ ကိုရန်။ ကိုရန် အဆင်ပြေပါစေ။

ခင်မင်းဇော် said...

မောင်ရန်ရေ...
အမလဲ ဒီကဗျာကို ဖတ်ရတာ သိပ်မရှင်းဘူး။
တကယ်တော့ ဂျီတော့တွေမှာ တွေ့နေရက်နဲ့ စကားတွေ မပြောဖြစ်ကြတာ ဘာဖြစ်လို့လဲ ဆိုတာ အမ တွေးလို့မရဘူး။ ဘလော်ဂါ အသစ်အဟောင်းဆိုတာကို အမတို့ မခွဲခြားပါဘူး။ ဒါပေမဲ့ စက်တင်ဘာ မဖြစ်ခင်က မောင်ရန်နဲ့ ခုနောက်ပိုင်း မောင်ရန်ကတော့ တော်တော်ကွဲ လွဲ သွားသလိုပဲ။ ဒါကလည်း အလုပ်များလို့ မအားလို့လို့ ပြောလို့ရနိုင်ပေမဲ့ အမတို့လို ဘာပြဿနာမှ မဖြစ်ခဲ့ဖူးတဲ့ လူတွေနဲ့ကျတော့ ဘာလို့ မပြောတော့တာလဲ ။ ဆိုတာ အံ့သြနေဆဲပါ။ အကြောင်းသိသူကို သွေးရိုးသားရိုးက ပြောတာကျတော့လည်း နည်းနည်း လိုနေတယ်ထင်တယ်။ အကြောင်းသိသူ ဆိုလိုချင်တာကို မောင်ရန်သိသလို ကျမလဲ သိနေတယ်။ ဒါမဲ့ သွေးရိုးသားရိုး မသိနိုင်ပါဘူး။ ခုပြောနေ ရေးနေတာတွေကလည်း အပေါ်ယံတွေပါ။ တကယ့်အကြောင်းရင်း ရှိဦးမယ်ဆိုတာ ကောင်းကင်ကိုတို့ အကြောင်းသိသူတို့ သိဖို့လိုပါလိမ့်ဦးမယ်။ အကြောင်းစုံ သိချင်ရင်တော့ ကျမ ဂျီတော့ကို သာ ဆက်သွယ်မေးမြန်းကြပါတော့.
မောင်ရန်လဲ အမကို ဆက်သွယ်ပါဦး။ အမလဲ တချို့ မရှင်းတာတွေ သိချင်လို့ပါ။( အမကတော့ ဆဲဗင်း ရျူလိုင်။ အာဇာနည်နေ့ အမှတ်တရ နေ့တွေကို သတိရဆဲပါ။ အဲဒီတုန်းက တကယ် စည်းလုံးညီညွတ်ခဲ့တာ မဟုတ်လား။ အမကတော့ အရင်အတိုင်းပါပဲ။)

Anonymous said...

ရန်အောင်ရေ ..

မင်းက အမဆီက ဒီဝတ္ထုကို ကူးယူဖော်ပြပါရစေဆိုပြီး ၊ အမတောင်ပြန်မပြောရသေးခင် လက်မြန်လှချည်လား ။ ရန်အောင်တို့ကတော့ efficient ဖြစ်သလားမမေးနဲ့ .. လို့ ပြောရမလိုး)

ဒီရောက်တော့မှ ကွန်မန့်တွေပလူပျံနေတာကိုး ..

အကြောင်းသိသူ ပြောထားသလို ..

စက်တင်ဘာအရေးအခင်းနဲ့ပတ်သက်လို့ ဘလောဂါ့တွေ စိတ်ဝမ်းကွဲခဲ့တယ် ဆိုတဲ့ ကဗျာထဲက စာပိုဒ်ကိုတော့ ဘလောဂါ့တယောက်အနေနဲ့ အမ လက်မခံဘူးလို့ ပြောပါရစေ ။ ဘာလို့လဲဆိုတော့ စက်တင်ဘာတော်လှန်ရေးမှာ ကျရာတာဝန်ကိုထမ်းဆောင်လို့ ဘလောဂါ့တွေ စည်းလုံးလာရတယ် ။

စက်တင်ဘာတော်လှန်ရေးကြောင့် စိတ်ဝမ်းကွဲရတယ်လို့ ပြောလိုက်တာဟာ .. မြန်မာပြည်မှာ အသက်ပေးခဲ့ရသူတွေ ၊ ဘ၀တွေစတေးနေရသူတွေကို တန်ဖိုးမထားရာရောက်တယ်လို့ မြင်တဲ့အတွက် ၊ အမ အဲဒီစာပိုဒ်တွက် အတော်လေး ၀မ်းနည်းရတယ် ။

အမတို့က မြန်မာပြည်အတွက် တဘက်တလမ်းက ကျရာတာဝန်ထမ်းဆောင်နေပါတယ် ဆိုရင်တောင်မှ တကယ်တော့ .. အမတို့ ပေးဆပ်နေတာ စကားလုံးတွေ အချိန်တွေပဲ ရှိတယ် ။ မြန်မာပြည်ကလူတွေက ဘ၀တွေ အသက်တွေ ပေးဆပ်နေတာလေ ။ အဲဒီအချက်ကို အမြဲ အမခေါင်းထဲမှာ သွင်းထားတယ် ။


ဒါကြောင့် ဘလောဂါ့တယောက်အနေနဲ့ စက်တင်ဘာအရေးအခင်းမှာ စတေးခဲ့ရပါတယ်ဆိုတဲ့ စာသားဟာ အတော်လေး အဓိပ္ပါယ်မဲ့နေတယ်လို့ပဲ အမ အမြင်ကို ပြောလိုက်ပါရစေ ။

Anonymous said...

ရန်ရေ
အဆင်ပြေလား။ ဒီလိုဝင်မေးခွင့်ရှိမရှိဆိုတာမသေချာပေမယ့် ၂၀၀၇ မတ်လကတည်း
ကသိကျွမ်းခဲ့တဲ့၊ဖေါ်ဖေါ်ရွေရွေမောင်ငယ်လေးအဖြစ်သတိတရရှိနေတာမို့ ကြုံတိုင်းရောက်
ဖြစ်ဖတ်ဖြစ်ဆဲပါ။ကိုယ့်အကြောင်းနဲ့ ကိုယ်မို့ ဘယ်လို Team Work မှာမှဝင်မပါဖြစ်ပေမဲ့
ဘလော့လောကနဲ့ ဝေးဝေးမနေဖြစ်ခဲ့ပါဘူး။

“လွမ်းမောဖွယ်ရာ အခိုက်အတန့်လေးတွေ
ဘယ်တော့များမှ ပြန်လည်တောက်ပနိုင်တော့မှာလဲ.
ငါသိပ်လွမ်းတယ်…”တဲ့လား။ တကယ်တော့“ဘယ်သူမပြုမိမိမှု”ဆိုသလို အဲဒီလွမ်းမော
ဖွယ်ရာအချိန်လေးတွေကတောက်ပအောင်လုပ်နိုင်ပါသေးတယ်ကွာ။

မခင်မင်းဇော်ပြောသလိုပဲ “အမတို့လို ဘာပြဿနာမှ မဖြစ်ခဲ့ဖူးတဲ့ လူတွေနဲ့ကျတော့ ဘာလို့ မပြောတော့တာလဲ ။ ဆိုတာ အံ့သြနေဆဲပါ။”ဆိုသ
လိုပဲ…အမရဲ့စာတွေ(ကြာတော့ကြာပြီ) ရန်မပြန်တော့ပဲထားလိုက်တုန်းက အမလည်းအဲလို
အံ့သြခဲ့ရတယ်။ နောက်တော့မှ သြော်လူဆိုတာအသက်၁၀၀မနေရအမှု၁၀၀ပွေရ(ဂဏန်း
တွေတောင်ပါလာပြန်ပြီ) ဆိုသလိုပဲမင်းလည်းမင်းအကြောင်းနဲ့ မင်းနေမှာပေါ့လေဆိုပြီးမေ့
မေ့ပျောက်ပျောက်ထားလိုက်တော့တယ်။

အမဆိုလိုရင်းကအခုဒီမှာcommentတွေအချိန်ကုန်ခံပြီးလာရေးကြတဲ့အစ်မတွေဟာအလ
ကားအချိန်လာဖြုန်းနေတာမဟုတ်ပဲမင်းကိုခင်မင်ရင်းနှီးကောင်းစေချင်လို့ ပြောနေကြတာ
ဖြစ်တာမို့ အလျှားအနံမရှိပေမယ့် အသွားအပြန်ရှိတယ်ဆိုတဲ့စစ်မှန်သောခင်မင်ရင်နှီးမှု
တွေသာတုန့် ပြန်လိုက်ပါ။ လွမ်းမောဖွယ်အခိုက်အတန့် လေးတွေပြန်တောက်ပလာပါလိမ့်
မယ်။(အမကို c-box မှာတုန့် ပြန်ခဲ့သလို စွမ်းအားရှင်တို့ ဘာတို့ အပြောခံလိုက်ရရင်တော့
ဘယ်သူမှပြန်လှည့်ကြည့်တော့မယ်မထင်ဘူး။ အမကသာ အမရဲ့အငယ်ဆုံးမောင်လေးနဲ့ 
တူတဲ့မင်းကိုဗွေမယူနိုင်ခဲ့တာ။)

မင်းရဲ့ကဗျာတစ်ပုဒ်အတွက် အမတို့ အခုလိုဝိုင်းခံစားပြီးရေးပေးနေကြပေမယ့် မင်းကတော့ထုံးစံအတိုင်းခပ်ပေါ့ပေါ့လေသံနဲ့ “ဟတ်ဟတ်”လို့ ရယ်ချင်လည်းရယ်
နေမှာပါလေ။ အဆင်ပြေနေရင်ပြီးတာပါဘဲ။

မေပျို said...

ကိုရန်ရေ..
ဘာတွေပဲဖြစ်ဖြစ်၊ ဘာတွေပဲပြောပြော စိတ်ဓာတ်မကျပါနဲ့နော်။ သဲတို့ အမြဲအားပေးနေပါ့မယ်။ ပျော်ရွှင်ပါစေနော်။

လေးစားစွာဖြင့်
မေပျို

မေငြိမ်း said...

မောင်ရန်ရေ..
မရေးတော့ဘူးလို့ဘဲ.. ဒါပေမဲ့ သွေးရိုးသားရိုးဆိုတဲ့ တယောက်ဝင်ရေးထားတာက ပိုပီး တွန်းတွန်းတိုက်တိုက် ဖြစ်နေလို့ ရေးရတာပဲ။ သူက ရေးတဲ့ အနောနိမတ်စ်က အမေအရွယ်ကြီးကရေးထားသလိုပဲဆိုတော့ အမေအရွယ်ဖြစ်တဲ့ မေငြိမ်းတို့ခမျာ နေရခက်။ ဒါပေမဲ့ မောင်ရန်ကတော့ အသိဆုံးပါ။ မေငြိမ်းကတော့ ပါစင်နယ်အီမေလ်ပို့ပီး ပြောင်ပဲ ပြောတတ်တာနော်..ဘာလို့လဲဆိုတော့ မောင်ရန်က အမရဲ့ ဘလော့ကျေးဇူးရှင်လေ.. :D :P
တခုပဲ ပြောချင်ပါတယ်။ ပုဂ္ဂိုလ်ရေး မရေးရဘူးမဟုတ်ပါဘူး။ တခုပါပဲ.. အဲဒီပုဂ္ဂိုလ်ရေးက သူများကို ထိခိုက်ရင်တော့ ခုလိုပဲ နည်းနည်း အသံထွက်မှာပေါ့။
သွးရိုးသားရိုးရေ..စည်း..ဆိုတာ အဲဒါပါပဲ။ ကျမအထင်တော့ အနောနိမတ်က နာမည်မထည့်တာလည်း မောင်ရန်ရဲ့ တကယ့်အတွင်းလူဆိုရင် သူများသိရင် မောင်ရန်အတွက်ပိုဆိုးမှာများစိုးသလားပေါ့။ အဲဒါဟာလည်း တခါတလေမှာ စည်းစောင့်တာပဲ ဖြစ်တတ်တယ်။ မောင်ရန်သိပါတယ်။

မေငြိမ်း said...

မောင်ရန်ရေ..
မရေးတော့ဘူးလို့ဘဲ.. ဒါပေမဲ့ သွေးရိုးသားရိုးဆိုတဲ့ တယောက်ဝင်ရေးထားတာက ပိုပီး တွန်းတွန်းတိုက်တိုက် ဖြစ်နေလို့ ရေးရတာပဲ။ သူက ရေးတဲ့ အနောနိမတ်စ်က အမေအရွယ်ကြီးကရေးထားသလိုပဲဆိုတော့ အမေအရွယ်ဖြစ်တဲ့ မေငြိမ်းတို့ခမျာ နေရခက်။ ဒါပေမဲ့ မောင်ရန်ကတော့ အသိဆုံးပါ။ မေငြိမ်းကတော့ ပါစင်နယ်အီမေလ်ပို့ပီး ပြောင်ပဲ ပြောတတ်တာနော်..ဘာလို့လဲဆိုတော့ မောင်ရန်က အမရဲ့ ဘလော့ကျေးဇူးရှင်လေ.. :D :P
တခုပဲ ပြောချင်ပါတယ်။ ပုဂ္ဂိုလ်ရေး မရေးရဘူးမဟုတ်ပါဘူး။ တခုပါပဲ.. အဲဒီပုဂ္ဂိုလ်ရေးက သူများကို ထိခိုက်ရင်တော့ ခုလိုပဲ နည်းနည်း အသံထွက်မှာပေါ့။
သွးရိုးသားရိုးရေ..စည်း..ဆိုတာ အဲဒါပါပဲ။ ကျမအထင်တော့ အနောနိမတ်က နာမည်မထည့်တာလည်း မောင်ရန်ရဲ့ တကယ့်အတွင်းလူဆိုရင် သူများသိရင် မောင်ရန်အတွက်ပိုဆိုးမှာများစိုးသလားပေါ့။ အဲဒါဟာလည်း တခါတလေမှာ စည်းစောင့်တာပဲ ဖြစ်တတ်တယ်။ မောင်ရန်သိပါတယ်။

Yan said...

ဒီပို့စ်ထဲက ကော်မန့်တွေကို ပို့စ်ရေးပြီးတော့ပဲ ပြန်လည်ဖြေရှင်းသွားပါမယ်. လာရောက်ပြီး မှတ်ချက်လေးတွေ ရေးသား ဝေဖန်အကြံပြုသွားပေးတာ ကျေးဇူးပါ.

ရန်အောင်