Sunday, March 25, 2012

ကြံခုတ်သူများ..



အဖျားက စားမိတဲ့ကြံ
တစ်ဝက်ကျိုးသွားတဲ့တိုင် မချိုခဲ့နိုင်သေးဘူး.
နေရနိုးနိုး သေရနိုးနိုးနဲ့
မိုးလင်းမိုးချုပ် ပြေးလွှားခဲ့ချိန်တွေမှာ
မျှော်လင့်ချက်တွေဟာ 
ဝတ္တရားအခန်းငယ်ထဲ ပိတ်မိနေဆဲပဲ.

ခါးသက်သက်အတွေးအခေါ်တွေက
အက်ဆစ်ပက်ခံထားရတဲ့ အ၀တ်စတစ်စလို
တစ်လှမ်းချင်း ကမ်းတက်တိုက်ပွဲ
ဆင်နွှဲလာနေလေရဲ့.
ဟိုဟိုဒီဒီ ကျဲပြန့်နေတဲ့ ကြံအပိုင်းအစတွေကြား
ခပ်မားမားရပ်နေတဲ့ လူတစ်ယောက်ကို 
လက်တို့ပြောလိုက်တယ်.


“တစ်ချောင်းစားရတော်ရောပေါ့ ကိုယ့်လူ. ကြံခင်းတွေပျက်စီးရော့မယ်.”
မဲ့ပြုံးတစ်ချက်နဲ့အတူ 
ကိုယ်ဟာ တော်တော်လေး အသနားခံလိုက်ရတယ်.
“ကြံတိုင်းမချိုဘူး ညီကို. အရင်းလေးတွေ မြည်းကြည့်ဦးမှ” တဲ့.

ကြံချိုတွေ ပွေ့ပိုက်သွားတဲ့ ခြေလှမ်းကျဲတွေနောက်မှာ
ကြံခင်းကြီးက အပိုင်းပိုင်း ပြတ်ကျလို့
ကောက်ကြောင်းတွေ အကျည်းတန်နေခဲ့တယ်.

ဩော်…
ဘာမှ မယူလာခဲ့တဲ့ လူသားတွေ
ခုတော့လည်း 
သယ်နေလိုက်ကြရတာ တနင့်တပိုးပါပဲ.

နေပါစေတော့...
ခြေထောက်အောက်က ဖိနပ်ပါးကို 
ခပ်ကြွားကြွားလေးစီးလို့
လက်ထဲကကြံကို
စိတ်ကူးနဲ့ပဲ ချိုလိုက်တော့မယ်.


(ရေခဲငှက်)

6 comments:

သတိုး said...

"ကြံချိုတွေ ပွေ့ပိုက်သွားတဲ့ ခြေလှမ်းကျဲတွေနောက်မှာ
ကြံခင်းကြီးက အပိုင်းပိုင်း ပြတ်ကျလို့"

ကောင်းပါ့ဗျာ။ ကိုယ်တွေမှာတော့ ကိုယ့်ကြံနဲ့ကိုယ် တစ်နေ့ချိုနိုး ..။
ခင်မင်သော သတိုး

Nilaynla said...

ညည်းရေးခဲ့တဲ့ ကဗျာတွေအားလုံးထဲမှာ ဒီကဗျာလေးနဲ့ပုံလေးတွေနဲ့က လူကို အရမ်းဆွဲဆောင်နိုင်တယ်လို့ ပြောရမှာပဲ...........ငါတော့ကြိုက်တယ်။ အမြဲရွှင်လန်းပါစေ။

Yan said...

>သတိုး.... ကိုသတိုးရဲ့ ကြံတွေက ချိုနေပြီမဟုတ်ဘူးလားဗျ.း)

>Nilaynla... နင်ဘယ်တွေပျောက်နေတာလဲ သယ်ရင်း.. ဒီပို့စ်လေးရေးတော့ နန်းရှေ့စာကြည့်တိုက်နားလေးက ကြံရည်ဆိုင်လေးကိုတောင် သတိရမိလိုက်သေးတယ်.း)

Nilaynla said...

ငါက..ငါတစ်ယောက်တည်းပဲ ဒါမျိုးတွေသတိတရလုပ်တတ်တာလို့ ထင်နေတာ.နင်ကဥာဏ်သိပ်ကောင်းတာပဲ....ဒီလောက်ဘီးဇီးနေတဲ့ကြားကတောင်..ငါဆိုမေ့ပြီ။ မဖြစ်ချေဘူး..ကြံရည်ဆိုင်က ကုလားမလေး ဖြူဖြူဝင်းဝမ်းသာသွားအောင် သွားပြောပြဦးမှ...
ှုစကားမစပ် လတ်..အကြောင်းရော ဘယ်တော့ရေးမှာလဲဟင် သယ်ရင်းး)

မြသွေးနီ said...

အခုခေတ်မှာ ကြံကို ကြံခင်းထဲလိုက် ချိုးမနေတော့ဘူး။ ကြံရည်ချိုချိုအေးအေးတစ်ခွက် ၀ယ်သောက်ပစ်လိုက်။ မနိပ်လား.. :)
ပြီးလည်းပြီးရော ဆေးသကြားတွေနဲ့ ချောင်းတွေ ဆိုးလိုက်တာလေ... မနည်းကို ဆေးသောက်ယူရတယ်.. :D

Yan said...

>Nilaynla... ဖြူဖြူဝင်းကတော့ ဟုတ်ပါပြီ. နင်ပြောမှ ရယ်ချင်သွားပြီ. ကုလားမလေး ဖြူဖြူဝင်းဆိုလို့လေ.. လတ်က ဘယ်သူတုန်းဟ. နန်းရှေ့ကလတ်လား. နန်းတွင်းက လတ်လား. တရုတ်တန်းကလတ်လား.း)

>မြသွေးနီ... ဒါကြောင့် ခုတလော မမြသွေးနီ ပျောက်ပျောက်နေတာကိုး. ကြံရည်တွေသိပ်မသောက်နဲ့ဦး.း)