Tuesday, April 20, 2010

ခုတလော....


ခုတလော ဒီမှာ ရာသီဥတုတွေ မကောင်းပါ. အေးလိုက်. ပူလိုက်. မိုးရွာလိုက်နဲ့ တော်တော်ကို စိတ်လေစရာကောင်းတဲ့ ရာသီဖြစ်နေပါတယ်.

မနက်ခင်းလေးအေးလို့ အနွေးထည်ဝတ်သွားလိုက်ပြီး ခပ်သုတ်သုတ် လမ်းလျှောက်ခဲ့ရပေမယ့် ညနေခင်းကျတော့ မိုးတွေက ရွာနေတတ်ပြန်ရော. ဟော. တစ်ခါတစ်လေကျတော့လည်း လေပြင်းတွေကတိုက်လိုတိုက်၊ ၀တ်မှုန်တွေ လေထဲကို လွင့်ဝဲပြီး ၀ိုက်လိုဝိုက်၊ အဲဒါတွေကို ရှူရှိုက်လိုရှိုက်၊ လည်ချောင်းတွေ အာခေါင်တွေ ယားကျိကျိဖြစ်လို့ ဟတ်ချိုးလို့ ချေပစ်လိုက်လိုလိုက်နဲ့... အင်းးးး


မမိုက်ပါဘူးဗျာ....

ဆောင်းရာသီကလည်း ရှည်ကြာလွန်းပါပကော... မတ်လထဲရောက်လို့ အအေးပေါ့လာပြီဆိုပြီး ချီးကျူးမယ်မကြံနဲ့. နောက်နှစ်ရက်လောက်နေတော့ နှင်းတွေက ဖွေးဖွေးလှုပ်နေတတ်ပြန်ရော...

သေချာတယ်. ကမ္ဘာကြီးနေမကောင်းတော့ဘူး. ရာသီဥတုတွေ ဖောက်လွဲဖောက်ပြန်တွေဖြစ်နေတယ်.

ခုလည်း ဆောင်းအကုန်နွေအကူး လေရူးတွေက တသုန်သုန်နဲ့ ကမ်းစပ်လေးမှာသွားထိုင်လိုက်မယ် မကြံနဲ့. အေးစက်စက်လေထုကြီးက ၀ပ်သရင်းဟိုက်ထဲကလို "let me in... let me in..." ဆိုပြီး ကိုယ့်နောက်ကို အပြေးလိုက်လာပါလေရော...

ခုတလော ရာသီဥတုတွေ သိပ်မကောင်းဘူး.

......

ဧပြီကုန်ဆို ကျွန်တော် ချောင်းတွေ စဆိုးတတ်တယ်.
အဲဒါကို အကြောင်းရင်းမသိခင်က တီဗွီလား၊ ဗွီဒီယိုလားဆိုပြီး ဆရာဝန်ဆီ သွားပြလား ပြဖူးရဲ့..
ဆရာဝန်ကညွှန်ကြားပြသလိုက်သော ဆေးတွေလည်း သောက်လားသောက်ရဲ့.

ကိုးရီးယားကားတွေထဲကလို ငါတော့ လူကီးမီးယားများ ဖြစ်ပြီးလား. ဒါမှမဟုတ် ဖလူးကီးမီးယားလား. မူးကီးမီးယားလား စသည်ဖြင့် လားပေါင်းများစွာနဲ့ပေါ့.

နောက်ကျမှ လားလား... ဘာလားလဲမှတ်တယ်. (တိဘက်က..လား...) အဲလေ.. အလာဂျီကီးမီးယားဖြစ်နေပါရောလား...

အတူနေ အစ်မကြီးတွေကပြောပြပါတယ်.

"ဂလိုရှိတယ် မောင်လေး... မမတို့ ဒီနေပြည်တော်ကြီးမှာ... အဲလေ... ဒီ စီးတီးကြီးမှာ အခုလို ရာသီကူးပြောင်းချိန်မှာ ပန်းတွေပွင့်တတ်ကြတယ်. မောင်လေးရဲ့... အဲဒါပေါ့. ဘယ်လိုပြောမလဲပေါ့နော်.... ၀တ်မှုန်တွေကူးတယ်ပေါ့... လေထဲမှာ ၀တ်မှုန်တွေ အများကြီး ပြန့်ကျဲနေတတ်တယ်ပေါ့နော်... အဲဒါပေါ့..."

မမရဲ့ ပေါ့လေးတွေထဲမှာ ကျွန်တော်လည်း မြော့... မဟုတ်ပါဘူး... နစ်မျောနေခဲ့ရာက ကွန်ကလူးရှင်းကို သိလိုက်ရပါတယ်.

ဝတ်မှုန်တွေ ပါးစပ်တွေထဲဝင်ရင်ချောင်းဆိုးမယ်. နှာခေါင်းထဲဝင်ရင် နှာပိတ်နှာစေး နှာရည်ယိုမယ်. မျက်စိထဲဝင်ရင် မျက်စိတွေ ယားယံကျိန်းစပ်မယ်. စသည်ဖြင့်ပေါ့..

အဲဒါကို ဘာလို့ခေါ်လဲဆိုတော့..

Allergy တဲ့လေ...

ခုတလော ကျွန်တော်အလာဂျီဖြစ်နေတယ်.

ကျွန်တော် မျက်စိအယားမခံပါဘူး... နည်းနည်းလေးယားမယ်မကြံလိုက်နဲ့. ရောက်တဲ့နေရာမှာ ခဏရပ်၊ အသင့်ဆောင်ထားတဲ့ မျက်စဉ်းဘူးကိုထုတ်၊ မျက်နှာလေးကို ၄၅ ဒီဂရီလေး စောင်းပြီး ပဲလေးနဲ့ မျက်စဉ်းကို ဟိုဖက်တစ်ပြွတ်၊ ဒီဖက်တစ်ပြွတ် ပြွတ်ထည့်လိုက်တယ်.

ပြီးတော့မှ နက်မှောင်ကော့ရွှန်းနေတဲ့ မျက်တောင်ရှည်လေးတွေကို ပုတ်ခတ်ပုတ်ခတ်နဲ့ လုပ်ပေးလိုက်တယ်.

ဟော...ကြည့်... ကြည်လင်သွားပြီ... မယားတော့ဘူး.. ကြည့်ချင်တာကြည့်လို့ရသွားပြီ....း)

ဟုတ်... ကျွန်တော်နှာပိတ်လည်းမခံပါဘူး... နည်းနည်းလေးပိတ်မယ်မကြံလိုက်နဲ့... ရောက်တဲ့နေရာမှာ ချောင်တစ်ခုကိုရှာ၊ အသင့်ပါလာတဲ့ တစ်ရှူးလေးတစ်ရွက်ကိုထုတ်... ပြီးတာနဲ့ အသက်ကို အ၀ရှူပြီးးးးးးသကာလ..

ဂွီးးးးးးးး ခနဲ...


တစ်ချက်တည်းပါပဲ...

ပြီးလည်းပြီးရော ရဲပဒေါင်းခတ်သွားတဲ့ နှာနုဖျားလေးထိပ်မှာ Anti-Sinus လို့ခေါ်တဲ့ ဆေးဘူးလေးနဲ့ ဟိုဖက်ပေါက်ကိုတစ်ပြွတ်၊ ဒီဖက်ပေါက်ကို တစ်ပြွတ် ပြွတ်ထည့်လိုက်တယ်.

ပြီးတော့မှ နောက်ထပ်တစ်ရှူးလေးတစ်ရွက်နဲ့ သုတ်သင်ရှင်းလင်းလိုက်တယ်.

ဟော... ကြည့်... နှာမပိတ်တော့ဘူး.. နှာမစေးတော့ဘူး.. နှာရည်မယိုတော့ဘူး... ရှူချင်တာ ရှူလို့ရသွားပြီ.....း)


အဲ...

ချောင်းဆိုးတယ်...

အဲဒါကတော့ အတော်ဆိုးပါတယ်.

လျက်ဆားလည်းမနိုင်... ချောင်းဆိုးပျောက်ဆေးလည်းမတိုး... မြန်မာပြည်က ကွမ်းရွက်ပုံလည်း အပုံလိုက်သာ ကျန်သွားတယ်. ကျွန်တော့်ချောင်းကမပျောက်...

ချောင်းဆိုးတာမှ ချောင်းကြီး ချောင်းလတ်. ချောင်းသေး... ချောင်းကို Combo လိုက်ဆိုးတာဗျာ...

ဟွတ်ဟွတ်... အွတ်.. ဟွတ်... အွတ်... နဲ့ဆိုးတော့ ဘာဖြစ်လာလဲသိလား

နားတွေကပါ ယားတတ်လာတာ...

အဲဒါနဲ့ နားကိုအယားပြေအောင် နားကြပ်တော့ ဘာဖြစ်လာလဲသိလား... နှာချေပါလေရော...

နှာချေတော့ ဘာဖြစ်လဲ..

မျက်ရည်တွေပါယိုလာရော...

အားးးးး

တကယ်.. စိတ်လေတယ်.

ခုတလော... ကျွန်တော် ချောင်းတွေ အရမ်းဆိုးနေတယ်ဗျာ...

..........

သင်္ကြန်ပြီးကတည်းက ကိုယ့်ဘလော့ဂ်လေးတော့ ပြုပြင်ပြောင်းလဲရေးလေး လုပ်ဦးမှဆိုပြီး တန်းပလိတ်လေးတွေ လိုက်ရှာ.. ကလိ... စိတ်တိုင်းကလည်းတော်တော်နဲ့မကျ... တစ်ချို့ဟာလေးတွေကို ဒီနေရာကြိုက်ပေမယ့် ဟိုနေရာကျတော့ မကြိုက်ပြန်ဘူး... ဘာမှ မသိခဲ့ရင်လည်းအကောင်းသား.. တွေ့သမျှ အကောင်းကြီးပဲဆိုပြီး ဆွဲပစ်မှာ... အခုတော့ မတတ်တခေါက်လေးကလည်း တီးမိခေါက်မိထားပြန်တော့ ဟိုဟာလည်း မကောင်း၊ ဒီဟာကျတော့လည်း မကြိုက်နဲ့...

အင်း.... ကျွန်တော်လူပျိုကြီးဖြစ်တာ ဘလော့ဂါဖြစ်ကတည်းကပါပဲလို့ဆိုရင် မှားမယ်မထင်ဘူးပေါ့နော်...
(ကျွန်တော်လည်း မဂ္ဂဇင်းထဲက မော်ဒယ်လေးတွေနဲ့ ဗျူးတာတွေ အဖတ်များပြီး ပေါ့နော်လို့ ပြောတတ်လာတယ်... သည်းခံပေးပေါ့နော်... ဘယ်လိုပြောမလဲ... တမင်ရည်ရွယ်တာတော့ မဟုတ်ဘူးပေါ့နော်. သူ့ဖာသာသူဖြစ်သွားတယ်ခေါ်မှာပေါ့. ကြိုးစားထိန်းရမှာပေါ့နော်... ဟင်းဟင်းဟင်းးး)

နောက်ဆုံးကျတော့ မျက်စိကိုစုံမှိတ်ပြီး တစ်ခုကို နံကြားထောက်ရွေးလိုက်တယ်...

အခုသုံးနေတဲ့ တန်းပလိတ်လေးထွက်ကျလာပါတယ်...

ဒီလိုပဲ ရွေးချယ်စရာတွေ များလာတော့ ဘာရွေးရမလဲမသိဘူးဖြစ်ဖြစ်လာတယ်.

ခုတလော ကျွန်တော်နံကြားထောက်မိနေတတ်တယ်.း)))) နံရိုးတွေ မကောင်းတော့လို့ လက်နဲ့ထောက် ထောက်ထားရတာပါ.

ဟိုဟာပေါ့... ထောက်ထားရတာပေါ့နော်.... လက်နဲ့ပေါ့... နံကိုပေါ့နော်... ဟင်းဟင်းဟင်း...ပေါ့ရင် ဆားထည့်ပေါ့နော်....

.....

သတင်းတွေကလည်း ဖတ်ရတာမကောင်းဘူးဗျာ...

ဟိုမှာ ပေါက်ပြန်ပြီ. ဒီမှာပေါက်ပြန်ပြီ... ဟိုမှာ လှုပ်ပြန်ပြီ. ဒီမှာ လှုပ်ပြန်ပြီ. ဟိုမှာ ကွဲပြန်ပြီ. ဒီမှာ ရွဲပြန်ပြီနဲ့...

အင်းးးး ကမ္ဘာကြီးမှာ မီဒီယာတွေ ကျယ်ပြန့်လာတာ ကောင်းတာတွေ ရှိသလို ဆိုးတာတွေလည်းရှိတယ်ဆိုတာ လက်ခံလာမိတယ်.

မနက်ခင်းမိုးလင်းလို့ သတင်းလေးမဖတ်လိုက်နဲ့.. ကြည်လင်နေတဲ့စိတ်အစဉ်က ၀ုန်းဆို ညှိုးချုန်းသွားပါလေရော...

စုတ်တသပ်သပ်၊ လက်သီးတကျစ်ကျစ်၊ အံတကြိတ်ကြိတ်၊ မာန်တဖိတ်ဖိတ်နဲ့ မနက်ခင်း ကော်ဖီခွက်လေးထဲက ကော်ဖီရောင်လေးထက်တောင် ကျွန်တော့်စိတ်တွေ နက်မှောင်သွားခဲ့ရတယ်.

ဟုတ်တယ်ဗျာ.. ကျွန်တော့်စိတ်တွေကိုကပဲ သိပ်အဆင်မပြေဖြစ်နေတယ်ထင်တယ်. ဂျွတ်ဆတ်ဆတ်ဖြစ်နေတယ်.

ခုတလော.. မနက်ခင်းတွေကို သတင်းမဖတ်မိအောင် ကျွန်တော် ကြိုးစားနေတယ်.

....

ခုတလော... ကျွန်တော်ဘလော့ဂ်မရေးဖြစ်ဘူးဖြစ်နေတယ်...

ရေးဖို့ စိတ်လေး ပေါ်လာပြန်တော့လည်း လူက ပင်ပန်းပြီး ကွန်ပြူတာရှေ့ မထိုင်နိုင်တော့လောက်အောင်ဖြစ်နေတယ်....

နားရက်လေး အေးဆေး ရေးမယ်ကြံတော့လည်း ရေးဖို့စိတ်လေးက ပျောက်နေတတ်ပြန်ရော...

အဲဒီ့မှာတင် ဂျာအေးကို သူ့အမေရိုက်တော့တာပါပဲ...

အလုပ်ကအပြန် အိမ်ကို တန်းမပြန်ဘဲ ပန်းခြံလေးထဲမှာ ကျွန်တော်ဝင်ဝင်ထိုင်နေတတ်တယ်.


အတွဲချောင်းတာလားလို့တော့ မထင်နဲ့နော်...

စထရပ်စ်တွေ များလွန်းလို့ဗျာ...

အဲဒါ ကြည်လင်အေးချမ်းတဲ့ ပတ်ဝန်းကျင်လေးထဲမှာ ကိုယ့်ကိုယ်ကို နစ်မျောခိုင်းလိုက်ပြီး တစ်နေ့တာ ပင်ပန်းနွမ်းနယ်မှုတွေကို အပန်းဖြေလိုက်ရတယ်.

စာအုပ်ဆိုင်တော့ ခဏခဏရောက်ဖြစ်တယ်. ၀င်လိုက်တိုင်းလည်း စာအုပ် သုံးလေးအုပ်လောက်က ပြန်ပါပါလာတတ်တယ်.

အိမ်ရောက်တော့လည်း ရေမိုးချိုး အ၀တ်လဲ စားသောက် ဆေးကြောနဲ့ ည ၁၀ နာရီက အသာလေး ထိုးသွားတတ်ပါလေရော..

အင်းးးး

ခုတလော ကျွန်တော် စိတ်ဖိစီးမှုတွေ များပြီး ဘလော့ဂ်လည်း မရေးနိုင်၊ စာလည်း သိပ်မဖတ်နိုင်ဖြစ်နေတယ်.

တစ်ခုတော့ရှိတယ်... ဘာလဲသိလား

ခုတလော ကျွန်တော်အစောအိပ်ဖြစ်နေတယ်...း))))



ခုတလော...

ခုတလော...

ခုတလော...

ခေါ... ခေါ...ခေါ....


း)

Y.

14 comments:

Rita said...

G
R
E
A
T

မိုးခေတ် said...

အစ်ကိုရေ...
နောက်ပိုင်းစာတွေများများပြန်ရေးနိုင်ပါစေ....
စောင့်မျှော်အားပေးလျှက်ပါဗျာ...
template နဲ့ပါတ်သတ်ပြီး ပြောရရင်တော့
အရင်ဟာလောက်မကြိုက်ဘူးအစ်ကိုရေ....
စာလုံးလေးတွေ သေးသွားတယ်... အရင်လောက်လွတ်လပ်ကျယ်ပြန့်မနေတော့ဘူးဗျ....၀င်လိုက်ကတည်းက ဘောင်းကျဉ်းကျဉ်းလေးနဲ့ ချုပ်ထားသလိုပဲ (အရင်ဟာမြင်နေကြမှို့လားတော့ မသိပါ)
ချောင်းဆိုးကင်းစင်ပြုံးပျော်ရွှင်ပြီး :D
ကျန်းမာထီပေါက်နတ်ပြည်ရောက်ပါစေဗျား....

Yan said...

>Rati... အဲလေ... Rita....

ကန်ထရိုက်တိုက်ဆောက်နေတာလား... စာလုံးတွေ အပေါ်ကနေ အောက်ကိုဆင်းသွားတော့ ရန်ကုန်မှာနေတုန်းက Naing Group ဆိုတာကြီးကို သွားမြင်မိတယ်.း) Thanks for your comments....

>မိုးခေတ်... ရွေးကောက်ပွဲအမှီတန်းပလိတ်ဗျ... ဘာမှတ်လဲ... တမင်ကို ချုပ်ထားတာ.း)
စတာပါဗျာ... လောလောဆယ် ဒါလေးပဲ မျက်စိထဲတွေ့လို့ဗျ. သုံးလလောက် ခဏချုပ်ထားပါရစေ. ဟတ်ဟတ်.

Soe Mya Nandar Thet Lwin (Borros Roxo) said...

ကိုယ်နဲ့ ရင်းနှီးနေကျ အရာတခု၊ မြင်နေကျ အရာတခု ချက်ခြင်းကြီး ပြောင်းသွားတော့ အမြင်မှာ တမျိုးကြီးပဲ။

ပွင့်လင်းစွာ ပြောရရင် အရင် တန်းပလိတ်လို ရိုးရှင်းတာပဲ ကြိုက်တယ်။

စာရေးတဲ့နေရာ၊ ဖတ်ရတဲ့နေရာ ကျဉ်းသွားသလို ခံစားရတယ်။ ပိုင်ရှင်က ကြိုက်တယ်ဆိုလဲ ပြောရုံပဲ ရှိမှာပေါ့လေ။

အနောက်တိုင်းတွေရဲ့ ဆောင်းအကုန် နွေအကူး ဝတ်မှုာန်ကူးချိန်မှာ လူတွေ တောတော်များများ အလာဂျီဖြစ်ပါတယ်။ ကျန်းမာရေး ဂရုစိုက်ပေါ့။ အသက်ထောက်လာတော့ ကြည့်ရတာ ချူချာပုံရတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ခုတလောနဲ့ ပိုစ့်ရေးလာတာ တွေ့ရတော့ စိတ်ထဲ "He still alive." လို့ တွေးလိုက်မိပါတယ်။

မြန်မာနှစ်သစ်မှာ ပျော်ရွှင် စိတ်ကြည်၍ အရင်ကလို ဖတ်လို့ကောင်းမယ့် ပိုစ့်အသစ်တွေ ဝေဆာစွာ ရေးနိုင်ပါစေ။

ဆန္ဒမွန်ဖြင့်
နန္ဒာ (SMNTL)

Talkii said...

အရင်ဒီဇိုင်းလောက် မျက်စိမအေးဘူးပော့နှော။ သူပော့တာနဲ့ ကိုယ်ပာ လိုက်ပော့ကုန်ပြီ။

ဒုတိယအပိုဒ်ကို အသံထွက်ဖတ်ရင်း ဆီးချက် အဲလေ စီးချက်နဲ့အညီ ကုန်းကုန်းကွကွ လက်မြှောက်ဘေးကိုကား ခောင်းတငြိမ့်လုပ်ပြီး ဖတ်သွားတယ်။

ရာသီပြောင်းချိန်သီချင်းဆိုရင်း ဆွေးနေလိုက်ရင် ချေဖို့ မေ့သွားလိမ့်မယ်။

တိတ်ကဲး)

Flower said...

တန်းပလိပ်ပြောင်းပေမဲ့ စာတွေက ဖတ်ကောင်းနေတုန်းပါ..
ကျန်းမာရေး ဂရုစိုက်တာ ဖတ်ရလို့ ၀မ်းသာပါတယ်..
ပျော်ရွှင်ကျန်းမာစွာ စာတွေအများကြီးရေးသားနိုင်ပါစေရှင်..

ကိုရင်နော်ခင်လေးငယ် said...

အင်းးး.... ဘယ်လို ပြောရမလဲ ပေါ့နော်...

ပြန်တွေးမိတာက ကိုရန်အောင်ကြီး ငါ့ဘာမေးလို့တုန်းးးး ပေါ့နော်...

အို... သူ ဘာ မေးမေး မမေးမေး အသာထား ပေါ့နော်...

မြင်နေကျ တန်းပလိပ်လေး မဟုတ်တော့ စိတ်မှာ တမျိုးလေး ပေါ့နော်...

စာမျက်နှာလေးက ကျဉ်းသလိုလိုလေး ခံစားမိတာ ပေါ့နော်....

ကိုရန်အောင်ရေးသလို ပေါ့နော်...

ရာသီတွေ ဖောက်ပြန်တာတွေ ပေါ့နော်...

သတင်းတွေ မကောင်းတာတွေ ပေါ့နော်...

အလာတွေ တဂျီဂျီ ဖြစ်ပြီး နှာတွေ မျက်လုံးတွေ ယားတာတွေ ပေါ့နော်...

အပြောင်းလဲတွေ သိပ်များတဲ့ လောကကြီးကို ပေါ့နော်...

သုံးသတ် ခြုံငုံပြီး ရေးခဲ့ချင်တာလေး ရှိတယ် ပေါ့နော်...

ဘာတွေ ဘယ်လို ပြောင်းလဲလဲပါ ပေါ့နော်...

တာမီးတို့ တားတားတို့ နိုင်ငံတော်ကြီးကတော့ ပေါ့နော်....

ဘာမှကို ပြောင်းလဲဖူး ပေါ့နော်... :P

ဒါလေးပါပဲလေ... အတော်လေးလည်း ရေးတာ ရှည်သွားတာ ပေါ့နော်...

တောင်းပန်တယ်... ဆောရီးပါ ပေါ့နော်... :D

ကျန်းမာရေးက အစ ပေါ့နော်...

အစစ အရာရာ ဂရုစိုက်ပါ ပေါ့နော်...

Thatonthu said...

ကိုရန်အောင် ဒီလို Allergy ဖြစ်ပြီဆိုတော့ကာ ခုခံအားနည်းပြီး အမေရိကားမှာ နေပါးဝတယ်ဆိုတာ ပြလိုက်တာပါ..။ ဒီကိုစရောက်ကာစ မြန်မာပြည်က လူတွေက ၂ ၊ ၃ နှစ်လောက်ထိကအေးဆေးပဲ.။ ခုခံအားကောင်းကြသေးတာကိုး.။ နောက်လဲကျရင် တရွှီးရွှီး.. တကုတ်ကုတ် တပျစ်ပျစ်တွေ ဖြစ်လာကြရော။
အိမ်ထဲမှာ ထားဖို့ air purifier ဝယ်ထားရင် နဲနဲ သက်သာတယ်.။
ဘဝတူသမား ကိုရန်အောင်
ဒီရန်ကမြန်မြန်ပျောက်ပါစေ..

..till the next year!!!

Myatnoeethulay

ကိုရင်နော်ခင်လေးငယ် said...

အဟွတ်..!!!

ရောဂါက ကူးချင်သလိုတောင် ဖြစ်သွားတယ်..း))

ဘော်ဒီက နည်းနည်းတော့ ပိန်နေသလားလို့.. အဟေးး ဝသွားအောင် နည်းနည်းဖြစ်ဖြစ် ချဲ့ပါလားလို့..

လက်ရေးလည်း သေးနေသလိုပဲ.. (ကျနော်ပဲ မှုန်လို့လား မသိ)

ခင်လေး မန့်တာ ရှည်သွားတယ်.. ရောဂါတူသူချင်းမို့ ဝမ်းသာအားရ မန့်သွားပုံပေါ်တယ်..း))

ခင်မင်လေးစားမဟားဒယားချစ်ခြင်းအားဖြင့်
ကိုရင်နော်

Yan said...

>SMNTL... ဆုတဲ့ပေးနဲ့ ပြည့်ပါစေဗျာ. စာတွေအများကြီးရေးချင်ပါသော်လည်း ကျန်းမာရေးကမကောင်း...း) Thanks for your comment, Soe...

>Talki... မျက်စိမအေးရင် မျက်မှန်တပ်ကြည့်ပေါ့ဟေ့... ရာသီပြောင်းချိန်သီချင်းကို စိုးစန္ဒာထွန်းက ပတ္တလားနဲ့ဆိုထားတာ ရှိတယ်ဆိုပဲ. ပို့ပေးဗျာ. အဲဒါဆို အမြန်နေကောင်းသွားလိမ့်မယ်.း)

>ချော... ခုလို တခုတ်တရ အားလာပေးတာ ကျေးဇူးတင်ပါတယ်. I'll try my best. :D

>Thatonthu... ကဲ.. ဘ၀တူချင်းဆိုတော့လည်း မေးရဦးမယ်. ချောင်းဆိုးပျောက်ဆေး ဘာကောင်းတုန်းဗျ. ဒေးကွဲ(Day Quell)၊ နိုက်ကွဲ (Night Quell)၊ အောလ်ကွဲ (All Quell) .. :) လောလောဆယ်တော့ လူကွဲနေတယ်. ဟတ်ဟတ်

>ခင်လေးငယ်... ရပါတယ်. ဘယ်လိုမှ စိတ်ထဲမထားဘူးပေါ့နော်. အချင်းချင်းတွေပဲ. ရှည်ရှည်တိုတိုပေါ့. ကော်မန့်ကိုပြောတာပေါ့နော်. အင်း. စာမျက်နှာလေးကကျဉ်းပေမယ့် လူကတော့ မကျဉ်းဘူး. အဲလေ. စိတ်ထားမကျဉ်းဘူးပေါ့. အဲလိုပြောတာပေါ့နော်.

>ကိုရင်နော်... ၀သွားအောင်ချဲ့ချင်ပါသော်လည်း အော်လဂျင်နယ်ကောင်ကြီးက ကတ်စတန်မိုက် ပေးမလုပ်ဘူးဗျ. တင်းတယ်. လက်ရေးသေးတာကတော့ ဖတ်တဲ့သူ ပိုပြီး အာရုံစိုက်လာအောင်ပါ. ကိုရင်နော် မှုန်တာလည်းပါမယ်.း) မခင်လေးကတော့ ပြောမနေနဲ့. ရောဂါတူတော့တွေ့ပြီဟဆိုပြီး အရှည်ကြီးလာမန့်တာ. ခြင်တောင်ဝင်ရိုက်သွားသေး.. အဟေးဟေး.. အဲလေ. အဟတ်ဟတ်. :) မဟားဒယားတော့ မချစ်နဲ့ ကိုယ့်လူ. ကျွန်တော်ရင်မခုန်ချင်ဘူး LOL...

အားလုံးကို ချစ်ခင်စွာဖြင့်.

Y.

Mee Chit said...

ဆေးဝါးတွေပဲ အားကိုးနေမယ့်အစား .. တရားလေးမှတ်ကြည့်ပါလား ဟင်... ချောင်းဆိုးတာက အဆုတ်နဲ့ ဆိုင်တယ်ဆိုတော့ အာနာပါန ရှုပေါ့.. (၀င်သက်ထွက်သက် - အန်တီနွဲ့ယဉ်ဝင်း+ကိုမျိုးကျော့) ဟီး ဟီး.. နေမကောင်းလို့ စာမရေးနိုင်တော့ရင် ဖတ်စရာတခုလျော့သွားမှာစိုးတယ်... :P

မြသွေးနီ said...

ကိုရန်အောင်ရေ..
မင်္ဂလာပါ။ ရုတ်တရက် အိမ်များမှားသွားလားထင်မိတယ်။
နှစ်သစ်မှာ အိမ်သစ်နဲ့ ကျန်းမာရေးကောင်းမွန်စွာနဲ့ ပျော်ရွှင်ပါစေရှင်။

ဒါပေမယ့် နှစ်ရှည်လများစွဲဖတ်လာတဲ့ဘလော့ဂ်လေး ဆိုတော့ အခုအိမ်လေးရဲ့ အရောင်လေးက အရင် အိမ်လေးလောက် စိတ်ထဲမ၀င်မိဘူး။ အရမ်းကို တောက်ပနေသလိုပဲ။ ကိုရန်အောင်ရဲ့ type, စာ ရေးတဲ့စတိုင်တွေနဲ့ ဒီအရောင်က ဟာမိုနီ မဖြစ် သလို စာဖတ်သူတယောက် အနေနဲ့ ခံစားရတယ်။

This is my opinion only ပါနော်။

မင်္ဂလာနှစ်သစ်ဖြစ်ပါစေရှင်။

မြတ်မွန် said...

ကိုရန်အောင်ရေ..အမြန်ကျန်းမာပြီး စာလေးတွေ ဆက်ရေးနိုင်ပါစေ..စောင့်နေပါတယ်..။ ဖတ်ဖို့..

B & A said...

မြန်မြန်ကျန်းမာပြီး များများရေးနိုင်ပါစေဗျာ....အက်ဆေးပုံစံထဲမှာ ငြိမ်းအေးအိမ်၊ နိုင်နိုင်းစနေ၊ အခု ကိုရန်အောင်ကို ထပ်ဖတ်ဖြစ်တယ်...ကြိုက်တယ်ဗျာ