Tuesday, January 08, 2008

အလွမ်းဖြင့်ပူဇော်အပ်သော...




ငါ့ကောင်းကင်မှာ အမြဲသာတဲ့လ
ဒီတစ်ည ကွယ်ပျောက်နေခဲ့ပြီ
ဒါဟာနိမိတ်ပုံတစ်ခုလေလား
ကြိမ်ဖန်များစွာ သေဆုံးခဲ့တဲ့ ပျိုးပင်ငယ်တစ်ခုအတွက်
ဆက်လက်ရှင်သန်ဖို့ မြေဆီလွှာ ရှားပါးခဲ့ပြီထင့်
ရင်နင့်ဖွယ် အဖြစ်မျိုးကိုမှ
ငါဆက်တိုက်တိုးခဲ့ရပြီ…



ငါ့ရင်ခွင်မှာ ပွင့်တဲ့ပန်း
ဒီတစ်ည မလန်းဆန်းနိုင်တော့ပြီ
ဒါဟာ ကျိန်စာတစ်ခုလေလား
မနားတမ်းပြေးလွှားခဲ့ရတဲ့ ခရီးသွားတစ်ယောက်အတွက်
ရေကြည်တစ်ပေါက်တောင် လွင့်ပျောက်ပြီထင့်
မာန်ဝင့်တဲ့ အပြုံးတစ်ခု မတည်ဆောက်နိုင်လောက်အောင်
ငါ့အတ္တမှာ မာနကြွေခဲ့ပြီ…



ငါ့မျက်ဝန်းမှာ စွန်းထင်းတဲ့အလွမ်း
ဒီတစ်ည နစ်မွမ်းခဲ့ရပြီ
ဒါဟာ သင်ခန်းစာနောက်တစ်ခုလေလား
ေ၀၀ါးကြွေလွင့်ခဲ့ရတဲ့ အချစ်များအတွက်
နားခိုရာ အရိပ်တောင် မဲ့ပြီထင့်
ချင့်ချိန်အတွေးနဲ့ မဆုံးဖြတ်နိုင်လောက်အောင်
ငါမိုက်ရူးရဲ ဆန်ခဲ့ပြီ…



ငါ့ချစ်ခြင်းနဲ့ ပျံသန်းမယ့်ငှက်
ဒီတစ်ရက် တောင်ပံကျိုးခဲ့ပြီ
ဒါဟာ အင်အားမဲ့ခြင်းလေလား
ရင်ခုန်ကြည်နူးခဲ့ရတဲ့ နေ့ရက်များအတွက်
နေမင်းသခင် မျက်ကွယ်ပြုပြီထင့်
ပင့်သက်ရှိုက်တိုင်း ရင်ဝမှာ လှိုက်ဖိုလို့
ငါ့မျက်ဝန်းတွေ စိုခဲ့ပြီ…



လသာညမှာပွင့်မယ့်ပန်းကို
မျှော်မှန်းရင်ခုန်လို့ လွမ်းခဲ့ရပေမယ့်
တကယ့်ဘ၀ထဲမှာတော့
ငါဟာ စမ်းတ၀ါးဝါးနဲ့
လမိုက်ညတွေအောက်မှာ ဆက်လျှောက်ရင်း
တစ်ဖက်လှည့်ရပ်နေတဲ့ ပန်းတစ်ပွင့်ရဲ့
အပြုံးရိပ်ငွေ့ငွေ့လေးကို
ဟိုး…. အဝေးကြီးကနေ ငေးကြည့်နေရသူပါလေ…

အလွမ်းဝေဒနာကို မခံစားနိုင်တော့လို့
ရှိသမျှအင်အားကို စုစည်းရင်း
ဝေးရာကို ပျံသန်းကာမှ
မင်းရင်ခွင်ထဲကို လဲပြိုကျနေတဲ့
အချစ်ငှက်တစ်ကောင်ရဲ့
မာနတွေနဲ့ ယစ်ပူဇော်ပါတယ်.
စိတ်ရှိတိုင်း စားသုံးပါလှည့် ချစ်သူ….





(ရေခဲငှက်)

No comments: