Friday, November 16, 2012

အိပ်တန်းပြန်ငှက်


ငှက်တစ်ကောင်ဟာ နေရာစုံမှာ ခွန်အားရှိသမျှ ဖြန့်ကျက်ပျံသန်း ကျင်လည်ကျက်စားခဲ့ပြီး နေခြည်တွေ မျက်ကွယ်မပြုခင် အချိန်မီလေး အိပ်တန်းတက်ဖို့ ပြန်လာခဲ့ပြီ။ အဝေးခပ်လှမ်းလှမ်းမှာ မြင်နေရတဲ့ မိုးကုပ်စက်ဝိုင်းဟာ သူ့အတောင်ပံတစ်ချက်ခတ်လိုက်တိုင်း ပိုမိုနီးကပ်လာနေတယ်ဆိုတဲ့ အသိနဲ့ သူ့ကိုယ်သူ အားပေးရင်း ဆက်လက်ပျံသန်းနေခဲ့တယ်။ သူနဲ့အတူတူ ခရီးနှင် ပျံသန်းနေကြတဲ့ ငှက်မျိုးစုံကိုလည်း တွေ့ရဲ့။ ဟိုးအဝေးခပ်မြင့်မြင့်မှာ၊ သူနဲ့ မတိမ်းမယိမ်းလောက်မှာ၊ သူ့အောက်ခပ်လှမ်းလှမ်းမှာ၊ သူ့နဲ့ဦးတည်ချက်တူရာ၊ သူနဲ့ ဆန့်ကျင်ဖက်လားရာ  စသည် စသည် အသီးသီးအသက ပျံသန်းနေကြတဲ့ ငှက်မျိုးစုံဟာ သူ့နည်းသူ့ဟန်၊ သူ့အကြောင်းတရားနဲ့သူ၊ သူ့လျှို့ဝှက်ချက်နဲ့သူ ရှိကြမှာပဲပေါ့။ တစ်ချို့က အိပ်တန်းရှာတဲ့ငှက်၊ တစ်ချို့ကတော့ အိပ်တန်းကို ခွာတဲ့ငှက်။

သူမြင်နိုင်သလောက် ငှက်တွေရဲ့ မျက်ဝန်းတွေကို အကဲခတ်ကြည့်မိတယ်။ ငှက်တစ်ချို့ရဲ့ မျက်ဝန်းတွေက မျှော်လင့်ခြင်းကြီးစွာ၊ တစ်ချို့ကတော့ စိတ်ပျက်အားငယ်စွာ၊ တစ်ချို့က အေးတိအေးစက်၊ တစ်ချို့ကတော့ ဖာသိဖာသာ။ အတောင်ပံတွေကို ဖြန့်ကျက်လို့ လေထဲမှာ အရှိန်လေးတစ်ခုနဲ့အတူ အလိုက်သင့်စီးမျှောရင်း မျက်ဝန်းတွေကို ခေတ္တပိတ်ထားမိလိုက်တယ်။

သူ့မျက်ဝန်းတွေရော ဘယ်လိုအရောင်တွေ ပြောင်းလဲနေခဲ့ပြီလဲ။ သူ့စိတ်ဓာတ်နဲ့ နှလုံးသားရော ဘယ်လိုခံစားချက်တွေနဲ့ ပြည့်နှက်နေတတ်ပြီလဲ။ ဒီမျက်ဝန်းတွေ ရိုးသားတောက်ပနေဖို့မလိုပါဘူး။ ဒါပေမယ့် ကောက်ကျစ်စဉ်းလဲခြင်း အလျဉ်းမရှိဖို့လိုတယ်။ ဒီနှလုံးသားက နူးညံ့ပျော့ပျောင်းနေဖို့ မလိုပါဘူး။ ဒါပေမယ့် မေတ္တာဓာတ်ခမ်းခြောက်ပြီး အေးစက်မာကျောမနေဖို့တော့ လိုတယ်။ သူဟာ အစကတည်းက သိုးတစ်ကောင် ဖြစ်ခဲ့ချင်တာမှ မဟုတ်ဘဲ။ သူဟာ အမြင့်ပျံ ငှက်တစ်ကောင် ဖြစ်ချင်ခဲ့တာ။ အမြင့်ပျံချင်လို့ ငှက်အုပ်ထဲက ဖောက်ထွက်ခဲ့ပြီး အိပ်တန်းကို ခွာခဲ့တာ။

တစ်ချိန်ကတော့ သူဟာ အခုထက် အများကြီး နုပျိုငယ်ရွယ်ခဲ့တဲ့ ငှက်ပျိုတစ်ကောင်ပေါ့။ မိဘမောင်ဖွား စုံစုံလင်လင်နဲ့ ပျော်ရွှင်ကျေနပ်စွာ ဖြတ်သန်းခဲ့ရတဲ့ ငယ်ရွယ်စဉ်အခါ ပုံရိပ်တွေဟာ တခုတ်တရ သူပြန်တွေးမိလိုက်တဲ့အခါတိုင်း အမြဲတမ်း လန်းဆန်းသစ်လွင်ခဲ့တယ်။ ဖခင်ကြီးနဲ့အတူတူ ကျောက်ဆောင်ကမ်းပါးတွေထဲမှာ အပျံသင်ခါစက ဖခင်ကြီးရဲ့ကြီးမားကျယ်ပြောတဲ့ အတောင်ပံနှစ်ဖက်ကို အားကိုးတကြီးနဲ့ ဘေးကနေ လှမ်းကြည့်ခဲ့ဖူးတယ်။ သူအတောင်ပံအချက်ပေါင်းများစွာ ခတ်မှ ဖခင်ကြီးရဲ့ အတောင်ပံတစ်ခါ ခတ်ခါစလောက်ပဲ ရှိတာကို အားမလိုအားမရဖြစ်ပြီး စိတ်ဆိုးမာန်ဆိုးနဲ့ အားကုန်ဆက်တိုက်ခတ်တော့ ဖခင်ကြီးက ခပ်ပြုံးပြုံးနဲ့ လှမ်းကြည့်နေခဲ့သလို မိခင်ကြီးကလည်း သူ့ခေါင်းကို အသာလေးပွတ်ပေးပြီး နူးညံ့ညင်သာစွာလေး ပြောခဲ့ဖူးတယ်။

“မလောပါနဲ့ သားရယ်. တစ်ချို့အရာတွေက အချိန်မတန်သေးတာကို အားစိုက်လုပ်ရင် အားကုန်တာပဲ အဖတ်တင်တယ်. အခန့်မသင့်ရင် အတောင်ညောင်းပြီး ပင်လယ်ထဲ ပြုတ်ကျသွားနိုင်တယ်. ပျံသန်းရမယ့် ခရီးက အရှည်ကြီးရယ်. အားကိုထိန်းပြီး ပျံရတယ် သားရဲ့. အချိန်ရောက်လာရင်တော့ သားမပျံချင်လည်း အားကုန်ပျံရမှာပဲလေ. အခုလောလောဆယ်တော့ အတောင်ပံတွေကို အသုံးပြုတတ်အောင် အရင်သင်လိုက်ပါဦး”

ဖခင်ကြီးကတော့ သူ့ကို မခံချင်အောင် စလိုက်သေးရဲ့။

“ငါ့သား တစ်ချိန်မှာ အတောင်အလက်စုံလာခဲ့ရင် အဖေ့လို ခပ်ဝေးဝေး ခပ်မြင့်မြင့် ပျံနိုင်ပါ့မလားကွ…” တဲ့..

သူကတော့ ဘာစကားတစ်ခွန်းမှ ပြန်မပြောဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ထားခဲ့မိတယ်။

အဲဒီ့နေ့က မှတ်မိနေသေးတာတစ်ခုကတော့ အိမ်ပြန်ချိန်မှာ သူ့ကို အလယ်မှာထားပြီး ဖခင်ကြီးနဲ့ မိခင်ကြီးက တစ်ဖက်တစ်ချက်ကနေ တွဲပြီးထိန်းပျံလာခဲ့တာကိုပဲ။ ခပ်လှမ်းလှမ်းမှာတော့ အစ်ကိုနဲ့ အစ်မတွေက သူတို့ရဲ့ အတောင်ပံတွေကို ကျင်လည်စွာ အသုံးပြုလို့ ပျံသန်းဆော့ကစားနေကြလေရဲ့။ မိုးကုပ်စက်ဝိုင်းထဲကို တရွေ့ရွေ့ ငုပ်လျှိုးစပြုနေတဲ့ နေလုံးဝါဝါကြီးကို တရှိုက်မက်မက် ငေးကြည့်ရင်း ဖခင်ကြီးနဲ့ မိခင်ကြီးကြားမှာ ပျံသန်းနေရတာဟာ သူ့အတွက်တော့ တကယ့်ကို လှပတဲ့နေ့ရက်များပါပဲ။


လေဟုန်မျှောစီးနေရင်းက သူ့မျက်ဝန်းတွေကို ဖွင့်ကြည့်မိလိုက်တယ်။ နေမင်းကြီးက မိုးကုပ်စက်ဝိုင်းကို မေးတင်စပြုနေပြီပဲ။ ဒါပေမယ့် သူ့ဘေးမှာတော့ ဖခင်ကြီးလည်းမရှိ၊ မိခင်ကြီးလည်းမရှိ၊ ညီအစ်ကိုမောင်နှမတွေလည်း မရှိ။ ဒီအချိန်သူ အတောင်ညောင်းလို့ ပင်လယ်ထဲ ပြုတ်ကျသွားခဲ့ရင်လည်း အားပေးဆယ်ယူမယ့်သူမရှိ။ ဘေးကနေ တွဲပြီးဖေးမ ပျံသန်းပေးမယ့်သူလည်း မရှိ။ ဒါတွေဟာ တကယ်တော့ သူသူကိုယ်ကိုယ် ကြုံတွေ့ရမယ့် အမှန်တရားတစ်ခုဆိုတာကို သိနေခဲ့လည်း ချိုမြတဲ့ ငယ်ရွယ်စဉ်အခါ ပုံရိပ်လေးတွေကို အခုအချိန်မှာ သိပ်ကိုတမ်းတနေမိခဲ့တယ်။ ဒီနှလုံးသားက ကျောက်သားနဲ့ ထုဆစ်ခဲ့ထားတာမှ မဟုတ်ဘဲလေ။ နင့်ခနဲ ဖြစ်သွားတဲ့ ရင်ဘတ်ထဲက ခံစားချက်က ခပ်ပြင်းပြင်း အားစိုက်ပျံသန်းလိုက်တဲ့ အတောင်ပံတစ်ချက် ခတ်သံထဲမှာ စီးမျောလွင့်စင်သွားခဲ့တယ်။ ဒီနှလုံးသား နူးညံ့ခွင့် ရှိပါတယ်။ ပျော့ညံ့ခွင့်တော့ မရှိစေရဘူး။

တစ်ရက်မှာ ဖခင်ကြီး အိပ်တန်းကို ပြန်မလာနိုင်ခဲ့ဘူး။ (၅၅) နှစ်တာ ပင်ပင်ပန်းပန်း ပျံသန်းခဲ့ပြီးနောက် ငှက်တစ်ကောင်ရဲ့ အတောင်ပံတွေ အားကုန်မောပန်းခဲ့ရှာတယ်။ ဖခင်ကြီးရဲ့ နောက်ဆုံးခရီးမှာ တွင်းဝကနေပြီး မြေစာခဲလေးတွေကို သူ့အတောင်ပံလေးတွေနဲ့ ခတ်ပြီးပစ်ထည့်နေခဲ့ရင်း အေးချမ်းပျော်ရွှင်ဖွယ်ရာ အသိုက်အမြုံလေးတစ်ခု တစ်စစီ ပြိုကွဲလွင့်စင် သွားခဲ့တာကို မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရတယ်။ တကယ်ဆို အချိန်မတန်သေးဘူးပဲ မေမေရယ်. တစ်ချို့အရာတွေက အချိန်မတန်လည်းဘဲ ဆုံးရှုံးပျက်စီးရတာပဲလားဟင်။ ဒီမေးခွန်းတွေကို မမေးဖြစ်ခဲ့ပါဘူး။ မေးလည်း မမေးရက်ခဲ့ပါဘူး။

ဖခင်ကြီး မရှိတော့ကတည်းက ရေကြည်ရာမြက်နုရာ ရှာဖွေရင်း သူတို့မိသားစု အိပ်တန်းပေါင်းများစွာ ပြောင်းလဲအိပ်စက်ခဲ့ရတယ်။ လုံခြုံစိတ်ချရမယ်ထင်ခဲ့တဲ့ အိပ်တန်းတွေဟာ တကယ်တော့ မျှော်လင့်သလို မဖြစ်ခဲ့တာတွေ အကြိမ်ပေါင်းများစွာ ကြုံတွေ့ရပြီးနောက် ကောင်းတဲ့ အိပ်တန်းကို ရှာဖွေဖို့ထက် အိပ်တန်းကောင်းတစ်ခုကို ကိုယ်တိုင်ဖန်တီးယူမယ်လို့ ဆုံးဖြတ်ချက်ချဖြစ်ခဲ့တယ်။ ဒီမခံချင်စိတ်တွေက သူချစ်တဲ့ မိသားစုကို စွန့်ခွာပြီး အဝေးတစ်နေရာကို ရှစ်နှစ်ကြာ ပျံသန်းနေထိုင်ခဲ့ရတဲ့ အကြောင်းတရား ဇစ်မြစ်တွေပဲပေါ့။ အခုတော့ သူဖန်တီးယူထားခဲ့တဲ့ အိပ်တန်းလေးဆီကို ပြန်လာခဲ့ပြီ။ သည်မြေ သည်ရေ သည်လေတွေဟာ အရင်လို နွေးထွေးပျူငှာနေဦးမလား။ အရင်လို ရင်းနှီးကျွမ်းဝင်နေဦးမလား။ အရင်လို ဖော်ရွေလှိုက်လှဲနေဦးမလား။

ဒေါင်းဖန်ဝါနေမင်းကြီးက အနောက်စွန်းစွန်းကို ယွန်းလေပြီ။ နေဝင်ဆည်းဆာဟာ တကယ်တော့ ပင်လယ်နဲ့ ကောင်းကင်ကြီးကြား နေမင်းကြီးကို အညီအမျှ ခွဲဝေပေးတဲ့ တရားသူကြီး တစ်ယောက်ပါပဲ။ ပင်လယ်ထဲတစ်ဝက်၊ ကောင်းကင်ပြင်ထဲမှာ တစ်ဝက် ရှိနေတဲ့ နေမင်းကြီးကို ကြည့်ရင်း သူ့အတောင်ပံတွေကို ခပ်တင်းတင်း  အားစိုက်ပျံသန်းလိုက်တယ်။

အဝေးမှာ လှမ်းမြင်နေရတဲ့ အဝါရောင် နေဝန်းကြီးထဲမှာတော့ အတောင်ပံနှစ်ဖက် အစွမ်းကုန်ဖြန့်လျက် ပျံသန်းနေတဲ့ ဖခင်ကြီးရဲ့ ပုံရိပ်ယောင်တစ်ခုကို သူတွေ့လိုက်ရတယ်။ မရည်ရွယ်ဘဲ စကားတစ်ချို့ သူ့နှုတ်ဖျားက လွင့်စင်ကျလာခဲ့တယ်။


"အဖေရေ… အခုတော့ ကျွန်တော်ရယ်လေ အဖေမသိတဲ့ အဝေးကြီးက နယ်မြေသစ်တစ်ခုမှာ ကိုယ့်ခွန်ကိုယ့်အားနဲ့ အစွမ်းကုန် ပျံသန်းနေတတ်ခဲ့ပြီ။ အဖေခေါင်းချခဲ့တဲ့ နေရာကို ပြန်လည်ခြေချဖို့အတွက်လည်း အဝေးကြီးကနေ ကျွန်တော်ပြန်လာနေခဲ့ပြီ။ ကျွန်တော့်အတောင်ပံတွေ အဖေ့လောက် မကြီးမားခဲ့ပေမယ့် ရောက်ရာနေရာ၊ ကျရာဘဝမှာ ပျော်ရွှင်လိမ်မာစွာ ကျွန်တော်ပျံသန်းနေတတ်ခဲ့ပါပြီ။ ကျွန်တော့်အတောင်ပံတွေ အဖေ့လောက် ပွန်းတီးစုတ်ပြတ်ခဲ့ခြင်း မရှိခဲ့ပေမယ့်လည်း ဘဝပေးအသိနဲ့ လောကဓံကို အထိုက်အလျောက် ခံယူကျင့်သုံးနေတတ်ခဲ့ပါပြီ။

တကယ်တော့ ခရီးဝေးဝေး ပျံနိုင်တယ် မပျံနိုင်ဘူး၊ ခပ်မြင့်မြင့် ပျံနိုင်တယ် မပျံနိုင်ဘူးဆိုတာထက် ရောက်ရာဘဝ ကျရာနေရာမှာ အတောင်ပံတစ်ချက်ခတ်လိုက်တိုင်း ဘဝအားမာန်တွေ တရွှမ်းရွှမ်း မြည်ကြွေးနေနိုင်ဖို့က ပိုအရေးကြီးတယ်လို့ အဖေပဲ ပြောခဲ့ဖူးတယ်လေ..

ငှက်ဆိုတာ ပျံရင်းသေတယ်တဲ့…

ဘဝထဲကပညာတွေကို ဆည်းပူးလေ့လာခဲ့တဲ့ ငှက်တစ်ကောင်ကတော့ အတောင်ပံတွေကို မရပ်မနား ရိုက်ခတ်ပျံသန်းလို့ အိပ်တန်းတက်ဖို့ ပြန်လာနေခဲ့ပြီ အဖေ..."


~ ရေခဲငှက် ~

(ဒီစာစုလေးကို လေယာဉ်ပေါ်မှာ ရေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်တိုင်ကိုယ်ကျ ပျံသန်းနေတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် ပြတင်းတံခါးလေးကို ဖွင့်ထားခဲ့ချိန်မှာ အပြင်က နေမင်းကြီးက အရမ်းကို လှပနေခဲ့တယ်...)

8 comments:

လရိပ်အိမ် said...

ခုတော့လဲ ရေမြေခြားမှာ အမြင့်ဆုံးကို ပျံသန်းနိုင်တဲ့ ရေခဲငှက်တကောင်အဖြစ် ရပ်တည်နေနိုင်ပါပြီ။
Wish you have enjoy and happy times with your family !

to be happy,.,,, said...

တကယ်ကိုပဲ ရောက်ရာ အရပ်မှာ တရွှမ်း၇ွှမ်းမြည်အောင် အတောင်ပံခတ်တတ်ဖို့ ကို ကြိုးစားနေရအုံးမှာပဲ...း)

PhyoPhyo said...


တစ်ခါတစ်ခါ သနားကြင်နာလိုက်၊
တစ်ခါတစ်ခါ ခွန်းအားတွေရလိုက်နဲ့၊
ငှက်လေးရဲ့ပျံသန်းမှုလမ်းကြောင်းထဲကိုယ်ပါမြောပါပျံသန်းမိပါပေါ့။ငှက်ငယ်ရေ
ပျံသန်းခြင်းမှာပြီးမြောက်အောင်မြင်ခဲ့ပြီးရင်ငှက်ဖေဖေလို အသိုက်လေးဆေက်က်ရဦးမကွဲ့။
(ဟဲဟဲ)

သတိုး said...

"ငှက်တစ်ကောင်ကတော့ အတောင်ပံတွေကို မရပ်မနား ရိုက်ခတ်ပျံသန်းလို့ အိပ်တန်းတက်ဖို့ ပြန်လာနေခဲ့ပြီ အဖေ..."
အမောတွေ ပြေပါစေ ငှက်ကလေးရေ...။
နောက်တစ်နေ့ အရုဏ်ကူးတော့ အားအင်သစ်တွေနဲ့ ဆက်ချီပျံပါ ထက်အာကာသို့...း))

ခင်မင်သော သတိုး

မြသွေးနီ said...

ယောနသန် ငှက်စင်ယော်ကိုတောင် သွားသတိရမိလိုက်သေးတယ်...။
ဘ၀မှာ ရှင်သန်နေထိုင်နေသရွေ့ ပျံသန်းနေကြရဦးမှာပါဘဲ..။
တောင်ပံကိုဖျန့် လေဟုန်ကို ကျွမ်းကျွမ်းကျင်ကျင် စီးနေတဲ့ ငှက်ကလေးတစ်ကောင်ကို ဟိုး....မိုးကောင်းကင်ပြင်မှာ တွေ့နေရတယ်..။

ညီလင်းသစ် said...

လိုချင်တဲ့ ရည်မှန်းချက်ဆီ ရောက်အောင် ခွန်နဲ့အားနဲ့ ပျံသန်းခဲ့တဲ့ ငှက်ကလေးကို လေးစားမိတယ်၊ သူဟာ မုန်တိုင်းတွေ၊ လေပွေရိုင်းတွေ ကြုံခဲ့ရမှာပဲ၊ ဒါပေမယ့် လွင့်မသွား၊ ပျောက်မသွားဘဲ အဆုံးမှာ အိပ်တန်းကို ရောက်အောင်ပြန်သွားနိုင်တာ ဝမ်းမြောက်စရာပါ..၊ အသိုက်အမြုံမှာ ချစ်သူခင်သူတွေနဲ့အတူ ဆက်ပြီး ပျံသန်းနိုင်ပါစေ...ဘရို..။

debater//mcmgtoe said...

ကျွန်တော့်ကိုကူညီပါဦးဗျာ....

ကျွန်တော် mp3သီချင်းတစ်ပုဒ်ကို

ဘလော့မှာသူများတွေက download လုပ်လို့ ရအောင်တင်ချင်ပါတယ်.ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော့် ဆိုထားတဲ့သီချင်းတွေကိုသူများတွေက

Download ကိုကလစ်လေးနိပ်လိုက်တာနဲ့ ဒတ်စတော့ပေါ်ရောက်လာအောင်တင်ချင်တယ်ဗျ......အဲ့တာကျါန်တော်လုပ်နေတာ နှစ်လလောက်ရှိ့ ပြီလူလည်းရူးတော့မယ်.....အကိုရေးထားတာတွေလည်းဖတ်ကြည့်တယ်ကျွန်တော်ကပဲပိန်းနေတော့မသိဘူး.....ကျွန်တော့်အတွက်အားရင်.....နလပိန်းတုံးနားလည်အောင်ရှင်ပြပေးပါလားဗျားးးး......

debater//mcmgtoe said...

ကျွန်တော့်ကိုကူညီပါဦးဗျာ....

ကျွန်တော် mp3သီချင်းတစ်ပုဒ်ကို

ဘလော့မှာသူများတွေက download လုပ်လို့ ရအောင်တင်ချင်ပါတယ်.ပွင့်ပွင့်လင်းလင်းပြောရရင်ကျွန်တော့် ဆိုထားတဲ့သီချင်းတွေကိုသူများတွေက

Download ကိုကလစ်လေးနိပ်လိုက်တာနဲ့ ဒတ်စတော့ပေါ်ရောက်လာအောင်တင်ချင်တယ်ဗျ......အဲ့တာကျါန်တော်လုပ်နေတာ နှစ်လလောက်ရှိ့ ပြီလူလည်းရူးတော့မယ်.....အကိုရေးထားတာတွေလည်းဖတ်ကြည့်တယ်ကျွန်တော်ကပဲပိန်းနေတော့မသိဘူး.....ကျွန်တော့်အတွက်အားရင်.....နလပိန်းတုံးနားလည်အောင်ရှင်ပြပေးပါလားဗျားးးး......