Thursday, December 31, 2009

နရီမဲ့အလွမ်းများ...




‘Call’ ဆိုတဲ့ ခလုတ်လေးပေါ်မှာ
ကျွန်တော်အတော်ကြာ တုံ့ဆိုင်းနေခဲ့မိတယ်.
ကိုယ့်ကိုယ်ကို မုန်းမိလိုက်တာ
ဒီလိုတွေဝေနေခြင်းတွေ
ဒီလိုဝေခွဲမရနိုင်ခြင်းတွေ
ဒီလိုဆုံးဖြတ်ရခက်နေခြင်းတွေ
ဒီလိုစိုးရွံ့ပူပင်ခြင်းတွေ
ဒီလို နာကျင်ခံရခက်ခြင်းတွေ
ဒီလို ချစ်ဒုက္ခဆင်းရဲတွေကနေ
ဘယ်တော့များမှ ကျွန်တော်လွတ်မြောက်ခွင့်ရမလဲ.

ထွက်ပြေးခြင်းဆိုတာ အားနည်းသူတွေရဲ့ လုပ်ရပ်
ရင်ဆိုင်ခြင်းဆိုတာ ရဲရင့်သူတွေရဲ့ ကိုယ်ရည်ကိုယ်သွေးတဲ့
အငြိုးအတေးတစ်ခုထားပြီး နာကျင်ပစ်ဖို့ မစွမ်းနိုင်လောက်အောင်လည်း
ကျွန်တော်က မ ကို သိပ်ကြင်နာနေခဲ့မိတယ်.
ကြေကွဲရမယ်မှန်းသိလျက်နဲ့ပဲ ဒီရင်ခွင်ကို တိုးဝင်ခဲ့တယ်.
အချစ်ကြောင့် မျက်စိမမြင်နိုင်ခဲ့သူတွေရှိတယ်ဆိုတာ
ကိုယ်တိုင် စုံလုံးကန်းတော့မှပဲ ယုံကြည်မိခဲ့တော့တယ် မ ရယ်.



စိတ်ပြေလက်ပျောက် အိမ်အပြင်ဖက်
လမ်းထွက်လျှောက်ခဲ့မိတယ်
အပြောင်းအလဲတစ်ခုခု ဖြစ်လိမ့်နိုးနဲ့ပေါ့
ရင်ဘတ်ထဲထိ တိုးဝင်လာကြတဲ့
နှင်းမှုန်လေးတွေကများ ကျွန်တော့်ကို အေးချမ်းစေခဲ့နိုင်မလား
စားသောက်ဆိုင်တွေထဲက ပျံ့လွင့်လာတဲ့
ခရစ်စမတ်တေးသံတွေကများ ကျွန်တော့်ကို မြူးတူးစေခဲ့နိုင်မလား
အသွင်အပြင်အသစ်တွေနဲ့ တန်ဆာဆင်ထားကြတဲ့
လမ်းမတွေ၊ ဆိုင်ခန်းတွေ၊ လူတွေကများ ကျွန်တော့်ကို လန်းဆန်းစေခဲ့နိုင်မလား

ကားလမ်းတွေက အဖြူရောင်
သစ်ပင်တွေက အဖြူရောင်
အိမ်ခေါင်မိုးတွေက အဖြူရောင်
ခုံတန်းလျားတွေက အဖြူရောင်

မြင်တွေ့ရသမျှမှာ အဖြူရောင်တွေနဲ့ အုပ်မိုးထားကြတယ်
ရှေ့တည့်တည့်က နှင်းခဲတစ်ခုကို ကောက်ယူလို့
ဟိုးးးးအဝေးဆုံးကို ရောက်နိုင်သမျှရောက်အောင်
အားကုန်ပစ်ထည့်လိုက်တယ်.
ကျေးဇူးပြုပြီး ယူသွားပေးပါ..
ဒီရင်ဘတ်ကြီးထဲက
လွမ်းဆွတ်နေတတ်ခြင်းတွေ
ဆွေးမြည့်နေတဲ့ ဝေဒနာတွေ
အထီးကျန်နေတဲ့ ရက်စွဲတွေ
နရီမှားနေတဲ့ စန္ဒယားခလုတ်တွေ
သံစဉ်ပျက်နေတဲ့ ဂစ်တာကြိုးတွေ
ဗလာဖြစ်နေတဲ့ ခံစားချက်တွေ
စိုစွတ်နေတဲ့ ဒိုင်ယာရီစာမျက်နှာတွေ
လုံးခြေလွှင့်ပစ်ထားတဲ့ ကဗျာစာရွက်တွေ
ကျေးဇူးပြုပြီး ယူသွားပေးစမ်းပါ…


အဖြူရောင်နှင်းလွင်ပြင်ပေါ်မှာ
အဖြူရောင်နှင်းခဲတစ်ခု ကျရောက်သွားလို့
ထူးထူးခြားခြား မပြောင်းလဲသွားခဲ့ပေမယ့်
အနီရောင်နှလုံးသားမှာ
အစိမ်းရောင် ဆူးချက်တွေထိုးနှက်ခံရတော့
ဒီညနေခင်းဟာ အကျည်းတန်သွားခဲ့ရတယ်.
အမောဖောက်နေတဲ့ ညနေခင်း
အလွမ်းဆိပ်သင့်နေတဲ့ ညနေခင်း
ဒဏ်ရာတွေနဲ့ လဲကျနေတဲ့ ညနေခင်း
ယုံကြည်ချက်တွေယိမ်းယိုင်နေတဲ့ ညနေခင်း
ရှုစားလှည့်ပါဦး ဗီးနပ်စ်ရယ်
အချစ်ယဇ်ပလ္လင်အောက်မှာ
ဒူးထောက်လည်စင်းလျက် ၀ပ်တွားနေတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ မာန်ကျိုးခြင်းတွေကို…
အားရပါးရ ရှုစားလှည့်ပါဦးလား….
မင်းရဲ့ ဆုံလည်စားပွဲဝိုင်းပေါ်က ၀ိုင်ခွက်ထဲမှာ
ငါ့ရဲ့ ကျွမ်းလောင်နေတဲ့ နှလုံးသားကို
ခပ်တည်တည်စိမ်ပြီး စိန်ပြေနပြေ သောက်ပစ်လိုက်စမ်းပါ
ငါ စတေးရဲတယ် ချစ်သူရယ်
ငါစတေးခဲ့ပြီးပြီပဲ….



တစ်ခါတစ်ရံ ငါကိုယ်တိုင်ကို ငါမကျေနပ်ဘူး
မင်းကို ဒီလောက်ထိပဲ ချစ်မိသွားရရောလား
ဘယ်လိုအကြောင်းပြချက်တွေကြောင့်
ငါ့ရဲ့ ဆင်ခြင်တုံတရားတွေ ကျဆုံးသွားရတာလဲ
အဖြေမထွက်နိုင်တဲ့မေးခွန်းတွေကို
ငါ့နှလုံးသားက တည်ငြိမ်စွာပဲ ပြန်ဖြေခဲ့တယ်.
အကြောင်းပြချက်မရှိဘဲ ချစ်နေရတာကိုက
လွတ်လပ်စွာ ပျံသန်းသော ချစ်ခြင်းပဲတဲ့
မင်းရဲ့လက်ကို ဆွဲပြီး ပျံသန်းသွားချင်လိုက်တာ
ဟိုးးး မိုးကုပ်စက်ဝိုင်းအဆုံးထိပဲ
ပြန်ကိုမလာချင်တော့ဘူး ချစ်သူရယ်…
ဒီစည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေနဲ့ဝေးရာဆီ
နှစ်ကိုယ်တည်းတည်ဆောက်ထားတဲ့ အချစ်ကမ္ဘာသစ်ဆီ
ငါ ထပ်မငိုချင်တော့ဘူးချစ်သူ..
ငါ ထပ်ပြီး ကြေကွဲဖို့ခွန်အားမရှိတော့ဘူး…

ဝဲကျနေတဲ့ ဆံနွယ်တွေကို တစ်ချက်ခါထုတ်ပစ်လိုက်ရင်း
အားမာန်တင်းလို့ သက်ပြင်းတစ်ချက်လည်း ချမိလိုက်တယ်.
‘Call’ ဆိုတဲ့ခလုတ်လေးပေါ် ဖိနှိပ်လိုက်တဲ့ တဒင်္ဂမှာ
ကမ္ဘာလောကကြီးက ကိုယ်နဲ့အတူ ခေတ္တလိုက်ရပ်တန့်နေခဲ့ပေးတယ်.
တီ…….. ဆိုတဲ့ ဖုန်းခေါ်သံလေးဟာ
ကိုယ့်ရင်ဘတ်ကို အရှိန်အဟုန်ပြင်းပြင်းနဲ့ လာရိုက်ခတ်နေတယ်.
….
.

‘ဟဲလို….’
ဟင်…. အေးချမ်းလိုက်တဲ့ အသံလေး
လွမ်းလိုက်တာ…
မကြားရတာ အတော်ကြာခဲ့ပြီပဲ.
ကိုယ် ဘာပြန်ပြောရမလဲ…
ကိုယ် ဘာစကားစသင့်သလဲ…

‘ဟဲလို……..’
ရင်တွေခုန်လိုက်တာ မရယ်…
ဖုန်းမချလိုက်ပါနဲ့ဦးနော်.
ကျွန်တော် ဘာပြောရမယ်မှန်းလည်း မသိဘူး

‘ဟဲလို………………..’

“ဟဲလို….”

‘ဟင်.. … လား’

“ဟုတ်တယ်… မ… နေကောင်းလားဟင်”

‘မဆက်နဲ့တော့လို့ ပြောထားရဲ့သားနဲ့ ဘာလို့ဆက်တာလဲ…’

“ဟုတ်…. သိတယ်…. အရမ်းသတိရလွန်းလို့ပါ. ခဏလောက်လေး ပြောခွင့်ရမလား”

‘အင်းအင်း. ပြီးရော… …ဘာပြောမှာလည်း မြန်မြန်ပြော…’

မ နဲ့တွေ့ရင် ပြောလိုက်မယ်ဆိုတဲ့ စကားတွေ
လည်ချောင်းထဲမှာ မွန်းကြပ်ဆို့နင့်နေခဲ့ကြတယ်.
မျက်စိကိုတစ်ချက်မှိတ်ရင်း ကျွန်တော့်ရဲ့ ၀ိညာဉ်ကို
မ နားမှာ ရှိနေစေခဲ့လိုက်တယ်.
ဖုံးခွက်လေးပေါ်မှာ ၀ဲကျနေတဲ့ ဆံနွယ်လေးတွေကို
မက်မောစွာ သပ်တင်နမ်းရှိုက်ခဲ့ရင်း
ကျွန်တော် တိုးညှင်းစွာ ပြောခဲ့လိုက်တယ်.

‘လွမ်းလိုက်တာ မ ရယ်...
ဟက်ပီးနယူးရီးယားနော်…
အစစအရာရာ အဆင်ပြေအောင်မြင်ပါစေ
အိုင်လဗ်ယူဆိုးမတ်ခ်ျ....’



~ ရေခဲငှက် ~

6 comments:

မင်္ဂလာပါ .... said...

ကောင်းလိုက်တဲ့ ကဗျာ..........း)
ဖတ်ပီး ဘာဆက်ပြောရမှန်းတောင် မသိတော့ဘူး
နားတော့လည်ပါတယ် ... ဖုန်းခေါ်ချင်စိတ်ရှိလို့ကတော့
ခေါ်သာခေါ်ပစ်လိုက် အစ်ကို ... တစ်ခါတစ်ရံမှာ စိတ်ကို ချူပ်တည်းထားခြင်းထက် လွှတ်ပေးလိုက်တာကမှ အဖြေတစ်ခုရလာတက်သေးတယ် .... ကိုယ်တိုင်ခံစားချက်လေးထင်လို့ အားရပါးရ ရေးခဲ့တာနော် အဟတ် ... လွန်တာရှိရင် ၀န္တာမိပါ ....း)
ခင်မင်လေးစားလျှက်

Rita said...

ချစ်နေရက်နဲ့ ဘာဖြစ်လို့ ဝေးမှာလဲလို့ မပြောတော့ပါဘူး။

Nwe Pin said...

ရှုစားလှည့်ပါဦး ဗီးနပ်စ်ရယ်
အချစ်ယဇ်ပလ္လင်အောက်မှာ
ဒူးထောက်လည်စင်းလျက် ၀ပ်တွားနေတဲ့
ယောင်္ကျားတစ်ယောက်ရဲ့ မာန်ကျိုးခြင်းတွေကို…
အားရပါးရ ရှုစားလှည့်ပါဦးလား….
မင်းရဲ့ ဆုံလည်စားပွဲဝိုင်းပေါ်က ၀ိုင်ခွက်ထဲမှာ
ငါ့ရဲ့ ကျွမ်းလောင်နေတဲ့ နှလုံးသားကို
ခပ်တည်တည်စိမ်ပြီး စိန်ပြေနပြေ သောက်ပစ်လိုက်စမ်းပါ
ငါ စတေးရဲတယ် ချစ်သူရယ်
ငါစတေးခဲ့ပြီးပြီပဲ….

Good ..Good ...Good !Anyway,
My wishes for you in year 2010
Great start for Jan,
Love for Feb,
Peace for march,
No worries for April
Fun for May,
Joy for June to Nov,
Happiness for Dec,
Have a lucky and wonderful 2010
HAPPY NEW YEAR

Unknown said...

နှစ်သစ်မှာပျော်ရွှင်ပါစေ

သဒ္ဓါလှိုင်း said...

ကိုရန်အောင်.......
နှစ်သစ်မှာ ပျော်ရွှင်မှုတွေနဲ့အတူ ဆန္ဒတွေအားလုံးပြည့်ဝပါစေနော်.....

Unknown said...

လာလည်ပါတယ်
နန်း ဆိုက်သစ်လေးလုပ်ထားတယ်
လာအားပေးပါအုံးနော်