Monday, December 31, 2007

ကျွန်တော်နှင့်ဘလော့ဂ် စတင်ချစ်ခင်ခဲ့ပုံ ဇာတ်လမ်းစုံ...



ကိုပီကေက ကျွန်တော်နဲ့ဘလော့ဂ်ဆိုတဲ့ ပို့စ်လေးရေးပြီး လာဖတ်သူတိုင်းကို Tag တယ်လို့ လုပ်ထားဖူးပါတယ်. အဲဒါကို ကျွန်တော်ကလည်း သွားဖတ်မိရော. ပြီးတော့ မသိသလိုလေးနေမယ် လုပ်တုန်း ကော်မန့်ကို ၀င်ဖတ်ကြည့်တော့မှ ဂျေက ကျွန်တော့်ကို ဖွထားတာ တွေ့ရပါလေရော.

အဲဒါနဲ့ပဲ ဒီပို့စ်လေးကလည်း နှစ်မကူးခင် အပြတ်ဖြတ်ရမယ့် ကြွေးကျန်စာရင်းလေးထဲ ပါလာသကောပေါ့ဗျာ….

ကဲ. ကျွန်တော်နဲ့ ဘလော့ဂ်တဲ့…

ကျွန်တော် ဘလော့ဂ်ကို စပြီး ရေးဖြစ်ဖို့ စဉ်းစားခဲ့တာကတော့ ကြာပါပြီ.

အဲဒီ့တုန်းက မြန်မာဘလော့ဂ်တွေ ရှိတယ်ဆိုတာလည်း မသိခဲ့သေးဘူးပေါ့ဗျာ.

၂၀၀၆ ခုနှစ် ဇန်န၀ါရီလ ၂၅ ရက်နေ့မှာ ကျွန်တော့်ရဲ့ ဒီဘလော့ဂ်လေးကို စတင်မွေးဖွားခဲ့ပါတယ်.

အဲဒီ့တုန်းကတော့

Emotions

This is my first blog and I'm really excited to own it on the web.

ဆိုပြီး တစ်ကြောင်းလေးပဲ ရေးခဲ့ဖူးပါတယ်.

ပြီးတော့လည်း ရေးလိုက်မရေးလိုက်နဲ့ မေ့မေ့ပျောက်ပျောက် ဆိုသလိုနေခဲ့ပါတယ်.

အဲဒီ့နောက် ၂၀၀၆ ခု နိုဝင်ဘာရောက်တော့မှပဲ ဘလော့ဂ်ရေးတဲ့ဖက်ကို စိတ်ပြန်လည်လာခဲ့ပါတော့တယ်.

ကျွန်တော်က Google သုံးပြီး သိချင်တာလေးတွေ ရှာရတာ တော်တော်ဝါသနာပါတယ်ဗျ.
တစ်ရက်မှာ ကျွန်တော်သိချင်တဲ့ စာကြောင်းလေးတစ်ကြောင်းကို ရိုက်ရင်းကနေ မနိုင်းနိုင်းစနေရဲ့ ဘလော့ဂ်ကို ညွှန်ပြထားတာ တွေ့လိုက်ရပါတယ်.

စိတ်ဝင်စားပြီး လိုက်ဖတ်ကြည့်ရာက မြန်မာဘလော့ဂါတွေ တော်တော်များများ ရှိနေပြီ ဆိုတာရယ်၊ မြန်မာဘလော့ဂ်တွေ အရှိန်အဟုန်နဲ့ စတင်ဖွံ့ဖြိုးစ ပြုနေပြီ ဆိုတာရယ်ကို တွေ့လုက်ရပါတော့တယ်.

ကျွန်တော်လည်း ဒီရေစီးကြောင်းထဲကို ၀င်ပြီး လိုက်ပါချင်စိတ်တွေ တဖွားဖွား ဖြစ်လာခဲ့ရာက မြန်မာလို ဘလော့ဂ်ရေးနိုင်ဖို့ စတင်ကြိုးစားကြည့်ပါတော့တယ်.

ဘလော့ဂ်ထဲကို မြန်မာဖောင့်ထည့်တာက အစ ကျွန်တော့်အတွက် တော်တော်လေးကို အဆင်မပြေ ဖြစ်ခဲ့ရပါတယ်.

ဒီပို့စ်လေးမှာ ကျွန်တော် မြန်မာဘလော့ဂ် စတင်ဖို့ ဘယ်လောက်ထိ စိတ်ပါဝင်စားနေပြီလဲ ဆိုတာရယ်၊ ကိုယ့်ဘလော့ဂ်လေးကို လူသိများဖို့ ဘယ်လောက်ထိ ပြင်းပြစွာ တောင့်တနေခဲ့တာရယ်ကို သိရှိနိုင်ပါတယ်.

ဒီပို့စ်လေးမှာတော့ ကျွန်တော့်အတွက် အခက်အခဲတွေ ရှိနေဆဲပဲဆိုတာကို ၀န်ခံရေးသားခဲ့ပါသေးတယ်.
အဲဒီ့တုန်းကတော့ တစ်ပတ်အတွင်း မြန်မာဘလော့ဂ် ဖြစ်စေရမယ်လို့တောင် ကြုံးဝါးခဲ့ပါသေးရဲ့…

မဖြစ်လာခဲ့သေးတော့လည်း ကျွန်တော်တစ်ယောက် youtube က ဗွီဒီယိုတွေကိုပဲ ထိုင်တင်နေခဲ့တော့တယ်.

ဒါပေမယ့် ကိုမောင်လှတို့၊ ကိုညီလင်းဆက်တို့၊ ကိုမောင်ရိုးတို့၊ ကိုဒီးဒုတ်တို့ရဲ့ ဘလော့ဂ်တွေကို အမြဲမပြတ်ဖတ်ရင်း၊ တစ်ဖက်ကလည်း HTML ကို ကြိုးစားလေ့လာရင်း၊ နောက်တစ်ဖက်ကလည်း မြန်မာလို ရိုက်တာကို ကြိုးစားလေ့ကျင့်ရင်း ကျွန်တော်တစ်ယောက် ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ အားမွေးနေခဲ့ပါတော့တယ်.

ကျောင်းစာတွေကို မလစ်ဟင်းရအောင် ဖတ်မှတ်နေရင်းက ကျွန်တော့်ရဲ့ အားလပ်ချိန်တော်တော်များများကို ဘလော့ဂင်းဖက်မှာ ပေးခဲ့ပါတယ်.

မြန်မာလို ရေးဖို့ မအောင်မြင်သေးခဲ့ခင်မှာ အင်္ဂလိပ်လိုပဲ ရေးရင်း ခံစားချက်တွေကို ဖောက်ထုတ်နေခဲ့ပါတယ်.

ကျွန်တော်ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့တာကတော့ ကျွန်တော့်ရဲ့ မျိုသိပ်မရနိုင်တော့တဲ့ ခံစားချက်တွေကြောင့်ဆိုရင် မမှားပါဘူး…

၂၀၀၇ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့မှာ ကျွန်တော့်ရဲ့ မြန်မာဘလော့ဂ်လေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ပါတော့တယ်.

လေဟုန်စီးခြင်းဆိုတဲ့ ပို့စ်လေးကို မှတ်မှတ်ရရ တင်ခဲ့ပါတယ်.

အဲဒီ့နောက်မှာတော့ ဆက်တိုက်ဆိုသလိုပဲ ကျွန်တော်တစ်ယောက် ပို့စ်တွေ ရေးဖြစ်ခဲ့ပါတော့တယ်.

စလုပ်ခါစက မြန်မာလိုရိုက်ရတာ တော်တော်ကို နှေးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကျွန်တော် ကျင့်သားရလာခဲ့ပါတော့တယ်. ခုဆိုရင်တော့ ရေးဖို့အကြောင်းအရာကိုသာ တွင်တွင်စဉ်းစားဖြစ်တော့တယ်. လက်က အတွေးနောက်ကို ဆက်တိုက်လိုက်ရိုက်ဖို့ကိုပဲ တာဝန်ပေးထားတော့တယ်လေ.

ကဗျာတွေကို ရေးဖို့ စိတ်ကူးရှိခဲ့ပေမယ့် ဘယ်လိုရေးရမှန်း မသိခဲ့ဘူး. ကျွန်တော့်ရဲ့ ဘလော့ဂ်ကလေးက စတင်ခါစမှာ ဘယ်လိုင်းကို လိုက်ရမှန်းကို မသိခဲ့ပါဘူး. စာအုပ်တွေတင်လိုက်၊ ပညာရေးအကြောင်းရေးလိုက်၊ နိုင်ငံရေးအကြောင်းပြောလိုက်၊ ခံစားချက်စာစုတွေ ဖွဲ့နွဲ့လိုက်၊ နည်းပညာဆောင်းပါးလေးတွေ မျှဝေလိုက်၊ ဟင်းချက်နည်းတွေ ရေးလိုက်နဲ့ တကယ့်ကို ဆယ့်နှစ်မျိုးဂျင်းသုပ် ဖြစ်ခဲ့ပါတယ်.

နောက်ပိုင်းမှာ ကျွန်တော် တစ်ယောက် မြန်မာဘလော့ဂါဖိုရမ်ကို ၀င်ရောက်ပြီး မော်ဒရေတာ ဖြစ်သွားခဲ့ရာက ကျွန်တော့်ဘလော့ဂ်လေးလည်း နည်းနည်း တည်ငြိမ်စပြုလာပါတော့တယ်.

….

မြန်မာဘလော့ဂါဖိုရမ်မှာ ဘလော့ဂါအသစ်လေးတွေကို ကူညီရင်းနဲ့ မိတ်ဆွေသစ်တွေ တိုးပွားလာခဲ့ပါတယ်. ပြီးတော့ ကျွန်တော်တို့ ဘလော့ဂ်စာအုပ်ထုတ်ဖို့ စိုင်းပြင်းခဲ့ရာကနေ မြန်မာဘလော့ဂါတွေ တစ်ယောက်နဲ့တစ်ယောက် သိပ်ကို ရင်းနှီးခင်မင်သွားခဲ့ကြပါတော့တယ်.

ညဖက် Gtalk ကိုဝင်လိုက်တာနဲ့ ကျွန်တော့်အတွက် ဘလော့ဂါသူငယ်ချင်း တစ်ယောက်မဟုတ် တစ်ယောက်က ရှိနေပြီးသားပါ. သူတို့နဲ့ စာအုပ်ထုတ်ဝေရေးအကြောင်း ပြောလိုက်၊ ရံဖန်ရံခါမှာ ဘလော့ဂ်အတွက် အခက်အခဲရှိသူတွေက အကူအညီတောင်းတာလေးတွေကို ကြိုးစားဖြေရှင်းပေးလိုက်၊ မြန်မာဘလော့ဂါဖိုရမ်မှာ ကဏ္ဍသစ်တွေ ထည့်သွင်းပေးရင်း ဖိုရမ်မာအသစ်လေးတွေကို ဆွဲဆောင်ခေါ်ယူနိုင်ဖို့ အားထုတ်လိုက်၊ ကိုယ့်ဘလော့ဂ်လေးအတွက် ပို့စ်လေးတွေတင်လိုက်၊ သူငယ်ချင်းဘလော့ဂါတွေဆီကို အလည်သွားလိုက်နဲ့ ကျွန်တော်တစ်ယောက် ကိုယ့်ဘ၀ကို ပျော်ရွှင်ကျေနပ်လာမိပါတော့တယ်.

ကျွန်တော့်ကို ဘလော့ဂင်း နည်းပညာအကြောင်းတွေ ရေးတာနဲ့ ပတ်သက်ပြီး လူသိပိုများကြပါတယ်. ဒါပေမယ့် ကျွန်တော့်ရဲ့ Personality တစ်ခုက လောကကြီးရဲ့ စိန်ခေါ်ချက်တွေကို မထီမဲ့မြင် ဟာသလုပ်တတ်သေးတယ်. အဲဒီ့လို အကျင့်လေးကြောင့် ကျွန်တော့်ကို ပျော်ပျော်နေတတ်တဲ့ ဘလော့ဂါတစ်ယောက်ရယ်လို့ သူငယ်ချင်းများက သမုတ်တတ်ကြပါသေးတယ်. အမှန်တော့ ကျွန်တော်က ခံစားချက်ဖက်ကို ပိုပြီး ဦးစားပေးရေးတတ်တာပါ.

ဘလော့ဂင်းအကြောင်းကို ကျွန်တော်ကိုယ်တိုင်လေ့လာ အသုံးချပြီး အောင်မြင်သွားတာမှန်သမျှကို ကျွန်တော်ပြန်လည်ပြီးတော့ ရေးသားမျှဝေပေးပါတယ်.

နည်းပညာပိုင်းဆိုင်ရာ နိုင်နိုင်နင်းနင်း ရှိကြတဲ့ မြန်မာဘလော့ဂါတစ်ချို့ရဲ့ ဘလော့ဂ်လေးတွေကို လိုက်ဖတ်ရင်း ကောင်းတဲ့ ပို့စ်လေးတွေ တွေ့ရင်း Bookmark လုပ်လို့ သိမ်းထားခဲ့ရာက အားလုံးအတွက် အကူအညီဖြစ်မယ့် Helpdesk ဘလော့ဂ်လေး တစ်ခုလောက် လုပ်ရင် ကောင်းမယ်လို့ အကြံဖြစ်လာခဲ့ပါတယ်.

ကိုမင်းမင်းနဲ့ အဲဒီ့အကြောင်းစကားပြောဖြစ်ခဲ့ပါတယ်. နာမည်ကြီး ဘလော့ဂါတစ်ချို့ကို စည်းရုံးကြည့်ပါတယ်. စိတ်ဝင်စားဟန်မပြခဲ့ကြပါဘူး. ကိုမင်းမင်းလည်း နောက်ပိုင်း အလုပ်တွေများလို့ ဘလော့ဂ်လောကကနေ ကွယ်ပျောက်သွားခဲ့ပါသေးတယ်.

အဲဒါနဲ့ပဲ Helpdesk ဘလော့ဂ်လေးကို ကျွန်တော်လေ့လာဖတ်ရှု မှတ်သားထားခဲ့ဖူးတဲ့ ပို့စ်လေးတွေကို အမှီပြုလို့ မှာ စတင်မွေးဖွားခဲ့ပါတယ်.

ဘလော့ဂ်တွေကို လိုက်ဖတ်ကြည့်ရင်း တကယ့်ကို စေတနာနဲ့ ရေးသားမျှဝေပေးနေတဲ့ နည်းပညာဆိုင်ရာ ဘလော့ဂါတွေကို တွေ့ရှိတိုင်း Helpdesk အဖွဲ့လေးထဲကို စည်းရုံးသိမ်းသွင်းခဲ့ပါတယ်. အခုဆိုရင် Helpdesker လေးတွေ တော်တော်ကို ရရှိနေပါပြီ. သူတို့လေးတွေရဲ့ အကျိုးကျေးဇူးနဲ့ မြန်မာဘလော့ဂ်လောကကြီး အရင်ကထက် ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့တယ်လို့ ဆိုရင် မမှားပါဘူး.

အဲဒီ့နောက်မှာတော့ ကျွန်တော်လည်း စုပေါင်းရေးသားလို့ရတဲ့ ဘလော့ဂ်တွေလုပ်ဖို့ကို ပိုပြီး စိတ်ပါလာခဲ့ပါတယ်.

ကျွန်တော်လုပ်ခဲ့ဖူးတဲ့ စုပေါင်းဘလော့ဂ်တွေကတော့…


(၁) သတင်းဘလော့ဂ် (Currently Inactive)
(၂) Tag Game ဘလော့ဂ် (Currently Inactive)
(၃) မြန်မာဘလော့ဂ်စာအုပ် (Only Allowed Users)
(၄) မြန်မာဘလော့ဂါအစည်းအရုံး (Currently Closed)
(၅) MMbloggersHelpdesk
(၆) သမိုင်းထဲက ရက်စွဲများ
(၇) သံစဉ်လှိုင်း နဲ့
(၈) English4success တို့ပဲ ဖြစ်ပါတယ်.

ဖိတ်ခေါ်ချက်အရဖြစ်စေ၊ ၀ါသနာအရဖြစ်စေ၊ Coding ပိုင်းဆိုင်ရာ ကူညီပြီးတော့ဖြစ်စေ ပါဝင်ရေးသားနေတာတွေကတော့…

(၁) ပညာရေးဘလော့ဂ်
(၂) ဆုံဆည်းရာဘလော့ဂ်
(၃) Mandalay Blog Show

စတာတွေနဲ့ တစ်ခြားသော ကိုယ်ပိုင်ဘလော့ဂါလေးများရဲ့ ဘလော့ဂ်တစ်ချို့ပဲ ဖြစ်ပါတယ်.

နောက်ပိုင်းမှာ ကျွန်တော့်ရဲ့ စုပေါင်းဘလော့ဂါတွေရဲ့ လုံခြုံရေးနဲ့ Privacy ကို ရှေးရှုသောအားဖြင့် ကျွန်တော့်ရဲ့ Profile ကို Private လုပ်ခဲ့ပါတယ်. ဒါကြောင့် စုပေါင်းဘလော့ဂ်တွေထဲမှာ ပါဝင်နေတဲ့ ဘလော့ဂါတွေ ဘယ်သူတွေဆိုတာကို ဘယ်သူမှ မသိနိုင်တော့ပါဘူး. တစ်ဆက်တည်းမှာပဲ ကျွန်တော့်အကြောင်းလည်း ဘယ်သူမှ မသိကြတော့ပါဘူး.

ကျွန်တော်တာဝန်ကျေခဲ့တာတွေ ရှိခဲ့သလို မကျေတာတွေလည်း ရှိခဲ့ပါတယ်.

ကျေခဲ့တာတွေကတော့ မြန်မာဘလော့ဂါလေးတွေရဲ့ ဘလော့ဂင်းဆိုင်ရာ အခက်အခဲတွေကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ ကူညီဖြေရှင်းပေးနိုင်ခဲ့တာပါပဲ.

မကျေခဲ့တာတွေကတော့ နောက်ပိုင်းမှာ အလုပ်တွေသိပ်များလာလို့ အကူအညီတောင်းတဲ့ ဘလော့ဂါမိတ်ဆွေသစ်များ၊ Admin အဖြစ်နေရာပေးပြီး ကြည့်ရှုပြင်ဆင်ပေးဖို့၊ Email နဲ့ Template လေးတွေ ပေးပို့လို့ ပြင်ဆင်ဖြည့်စွက်ပေးဖို့ အကူအညီတောင်းတာတွေကို အလျင်မီအောင် လိုက်မလုပ်ပေးနိုင်တော့ပါဘူး.

အဲဒီ့အတွက် သက်ဆိုင်ရာဘလော့ဂါများကို ဒီပို့စ်လေးနဲ့အတူ အနူးအညွှတ်တောင်းပန်ပါတယ် ခင်ဗျာ…

ဒါ့အပြင် တစ်ခါတစ်ရံမှာ ကျွန်တော်တစ်ယောက် ခံစားချက်တွေနဲ့ မလူးသာမလွန့်သာဖြစ်လို့ ဘလော့ဂ်လောကကြီးထဲကနေ တိတ်တဆိတ် ရက်အတော်ကြာ ပျောက်သွားခဲ့တာတွေလည်း ရှိခဲ့ပါတယ်. ကျွန်တော်ရိုင်းသလို ဖြစ်သွားခဲ့ရင်လည်း ခွင့်လွှတ်နားလည်ပေးကြပါလို့ မေတ္တာရပ်ခံပါတယ်..

ဒီနေ့လက်ရှိ ကျွန်တော်နဲ့ ဘလော့ဂ်တွေရဲ့ ပါဝင်ပတ်သက်မှုကို အနှစ်ချုပ်ပြောရရင်တော့ ကျွန်တော့်ရဲ့ Favorite Pastime ဟာ Blogging ပါပဲ. ကျွန်တော့်ရဲ့ နေ့စဉ်အလုပ်တွေကို လုပ်ပြီးရင် ကျွန်တော်လုပ်တာကတော့ ဘလော့ဂ်တွေကို လိုက်ပြီး Maintenance လုပ်တာရယ်၊ တန်ဖိုးရှိတဲ့ စာတစ်ချို့ ပြန်လည်မျှဝေပေးနိုင်ဖို့ ကြိုးစားရေးသားတာရယ်၊ ဘလော့ဂါတွေ အရင်ကထက် ပိုမိုများပြားလာအောင်၊ ရေးချင်စိတ်တွေ ပိုဖြစ်လာအောင် အားပေးတာရယ်၊ သူငယ်ချင်းတွေကို ပိုမိုတိုးပွားလာအောင် အပြန်အလှန်လည်ပတ်တာတွေရယ်နဲ့ ကျွန်တော့်ရဲ့ ဘ၀ကြီးက အနှစ်သာရ ရှိနေပါတော့တယ်.

ဘလော့ဂင်းကြောင့် ကျွန်တော့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးစေခဲ့ရတာတွေလည်း တစ်ကြိမ်မက ရှိခဲ့ဖူးပါတယ်. ဒါပေမယ့် ကျွန်တော်စိတ်မပျက်ခဲ့ပါဘူး. ခဏလောက်တော့ အဝေးကို ရှောင်ပြေးခဲ့ပါတယ်. စိတ်ပြေတော့ ပြန်လာပြီး အရင်လို ပျော်ပျော်ပါးပါး နေခဲ့တာပါပဲ. ရင်းနှီးတဲ့ မိတ်ဆွေတစ်ချို့နဲ့လည်း စိတ်ဝမ်းကွဲစရာတွေ ဖြစ်ခဲ့ဖူးပါတယ်. အချိန်အတိုင်းအတာတစ်ခုလောက်ထိ ကျွန်တော်ကြေကွဲဝမ်းနည်းခဲ့ဖူးပါတယ်. ဒါပေမယ့် ကျွန်တော့်ရဲ့ ခံစားချက်တွေ ထိန်းကွပ်မှုဆိုတဲ့ နံရံကို ထိပြီးတဲ့နောက် ကျွန်တော်အရင်လို ပြန်လည်ထူထောင်လာနိုင်ခဲ့တာချည်းပါပဲ.

Conclusion ဆွဲမယ်ဗျာ.

ဘလော့ဂါတွေကို ကျွန်တော်သိပ်ချစ်တယ်. သူတို့ဟာ ထက်မြက်တဲ့၊ ထူးချွန်တဲ့ လူငယ်မျိုးဆက်သစ်တွေဖြစ်တယ်.

ဘလော့ဂါစုန်းပြူးတွေလည်း ရှိတယ်. ရေးချင်ရာလျှောက်ရေးနေတဲ့ ဘလော့ဂါငပွကြီးတွေလည်း ရှိတယ်. ဒါပေမယ့် ကိုယ့်ရဲ့သမိုင်းကို ကိုယ်ရေးနေကြသူတွေချည်းပါပဲ.

ဒါကြောင့် မိမိရဲ့ လမ်းကြောင်းကို၊ ဂုဏ်သိက္ခာကို လာရောက်ထိပါးစော်ကားတဲ့ သူတွေ ရှိနေခဲ့ရင်တောင် စိတ်ဓာတ်မကျ၊ အားမငယ်ဘဲ မိမိယုံကြည်ရာ ဘလော့ဂ်ခရီးကို အောင်အောင်မြင်မြင် ဆက်လှမ်းနိုင်ကြဖို့ သိပ်အရေးကြီးပါတယ်လို့ ဒီပို့စ်လေးနဲ့အတူ ပြောကြားရင်း နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ် ခင်ဗျာ.



ကဲ. ကိုပီကေရေ.တာဝန်ကျေပြီနော်. ကျေနပ်တော့ဗျာ…

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

ယုံကြည်ချက်များနဲ့ဆောင်း



ဒီတစ်ခါ Tag ထားတာကို ရေးဖို့ အလှည့်ကျသူကတော့ ဘလော့ဂါ လေးမရဲ့ ဆောင်းအိပ်မက်ပဲ ဖြစ်ပါတယ်ခင်ဗျား….

လေးမက ဆောင်းအိပ်မက်တဲ့. မလေးကလည်း ဆောင်းအိပ်မက် မက်တဲ့အကြောင်း ရေးပြီးပြီ ဆိုတော့ ကျွန်တော်လည်း နာမည် နောက်တစ်ခု ရှာရပါတော့တယ်.

ယုံကြည်ချက်များနဲ့ဆောင်း…. တဲ့

……………

ကျွန်တော့်ဘ၀မှာ ဆောင်းရာသီကို အကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးပါတယ်.

တစ်ခါတစ်ရံမှာ ပျော်ရွှင်မြူးတူးစွာ..

တစ်ခါတစ်ရံမှာ အေးချမ်းငြိမ်သက်စွာ…

တစ်ခါတစ်ရံမှာ လွမ်းဆွတ်ကြေကွဲစွာ…

တစ်ခါတစ်ရံမှာ အားမာန်ပြည့်ဝစွာ…

မတူညီတဲ့ ခံစားချက်တွေနဲ့ ရင်ဆိုင်ခဲ့ဖူးသလို တူညီတဲ့ ခံစားချက်မျိုးကို ပြန်လည် ခံစားခဲ့ရဖူးတာတွေလည်း ရှိခဲ့တာပေါ့ဗျာ…

….

ဟိုးငယ်ငယ်လေးကတည်းက အဖြစ်အပျက်တွေကတော့ သိပ်ပြီးတော့ မထူးခြားလှပါဘူး. ဆောင်းရာသီရောက်ရင် အိပ်လို့သိပ်ကောင်းတာပဲ မှတ်မှတ်ရရ ဖြစ်နေခဲ့တယ်လေ.

ကျွန်တော့်ဘ၀ကို ငါးတန်းလောက်က စပြီး ဖြတ်ပြောမယ်ဗျာ.

ကျွန်တော့်အဖေ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တာဝန်ကျနေခဲ့စဉ်အချိန်ကပေါ့. ဆောင်းရာသီရဲ့ မနက်ခင်းတွေမှာ အဖေက အားကစားလုပ်တတ်တယ်လေ. စစ်တွေမှာ ပွိုင့်ဆိုတဲ့ ကမ်းခြေလေး တစ်ခုရှိတယ်. Weekend တွေဆိုရင် ရခိုင်သူ၊ ရခိုင်သားတွေ အဲဒီ့ကမ်းခြေလေးဖက်ကို ပျော်ပွဲစားသွားတတ်ကြတယ်. ကျွန်တော်ရယ်၊ ကျွန်တော့်အစ်ကိုရယ်၊ ကျွန်တော့်အဖေရယ်ကတော့ အဲဒီ့ဖက်ကို လမ်းလျှောက်ထွက်ကြပါတယ်.

မနက်ခင်း ၅ နာရီလောက်မှာစပြီး အိမ်ကထွက်ပါတယ်. ပြေးလိုက်၊ မောရင် ရပ်လိုက်၊ လမ်းလျှောက်လိုက်နဲ့ ကျွန်တော်တို့ သုံးယောက် ပျော်ပျော်ပါးပါး အားကစားလုပ်ခဲ့ကြတာ ဆောင်းရာသီရဲ့ မနက်ခင်းတွေထဲက တစ်ခုပါပဲလေ.

ပွိုင့်ကမ်းခြေထိကိုတော့ မသွားခဲ့ပါဘူး. ရေတပ်စခန်းနဲ့ အကျဉ်းထောင်ကြီးကြားထဲက လမ်းဆုံမှာ နောက်ကြောင်း ပြန်လှည့်ခဲ့ကြပါတယ်. အိမ်နားကို ပြန်ရောက်တော့ မေယုလမ်းပေါ်က ကြာဇံကြော်ရောင်းတဲ့ ဆိုင်လေးမှာ ၀က်သားနဲ့ ကြာဇံကြော်ကို ရေနွေးပူပူလေးနဲ့ စားကြပါတယ်.

အဲဒီ့ဆိုင်လေးက အမှတ်တရလေးပါပဲ. အရှေ့မှာ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ သူငယ်ချင်းတွေ သွားကြည့်တတ်တဲ့ ဗွီဒီယိုရုံလေး တစ်ရုံလည်း ရှိရဲ့. အဲဒီ့ရုံလေးမှာ ကျွန်တော်နဲ့ ရွယ်တူ ရခိုင်ကောင်လေးတွေနဲ့ ထိုးကြိတ်ခဲ့ဖူးတာလည်း ရှိရဲ့. စာအုပ်အငှားဆိုင်လေးလည်း ရှိရဲ့.

လွမ်းစရာလေးတွေပါပဲလေ.

အိမ်ပြန်ရောက်တော့ အမေက မေးပါလေရော.

မင်းတို့တွေ ဘာစားခဲ့သလဲတဲ့. မင်းအဖေရော ဘာစားခဲ့လဲတဲ့..

ကျွန်တော်လည်း အမှန်အတိုင်းပဲ ပြောတာပေါ့.

ဝက်သားနဲ့ ကြာဇံကြော်လို့…

အဲဒီ့အခါကျရင် အမေတစ်ယောက် အဖေ့ကို ဗျစ်တောက်ဗျစ်တောက်နဲ့ ဆူပါတော့တယ်.

ဝက်သားနဲ့ ရှင့်ကျန်းမာရေး မတည့်ဘူးဆိုတာ မသိဘူးလား. ဒါကြောင့် မချက်ကျွေးတာကို အပြင်က ၀ယ်စားတယ်. ဘာဖြစ်တယ်. ညာဖြစ်တယ်ပေါ့.

အဖေကတော့ ရယ်ကျဲကျဲနဲ့ သတင်းစာဖတ်နေတတ်ပါတယ်.

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကြည်နူးစရာ အဖြစ်အပျက်လေးတွေ ရှိခဲ့ဖူးပါတယ်..

…..

ဒီဇင်ဘာရဲ့ ညနေခင်းတစ်ခုမှာ ကျွန်တော်နဲ့ အစ်ကို အ.ထ.က (၄) ကျောင်းက ပြန်လာခဲ့ကြပါတယ်.

အိမ်ကို ပြန်အရောက် လှေကားထစ်မှာ ဖိနပ်တွေ အများကြီးတွေ့ရပါတယ်.

အိမ်အပေါ်ကို လှမ်းကြည့်လိုက်တော့ တံခါးမကြီးတစ်ချပ်က ပိတ်လျက်သား.

ဘာများဖြစ်လို့ပါလဲ ဆိုတဲ့အတွေးတွေနဲ့ အိမ်ပေါ်ထပ်ကို လှမ်းကြည့်လိုက်တော့ ကျွန်တော်မတွေ့ဖူးတဲ့ လူကြီးတစ်ချို့နဲ့ အမေ စကားတွေ ပြောနေကြတာတွေ့ရပါတယ်.

အမေက ကျွန်တော့်တို့ ညီအစ်ကိုနှစ်ယောက်ကို မဆူဖို့ မျက်နှာရိပ်မျက်နှာကဲနဲ့ လှမ်းပြပါတယ်.

အပေါ်ရောက်တော့ အဖေအိပ်တဲ့အခန်းထဲမှာ အဖေ့ကို အိပ်လျက်သားတွေ့ရပါတယ်.

ဆရာဝန်က အဖေ့ကို သွေးပေါင်တွေတိုင်းနေတာ၊ မျက်လုံးကိုလှန်ပြီး ဓာတ်မီးအသေးလေးနဲ့ ထိုးကြည့်တာ၊ သူ့ရဲ့ နားကြပ်နဲ့ အဖေ့ရဲ့ ဒူးခေါင်းဆစ်တွေကို ခပ်ဆတ်ဆတ်လေး ရိုက်ကြည့်တာတွေ လုပ်နေတာ တွေ့ရပါတယ်.

ပြီးတော့ အမေ့ကို ပြောပါတယ်.

သတိလည်းပြန်မလည်လာသေးဘူး. ဒူးဆစ်တွေကလည်း တုံ့ပြန်မှု မရှိဘူး. ဆေးရုံတင်တာ အကောင်းဆုံးပဲတဲ့..

အမေလည်း ပစ္စည်းတွေသိမ်း၊ အဖေ့ရဲ့ တပည့်တွေကို ကားထုတ်ခိုင်း၊ ဆေးရုံကို ဖုန်းဆက်ခိုင်းနဲ့ အလုပ်တွေများသွားပါတော့တယ်.

ကျွန်တော်သာ အဲဒီ့တုန်းက အရွယ်ရောက်ခဲ့ရင် အမေ့ကို ကူညီနိုင်ခဲ့မှာနော်…

အစ်မနှစ်ယောက်လုံးကလည်း ရန်ကုန်မှာ ကျောင်းနဲ့ သင်တန်းတွေနဲ့ အဖေနေမကောင်းတာတောင် မသိခဲ့ကြသေးဘူး.

အမေတစ်ယောက် ဘယ်လောက်များ စိတ်ဒုက္ခတွေ ခံစားခဲ့ရမလဲလို့ ကျွန်တော်ခုမှ ပြန်ပြီး ကိုယ်ချင်းစာမိခဲ့တယ်.

အဲလို မဖြစ်ခဲ့ခင်တုန်းက အဖေက အမေ့ကို သူ့ရဲ့ ယူနီဖောင်းတစ်စုံကို သေချာ ချုပ်ခိုင်းနေခဲ့တာ ကျွန်တော်မှတ်မိနေသေးတယ်.

ဒီကုတ်အင်္ကျီက လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ၀တ်ရမှာ. အဲဒါ. ဒီနေရာမှာ အပွင့်လေးတွေကို ဒီလိုတပ်နဲ့ အဖေက အမေ့ကို မှာနေခဲ့တာပေါ့.

အမေလည်း နေ့တွင်းချင်းပဲ ချုပ်ပေးခဲ့ပါတယ်. အဲဒီ့အင်္ကျီကို မကြေအောင် မီးပူတိုက်လို့ နံရံမှာ ချိတ်နဲ့ ချိတ်ထားသေးတယ်. အရမ်းကို ခန့်ညားလွန်းလို့ ကျွန်တော်တောင် ခဏခဏ သွားကိုင်ကြည့်မိသေးတယ်.

အမေကတော့ ကျွန်တော်အဲလိုသွားကိုင်ကြည့်တိုင်း “ဟဲ့. ကြေကုန်မယ်.” ဆိုပြီး ဆူတာဗျ.

ကျွန်တော်ကလည်း ကျွန်တော်ပဲလေ. အမေလစ်တာနဲ့ သွားသွားကိုင်ကြည့်တာ.

….

ဇန်န၀ါရီ (၂) ရက်နေ့မှာ နှင်းတွေ အရမ်းကို ကျနေခဲ့ပါတယ်.

အဲဒီ့နေ့မှာ ကျွန်တော့်ဖေဖေ ကွယ်လွန်ခဲ့ပါတယ်.

အဖြစ်အပျက်အသေးစိတ်တွေက ကျွန်တော့်ရဲ့ မျက်ဝန်းအိမ်ထဲမှာ၊ ဟောဒီ့ရင်ဘတ်ထဲမှာ ဓာတ်ပုံတဖျပ်ဖျပ် ရိုက်ထားသလို စွဲကျန်ထင်ဟပ်နေဆဲပါပဲ.

ကျန်တာတွေ ကျွန်တော်ရေးမပြချင်ပေမယ့် တစ်ခုတော့ ကျွန်တော်ပြောနိုင်ပါတယ်.

အဲဒီ့နေ့က ဘယ်သူမှ သတိမထားမိကြတဲ့ အဖေ့ရဲ့ ကုတ်အကျီင်္နားမှာ ကျွန်တော့်မျက်နှာကို အပ်ထားမိခဲ့တယ် ဆိုတာပါပဲ….

အဖေ့ရဲ့ ကုတ်အင်္ကျီ အိတ်ကပ်ထဲကို စီးဆင်းကျသွားတဲ့ ကျွန်တော့်ရဲ့ မျက်ရည်တွေထဲမှာ အဖေမျှော်လင့်ခဲ့တဲ့ သားကောင်းရတနာ တစ်ယောက်ဖြစ်အောင် ကျွန်တော်ကြိုးစားပါမယ်ဆိုတဲ့ ကတိက၀တ်စကားတွေလည်း ပေါင်းစပ်မျောဝင်နေခဲ့တယ်..

နှင်းမြူတွေမစဲတဲ့ ဆောင်းရာသီရဲ့ မနက်ခင်းတစ်ခုမှာ အဖေ့ကို ကျွန်တော်ပြန်မလာနိုင်တော့တဲ့ တစ်နေရာမှာ အပြီးအပိုင်ထားရစ်ခဲ့လို့ သဘောင်္ကြီးနဲ့ ရန်ကုန်ကို ပြောင်းလာခဲ့ကြပါတော့တယ်.

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကြေကွဲလွမ်းမောစရာတွေနဲ့ ပြည့်လျှမ်းခဲ့ဖူးပါတယ်….

….

မိသားစုတစ်ခု အယိုင်ယိုင်အလဲလဲနဲ့ နေရာအနှံ့မှာ အဆင်ပြေအောင်နေခဲ့ရတဲ့ အချိန်ကာလတွေမှာ ဆောင်းရာသီဟာ ကုန်လွယ်လွန်းခဲ့ပါတယ်. ကျွန်တော်မှတ်မိနေခဲ့တာကတော့ ဆောင်းရာသီရဲ့ ညချမ်းတွေမှာ ပဲနွယ်ကုန်းမြို့လေးရဲ့ လမ်းဆုံထိပ်က မုန့်လေပွေရောင်းတဲ့ဆိုင်မှာ ကျွန်တော် ခဏခဏ မုန့်ဝယ်စားဖြစ်ခဲ့တာပါပဲ.

မုန့်လေပွေကို မီးဖိုပေါ် ညှပ်နှစ်ခုနဲ့ ကျင်လည်စွာ ကင်နေတဲ့ အမေအိုကြီးရဲ့ ဇရာထောင်းနေတဲ့ အသွင်အပြင်ကို ကြည့်ပြီးတော့ ခုနစ်တန်းကျောင်းသား ကျွန်တော်တစ်ယောက် ကြိမ်းဝါးခဲ့ဖူးပါသေးတယ်.

ငါ့အမေ ဘယ်တော့မှ မဆင်းရဲစေရဘူး… လို့….

ပဲနွယ်ကုန်းမြို့လေးက သိပ်ကို အေးချမ်းပါတယ်. အရင်တုန်းကတော့ ရောင်စုံတော်လှန်ရေးသမားတွေနဲ့ ခြေရှုပ်ခဲ့တဲ့နေရာ၊ သေနတ်သံတွေ ခဏခဏကြားရတတ်တဲ့နေရာလို့ အမေက ပြောပြခဲ့ဖူးပါတယ်. ကျွန်တော်တို့ မိသားစု ခေတ္တနားခိုခဲ့တဲ့ အချိန်ကတော့ အေးချမ်းတည်ငြိမ်နေခဲ့ပါတယ်.

ပဲနွယ်ကုန်းဘူတာရုံကြီးနားမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်နားမှာ ကျွန်တော်တစ်ယောက် နံပြားထောပတ်သုတ် ခဏခဏသွားစားခဲ့ဖူးပါတယ်.

မီးရထားသံလမ်းကြီးကို ကူးလိုက်ရင် ဟိုဖက်ခြမ်းမှာ ကြံတွေတင်ထားတဲ့ ရထားတွဲကြီးတွေ ရှိတတ်ပါတယ်. ကျွန်တော်တို့ သူငယ်ချင်းတွေ ကြံချောင်းတွေ သွားဆွဲချပြီး ဒူးခေါင်းပေါ်မှာ ကြံချောင်းတွေကို တင်ပြီး ချိုးစားကြတာကလည်း စာရိတ္တပိုင်းအရ မကောင်းခဲ့ပေမယ့် တကယ်ကို ရင်ခုန်ပျော်ရွှင်စရာ ကောင်းခဲ့တာကိုတော့ ကလေးဘ၀ကနေ ကြီးပြင်းလာခဲ့တဲ့ လူကြီးတိုင်း ကိုယ်ချင်းစာမိတတ်ကြမယ် ထင်ပါတယ်လေ…

အေးစိမ့်စိမ့်နံနက်ခင်းတွေမှာ ကျောင်းဖက်ကို စက်ဘီးနဲ့ သွားရတာကလည်း ခံစားချက်တစ်မျိုးပါပဲ. ကျောင်းဘေးနားက လယ်ကွင်းစိမ်းစိမ်းကြီးတွေထဲမှာ လက်နှစ်ဖက် ဆန့်တန်းထားတဲ့ စာခြောက်ရုပ်ကြီးတွေ၊ ကျေးငှက်ကလေးတွေ ပျံသန်းနေတာတွေ၊ မြို့ပေါ်ကို တက်ပြီး ဈေးလာရောင်းကြတဲ့ နွားလှည်းကြီးတွေ၊ ကျောင်းဘေးနားက သံလမ်းပေါ်ကနေ ခုတ်မောင်းသွားတဲ့ မီးသွေးတင်တဲ့ ရထားကြီးတွေနဲ့ ကျွန်တော့်ဘ၀ရဲ့ အမှတ်တရနေ့စွဲများကို ဖန်တီးပေးခဲ့တာလည်း ဆောင်းရာသီရဲ့ မနက်ခင်းတွေထဲက တစ်ခုပဲပေါ့…

….

နေရာအနှံ့ပြောင်းရွှေ့ခဲ့ကြတဲ့ ကျွန်တော်တို့ မိသားစုအတွက် ပြောင်းလဲခြင်းတွေကို စတင်ယူဆောင်ပေးလာနိုင်ခဲ့တဲ့ ရောင်ခြည်တန်းတွေကို မိတ္ထီလာမြို့မှာ ကျွန်တော်စတင်တွေ့ရှိခဲ့ပါတယ်.

ဆွေမျိုးတွေအားကိုးနဲ့ မိတ္ထီလာမြို့ကို ပြောင်းရွှေ့ခဲ့တဲ့ အမေ့ရဲ့ ဆုံးဖြတ်ချက် မှန်လည်းမှန်ခဲ့ပါတယ်. မှားလည်းမှားခဲ့ပါတယ်.

မှားခဲ့တာကတော့ ဆွေမျိုးတွေက ကျွန်တော်တို့ မိသားစုကို အဖက်မလုပ်တာပါပဲ.

မှန်ခဲ့တာကတော့ အဲလိုမျိုး ဆွေမျိုးတွေရဲ့ အထင်သေးခြင်းကို ခံခဲ့ရလို့ ကျွန်တော့်ရဲ့ ဘ၀နာကျည်းချက် အထွတ်အထိပ်ကို ရောက်ခဲ့ပြီး အောင်စိတ်ပိုမိုမြင့်မားလာခဲ့တာပါပဲ.

အမေ့အတွက် ကျူရှင်စရိတ်တွေ မကုန်အောင် လိုအပ်တဲ့ဘာသာရပ်တွေလောက်ပဲ ယူပြီး ကျွန်တော် အားစိုက်ကြိုးစားခဲ့ပါတယ်.

ဆယ်တန်းအောင်ပြီး နောက်တစ်နှစ်မှာ ဆုပေးပွဲလုပ်ပါတယ်.

အဲဒီ့အချိန်မှာ ကျွန်တော်ရယ်၊ အမေရယ်၊ အစ်မရယ်ကတော့ မန္တလေးမြို့မှာ ရောက်နေခဲ့ပြန်ပြီပေါ့…

ဒီဇင်ဘာ (၈) ရက် နေ့မနက်ခင်းမှာ ကျွန်တော်သိပ်ချစ်တဲ့၊ သိပ်ပြီးတော့ ထက်မြက်တဲ့ ကျွန်တော့်တူမလေးကို မွေးဖွားခဲ့ပါတယ်.

အဲဒီ့နေ့မှာပဲ မိတ္ထီလာမြို့ရဲ့ အထက်တန်းကျောင်းလေး တစ်ကျောင်းမှာ ကျွန်တော်တစ်ယောက် အမှတ်အများဆုံး ဂုဏ်ထူးရှင်ဆုကို ရယူလို့ အမေရှိတဲ့ မန္တလေးမြို့ကို ဂုဏ်ယူစွာနဲ့ ပြန်လာခဲ့ပါတယ်.

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကျေနပ်အားရစရာ၊ ဂုဏ်ယူဝံ့ကြွားစရာတွေနဲ့ ကြည်လင်အေးမြခဲ့ဖူးပါတယ်…

….

မန္တလေးမြို့ရဲ့ ဆောင်းရာသီကတော့ မှတ်မှတ်ရရလေးတွေချည်းပါပဲလေ.

ကျောင်းတွေပိတ်သွားတော့ ကျွန်တော်တစ်ယောက် အမျိုးသားစာကြည့်တိုက်ကြီးမှာ တစ်ပတ် (၅) ရက်စာသွားဖတ်ခဲ့ပါတယ်. ကျွန်တော့်ရဲ့ ယုံကြည်ချက်တွေကို ပိုမိုခိုင်မာမြင့်မားလာအောင် စနစ်တကျ လေ့ကျင့်တည်ဆောက်ခဲ့ပါတယ်.

ညနေခင်းတွေမှာတော့ ၂၆ ဘီလမ်းတလျှောက် စက်ဘီးလေးစီးလို့ နန်းရှေ့က လင်းရောင်ခြည်စာကြည့်တိုက်မှာ လုပ်အားပေးလုပ်ရင်း ကျွန်တော့်ရဲ့ ရှက်တတ်ကြောက်တတ်တဲ့ စိတ်ဓာတ်ကို ကြိုးစားဖျောက်ဖျက်ခဲ့ပါတယ်.

ည (၉) နာရီဆိုရင် ဟောင်ကောင်စတိုး ပိတ်ပြီလေ. အဲဒီ့စတိုးဆိုင်က အရောင်းမိန်းကလေးတွေထဲက တစ်ယောက်က အရမ်းကို လှတယ်ဗျ. သူ့ကို ၀ိုင်းလိုက်တဲ့သူတွေက မနည်းဘူး.

စာကြည့်တိုက်ပိတ်ချိန်ရောက်ရင် …..

လမ်းကြောင်းတွေလွဲသွားပြီဗျာ. ဆောရီး… နောက်မှပဲ.

(ဟတ်ဟတ်)



ဝမ်းနည်းကြေကွဲခဲ့ရတဲ့ အချိန်တွေ လွန်မြောက်ခဲ့ပြီလို့ ကျွန်တော်ကိုယ်တိုင်လည်း မှတ်ယူခဲ့ပါတယ်.

ဂျပန်နိုင်ငံကို ပညာတော်သင်အဖြစ် သွားရရေးက ကျွန်တော့်ဘ၀ရဲ့ အိပ်မက်တစ်ခုပါပဲ.

နွေ၊မိုး၊ဆောင်း. ဘယ်လိုပဲ ပြောင်းပြောင်း ကျွန်တော် ဂျပန်စာကို အာရုံစူးစိုက်ပြီး သင်ခဲ့ပါတယ်. ကျောင်းတော်ကြီးကို ၃ နှစ် ၃ မိုးထိ ပိတ်ခဲ့တာတောင်မှ တစ်ခြားဘာမှမလုပ်ဘဲ ဂျပန်စာကိုသာ အာရုံစိုက်ပြီး သင်ယူခဲ့တာပါ.

ကျောင်းတွေ ပြန်ဖွင့်တော့ ကျွန်တော်တစ်ယောက် မျှော်လင့်ချက်တွေ အပြည့်နဲ့ပေါ့. Roll No. အရရော၊ ဂျပန်စာ တတ်ကျွမ်းမှုအရရော ကျွန်တော့်မှာ အင်အား ပြည့်ဝနေခဲ့ပါတယ်.

ဒါပေမယ့် သတင်းဆိုးတစ်ခုက ကျွန်တော့်ကို ယိုင်လဲသွားစေခဲ့ပါတယ်.

ဂျပန် ပညာတော်သင်ဆု မပေးတော့ဘူးတဲ့. စစ်အစိုးရက စစ်အင်ဂျင်နီယာကျောင်းက စစ်ဗိုလ်တွေကို စက်မှုတက္ကသိုလ်ကျောင်းသားတွေ ပုံစံလုပ်ပြီး ထည့်ပေးနေတာကို ဂျပန်အစိုးရက သိသွားလို့တဲ့…

အဲဒီ့သတင်းမှန်သလား မှားသလားတော့ ကျွန်တော်မသိခဲ့ပါ. ဒါပေမယ့် ဂျပန်ပညာတော်သင်ဆု တကယ်မရှိတော့တာကိုတော့ ကျွန်တော်သိရှိခဲ့လိုက်ရပါတယ်.

ဘယ်လိုပြောရမလဲဗျာ.

သိပ်ပြီးတော့ မျှော်လင့်နေခဲ့တဲ့ အရာတစ်ခု ပျောက်ဆုံးပျက်စီးသွားတာကို မျက်ဝါးထင်ထင်တွေ့မြင်လိုက်ရတဲ့ နုနယ်ငယ်ရွယ်သေးတဲ့ နှလုံးသားတစ်ခုအတွက် ၀န်နဲ့အားမမျှခဲ့တဲ့ ခံစားချက်တစ်ခုမျိုး ဖြစ်ခဲ့ပါတယ်.

အဲဒီ့တုန်းက မန္တလေး ကျုံးကြီးဘေးနားမှာ ကျွန်တော်သွားထိုင်ခဲ့ပြီး ငြိမ်သက်နေတဲ့ ကျုံးရေပြင်ကျယ်ကြီးကို အကြာကြီး စိုက်ကြည့်လို့ ဗလောင်ဆူနေတဲ့ အတ္တတွေနဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့ဖူးပါတယ်…

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ၀မ်းနည်းကြေကွဲစရာတွေကို တစ်ကြိမ်မက ခံစားကြုံတွေ့ခဲ့ရဖူးပါတယ်…

…..

ဂျပန်စာအုပ်တွေကို သေတ္တာထဲ သော့ခတ်သိမ်းဆည်းလို့ အရာရာကို အသစ်က ပြန်စမယ်ဆိုတဲ့ ယုံကြည်ချက်အသစ်တွေနဲ့ ကျွန်တော် ရန်ကုန်မြို့ကို အပြီး ပြောင်းလာခဲ့ပါတော့တယ်.

ရန်ကုန်ကိုရောက်ပြီး မကြာခင်မှာပဲ နိုင်ငံခြားထွက်ခွင့်ရရေးအတွက် ကျွန်တော် အစွမ်းကုန်လေ့လာ ကြိုးစားခဲ့ပါတယ်.

သူငယ်ချင်းတွေ စင်ကာပူကို သွားလို့ အခြေတောင် ကျတော့မယ့် အချိန်မှာ ကျွန်တော်ကတော့ ကျွန်တော်ချမှတ်ထားတဲ့ ပန်းတိုင်အတွက် မှန်မှန်လေး ချီတက်နေခဲ့တုန်းပါပဲ.

အင်မတန်မှကိုပဲ ခက်ခဲခဲ့ပါတယ်. ကျွန်တော့်စိတ်ဓာတ်တွေ ပွန်းပဲ့လို့ နှလုံးသားမှာလည်း ဒဏ်ရာတွေ စွန်းထင်းခဲ့ပါတယ်. နောက်ဆုံး အမေကတောင် ကျွန်တော့်ရဲ့ လုပ်ရပ်တွေကို မယုံကြည်တော့သလို ဖြစ်လာခဲ့ပါတော့တယ်.

ကျွန်တော်တစ်ခုပဲ ပြောခဲ့ပါတယ်.

ဒီတစ်နှစ် ကျွန်တော်ဆက်ပြီး ကြိုးစားကြည့်ချင်သေးတယ် လို့လေ..

ကျွန်တော် လိုချင်တာကို ထိုက်တန်စွာ ရယူနိုင်ခဲ့ပါတယ်.

ဖေဖော်ဝါရီ မနက်ခင်းတစ်ခုမှာ ကျွန်တော့်ဆီကို ရောက်လာခဲ့တဲ့ DHL စာအိတ်ဝါကြီးထဲမှာ ကျွန်တော့်ဘ၀ကို ပြောင်းလဲပေးမယ့် စာတစ်စောင် ပါလာခဲ့ပါတော့တယ်.

အဲဒီ့စာကို ဖွင့်ဖတ်လို့ အမေ့မျက်ဝန်းတွေထဲကို စိုက်ကြည့်ရင်း ကျွန်တော်ပြောခဲ့တာကတော့

သား. စကောလားရှစ် ရပြီ အမေ…

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ကျေနပ်အားရစရာ၊ ဂုဏ်ယူဝံ့ကြွားစရာတွေကို တစ်ကြိမ်မက ခံစားတွေ့ကြုံခဲ့ရဖူးပါတယ်…

….

ဗီဇာကို နှစ်ကြိမ်တိတိ ခက်ခဲစွာ ဖြေဆိုအောင်မြင်ပြီး ဒီကိုရောက်လာတော့ ကျွန်တော်လေ့လာမှတ်သားခဲ့ရဖူးတဲ့ ဘ၀အတွေ့အကြုံ သင်ခန်းစာတွေကို လက်တွေ့ အသုံးချရပါတော့တယ်.

အောင်မြင်တာတွေနဲ့ ကြုံကြိုက်ခဲ့ရဖူးသလို ရှုံးနိမ့်စိတ်အားငယ်စရာတွေကလည်း ဒုနဲ့ဒေးပါပဲလေ.

၂၀၀၆ ရဲ့ တစ်ခုသော ဒီဇင်ဘာညနေခင်းမှာ နှင်းတွေမကျခဲ့ပေမယ့် အေးစိမ့်နေခဲ့ပါတယ်.

အဲဒီ့အချိန်မှာ ကျွန်တော် မြတ်နိုးတွယ်တာခဲ့ရတဲ့ မိန်းကလေးတစ်ယောက်နဲ့ လမ်းခွဲပြတ်စဲခဲ့ကြပါတယ်…

Amtrak ရထားကြီးပေါ်မှာ သူမဆီက လာမယ့် msg လေးကို မျှော်လို့၊ ဖုန်းလေးကို လက်ထဲမှာ အသင့်ဖွင့်ထားလို့၊ ဘူတာရုံမှာ သူမများ ရုတ်တရက်ပေါ်လာမလားလို့ ဆိုတဲ့အတွေးတွေနဲ့ ကျွန်တော်မိန်းမောတွေဝေနေခဲ့ချိန်မှာတော့ ကျွန်တော့်ရဲ့ ရထားပြတင်းဝမှာ နှင်းတွေ ကျနေခဲ့တယ်ဗျာ….

ဆောင်းရာသီကျောင်းတစ်လ ပိတ်တုန်းက ပင်ပင်ပန်းပန်း အဆူအဆဲခံလို့ ရှာဖွေထားခဲ့ရတဲ့ တစ်လစာ လုပ်အားခကို ကျောပိုးအိတ်ထဲမှာ ကျစ်လျစ်စွာ ပွေ့ပိုက်သိမ်းဆည်းလို့ ကျောင်းတော်ကြီးဆီ ပြန်လာခဲ့ရတဲ့ ကျွန်တော့်ရဲ့ ရင်ဘတ်ထဲမှာ

အလွမ်းတွေ…. နောင်တတွေ… ခံစားချက်တွေ… အထီးကျန်ဆန်မှုတွေ… ခံပြင်းစိတ်တွေ… အို….ဝေဒနာတွေနဲ့ပေါ့ဗျာ…

ကျွန်တော့်ဘ၀ရဲ့ ဆောင်းရာသီမနက်ခင်းတွေမှာ ၀မ်းနည်းကြေကွဲစရာတွေကို တစ်ကြိမ်မက အကြိမ်ပေါင်းများစွာ ခံစားကြုံတွေ့ခဲ့ရဖူးပါတယ်…



ကျွန်တော်ဟာ ရေတွင်းတူးရင် ရေထွက်အောင်တူးတတ်တဲ့သူပါ.

ဒါပေမယ့် သတင်းအချက်အလက်တွေအရ ဒီတွင်းအောက်ခြေမှာ ရေမရှိဘူးဆိုတာ သေချာရင်လည်း ဘယ်လောက်ပဲ ပင်ပန်းခဲ့ပါစေ. နောက်ထပ်တွင်းတစ်တွင်းကို ပြောင်းတူးဖို့အတွက် ၀န်မလေးပါဘူး..

ဂျပန်ပညာတော်သင်ဆုအတွက် မျှော်လင့်ချက်မရှိတော့တဲ့နောက် ဂျပန်စာအုပ်တွေကအစ မျက်စိရှေ့က ဖျောက်ဖျက်ပစ်လို့ ကျွန်တော့်ရဲ့ အခြေအနေအရ မဖြစ်နိုင်ဘူးလို့ ထင်ခဲ့တဲ့ ဒီနေရာကို ရောက်အောင် အင်အားအပြည့်အ၀ စိုက်ထည့်ခဲ့ဖူးပါတယ်.

အဲဒီလို ခပ်ဆင်ဆင် ဖြစ်ရပ်မျိုးတွေနဲ့ ကျွန်တော့်ဘ၀မှာ အကြိမ်များစွာ တွေ့ကြုံခဲ့ရဖူးပါတယ်. ခုလည်း ကျွန်တော့်အတွက် တက်လမ်း မရှိတော့တဲ့ ကျောင်းတော်ကြီးကို စွန့်ပစ်လို့ ကူညီဖေးမမယ့်သူ မရှိတဲ့ ဟောဒီ့မြို့တော်ကြီးရဲ့ အလယ်မှာ ရေတွင်းသစ်တစ်ခုကို ကျွန်တော်ပြန်လည်စတင် တူးဖောက်နေခဲ့ပါပြီ…

ဒီဇင်ဘာရဲ့ အေးမြတဲ့ မနက်ခင်းလေးတစ်ခုမှာ ဟောဒီ့ပို့စ်လေးကို ကျွန်တော်ရေးသားနေခဲ့ပါတယ်.

ဒီဆောင်းရဲ့ မနက်ခင်းဟာ
ကြေကွဲစရာလား
နာကျည်းစရာလား
ဝမ်းမြောက်စရာလား
အားရစရာလား..

ဒါကိုတော့ ကျွန်တော်အသေအချာ မသိနိုင်ခဲ့သေးပါဘူး…

တစ်ကြိမ်မက ခံစားတွေ့ကြုံခဲ့ရဖူးတဲ့ ခံစားချက်တွေကို ပြန်လည်တွေ့ကြုံခံစားရဖို့ မတုန်လှုပ်တတ်တာကလည်း ကျွန်တော့်ရဲ့ ညာဉ်တစ်ခုလို ဖြစ်နေခဲ့ပါပြီ…

ဒီဆောင်းမှာ ခံစားချက်တစ်ခုခုကိုတော့ ကျွန်တော်တွေ့ရှိပါဦးမယ်….

အဲဒါဘာလဲဆိုတာကိုတော့ ကျွန်တော်မခံစားနိုင်သေးဘူး…

သေချာတာကတော့

ကျွန်တော့်ရဲ့ ဆောင်းရာသီမှာ ယုံကြည်ချက်သစ်ပင်တွေ မြင့်မားခိုင်မာနေဆဲပဲ….



အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်


Friday, December 28, 2007

ကျွန်တော့်ရဲ့ တစ်နေ့တာ


ဘလော့ဂါညီမငယ်လေး မနှင်းသဇင် က ကျွန်တော့်ရဲ့ တစ်နေ့တာ အကြောင်းရေးပေးဖို့ Tag ထားတာကို စပြီး ရေးပေးပါမယ်.

ကျွန်တော့်ရဲ့ တစ်နေ့တာလား…

အင်း… ဘယ်ကစပြောရမလဲဆိုတော့. ထတာကပဲ စပြောရမယ်.

ဩော်. ပြီးတော့ Weekdays နဲ့ Weekend ကိုလည်း ခွဲပြောရဦးမယ်..

ကျွန်တော့်အလုပ်က ၇ နာရီခွဲအရောက်သွားရပါတယ်. (မနက်ဆိုတာတော့ ထည့်ပြောဖို့ လိုမယ်မထင်တော့ပါဘူး.)

ဒါကြောင့် မနက် ၆ နာရီမှာ အိပ်ယာထပါတယ်.

အမှန်အတိုင်းပြောရရင်တော့ ၆ နာရီ ၁၀ မိနစ်လောက်နေမှ အိပ်ယာထပါတယ်. ၁၀ မိနစ် ပြန်နှပ်ခြင်းပါ. ဟတ်ဟတ်

ထတာနဲ့ လှေကားပေါ်က ဆင်းပါတယ်.

တကယ်ပြောတာ မနောက်ဘူး. ကျွန်တော်က နှစ်ထပ်ကုတင်နဲ့ အိပ်တာဆိုတော့ အောက်ကိုဆင်းဖို့ လှေကားကို သုံးရတယ်.

အိပ်ချင်မူးတူးနဲ့ ပြုတ်မကျအောင် သတိထားပြီးတော့ သေချာကိုင်ပြီးတော့ ဆင်းရပါတယ်. ဆောင်းတွင်းဆို ပိုဆိုးတယ်. ခြေအိတ်ဝတ်ထားတော့ ချော်ပြီး သွားပြုတ်ရင် ဒုက္ခ. ဒီမှာက သွားစိုက်တာလောက် ဈေးကြီးတာ သွားစိုက်တာပဲ ရှိတယ်.

ကဲ. ပြီးတော့ သွားတိုက်မျက်နှာသစ်ပေါ့ဗျာ.

ရေလည်း ချိုးပါတယ်. ရေနွေးစပ်ချိုးတာပေါ့. ကျွန်တော်က ရေချိုးရင် ချက်ချင်း ရေပန်းအောက်မ၀င်သေးဘူး.

အရင်တုန်းကတော့ ၀င်ခဲ့ဖူးတယ်. ရေပန်းလည်းဖွင့်လိုက်ရော အေးစက်ချင်အေးစက်၊ ဒါမှမဟုတ် အရင်လူကဖွင့်ထားခဲ့လို့ ပူနေရင်ပူနဲ့ တော်တော်လေး ခံစားလိုက်ရတယ်.

နောက်ပိုင်းအတွေ့အကြုံက စကားပြောလာတာပေါ့ဗျာ. ရေပန်းကို အရင်ဖွင့်ပြီးတော့ မ၀င်သေးဘဲ ခပ်လှမ်းလှမ်းကနေ လက်ထည့်ကြည့်တယ်. အပူအအေးကို အရင်စိတ်ကြိုက်စပ်တယ်.

ပြီးတော့မှ ဟဲဟဲ… ချိုးတော်မူခန်းကြီး စတင်သပေါ့ဗျာ…

ဘယ်လိုချိုးလဲ ဆိုတာထိတော့ မရေးပါရစေနဲ့နော်. (ရေးတော့ရေးချင်သားလား. ဟားဟား)

Next, အ၀တ်အစားလဲ၊ ခေါင်းကို ဆီလူး၊ ခေါင်းဖီးပြီးတော့ နောက်မှီပါတဲ့ ထိုင်ခုံကြီးပေါ်မှာ ခဏ အကြောဆန့်ပါတယ်. ၅ မိနစ်လောက်ပေါ့. တစ်နေ့တာအတွက် အင်အားတွေကို ပြန်လည်စုစည်းပြီးနောက် ၆ နာရီ ၄၀ လောက်မှ အခန်းကို သော့ခတ်ပြီး အလုပ်ကို ထွက်လာခဲ့ပါတော့တယ် ခင်ဗျား…

အလုပ်ကို ၇ ခွဲရောက်တာနဲ့ တစ်နေ့တာ အလုပ်တွေကို တရစပ်လုပ်ရတော့တာပါပဲ.

အလုပ်မှာတော့ ဖုန်းကိုပါ ပိတ်ထားတယ်. အပြင်ကို ထွက်ဖြစ်မှပဲ ဟိုခေါ်သည်ခေါ်လေး လုပ်ရတာပေါ့.

….

ညနေ ၇ နာရီမှာ အလုပ်ပြီးပါတယ်. ရထားဂိတ်ကို အရောက် သုတ်ခြေတင်ပြီးတော့ ရထားပေါ်မှာ ငိုက်ပြီးတော့ ပါလာခဲ့ပါတော့တယ်.

အိမ်ကို ၈ နာရီမထိုးခင် ၁၀ မိနစ်လောက်မှာ ရောက်ပါတယ်. ရောက်တာနဲ့ ဖိနပ်တောင်မချွတ်သေးဘဲ ထမင်းအိုးအရင်တည်ပါတယ်.

ပြီးတော့ Laundry လုပ်စရာရှိရင်လည်း စက်ထဲကို ပစ်ထည့်၊ မရှိရင်လည်း ရေချိုးပါတယ်. ၀ိတ်လည်း တစ်ပါတည်း လျှော့ပါတယ်. (အကုန်ပါတယ်နော်. အဲလိုကိုရေးတာ. ဟွန်းဟွန်း..)

တနလာင်္နဲ့ ကြာသပတေးညတွေမှာ ဆိုရင်တော့ အိမ်မှာရှိတဲ့ အမှိုက်တွေကို လမ်းမဖက်ကို ထုတ်ပါတယ်..

ရေချိုးပြီးတော့ အင်တာနက်နဲ့ စတင်တွေ့ဆုံပါတော့တယ်. စိတ်ပါရင် TV ဇာတ်လမ်းတွဲတွေကို ထမင်းစားရင်း ကြည့်တတ်ပေမယ့် စိတ်မပါရင်တော့ အွန်လိုင်းပေါ်မှာ သီချင်းတွေနားထောင်လိုက်၊ စာတိုပေစလေးတွေကို ဟိုဖတ်သည်ဖတ် ဖတ်လိုက်၊ ဘလော့ဂ်ကို ၀င်ကြည့်လိုက်၊ Gtalk မှာ ၀င်ချက်လိုက်နဲ့ပါပဲ.

စိတ်ပျက်နေတဲ့ အချိန်မျိုးတွေ ရှိခဲ့ရင်တော့ ဘာမှကို မလုပ်ဘဲ အခန်းထောင့်လေးမှာ ထိုင်ပြီးတော့ ရှေ့က ကြမ်းပြင်ကို ငုံ့ကြည့်နေတတ်ပါတယ်.

အဲလိုအချိန်မျိုးမှာ ကျွန်တော့်ရဲ့ ကဗျာဝိညာဉ်တွေ နိုးထနေတတ်ပါတယ်.

ဩော်. ကျန်ပါသေးတယ်.

ကျွန်တော့်မှာ လျှပ်စစ်ဂစ်တာ တစ်လုံးလည်း ရှိပါတယ်. ကျွန်တော့်ရဲ့ အောင်မြင်မှုတစ်ခု အတွက် ကျွန်တော်ကိုယ်တိုင် မကြာသေးခင်ကမှ ကိုယ့်ကိုယ်ကို ဂုဏ်ပြုထားတာပါ. Amplifier ရော ဂစ်တာပါ အပါအ၀င်ကို ပိုက်ဆံ တော်တော်များများ ပစ်ပေးပြီး တစ်သက်စာ အမှတ်တရ ၀ယ်ထားတာပါ.

အဲဒီ့ဂစ်တာလေးကို ကျွန်တော်ကောင်းကောင်း ကမြင်းတတ်ပါသေးတယ်.

ညဖက်ဆိုရင် ၁၂ နာရီလောက်ထိ နေတတ်ပါတယ်. သိပ်ပင်ပန်းတဲ့ ညတွေမှာဆိုရင်တော့ ၁၁ နာရီလောက်ထိပဲ နေပါတယ်.

မအိပ်ခင်မှာ သွားတိုက်၊ မျက်နှာသစ်၊ ဘုရားဝတ်ပြု၊ အမျှဝေလို့ အိပ်ယာထက်ကို လှေကားနဲ့ ထောင်တက်ပါတော့တယ် ခင်ဗျား…

အဲဒါက Weekdays တွေရဲ့ Schedule ပါ.

Weekend မှာတော့ ဈေးဝယ်ထွက်တတ်ပါတယ်. တစ်ပတ်စာ ဟင်းတွေ ချက်ပါတယ်. အ၀တ်တွေလျှော်၊ အိမ်ရှင်းနဲ့ ကျွန်တော့်ရဲ့ Weekend တွေဟာ အလုပ်ရှုပ်တဲ့ Weekend တွေချည်း ဖြစ်နေတတ်ပါတယ်.

ဒီကြားထဲ ကျွန်တော် ဘလော့ဂ်တွေ အများကြီးလည်း ဒိုင်ခံရေးတတ်ပါသေးတယ်. ဟိုတလောတုန်းကတော့ သိပ်ပြီး စိတ်မပါလို့ ဘာမှ မရေးဘဲ ပစ်ထားခဲ့ပါတယ်. ပုံမှန်ဆိုရင်တော့ ဘလော့ဂ်တွေကို လိုက်ပြီး maintain လုပ်နေတာ၊ စာရေးတာတွေနဲ့ ကျွန်တော်ပျော်မွေ့နေတတ်ပါတယ်.

ကျွန်တော်ပြောလို့ရသလောက် ကျွန်တော့်အကြောင်းတွေပါပဲဗျာ.

မရတာတွေလည်း ရှိတာပေါ့. အဲဒါလေးတွေကိုတော့ ခွင့်လွှတ်နားလည်ပေးကြပါနော်.

ကဲ. ကျွန်တော့်ရဲ့ တစ်နေ့တာ ကျင်လည်မှု ဘ၀ဖြစ်စဉ်ကတော့ ဒါပါပဲ ခင်ဗျာ…


အားလုံးကို ခင်မင်လေးစားလျက်

ရန်အောင်

ဒီဇင်ဘာ (၃၁) ရက်မှတ်တမ်းများ


ဩော်… နှစ်ဟောင်းကုန်လို့ နှစ်သစ်ကို မကြာမတင်မှာပဲ ကူးပြောင်းရောက်ရှိတော့မှာပါလား..

အင်း. မဖြစ်ချေဘူး. ဒီနှစ်ထဲက အကြွေးတွေကို နောက်နှစ်ထဲ ပါသွားလို့ မဖြစ်ဘူး. အပြတ်ရှင်းဦးမှ.

မအိမ့်ချမ်းမြေ့က ကျွန်တော့်ရဲ့ အိတ်ကို ဖွင့်ခိုင်းထားတယ်.
မနှင်းသဇင်ကလည်း ကျွန်တော့်ကို Tag ထားသေးရဲ့..
ကိုကြီးကလိုစေးထူးကလည်း နိုင်ငံခြားကို လာချင်သူများအတွက် ကော်မန့်လာရေးခိုင်းချေပြီ တမုံ့..

အင်း. ဒီကြားထဲမှာ ကျွန်တော်မေ့သွားတဲ့ Tagger တွေလည်း ရှိဦးမယ်ထင်တယ်.

ကဲ. ဒီတော့ Tag ချင်သူများ နှစ်မကူးခင် အပြီးသာ Tag ပါ. နှစ်ကူးလို့ကတော့ ဟွန်းဟွန်း..

(အီကွေးအ၀စားပစ်မယ်. ဟတ်ဟတ်ဟတ်)

အပြတ်ဖြတ်ပစ်မယ်ဗျာ. (ပို့စ်လက်ကျန်တွေကိုပါ)

ပို့စ်ကြွေး၊ ပိုက်ဆံကြွေး၊ အချစ်ကြွေး၊ အလွမ်းကြွေး… အိုဗျာ. အကုန်လုံးကို ဆပ်ပစ်မယ်.

သိတယ်နော်. ကျွန်တော်အပြတ်ဖြတ်ပြီးရင် ခင်ဗျားတို့ကို Tag တော့မှာ. ဟတ်ဟတ်

ကဲ. ကျွန်တော်လည်းရေးမယ်ဗျာ. ဘလော့ဂါမောင်နှမတို့ကလည်း ပျော်ပျော်ပါးပါးလေး ၀ိုင်းရေးပေးကြပါဦး…

ဒီဇင်ဘာ (၃၁) ရက်မှတ်တမ်းများ…. တဲ့ဗျ..

ဒန့်တန့်တန့်

ထုံးစံအတိုင်းပေါ့. လာလည်သူအားလုံးကို Tag တယ်ဗျာ. ခင်ရင်ရေး၊ ချစ်ရင်တော့ များများလေး ရေးပေး၊ စုံနေအောင်ရေးပေး၊ မုန်းရင်တော့ ၁၀ ကြောင်းလောက်ပဲ ရေးပေး. အရမ်းမုန်းရင်တော့ မုန်းလွန်းလို့ ဆိုပြီး တစ်ကြောင်းလောက်တော့ ရအောင် ညှစ်ပေး…

(ဩော်… ပို့စ်ရေးပေးလို့ ပြောတာပါဗျာ. ဟတ်ဟတ်)

ကဲ. စပြီဗျာ. အားလုံးပဲ ပျော်ပျော်ပါးပါးလေးပေါ့.

အားလုံးကို အရမ်းလွမ်းနေတဲ့

ရန်အောင်

Benazir Bhutto လုပ်ကြံခံလိုက်ရခြင်း





"I put my life in danger and came here because I feel this country is in danger. People are worried."

(Benazir Bhutto)

အိမ်ပြန်ရောက်ရောက်ချင်း သတင်းဖတ်ကြည့်တော့ ပါကစ္စတန် ၀န်ကြီးချုပ်ဟောင်း ဘနာဇီယာဘူတိုကို သေနတ်သမားတစ်ဦးက လည်ပင်းကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံပြီး ဗုံးပါ ခွဲခဲ့တဲ့ သတင်းကို ဖတ်လိုက်ရတယ်.

သူမအပါအ၀င် နောက်ထပ် အယောက်နှစ်ဆယ်လောက် သေဆုံးသွားခဲ့တယ်လို့ သတင်းထဲမှာ ဖတ်လိုက်ရတယ်.

ကျွန်တော်ငိုင်သွားတာပဲဗျာ.

သူမဟာ ပါကစ္စတန်နိုင်ငံရဲ့ မျှော်လင့်ချက်ရောင်ခြည် တစ်စင်းပါ. ကျွန်တော့်စိတ်ထဲမှာ လူမျိုးရေး၊ တိုင်းပြည် ခွဲခြားတတ်တဲ့ ကျဉ်းမြောင်းတဲ့ အယူအဆ မရှိပါဘူး. ကြီးကျယ်မြင့်မြတ်တဲ့ ခေါင်းဆောင်တွေကို ယောက်ျားမိန်းမ မရွေး လေးစားတယ်. ယုံကြည်တယ်. သူ (သို့) သူမ ကိုယ်စားပြုတဲ့ နိုင်ငံအတွက် ဂုဏ်ယူတယ်.

သူမဟာ ပါကစ္စတန်နိုင်ငံရဲ့ စစ်အုပ်ချုပ်ရေး စနစ်ကို အဆုံးသတ်ပေးမယ့် ခေါင်းဆောင်ကောင်း တစ်ဦးလို့ အားလုံးက ယုံကြည်မျှော်လင့်ထားကြတာပါ. ရွေးကောက်ပွဲစတင်ဖို့ ရက်အနည်းငယ်အလိုမှာပဲ ခုလို အဖြစ်ဆိုးနဲ့ ကြုံတွေ့လိုက်ရတာ ပါကစ္စတန် နိုင်ငံ တစ်ခုလုံးအတွက် ယူကျုံးမရ ဖြစ်စေတဲ့ နိုင်ငံရေး အကျည်းတန်မှုကြီး တစ်ခုပါပဲ.

တစ်နိုင်ငံလုံးမှာ ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ဈေး၊ ရုံးများကို သုံးရက်ပိတ်ထားပါတယ်. အသေးစိတ်ကို သိချင်ရင်တော့ အောက်ပါလင့်ခ်များမှာ သွားရောက်ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ.

တစ်ဆက်တည်းမှာ ဆက်တွေးမိသွားတာကတော့ ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးလှစွာသော မိခင်ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုအဖြစ်မျိုး မကြုံတွေ့ရစေဖို့ လေးလေးနက်နက် ဆုတောင်းနေခဲ့မိတော့တယ်ဗျာ.

ဒါကတော့ ဘနာဇီယာဘူတိုရဲ့ နောက်ဆုံးမိန့်ခွန်းပါ. လေးစားမှတ်သားဖွယ်ကောင်းပါတယ်.

"I put my life in danger and came here because I feel this country is in danger. People are worried."




သတင်းများဖတ်ရှုရန်

CNN News

Newsweek News

BBC News

Life in Pictures

Bush's speech on Buto's death

Video News ကိုတော့ ဒီနေရာမှာ ကြည့်ပါခင်ဗျာ.

Friday, December 21, 2007

ရှေ့သို့ချီ...


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ကျွန်တော်ခုတလော သိပ်မအားလို့ ဘလော့ဂ်အတွက် ပို့စ်မရေးဖြစ်သလို ဘယ်မှလည်း မသွားဖြစ်ဘူးဖြစ်နေတာ နားလည်ပေးကြပါလို့ အရင်ဦးဆုံး မေတ္တာရပ်ခံပါတယ်.

ကျွန်တော်တို့ရဲ့ သံစဉ်လှိုင်းဘလော့ဂ်လေးက အရှိန်တော်တော်လေး ရနေပါပြီ. သီချင်းသစ်လေးတွေကို သံစဉ်လှိုင်းအဖွဲ့သားများက မရိုးစေရအောင် တင်ဆက်ပေးနေကြပါတယ်. ဒီ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ.




English4Successဘလော့ဂ်လေးမှာလည်း ထိုနည်း၎င်းပါပဲ. Contributor တွေအနေနဲ့ မအားလပ်တဲ့ ကြားထဲကကို ကြိုးစားပြီး ပို့စ်လေးတွေ တင်ပေးနေတာ အားရဖို့ ကောင်းပါတယ်. တစ်ခုပဲ ၀မ်းနည်းဖို့ကောင်းတာက တက်တက်ကြွကြွ ပါဝင်ဆွေးနွေးကြမယ့်သူတွေ သိပ်မရှိသလို ဖြစ်နေတယ်ဗျ.



ဒီလိုမျိုး စိတ်ဝင်စားမှု သိပ်မရပေမယ့်လည်း ကျွန်တော်တို့ရဲ့ ပရဟိတ အဖွဲ့လေးက ယိမ်းယိုင်ပြိုပျက်သွားမှာ မဟုတ်ပါဘူး. တစ်ချိန်ချိန်မှာ အဲဒီ့ဘလော့ဂ်လေးရဲ့ တန်ဖိုးကို သိလာကြမယ်၊ အသုံးချတတ်လာကြမယ် ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ပဲ ကိုယ်လုပ်စရာရှိတာလေးတွေကို ဆက်လုပ်သွားနေကြမှာပါပဲ.

ကျွန်တော်လည်း အလုပ်များလို့ စာမရေးနိုင်တာထက် ခုတလောမှာ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ချို့ ရှုပ်ထွေးနေလို့ စာရေးချင်စိတ် ခမ်းခြောက်နေတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်. ကျွန်တော့်ရဲ့ စာဖတ်ပရိသတ်နဲ့ မိတ်ဆွေ သူငယ်ချင်းများကို ကျွန်တော် တန်ဖိုးထားပါတယ်. ဒါကြောင့် ကျွန်တော် မညာချင်ပါဘူး. ကျွန်တော် စာရေးဖို့ Mood မ၀င်ဘူး ဖြစ်နေတယ်.

ခုတလော ကျွန်တော် ဘလော့ဂ်ရေးမယ့် အချိန်တွေမှာ ဂစ်တာပဲ ထိုင်တီးဖြစ်နေခဲ့တယ်ဗျာ. တစ်နေ့ ကျွန်တော့်သီချင်းလေးတွေ တင်ပေးပါဦးမယ်. (ဟတ်ဟတ်.)

ကဲပါဗျာ. စကားပြန်ဆက်ရဦးမယ်.

ဆိုတော့ကာ… ကျွန်တော်တို့ရဲ့ သံစဉ်လှိုင်းဘလော့ဂ်လေးနဲ့ အင်္ဂလိပ်စာ သင်ကြားမျှဝေရေး ဘလော့ဂ်လေး နှစ်ခုလုံးက သူ့ဟာနဲ့သူ ဟုတ်နေပါတယ်. ကျွန်တော်လည်း နောက်ထပ် ကဏ္ဍသစ်တွေ ထပ်မံဖြည့်တင်း တိုးချဲ့သွားဖို့၊ အဖွဲ့ဝင်အင်အားကိုလည်း ထပ်မံစုဆောင်းသွားဖို့ စဉ်းစားထားပါတယ်. ကူညီပံ့ပိုးချင်သူ မည်သူကိုမဆိုလည်း နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ပါတယ် ခင်ဗျာ.


ဘလော့ဂါတွေရဲ့ အခက်အခဲကို ကူညီဖြေရှင်းပေးဖို့ တည်ဆောက်ထားတဲ့ BloggersHelpdeskလေးကလည်း ပါဝင်ကူညီကြတဲ့ ပရဟိတ ဘလော့ဂါလေးတွေရဲ့ လှပတဲ့ စိတ်ထားလေးများကြောင့် အရမ်းကို မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်နေပါတယ်.



ဘယ်လိုပြောရမလဲဗျာ.

ပို့စ်အသစ်လေးတွေ တက်လာတာ မြင်တိုင်း ကျွန်တော့်ရင်ထဲမှာ ပြောမပြတတ်အောင် ကြည်နူးဝမ်းမြောက်မိပါတယ်. ဒီပို့စ်လေးတွေကို ဖတ်ပြီး ဘယ်နှစ်ယောက်လောက်များ အကျိုးရှိသွားလိုက်လေမလဲလို့ တွေးပြီးတော့လည်း ပီတိဖြစ်မိပါတယ်.

ကျွန်တော့်ရဲ့ နောက်ထပ် Objective တစ်ခုကတော့ သမိုင်းထဲကရက်စွဲများ ဘလော့ဂ်လေးကို ပြန်ပြီး အသက်သွင်းဖို့ပါပဲ.

အဲဒီ့ဘလော့ဂ်လေးဟာ မြန်မာဘလော့ဂါတွေရဲ့ တော်လှန်ရေး ရောင်ခြည်ဦးသဖွယ် ဖြစ်အောင် ကျွန်တော်ကြိုးစားချင်တယ်. နိုင်ငံရေး ဘလော့ဂါများကိုလည်း တတ်နိုင်သလောက် ကျွန်တော် စည်းရုံးထားပြီးပါပြီ. ထပ်မံလည်း စည်းရုံးနေဆဲပါပဲ. နောက်ဆုံး သူတို့ကိုယ်တိုင် မတင်နိုင်ရင်တောင် ကျွန်တော်တို့က သူတို့ရေးထားတဲ့ ပို့စ်ကောင်းလေးတွေကို ပြန်လည် ဖော်ပြသွားဖို့ထိ စဉ်းစားထားပါတယ်. Politics Digest သဘောမျိုးလေးလည်း ဖြစ်သွားအောင်ပေါ့ဗျာ.

ကျွန်တော်တို့ လူငယ်တွေ ကိုယ်လုပ်နိုင်သလောက်လေးနဲ့ အများအကျိုးကို သယ်ပိုးနေကြတာ သိပ်ကို ချီးကျူးဂုဏ်ယူဖို့ကောင်းပါတယ်. တစ်ချို့က individually လုပ်ကြပါတယ်. တစ်ချို့ကတော့ Team အနေနဲ့ လုပ်ကြပါတယ်. ဘယ်လိုပဲ လုပ်လုပ်ပါ. ရည်ရွယ်ချက်ကတော့ သိပ်ပြီး မကွဲပြားလှပါဘူး. မြန်မာနိုင်ငံတော်ကြီး ကောင်းစားဖို့ချည်းပါပဲ…

ကိုယ်မလုပ်နိုင်တာကို တွေးပြီး စိတ်ဓာတ်မကျဘူး. ကိုယ်လုပ်နိုင်သလောက်လေးနဲ့ ဖြစ်အောင်လုပ်သွားတယ်. အမှန်တကယ်လည်း အများအတွက် အကျိုးရှိစေတယ် ဆိုရင် ခင်ဗျားလောက် လူဖြစ်ကျိုးနပ်မယ့်သူ ရှိပါဦးမလားဗျာ…

ကျွန်တော်တို့ မြန်မာတွေ ဘယ်လောက်ထက်သလဲ ဆိုတာ ကမ္ဘာက သိစေရမယ်လို့ အခန်းတံခါးပိတ်ပြီး ကြွေးကြော်နေလို့ မရဘူး. လက်တွေ့လုပ်ပြရမယ်.

နောက်ဆုံးအနေနဲ့ John F. Kennedy ပြောခဲ့တဲ့ စကားလေးနဲ့ အဆုံးသတ်ချင်ပါတယ်.

Ask not what your country can do for you. Ask what you can do for your country.

ဒီတိုင်းပြည်ကြီးက ငါ့အတွက် ဘာတွေများလုပ်ပေးနိုင်မှာလဲလို့ မမေးပါနဲ့…

ဒီတိုင်းပြည်အတွက် ငါဘာတွေများ လုပ်ပေးနိုင်မလဲလို့သာ မေးပါ တဲ့..

ကဲ. ဘလော့ဂါတို့ကရော ဘယ်လိုလဲ….


အားလုံးကို ခင်မင်လေးစားလျက်

ရန်အောင်

Monday, December 17, 2007

Blogger အတွက် Wordpress Themes


အားလုံးပဲ မင်္ဂလာပါခင်ဗျာ.

ခုတလော ကိုသင်္ကြန်တို့၊ ကို Thinker တို့၊ ကိုမှော်ဆရာတို့က Wordpress Template တွေအကြောင်း တော်တော်လေး ဆွေးနွေးနေကြတာကို တွေ့ရပါတယ်. ကျွန်တော်တောင် စိတ်ပါလာတယ်.(ဩော်. Wordpress ဖက်ပြောင်းဖို့ကို ပြောတာပါ. ဟတ်ဟတ်.)

ကဲ. Wordpress ဖက်ကို မသွားချင်သေးဘူး. Blogger မှာပဲ Wordpress Themes လေးတွေနဲ့ စမ်းသပ်ကြည့်ချင်သေးတယ် ဆိုရင်တော့ ဒီဆိုဒ်လေးကို သွားကြည့်လိုက်ပါခင်ဗျာ.

http://thaslayer.com/category/templates/

ဘယ်လိုပုံစံလေး နေမလဲသိချင်ရင်တော့ ဟောဒီ့ အင်္ဂလိပ်ဘလော့ဂ် လေးကို အစမ်းသဘောအနေနဲ့ ကြည့်နိုင်ပါတယ် ခင်ဗျာ.

အားလုံးပဲ အဆင်ပြေကြပါစေ..

ခင်မင်လေးစားလျက်

ရန်အောင်

ရတုချနည်းများ အကြောင်း...


ရတုချနည်း ၂၈ ပါး ရှိတယ်လို့ မှတ်သားဖူးပါတယ်. ဘာတွေလဲဆိုတော့

(၁) ထူးဆန်းထွေလာ
(၂) အညွန့်မဲ့ (၀ါ) မီးထင်းစ
(၃) ကက္ကုဆူးချီ ကက္ကုဆူးချ
(၄) စာကျိုး
(၅) စာတုံး
(၆) ဘီလူးရယ်
(၇) ညွန့ှ်ရှင်
(၈) စာဆန်း
(၉) ပေါက်ပြ
(၁၀) ငုံဖူး
(၁၁) ပုလဲသွယ်
(၁၂) လည်ကုပ်ချီ
(၁၃) အဖျားကောက်
(၁၄) စမ္ပယ်ချီ စမ္ပယ်ချ
(၁၅) မြင်းဆက်ခွ
(၁၆) ရွှေလောင်းပြန်
(၁၇) သော်တာရောင်
(၁၈) နေရောင်ခြည်ပေး (၀ါ) ညွန့်လန်း
(၁၉) ဖျောက်ဆိပ်လလယ်
(၂၀) ညွန့်ဟုံ
(၂၁) ခိုင်ညွတ်ဖြာ
(၂၂) မဏိဆံကျင်
(၂၃) အာသာဝတီဝတ်ဆံ
(၂၄) မဏိဦးပြည်း
(၂၅) ဇော်တစ်ခိုင်လုံး
(၂၆) မပြတ်ကေသာ
(၂၇) ဇမ္ဗူ့သပြေသီး
(၂၈) ချိန်ခွင်လျှာ

စသည်တို့ပဲ ဖြစ်ပါတယ်.

အဲဒါတွေက ဘာတွေလဲ ဆိုတာ ကျွန်တော်ကြိုးစားရှာဖွေ မှတ်သားချင်ပေမယ့် ဘယ်လိုမှ မတွေ့နိုင်ဖြစ်နေပါတယ်.

ကူညီပေးနိုင်မယ့် စာဆိုပညာရှင်များကို သိရှိလျှင် တစ်ဆင့် မေးမြန်းပြန်ကြားပေးဖို့ မေတ္တာရပ်ခံပါတယ် ခင်ဗျာ.

ဦးဝမ်ထိန် ပြုစုရေးသားတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ မဃဒေ၀လင်္ကာသစ်ကြီး စာအုပ်ထဲမှာတော့ ရတုချနည်း တစ်ချို့ကို ဆွေးနွေးထားတာ ၀မ်းသာအားရ ဖတ်ရပါတယ်. ဒါပေမယ့် ကျန်တဲ့ ရတုချနည်းလေးတွေကို ဆည်းပူးလေ့လာချင်လို့ သိတတ်ကျွမ်းတဲ့ မည်သူမဆို ဆွေးနွေးပို့ချပေးဖို့ တောင်းဆိုချင်ပါတယ် ခင်ဗျာ.

ဒါကတော့ ရတုချနည်းတစ်ချို့ကို ဦးဝမ်ထိန်က ဆွေးနွေးထားတာပါ.

(၁) … နတ်စောင်းလကာင်္၊ ဤကျမ်းစာသည်။ ။ ကြားနာမ၀၊ သုတပွားရန်၊ ဧကန်ဖြစ်လိမ့် အကျိုးတည်း။
(၁၅ လုံးချ မဏိဥပြည်းချနည်း)

(၂) … နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်။ ။ မော်ကွန်းတင်ပြ၊ မှတ်ကြမင်းစဉ် အကျဉ်းတည်း။
(၁၁ လုံးချ အာသာဝတီဝတ်ဆံချနည်း)

(၃) … လူ့ရွာအတွင်း၊ သည်သေမင်းနှင့်။ ။ သေကွင်းတတ်သာပြီ တကား။
(ကား နှင့်ချသော နေရောင်ခြည်ပြေး ချနည်း)

(၄) … ပူဆာလွန်ကဲ၊ တရဲရဲသည်။ ။ လောင်စွဲတချေချေနှင့်သာ တမုံ့။
(၉ လုံးချ မဏိဆံကျင်ချနည်း)

(၅) … ဝေးကွာတစေစေနှင့်သာ တမုံ့။ … ချောက်ချားတမွှေမွှေနှင်သာ တမုံ့။ … ဆင်းရဲတပေပေနှင့်သာ တမုံ့။
(“နှင့်သာတမုံ့” ဟူ၍ သတ်တူသံတူ ကာရန်ချပြီး စပ်ဆိုသော သော်တာရောင်ခြည်ချနည်း)

(၆) … ကွင်း၍ သေရတတ်ဘိမူ။ … ကင်း၍ကွေရ တတ်ဘိမူ။ … ရှင်း၍နေရ တတ်ဘိမူ။
(“ရတတ်ဘိမူ” ဟူ၍ သတ်တူသံတူ ကာရန်ချပြီး စပ်ဆိုသော ရွှေလောင်းပြန်ချနည်း)

(၇) … ဘယ်ရွေ့နေရမည်မသိ။ … ဘယ်နေ့ သေရမည် မသိ။
(“ရမည်မသိ” ဟူ၍ ချသော သော်တာရောင် ချနည်း။ အသတ်မဲ့သောကြောင့် “ပေါက်ပြဲချနည်း” ဟုလည်း ခေါ်သည်။ “ဖျောက်ဆိပ်လလယ်ချနည်း” ဟုလည်း ခေါ်သည်။ ၂ ပိုဒ်စလုံး ပိုဒ်ရေ ၈၀ စီညီ၍ “ထူးဆန်းထွေလာချနည်း” ဟုလည်း ခေါ်၏။x

(၈) … ကျမ်းညီဖြောင့်တန်းစေပြီး၍။ …. ခန္ဓာခိုင်ကျမ်းစေပြီး၍။ … လိုရာရည်မှန်းစေပြီး၍။ … နှလုံးရွှင်လန်းစေပြီး၍။
(ဤလေးပိုဒ်ကား “၍” နှင့်ချည်း ချသဖြင့် “ပုလဲသွယ်ချနည်း” ဟုခေါ်၏။)

(၉)
… လောကီကိုးရာ … ဦးထက်ဆင်ရသည်ဘုရား။
… ဗောဓိမျိုးလျာ … ဗိုလ်ပေါင်းရွှင်ပျသည်ဘုရား။
… မောဠိစိုးကာ .. မတ်များတင်ကြသည်ဘုရား။
(ဤသုံးပိုဒ်ကား ပထမပဒလုံးပိုဒ်စုံ၊ ၈၇ ပိုဒ်စီ ပါသဖြင့် “ထူးဆန်းထွေလာချနည်း” ဟု ခေါ်ဆို၏။)

(၁၀)
… တော်ဒူးစနည်း … သေတွင်း ငုတ်ငုတ်ဝင်တကား။
… ပေါက်ထီးမုန်ပြောင် … သေခြင်း ပြုတ်ပြုတ်စင်တကား။
… ရှစ်ဆယ်သံတောင် .. သေမင်း ဖြုတ်ဖြုတ်ငင်တကား။
(ဤသုံးပိုဒ်သည် ကိုယ်လုံးပြည့်ချ၊ နေရောင်ခြည်ပြေးချ၊ ညွန့်လန်းချနည်းများ ဖြစ်၏။)

(၁၁) … မဟုတ်လောဟု၊ သဘောအလို … ပါယ်တွင်နစ်သည် မဟုတ်လော။
(ဤကဲ့သို့သော ချနည်းကို စမ္ပယ်ရှေ့ချီနောက်ချနည်း ဟုခေါ်သည်။)

(၁၂) မလွဲမှတ်ယုံ၊ ပါယ်ဘုံဌာန၊ ကမ္မခွဲဝေ၊ ထုတ်ဖွေကျမ်းလာ၊ လင်္ကာစည်ကြီး၊ ဆော်တီးထိန့်ဆူ၊ ရှင်လူကြားစိမ့်၊ ထင်ရှားပြညွှန်းပေသတည်း။ ။
(ဤချနည်းမှာ ၃၅ လုံးပါသောကြောင့် ဇမ္ဗူ့သပြေသီးချနည်း ဟုခေါ်တွင်သည်။)




ကဲ. အဲဒါပါပဲဗျာ.

ဟိုစပ်စပ် ဒီစပ်စပ်လေးတွေတော့ တွေ့ရပါတယ်. ဒါပေမယ့် အသေးစိတ်ကို ဆွေးနွေးထားတာလေးတွေ လေ့လာချင်လို့ပါ.

မိမိနဲ့နီးစပ်ရာ စာပေပညာရှိတွေကို မေးမြန်းပြန်ကြားပေးနိုင်ရင်၊ မိမိကိုယ်တိုင် မသိခဲ့ရင်တောင် ဘယ်လိုစာအုပ်မျိုးတွေ လေ့လာဖတ်ရှုသင့်တယ်လှို့ အကြံပြု ဆွေးနွေးပေးနိုင်ရင် ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ.

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်