Wednesday, October 05, 2016

သစ်ကြွေရွတ်သော ဟိုက်ကူ....


တနင်္လာနဲ့ အင်္ဂါနှစ်ရက် ကလေးတွေ ကျောင်းပိတ်တာနဲ့ SPEC ကျောင်းလေးကိုလည်း ပိတ်ဖြစ်ခဲ့တယ်။ ကျောင်းဖွင့်ရက်တွေမှာ အလုပ်များလွန်းတာကြောင့် ဘယ်ကိုမှ မသွားနိုင်ဖြစ်နေတုန်း ကျောင်းလေးနှစ်ရက်ပိတ်လိုက်တာ အပြင်ထွက်ဖို့ အခွင့်အရေး တစ်ခုရလိုက်သလိုပဲ။

သူငယ်ချင်းကို ဖုန်းဆက်လိုက်တော့ သူကလည်း သစ်ရွက်တွေ အရောင်ပြောင်းချိန် ဓာတ်ပုံထွက်ရိုက်ဖို့ စိုင်းပြင်းနေတာနဲ့ အတော်ပဲ ဖြစ်သွားခဲ့တယ်။ သည်လိုနဲ့ သူငယ်ချင်းရယ်၊ သူ့အမေရယ်၊ နောက်ထပ်ညီလေး သူငယ်ချင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် မွန်းကြပ်တဲ့ နယူးယောက်မြို့ပြကြီးကနေ တိတ်တဆိတ် ပြေးထွက်ခဲ့ကြတယ်။

ရက်သိပ်မရတာကြောင့် နေ့ချင်းပြန်ခရီးစဉ်ပဲ ဆွဲလိုက်ပြီး နယူးယောက်ပြည်နယ်ရဲ့ မြို့တော် Albany ရှိတဲ့ဖက် သွားမယ်၊ လမ်းမှာရှိတဲ့ သက်သက်လွတ် တရုတ်ဘုန်းကြီးကျောင်းကို ဝင်မယ်ဆိုပြီး မနက်အစော ထွက်လာခဲ့လိုက်ကြတယ်။ ကားလမ်းတလျှောက် တရိပ်ရိပ်လှမ်းမြင်နေရတဲ့ သစ်ရွက်လေးတွေက အဝါတစ်ဖက်၊ အနီစွက်လို့၊ အစိမ်းရင့်မှောင်၊ အရောင်လုနေခဲ့ကြလေရဲ့။

တောင်ကုန်းလေးပေါ်မှာရှိတဲ့ Chung Yen သက်သက်လွတ် ဘုန်းကြီးကျောင်းလေးကိုရောက်တော့ မနက် ၉ နာရီခွဲ။ စဖွင့်ချိန်က ၉ နာရီဆိုတော့ လူခြေတိတ်လို့။ ခပ်လှမ်းလှမ်း တောအုပ်လေးထဲက ငှက်အော်သံလေးတွေ၊ သစ်ရွက်လေတိုးသံလေးတွေ၊ လမ်းလျှောက်လိုက်တိုင်း ခြေထောက်အောက်က မကျေမချမ်း မြည်တွန်နေကြတဲ့ ကျောက်စရစ်ခဲလေးတွေ၊ ဟိုဟိုသည်သည် တဝီဝီနဲ့ ပျံဝဲနေကြတဲ့ ပျားပိတုန်းလေးတွေကို စိတ်လိုလက်ရ ငေးကြည့်ရင်း မနက်ခင်းရဲ့ ကျက်သရေအလှထဲမှာ ပျော်ဝင်နေခဲ့မိပေါ့။

တောအုပ်လေးကို နောက်ခံထားပြီး နန်းတော်ကြီးအလား ထီးထီးမားမားကြီး တည်ရှိနေတဲ့ Great Buddha Hall ကြီးကို ကြည့်ရတာ အားမာန်တွေ ဟုတ်ခနဲ ပြည့်ဝလာသလို ခံစားရစေတယ်။ အခုချက်ချင်းပဲ ဘုန်းတန်ခိုးကြီးမားတဲ့ ဘုရင်နဲ့ မိဖုရားကြွချီလာတော့မလို မျက်စိထဲ မြင်ယောင်ကြည့်လိုက်တော့ သိင်္ဂါရရသ ငွေ့ငွေ့လေးခံစားလိုက်ရပြီး တစ်ချက်ပြုံးမိလိုက်တယ်။ ဘေးနှစ်ဖက်မှာရှိတဲ့ မျှော်စင်ပေါ်က ဗုံကြီးနှစ်လုံးကလည်း တက်ပြီးတော့ ထီခနဲ၊ ထိန်ခနဲ တက်တီးချင်စရာ။


Great Buddha Hall ကြီးပေါ်ကို တက်လာလိုက်တော့ လှေကားထိပ်ဆုံးမှာ အမွှေးတိုင်ထွန်းဖို့ အိုးကြီးတစ်လုံး တွေ့တာနဲ့ ခပ်လှမ်းလှမ်းမှာ အသင့်ထားပေးထားတဲ့ အမွှေးတိုင်တွေထဲက သုံးတိုင်ကို ယူလိုက်တယ်။ ပြီးတော့မှ နောက်ထပ် နှစ်တိုင်ထပ်ယူလိုက်တယ်။ ဟုတ်တယ်။ အနန္တောအနန္တ (၅)ပါးဆိုတာ ခွဲခြားလို့မှ မရစကောင်းပဲ။ အမွှေးတိုင်လေးတွေကို ကိုင်ပြီး ပြာပုံလေးထဲ စိုက်ထူခါနီး အရှေ့ကိုကြည့်လိုက်တော့ စကျင်ကျောက်နဲ့ ထုထားတဲ့ ဘုရားရုပ်ထုကြီးက အပေါ်ကနေမိုးပြီး ပြုံးကြည့်နေလေရဲ့။  


ဖိနပ်ကို အပြင်ဖက်က စင်လေးပေါ် ချွတ်ခဲ့ပြီး ခန်းမထဲကိုဝင်လို့ ဘုရားဝတ်ပြုနေချိန်မှာ သူငယ်ချင်းဖြစ်သူကတော့ ဓာတ်ပုံတွေ တဖျပ်ဖျပ်နဲ့ လိုက်ရိုက်နေခဲ့တယ်။ ဘာသာမတူပေမယ့် သူ့ဘုရားကျောင်းသွားရင်လည်း ကျွန်တော်က ကြုံကြိုက်ရင် လိုက်သွားလေ့ရှိသလို ကျွန်တော်ဘုန်းကြီးကျောင်းနဲ့ ဘုရားသွားရင်လည်း အဖော်လိုက်ပေးလေ့ရှိသူ၊ ကောလိပ်တက်ခါစက ကွန်ပျူတာလိုနိုင်တယ်ဆိုပြီး သူ့ရဲ့ လက်ပ်တော့ အပိုတစ်လုံးကို ကယ်လီဖိုးနီးယားကနေ အဆောင်ထိ စရိတ်ကုန်ခံကာ ပို့ခဲ့ပေးသူ၊ SPEC ကျောင်းလေး စဖွင့်တော့ ပိုက်ဆံနည်းနည်းလိုချိန် လိုနေတဲ့ ပမာဏကို အမေးအမြန်းမရှိဘဲ ချက်လက်မှတ်ရေးပို့ပေးသူ၊ ကျွန်တော်ဘယ်လို ပို့စ်ပေးပေး မငြီးမငြူနဲ့ ဓာတ်ပုံရိုက်ပေးသူ။ သည်လိုသူငယ်ချင်းမျိုး တစ်ယောက်ရထားတာလည်း ဘဝမှာ ကောင်းချီးပေးခံရတာပါပဲ။



ခန်းမထဲက ဘုရားဆင်းတု သေးသေးလေးတွေကို မြင်တော့ မုံရွာက မိုးညှင်းသမုဒ္ဓေ စေတီတော်ကြီးကို သွားသတိရမိခဲ့တယ်။ ဘုန်းကြီးကျောင်း ရုံးခန်းထဲက လက်ကမ်းစာစောင်လေးကို ယူဖတ်ကြည့်ရင်း သဒ္ဓါတရား ကောင်းလှတဲ့ အလှူရှင် Dr. Chia Theng Shen ကို စိတ်ထဲကနေ ချီးမွမ်းမိတယ်။ ၁၂၅ ဧကကျယ်တဲ့ မြေနေရာကြီး အတွက် ငှားရမ်းခက တစ်နှစ်ကို တစ်ဒေါ်လာတဲ့။ ၁၉၇၅ ကနေ ၁၉၈၉ ထိ ငှားရမ်းခဲ့ပြီးနောက် အပြီးလှူလိုက်တယ်လို့ သိရတယ်။ ၂၀၀၇ မှာ ဆုံးသွားခဲ့တဲ့ Dr. Shen ကောင်းရာသုဂတိ လားပါစေ…

In November 1975, the Buddhist Association of the United States (BAUS) leased 125 acres of land in Putnam County from Dr. C.T. Shen (one of the co-founders of BAUS and late Vice President of BAUS) for the development of Chuang Yen Monastery. According to the temple, the lease was for ninety-nine years with an annual payment of one dollar. As suggested by the local government, Dr. Shen donated the land to BAUS in 1989.



ခန်းမကြီးထဲက ထွက်လာပြီး အနောက်ဖက်က Gift Shop မှာ လက်ဆောင် ပစ္စည်းလေးတွေ လျှောက်ကြည့်ဖြစ်တယ်။ သမိုင်းကြောင်းကို အသေအချာ သိချင်လာတာနဲ့ ဖုန်းဖွင့်လို့ အွန်လိုင်းမှာ လိုက်ဖတ်ကြည့်တော့ အဆောက်အဦးတွေက Tang Dynasty (တန် မင်းဆက်) ခေတ်က ပုံစံမျိုး ဆောက်ထားတာလို့ သိလိုက်ရတယ်။ Great Buddha Hall ကြီးက နန်းတော်ကြီးနဲ့ တူနေတာ ဒါကြောင့်ကိုးလို့ မှတ်ချက်ချမိရင်း ပထမဦးဆုံး အဆောက်အဦးဖြစ်တဲ့ Kuan Yin Hall ဖက် သွားကြည့်ဖြစ်တယ်။



အမျိုးအမည် မသိတဲ့ ပန်းဝါဝါလေးတွေ၊ နဂါးမောက်လိုလို အဖူးအပွင့်လေးတွေနဲ့ ပန်းပင်လေးတွေ၊ ရေပန်းလေးတွေကြားထဲက ပိန်းကြာဖက်လေးတွေကို လိုက်ငေးကြည့်ရင်း Kuan Yin Hall ရဲ့ တစ်ဖက်ကို လှမ်းကြည့်လိုက်တော့ ဝါးတံတားလေးတွေကို တွေ့လိုက်ရတယ်။ “လှလိုက်တာ” လို့ စိတ်ထဲက တွေးမိနေတုန်း ခြေလှမ်းတွေက ဝါးတံတားလေးရဲ့ အစပ်ကို ရောက်နှင့်နေခဲ့ပြီ။



တံတားလေးပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက်ပြီး Seven Jewels Lake ဖက်ကို သွားခဲ့လိုက်တယ်။ လမ်းမှာ တောင်ကုန်းလေးတစ်ခုပေါ်ကို တက်သွားတဲ့ လှေကားလေးတွေ့တာနဲ့ တက်သွားကြည့်လိုက်တယ်။ အပေါ်ရောက်ခါနီး ဘုန်းကြီး ဘုရားစာရွတ်နေသံလိုလို ကြားရတာနဲ့ သိချင်စိတ်က ပိုပြင်းပြသွားခဲ့မိတယ်။

ခပ်သွက်သွက် ပြေးတက်သွားရင်း လှေကားလေးလည်း ဆုံးရော တောင်ကုန်းနောက်ခံနဲ့ သေတ္တာလေးတွေ စီထားတဲ့ နံရံအမြင့်ကြီးကို ဘွားခနဲ တွေ့လိုက်ရတယ်။ စိတ်ထဲမှာ “ဩော်….” လို့ တွေးပြီး နံရံလေးကို မှီလို့ ထိုင်ချလိုက်တယ်။ ခပ်လှမ်းလှမ်းမှာ မိသားစု တစ်စု စားပွဲလေး ချခင်းလို့ စားစရာ၊ သောက်စရာလေးတွေ စီပြီး ဆုတောင်းနေကြတယ်။ အဘိုးတွေ၊ အဘွားတွေကို မမေ့မလျော့ လာပြီးဂါရဝပြုတတ်တဲ့ ဓလေ့လေးက ချစ်စရာ။


နောက်ကနေ ဖြည်းဖြည်းချင်း လိုက်တက်လာတဲ့ သူငယ်ချင်း အမေက အပေါ်ရောက်တော့မှ သူလည်း သဘောပေါက်သွားခဲ့တယ်။

“သြော်… ပြာအိုးတွေပဲ” တဲ့။

ဘေးဘီနှစ်ဖက်ကို ကြည့်ပြီးတော့ အန်တီက ဆက်ပြောပါတယ်။

“သူတို့ စကားပြောနေတာ အန်တီတို့နဲ့ အမျိုးတူတယ်။ စကားလုံးတွေ တူတူပဲ။ သည်နေရာလေးက တရုတ်အယူအဆအရဆို သိပ်ကောင်းတယ်။ နောက်ဖက်မှာ တောင်ကုန်းနဲ့ တောအုပ်လေးရှိတယ်။ အရှေ့ဖက်မှာ ရေကန်ရှိတယ်။ သေပြီး နောက်ဘဝတွေမှာ ကောင်းစားဖို့ အထောက်အပံ့ကောင်းတွေပဲ…”

အန်တီရှင်းပြတာကို နားထောင်ရင်း ကျွန်တော့်မျက်စိတွေကို ခဏမှိတ်ထားလိုက်မိတယ်။

 “ သေခြင်းတရားဆိုတာကို ဘယ်နှစ်ကြိမ်လောက် ငါဖြတ်သန်းခဲ့ရပြီလဲ….”


Memorial Terrace ပေါ်က ဆင်းလို့ Seven Jewels Lake ဖက်ကို တောလမ်းလေးအတိုင်း ဆက်လျှောက်သွားခဲ့လိုက်တယ်။ အရောင်စုံ သစ်ရွက်လေးတွေကြားထဲကနေ မြင်နေရတဲ့ ကွမ်ရင်မယ်တော် ရုပ်တုကြီးက တည်ငြိမ်နေတဲ့ ကန်ရေပြင်ထက်မှာ အေးချမ်းတင့်တယ်စွာ စက္ကုနြေ္ဒချလို့…

ဗွက်ခနဲ ခပ်လှမ်းလှမ်းမှာ ရေပွက်ကလေး ထသွားချိန် ကန်ရေပြင်ထက်က ပုံရိပ်တစ်ချို့ ရိုက်ခတ်သွားပေမယ့် ခဏနေတော့ တိတ်ဆိတ်မှုက သူ့နေရာသူ ပြန်ယူနေခဲ့တယ်။ ကဗျာဆရာ Matsuo Basho ရဲ့ Haiku ကဗျာလေးကို ခပ်တိုးတိုးလေး ရေရွတ်မိတယ်။ ဟုတ်တယ်။ ခပ်တိုးတိုးလေးပဲ။

An old silent pond,
A frog jumps into the pond,
Splash!
Silence again…

ဘုန်းကြီးကျောင်းလေးထဲက ပြန်ထွက်လာတော့ တစ်ခုခုပဲ ကျန်ခဲ့သလိုလို၊ တစ်ခုခုပဲ ပြန်ပါလာခဲ့သလိုလို…

ကျန်ခဲ့တာ အတိတ်တွေ ဖြစ်နိုင်သလို ပြန်ပါလာခဲ့တာ မှတ်ဥာဏ်တွေ ဖြစ်နိုင်တယ်…

ဒါမှမဟုတ် ကျန်ခဲ့တာ မှတ်ဥာဏ်တွေ ဖြစ်ပြီး ပြန်ပါလာခဲ့တာ အတိတ်တွေ ဆိုရင်ရော….

ကားလေးက တောင်ဆင်းလမ်းလေးအတိုင်း တရိပ်ရိပ်ပြေးဆင်းနေချိန်မှာ သစ်ရွက်လေးတွေက တရှီးရှီးတရှဲရှဲနဲ့ လွမ်းမောနာကျင်စွာ ညည်းညူကျန်ခဲ့ကြတယ်…

ကားရေဒီယိုလေးထဲ သီချင်းသံက Cold Play ရဲ့ “Every Teardrop is a Waterfall…” တဲ့…

ကားမှန်ကို အဆုံးထိတင်လိုက်တယ်...

သီချင်းသံပဲ ကြားရတော့တယ်….




~ ရေခဲငှက် ~

အောက်တိုဘာ (၄) ရက်၊ ၂၀၁၆ ခုနှစ်။ ။ 

2 comments:

သတိုး said...

စာလေးဖတ်ပြီး ကိုရန့်နောက် လိုက်ပါ ချောင်းကြည့်ရသလိုပဲ။ လွတ်လပ်ငြိမ်းချမ်းမှုတချို့ ရရှိခဲ့ပါတယ် ��

Unknown said...

ကိုသတိုး လိုက်လာမှန်း သိလို့ လမ်းဖြည်းဖြည်းလေး လျှောက်ပြီး စောင့်နေခဲ့သေးတယ်... :)