Monday, January 04, 2010

အတောင်ပံများနှင့်....(၁)

ကျွန်တော့်ကို မြန်မာပြည်အလယ်ပိုင်းမကျတကျနားလေးမှာ ရှိတဲ့ ရမည်းသင်းဆိုတဲ့ မြို့လေးမှာ မွေးခဲ့တယ်. အင်း. ပြောသာပြောရတာ. မွေးပြီးကတည်းက ပြောင်းလိုက်ရတဲ့ မြို့တွေ မနည်းတော့ဘူး. ရမည်းသင်းဆိုတာ ဖြူသလားမည်းသလား ဆိုတာလည်း မသိတော့ဘူး. ရမည်းသင်းမှာမွေး၊ သထုံမှာ သုံးလေးနှစ်နေ၊ ပြီးတော့ သူငယ်တန်းကနေ ပဉ္စမတန်း အစောပိုင်းထိ ရန်ကုန်မှာကြီး၊ အဲဒီ့နောက်ပိုင်း စစ်တွေရောက်၊ ပြီးတော့ ပဲနွယ်ကုန်း၊ မိတ္ထီလာ၊ မန္တလေး.. အဲဒီ့ကမှ ရန်ကုန်ရွှေမြို့တော်ကြီး ပြန်ရောက်ဆိုတော့ မြန်ပြည်တ၀ှမ်း နာမည်ဆန်းတဲ့ ဘန်နီဘန်း (အဲလေ) မြန်မာပြည်တစ်လွှား တောင်ပြေးမြောက်ပြေး၊ အနောက်ပြေး၊ အလယ်ပြေးနဲ့ နေရာစုံ ကျင်လည်ခဲ့ရဖူးတယ်. ဘယ်ကိုပဲရောက်ရောက် ၀ါလကင်းလွတ်သီတင်းကျွတ်ခါနီးရင် ကျွန်တော်ဘာလုပ်တတ်လဲ သိလား…

ဘုန်းကြီးဝတ်တယ်လို့ မပြောနဲ့.

ဝါကျွတ်ချိန်မို့ အာဝါဟလား ၀ိဝါဟလားလို့လည်း မမေးနဲ့. ကလေးပဲရှိသေးတယ်.း)

ဘာလုပ်လဲဆိုတော့….

အဟင်း..

ကျွန်တော် စွန်လွှတ်ပါတယ်ခင်ဗျာ…



ဟုတ်တယ်ဗျ. ကျွန်တော်စွန်လွှတ်တယ်. စွန်လုပ်တယ်. စွန်လိုက်တယ်.

ငယ်ဘ၀အကြောင်း ပြန်ပြောကြေးဆိုရင် ကျွန်တော်တို့ ညီအစ်ကိုတွေရဲ့ စွန်ရာဇ၀င်က အမြဲတမ်း မှတ်မှတ်ရရ ဖြစ်နေတတ်တယ်.

ကျွန်တော့်အတွက် ပထမဆုံး ရစ်လုံးလေးကို အဖေက ဆုချတဲ့အနေနဲ့ ၀ယ်ပေးခဲ့ပါတယ်. စွန်ကြိုးကတော့ သိပ်မများပါဘူး. ကိုက် (၁၀၀) ပဲ ထည့်ပေးထားပါတယ်. စာဖတ်သူတွေနားလည်အောင် စွန်နဲ့ စွန်ရောင်းတဲ့သူတွေအကြောင်း နည်းနည်းလင်းရဦးမယ်ဗျ.

ကျွန်တော်တို့ငယ်ငယ်တုန်းက စွန်အမျိုးအစားကို အကြမ်းဖျင်း သုံးမျိုးခွဲပြောလို့ရပါတယ်.

(၁) သတင်းစာစက္ကူစွန်၊ (၂) ရောင်စုံစက္ကူစွန် နဲ့ (၃) ဆီစိမ်စက္ကူစွန် ပါပဲ.

သတင်းစာစက္ကူစွန်ဆိုတာကတော့ သတင်းစာနဲ့လုပ်ထားတဲ့စွန်တွေပေါ့. ဒါပေမယ့် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာတွေနဲ့လုပ်ထားတာတော့ မဟုတ်ဘူးနော်. Times တို့ Newsweek တို့လို စာစောင်တွေကို ဖြတ်ဆက်ပြီး လုပ်ထားတာ. သူတို့က စာရွက်သားလည်း ကောင်းတယ်. ပေါ့လည်းပေါ့တယ်. လေတိုးလည်း ခံနိုင်တယ်လေ. မြန်မာသတင်းစာတွေက လေးတယ်. ပြီးတော့ ပြဲလွယ်တယ်.

ကျွန်တော်တို့ဝယ်လာတဲ့ အင်္ဂလိပ် သတင်းစာစက္ကူစွန်တွေကို တစ်ခါတစ်လေကျရင် ဟန်ပါပါနဲ့ အဖေက ကောက်ဖတ်ချင်ဖတ်နေတတ်သေးတာ. ဟတ်ဟတ်. ကိုယ်က စွန်လွှတ်ချင်လို့ အဖေ့နား သွားရပ်မှ ပြန်ပေးပြီး ပြောလိုက်သေးတယ်.

“ငါ့သားပြန်လာမှပဲ ဆက်ဖတ်တော့မယ်” တဲ့…

ကောင်းရော… အဲဒါ အဲဒီ့စွန်ကို မပြတ်စေနဲ့လို့ ပြောလိုက်တာနဲ့အတူတူပဲ. ကျွန်တော့်အဖေကလည်း အတည်ပေါက်နဲ့ နောက်တတ်တယ်. အင်း ပြောရင်းနဲ့မှ သတိတောင် ရသွားပြီ. မနေ့က အဖေဆုံးတာ (၁၈) နှစ်ပြည့်တယ်လေ. ဒီစွန်လွှတ်ခြင်းပို့စ်လေးထဲမှာ အဖေ့ရဲ့ ပါဝင်ပတ်သက်မှုတွေကလည်း တော်တော်များတယ်.

ရောင်စုံစက္ကူစွန်ဆိုတာကတော့ အရောင်လေးတွေမျိုးစုံ၊ ဒီဇိုင်းမျိုးစုံလေးတွေ လုပ်ထားတဲ့ စက္ကူစွန်လေးတွေပေါ့. စွန်တစ်ခုကို စွန်တစ်ကောင်လို့ကျွန်တော်တို့ သုံးတတ်တယ်. ရိုးရိုးသတင်းစာစက္ကူစွန်က တစ်ကျပ်ဖိုး ငါးကောင်ရရင် ကာလာစွန်လေးတွေက တစ်ကျပ်ဖိုးကို လေးကောင်ရတယ်. အဲလိုကွာခြားမှုရှိတာပေါ့.

ဆီစိမ်စက္ကူစွန်ကတော့ Classic ပေါ့ဗျာ. သူက ဆီစိမ်စက္ကူနဲ့လုပ်ထားတယ်. စွန်လေးကို ကိုင်ပြီး လှုပ်ကြည့်ရင် “ကြွပ်. ကြွပ်.. ကြွပ်. ကြွပ်” နဲ့ မြည်တယ်. လေထဲမှာ လွှတ်တင်လိုက်လို့ ရစ်လုံးနဲ့ တစ်ချက်ဆွဲထည့်လိုက်ရင် “ဗျီးးး” ခနဲ ထိုးတက်သွားတဲ့အသံလေး နားထောင်ရတာကိုက နားဝင်ပီယံဖြစ်ချင်စရာ. ပြီးတော့ ဆီစိမ်စက္ကူစွန်လွှတ်နေတဲ့လူကို ကျွန်တော်တို့က သူဌေးဆိုပြီးတော့ အထင်ကြီးတတ်ကြသေးတယ်. ပိုဆိုးတာက ကိုယ်က စက္ကူစွန်ဖြစ်ပြီး အချင်းချင်း စွန်မျှားတော့ တစ်ဖက်လူရဲ့ ဆီစိမ်စက္ကူစွန်ကို ကိုယ်က ဖြတ်ချလိုက်နိုင်ရင် အားပါး. ကိုယ့်ဘော်ဒါတွေကြားမှာ ပြောမဆုံးတော့ဘူး.

“ငါက ဘယ်လိုဝင်လိုက်တာ. နှစ်ချက်လောက်လျှော့ပေးလိုက်တယ်. သူက အပေါ်ကြိုး. ငါက အောက်ကြိုး. ပြီးတော့ ငါဘယ်လိုရစ်ထည့်လိုက်တာ. ဟိုကောင် ဘယ်လိုကော့သွားတာ…”

(စကားချပ်။ ။ ကော့တယ်ဆိုတာ တစ်ဖက်လူရဲ့ စွန်ပြတ်သွားတာကို ပြောတာပါ. စွန်လန်တယ်လို့လည်း ပြောတတ်ကြပါသေးတယ်. မျှားတယ်ဆိုတာကတော့ စွန်အချင်းချင်း တိုက်တာကို ပြောတာပါ. အပေါ်ကြိုး၊ အောက်ကြိုးဆိုတာတွေကိုတော့ ရေးရင်းနဲ့ပဲ ရှင်းသွားပါတော့မယ်. )

ကဲ. ဒါဆိုရင် စွန်အမျိုးအစား သုံးမျိုးအကြောင်း နားလည်သွားလောက်ပြီ ထင်ပါတယ်.

စွန်ကြိုးတွေ အကြောင်း ဆက်ပြောပြမယ်နော်.

မှန်စာကြိုးအကြောင်း

စွန်ကြိုးဆိုတာ အမှန်တော့ အပ်ချည်ကြိုးတွေပါပဲ. အဲဒီ့အချိန်တုန်းက နာမည်ကြီးတာကတော့ စိန်တံဆိပ် အပ်ချည်လုံးပါ. မှန်စာတိုက်ဖို့အတွက် ပုလင်းကွဲတွေ၊ မီးလုံး၊ မီးချောင်းကွဲတွေ၊ ဖန်စဖန်နတွေကို ငရုတ်ဆုံထဲ စိစိညက်ညက်ကြေအောင် အရင်ထည့်ထောင်းရပါတယ်. ပြီးတော့ အဲဒီ မှန်စတွေ စွန်ကြိုးမှာ ကပ်နေအောင် ကော်ရည်နည်းနည်း ထည့်ရပါတယ်. အဲဒါကို နယ်ရပါတယ်. လက်နဲ့တော့ မဟုတ်ဘူးပေါ့. တုတ်ချောင်းလေးတွေနဲ့ နယ်. အရည်မပြစ်တပြစ်လေး ဖြစ်အောင်လုပ်ပြီး ခွက်လေးထဲကို ထည့်ရပါတယ်.

ပြီးရင် အပ်ချည်လုံးလေးကို တိုင်လုံးလေးမှာထည့်၊ အစကို မှန်စာခွက်လေးထဲကနေ ဖြတ်လို့ ဗိုင်းငင်ချည်စက်လေးတစ်ဖက်မှာ ကြိုးစတစ်စကိုချည်၊ အိုကေပြီဆိုတာနဲ့ ခက်ရင်းခွပုံ တုတ်ချောင်းလေးနဲ့ ခုနက အပ်ချည်စလေးကို အလယ်မှာထားပြီး မှန်စာခွက်ထဲကို နှစ်လိုက်ပါတယ်. ပြီးလည်းပြီးရော မှန်စာခွက်လေးထဲမှာ တုတ်ချောင်းလေးကို ထောက်ထားရင်း ဒီဖက်ကနေ ဗိုင်းငင်ချည်လုံးကို ရစ်သွားပါတော့တယ်. အပ်ချည်ကြိုးလေးမှာ မှန်စဖန်စသေးသေးလေးတွေ ကပ်ပါလာပြီး တစ်ဖက်က ဗိုင်းငင်ရစ်ဘီးပေါ်မှာ အရစ်လိုက် မှန်စာတိုက်သူက ရစ်သွားပါတော့တယ်. ကြိုးတွေကို တစ်နေရာထဲမှာ ထပ်ပြီးတော့လည်း မရစ်ရဘူးဗျ. မဟုတ်ရင် မခြောက်ဘဲနေမှာစိုးလို့လေ. ပြီးတော့ သူ့မှန်စာအချင်းချင်း ပြန်ဖြတ်တတ်တာလည်း ရှိတတ်သေးတယ်. ဒါကြောင့် မှန်စာတိုက်သူကလည်း ကျွမ်းကျွမ်းကျင်ကျင်နဲ့ ဗိုင်းငင်ရစ်ဘီးကို ရစ်တတ်ဖို့ လိုပါတယ်.

အဲလိုရစ်သွားရင်း အပ်ချည်တစ်လုံးကုန်သွားရင် မှန်စာတိုက်သူက နောက်ထပ် အပ်ချည်တစ်လုံးကို ဆက်ပါတယ်. ကြိုးဆက်တာလည်း ပညာသားပါတယ်ဗျ. ကျွန်တော်တို့တွေ ဆက်ရင် ဒီတိုင်းနှစ်ပင်လိမ်ပြီး ပူးချည်လိုက်တာ. အဲဒါမျိုးက စွန်ချင်းမျှားရင် ဒုက္ခရောက်ရော. ဘာလို့လဲဆိုတော့ စွန်မျှားချိန်မှာ သူ့မှန်စာနဲ့ ကိုယ့်မှန်စာ အချင်းချင်း ပွတ်တိုက်ရတာလေ. ကိုယ့်ဖက်က နေရာများများနဲ့ သူ့ဖက်က နေရာနည်းနည်းကို အချိန်တိုအတွင်းမှာ ပွတ်တိုက်နိုင်ရင် ကိုယ်နိုင်တာပဲပေါ့. ကျွန်တော်တို့ခုနက ဆက်ထားတဲ့ ကြိုးထုံးနားမှာ ဆက်ထားပုံ မဟုတ်ရင် တစ်ဖက်လူရဲ့ မှန်စာကြိုးက အဲဒီ့နားမှာ လာပြီး ပွတ်ရော. ကိုယ့်မှန်စာကြိုးက အဲဒီ့ဆက်ထုံးနားမှာ တစ်နေပြီး ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်ရင်း တစ်ဖက်လူရဲ့ မှန်စာကြိုးပွတ်သမျှ ခံရရော၊ အဲဒီ့မှာတင် ကိုယ့်ဖက်က ပြတ်ရောပေါ့. ဘယ်လိုလုပ်သိလဲဆိုရင် ကျွန်တော့်စွန်ပြတ်သွားပြီး စွန်ကြိုးကို ပြန်ရစ်လိုက်တဲ့အခါမှာ ဆက်ထုံးတစ်ဖက်လေးက နောက်ဆုံးမှာ ကျန်နေတတ်လို့ပါပဲ. Experience ပေါ့ဗျာ. ဟတ်ဟတ်. တစ်ခြား စွန်မာစတာကြီးများကို မေးကြည့်တော့ သူတို့ကလည်း ထောက်ခံပါတယ်.

ကဲ. စွန်ကြိုးဆက်တာလည်း ဆက်ထုံးမပေါ်အောင် ဆက်တတ်ဖို့ လိုတယ်ဆိုတာ သိပြီနော်.

မှန်စာတိုက်သူတွေ ဘယ်လိုဆက်လဲဆိုတော့ ကြိုးစနှစ်စကို လက်မလေးပေါ်မှာ ပူးချည်ပါတယ်. ပြီးတော့ နှစ်စကို ဟိုဖက်ဒီဖက် အသာလေး ဆွဲသွားလိုက်တာ နောက်ဆုံးမှာ ဆက်ထုံးဆိုလို့ သေးသေးလေးပဲ ကျန်တော့တဲ့အထိပါပဲ. ပြီးတော့မှ အဲဒီ့အပေါ်မှာ စက္ကူအမှတ်အသားလေး ကပ်လိုက်တယ်. အဲဒါဘာအမှတ်အသားလဲဆိုတော့ ကိုက်တစ်ရာလို့ ဆိုလိုတာပါ. နောက်ထပ် အပ်ချည်တစ်လုံးကုန်သွားရင် နောက်ထပ် စက္ကူအမှတ်အသားလေး ထပ်မှတ်ပေါ့.

ခုနက ဗိုင်းငင်ရစ်ဘီးကြီးပေါ်မှာ မှန်စာကြိုးတွေကို တစ်ရောင်တည်းတင်ရောင်းလို့လည်း မရပါဘူး. အရောင်မျိုးစုံ တင်ထားရပါတယ်. ဒါကြောင့် မှန်စာတိုက်သူဟာ အနီရောင်လေး တိုက်လိုက်၊ အဖြူရောင်လေး ပြောင်းတိုက်လိုက်၊ အမည်းရောင်လေးတိုက်လိုက်၊ စစ်ရောင်လေးတိုက်လိုက်နဲ့ အရောင်မျိုးစုံအောင် တိုက်ပေးရပါတယ်.

မှန်စာကြိုးကလည်း ဈေးကြီးပါသေးတယ်. ကျွန်တော်တို့လို တစ်နေ့မှ တစ်မတ်ပဲ မုန့်ဖိုးရတဲ့ ၀န်ထမ်းသားသမီးတွေအတွက် မှန်စာကြိုးဝယ်ဖို့နေနေသာသာ၊ စွန်တစ်ကောင် တစ်မတ်နဲ့ဝယ်လိုက်ရင်တောင် ကျောင်းမှာ အဲဒီ့နေ့ ဘာမုန့်မှ မစားဘဲ နေရမယ့်ပုံပါ. ကျွန်တော်စွန်စလွှတ်တော့ ကျွန်တော့်မှာ ရစ်လုံးမရှိသေးပါဘူး. အပ်ချည်ရစ်တဲ့ ချည်လုံးအ၀ါရောင်လေးမှာ စွန်လိုက်လို့ရတဲ့ ကြိုးလေးတွေကို ရစ်ထား၊ ဆက်ထားပြီး လွှတ်ရတာပါ. ကျွန်တော့်ရဲ့ ချည်လုံးလေးမှာ ဆက်ထုံးလေးတွေ ဗရပွဖြစ်နေတတ်သလို စွန်ကြိုးအရောင်တွေကလည်း စုံလှပါတယ်.



စွန်တစ်ကောင်ကော့လာတာကို ကျွန်တော်အမိဖမ်းလိုက်နိုင်ပြီး အဲဒီ့စွန်မှာ မှန်စာကြိုး အရှည်ကြီး ပါလာတယ်ဆိုရင် ကျွန်တော်အရမ်းပျော်ရတဲ့ နေ့တွေပါပဲ. အဲဒီ့မှန်စာကြိုးနဲ့ပဲ ပြိုင်ဖက်စွန်ကို ဖြတ်လိုက်နိုင်တယ်ဆိုရင်တော့ အဲဒီ့ည ထမင်းဝိုင်းမှာ ကျွန်တော့်စကားသံ ညံနေတော့တာပဲ.း)

စွန်မှန်စာကြိုးတိုက်တာကို ကျွန်တော်သိနေရတာက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် မှန်စာကြိုး မ၀ယ်နိုင်လို့ ကိုယ်တိုင်တိုက်ဖို့ ကြိုးစားမယ်ဆိုပြီး အိုင်ဒီယာထုတ်ကြရာက စတာပါ. အစ်ကိုကလည်း သူ့သူငယ်ချင်းတွေကိုမေးတယ်. ကျွန်တော်ကတော့ ကလေးပီပီ မှန်စာကြိုးတိုက်နေတာကို သွားထိုင်ကြည့်တယ်. စွန်ရောင်းတဲ့သူတွေနဲ့ သိနေတာလည်းပါတာပေါ့.

အိမ်ပြန်ရောက်တော့ မီးလုံးကွဲတွေ၊ ပုလင်းကွဲတွေကို စုပြီး အမေတို့မသုံးတဲ့ ငရုတ်ဆုံအဟောင်းလေးထဲမှာ ထောင်းပါတယ်. မျက်စိကို မှန်စတွေမှန်မှာစိုးလို့လည်း မျက်နှာကို ခပ်ဝေးဝေးမှာ လွှဲထားပြီး ထောင်းပါတယ်. အစ်ကိုကပဲ ထောင်းတာပါ. ကျွန်တော့်ကို မျက်စိမှန်မှာစိုးလို့စိုးပြီး မထောင်းခိုင်းပါဘူး. ကျွန်တော်ကတော့ ကော်ရည်ဗူးအ၀ါရောင်လေးကိုင်ပြီး ခပ်ဝေးဝေးက ရင်တမမနဲ့ ကြည့်နေတာပေါ့.

ပြီးတော့မှ အဲဒါကို ခွက်လေးထဲထည့်၊ ကျွန်တော်က ကော်ရည်တွေညှစ်ထည့်၊ အစ်ကိုက ရေနည်းနည်းရောပြီး တုတ်ချောင်းလေးတွေနဲ့ မွှေပါတယ်. ပြီးတာနဲ့ ကျွန်တော်တို့ မှန်စာတိုက်မယ့် အပ်ချည်လုံးရဲ့အလယ်ကို ခဲတံချောင်းလေးနဲ့ ကျွန်တော်ကသွင်းပါတယ်. ပြီးတော့ အစ်ကိုက ခက်ရင်းခွပုံ တုတ်ချောင်းလေးနဲ့ မှန်စာခွက်ထဲကို ကြိုးထည့်ပြီး ကျွန်တော့်ကို ထောက်ကိုင်ထားစေပါတယ်. ပြီးတော့ တစ်ဖက်ကနေ ရစ်လုံးနဲ့ သူက ရစ်ပါတယ်. ပြီးလည်းပြီးရော မှန်စာတွေခြောက်သွားအောင် နေပူစာလှန်းထားရပါတယ်.

နေပူစာလှန်းထားတဲ့အချိန်မှာ ခြောက်ပြီလားဆိုပြီး သွားကြည့်ရတာလည်း ခဏခဏပါပဲ. အဲဒီ့အချိန်မှာ စိတ်ကူးယဉ်နေလိုက်တာကလည်း ဘာပြောကောင်းမလဲ. ဒီကြိုးနဲ့ဆိုရင် ဘယ်ကောင့်ကိုတော့ ငါ ဘယ်လိုပိုင်းလို့ရပြီ. ဘာညာပေါ့.

မှန်စာကြိုးတိုက်ရတာလည်း မိဘတွေမသိအောင် ခိုးတိုက်ရတာပါ. သိရင်တော့ ကျောကော့ပြီသာမှတ်ပေရော့. မတတ်နိုင်ဘူး. ကြိုးဝယ်ဖို့လည်း မတတ်နိုင်၊ စွန်ကလည်း လွှတ်ချင်တယ်လေ. များသောအားဖြင့် စွန်ကို ကျွန်တော်တို့ ၀ယ်ရလေ့မရှိပါဘူး. ပြတ်လာတဲ့စွန်တွေကို လိုက်ဖမ်းပြီး အဲဒီ့စွန်လေးတွေနဲ့ပဲ ပြန်လွှတ်တာ များပါတယ်. ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်အိပ်တဲ့ ကုတင်အောက်မှာ ဖမ်းမိထားတဲ့ စွန်လေးတွေ အထပ်လိုက် သိမ်းသိမ်းထားတတ်ပါတယ်. ဆီစိမ်စက္ကူစွန်ဆိုရင်တော့ ဟိုးခေါင်းရင်းမှာ သိမ်းထားတာ. လုံးဝထိလို့ကိုမရဘူး. လွှတ်စရာလုံးဝ မရှိတော့မှပဲ အဲဒါကို ယူလွှတ်တာ. အဲဒီ့နေ့မှာမှ တိုက်တိုက်ဆိုင်ဆိုင် ကိုယ့်စွန်ပြတ်သွားရင်တော့ အိမ်ကိုခေါင်းငိုက်စိုက်ပြန်လာ၊ ရေတစ်ခွက်သောက်၊ ပြတင်းတံခါးကိုဖွင့်လို့ ဟိုးအဝေးကြီးက ရွှေတိဂုံဘုရားကြီးဖက် မျှော်ငေးရင်း ၀မ်းနည်းနေတတ်ရော…

ကဲ. စွန်အကြောင်းရယ်၊ မှန်စာကြိုးအကြောင်းရယ်၊ စွန်နဲ့ပတ်သက်တဲ့ အခြေခံအသုံးအနှုန်းလေးတွေ တစ်ချို့ရယ် သိသွားပြီနော်.

စွန်ခါးကော့နည်းနှင့် ဆိုင်းကြိုးထိုးနည်းများ

ဒီတစ်ခါကျတော့ စွန်ကို လေထဲမလွှတ်တင်မီ လုပ်ရမယ့် အရာလေးတွေအကြောင်းနဲ့ စွန်ရွေးနည်းအကြောင်းလေးတွေ ပြောပြရဦးမယ်ဗျ.



စွန်တစ်ကောင်မှာ ကိုင်းနှစ်ကိုင်းပါပါတယ်. အလယ်တည့်တည့်က ကိုင်းရယ်၊ အပေါ်ကနေ ၀ိုက်ပြီးသွားတဲ့ ကိုင်းရယ်ပေါ့. အလယ်က ကိုင်းက ထူလွန်းရင်လည်း မကောင်းပါဘူး. ပါးလွန်းရင်လည်း မကောင်းပါဘူး. စွန်ဆိုင်မှာ အနေတော်လေးတွေ ရွေးဝယ်ရပါတယ်. ဆိုင်က အသစ်ဝယ်လာတဲ့ စွန်လေးတွေက ချပ်ချပ်ရပ်ရပ်လေးတွေပါ. အဲဒါလေးတွေကို ဒီတိုင်း ဆိုင်းကြိုးတပ်ပြီး လွှတ်တင်လို့ မကောင်းပါဘူး. လေထဲမှာ ၀ဲနေပြီးရင်အပြားလိုက်ကြီး ပြန်ပြန်ကျလာတတ်ပါတယ်. အထူးသဖြင့် လေသိပ်မတိုက်တဲ့နေ့တွေမှာဆိုရင် အပေါ်ကိုလွှတ်တင်ရတာ သိပ်ခက်ပါတယ်. တစ်ချက်နှစ်ချက်တောက် လိုက်ပြီးရင် လေကြောင်းကလည်း မမိသေးတော့ ရွှီးခနဲ အပြားလိုက်ကြီး အောက်ကို ပြန်ပြုတ်ကျလာပါလေရော…

ဒီတော့ အဲလိုမဖြစ်ဘဲ လေထဲမှာပဲ ကျွမ်းလေးပစ်ပြီး အတည့်ပြန်ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲ..

ခါးကော့ပေးရပါတယ်. ခါးချိုးတာကို ပြောတာပါပဲ. တစ်အားကြီးလည်း မချိုးရပါဘူး. နည်းနည်းလေး ချိုးပေး၊ ဘေးကိုင်းတွေကိုလည်း နည်းနည်းလေးညွှတ်ပေးရပါတယ်. ဒါမှ စွန်လေးက ကော့ကော့လေးဖြစ်သွားပြီး လေထဲမှာ ကျွမ်းလေးပစ်လိုက်၊ အတည့်လေး ပြန်ဖြစ်လိုက်နဲ့ လေကြောင်းမိတဲ့အထိ လွှတ်တင်သွားလို့ရပါတယ်.

အဲဒီ့မှာမှ ခါးမချိုးတတ်ရင် ခါးကျိုးတတ်ပါသေးတယ်. အခုမှရလာတဲ့ စွန်အသစ်လေးကို ခါးချိုးလိုက်တာ လက်ဆမမှန်လို့ ဖျောက်ခနဲ အလယ်က ကျိုးသွားတာမျိုး ခဏခဏ ဖြစ်ဖူးပါတယ်. အဲဒီ့အခါကျရင် ပုံမှန်ဆို လွှင့်ပစ်လိုက်ရပြီပေါ့.

ဒါပေမယ့် ကျွန်တော်တို့ကောင်တွေကတော့ ခွက်ကျတယ်ပဲဆိုဆို. Innovative ဖြစ်တယ်ပဲ ဆိုဆို အဲဒီ့ခါးကျိုးသွားတဲ့စွန်ကို ရအောင် ပြန်ပြင်ပါတယ်.

ဘယ်လိုလုပ်လဲဆိုတော့ ကျိုးသွားတဲ့နေရာနားမှာ တံမြက်စည်းရိုးလို အချောင်းလေးကိုတင်ပြီး ဟိုဖက်ဒီဖက် အပေါက်ဖောက်လို့ အပ်ချည်နဲ့ လိုက်ချုပ်ပါတယ်. မျက်စိထဲမြင်တယ်ဟုတ်. ခြေထောက်ကျိုးတဲ့လူနာကို ကျပ်စည်းပေးသလိုမျိုးပေါ့.း)

စွန်ပြဲသွားလား. ရတယ်. ပြဲတဲ့နေရာကို တိတ်ပါးပါးလေးနဲ့ လိုက်ကပ်တယ်. ပြန်သုံးတယ်.

Balance မညီဘူးလား. ရတယ်. ဒီဖက်ကနေ မဲစာထည့်ပြီး မဲကြိုး ပြန်တင်းယူတယ်. (မဲစာအကြောင်း ရှင်းပြပါဦးမယ်)

အကုန်လုံး တစ်စစီပြဲသွားလား. ရတယ်. ကိုင်းတွေကို ဖြုတ်ယူခဲ့ပြီး အိမ်မှာ သတင်းစာစက္ကူနဲ့ ကိုယ့်ဖာသာ စွန်ပြန်လုပ်ယူတယ်.း)

ဒါကြောင့် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက နွားတစ်ကောင်လုံး အသုံးချနည်း ရေးခဲ့သလို ကျွန်တော်တို့ ညီအစ်ကိုတွေလည်း စွန်တစ်ကောင်လုံး အသုံးချနည်း နိဿရည်း ရေးလို့ရမယ်ထင်တယ်. ဟတ်ဟတ်ဟတ်.

အပေါ်မှာ ရေးခဲ့တဲ့ မဲစာဆိုတာက စွန်ကို ဟန်ချက်ညီအောင် လုပ်တာကို ပြောတာပါ.

စွန်အသစ်လေးကို ကျွန်တော်တို့ လွှတ်ချင်ရင် ခါးချိုးဘေးချိုးလုပ်ပြီးရုံနဲ့ မပြီးသေးပါဘူး. အသစ်မှာ ထိပ်ပိုင်းမှာ တုတ်ချောင်းအပိုလေးပါနေတတ်ပါသေးတယ်. အဲဒါလေးကို ချိုးပေးရပါတယ်. ပြီးတော့ အဲဒီ့ချိုးလိုက်တဲ့ တုတ်ချောင်းတိုလေးနဲ့ပဲ စွန်အတွက် ဆိုင်းကြိုးထိုးဖို့ အပေါက်ဖောက်ရပါတယ်.

ဆိုင်းကြိုးထိုးနည်းမှာ ၃-၂ ထိုးနည်း၊ ၄-၂ ထိုးနည်း၊ ၅-၃ ထိုးနည်း၊ ၅-၄ ထိုးနည်း၊ ၃-၃ ထိုးနည်း စသည်ဖြင့်လည်း ရှိပါသေးတယ်. ဘာကွာလဲဆိုတော့ စွန်အနေအထားပေါ်မူတည်ပြီး ထိုးရတာပါ.

အပေါ်ဖက် စွန်ကိုင်းနှစ်ခုဆုံတဲ့နေရာမှာ ဟိုဖက်ဒီဖက်ကို ကန့်လန့်ဖြတ်ခွလို့တစ်နေရာချည်၊ နောက်ပြီးတော့ အလယ်ကိုင်းမှာ ဟိုဖက်ဒီဖက် အလယ်ကခွလို့ တစ်နေရာချည်တာကို ဆိုင်းကြိုးထိုးတယ်လို့ ခေါ်တာပါ. အပေါ်နဲ့အောက် အကွာအဝေးက ပုံမှန်အားဖြင့် လက်တစ်ထွာပါ. လက်တစ်ထွာမှာတောင် လက်မနဲ့ လက်သန်းကြား တစ်ထွာကိုပြောတာရှိသလို၊ လက်မနဲ့ လက်ညှိုးကြားက တစ်ထွာကိုလည်း ပြောတတ်ကြပါသေးတယ်.

စွန်ခါးတုတ်လွန်းရင် သူ့ကို ကောင်းကောင်း ချုပ်ကိုင်နိုင်အောင် လက်မ-လက်သန်း-တစ်ထွာကို သုံးရပါတယ်. ကိုင်းပျော့ရင်တော့ လက်မ-လက်ညှိုးတစ်ထွာကို သုံးပါတယ်. Standard ကတော့ လက်မ-လက်သန်း တစ်ထွာပါ.

စွန်အနေအထား သိပ်ကောင်းရင် ၃-၂ နဲ့ထိုးပါတယ်. အပေါ်သုံးချက်ချည်၊ အောက်ကို နှစ်ချက်ချည်ဆိုတဲ့ အနေအထားပါ. လေထဲမှာဆိုရင် ကိုယ်က လေလာရာအတိုင်း ကြိုးလျှော့ပေးလိုက်ရင် စွန်လေးက ခေါင်းလေးလည်ခါလည်ခါနဲ့ လေကြောင်းအတိုင်းတက်သွားပါတယ်. အဲဒီ့မှာ ကိုယ်က ရစ်လုံးနဲ့ ပြန်ဆွဲယူလိုက်ရင် တစ်ချက်တည်း အပေါ်တည့်တည့်ကို ထောင်တက်သွားတာမျိုးကို “တစ်ချက်ဆွဲ” လို့ ကျွန်တော်တို့က သတ်မှတ်ပါတယ်.

၎-၂ ဆိုင်းကြိုးနဲ့ဆိုရင်တော့ ကိုယ်က ပြန်ဆွဲလိုက်ရင် ဘယ်တစ်ချက်တက်လိုက်၊ နောက်တစ်ချက်ထပ်ဆွဲရင် ညာတစ်ချက်တက်လိုက်နဲ့မှ အပေါ်ကို ထိုးတက်သွားတာမျိုးပါ. အဲဒါကိုတော့ “နှစ်ချက်ဆွဲ” လို့ ကျွန်တော်တို့က ခေါ်ဝေါ်တတ်ပါတယ်.

၅-၄ ထိုးနည်းက ၃-၂ ရဲ့ ပုံစံကွဲပါ. ၅-၃ ကတော့ ၄-၂ ရဲ့ ပုံစံကွဲပါ. ဆိုင်းကြိုးကို ပိုခိုင်ချင်လို့ အကြိမ်ရေတိုးပြီး ချည်လိုက်တဲ့သဘောပါပဲ.

၃-၃ တို့၊ ၄-၄ တို့ကတော့ အပေါ်အောက် ညီအောင် ထိုးထားတာပါ. သူက လေထဲတက်သွားရင် ခေါင်းမလည်ပါဘူး. ဖင်လေးတုန်ခါတုန်ခါနဲ့ တစ်ဖြောင့်တည်းလေး ထိုးတက်သွားပါတယ်. အဲဒါကို ကျွန်တော်တို့က “ဖင်တုန်” လို့ သတ်မှတ်ထားကြပါတယ်.း)

ဆိုင်းကြိုးထိုးပြီးသွားရင် ညီမညီ ဟိုဖက်ဒီဖက် ပြန်ချိန်ရပါသေးတယ်. ဆိုင်းကြိုးအလယ်က မှန်စာကြိုးချည်မယ့်အထုံးလေးကို စွန်ရဲ့ ဘယ်ဖက်အတောင်ပံဖက်ကိုသွားကပ်လိုက်၊ ညာဖက်အတောင်ပံဖက်ကို သွားကပ်လိုက်နဲ့ ညီမညီချိန်ရပါတယ်.

ဆိုင်းကြိုးထိုးတာကို ကောင်းကောင်းကျွမ်းတဲ့ အစ်ကိုကြီးတွေလည်း ရှိသေးတယ်. ကျွန်တော်တို့ စွန်သစ်လေးတွေ ရလာရင် အဲဒီ့အစ်ကိုကြီးဆီ ဆိုင်းကြိုးသွားထိုးခိုင်း၊ သူ့ကို ပြန်သင်ခိုင်းနဲ့ ဆိုင်းကြိုးထိုးနည်း လျှို့ဝှက်ချက်တွေကို တတ်မြောက်လာခဲ့တာပါ. မူကွဲတွေတော့ ရှိမှာပေါ့ဗျာ. ဒါပေသိ ကျွန်တော်တို့အရပ်မှာတော့ အဲဒါဟာ ကျွန်တော်တို့ဇာတ်ပဲ ဖြစ်ခဲ့တယ်ဗျ.း)

စွန်ဆိုင်တွေမှာဆိုရင်လည်း အပြိုင်အဆိုင်တွေများတော့ တစ်ချို့ဆိုင်တွေက ဆိုင်းကြိုးထိုးပြီးသားစွန်လေးတွေနဲ့ မက်လုံးပေးတတ်တယ်. ဒီတော့ ကျွန်တော်တို့ ကလေးတွေ စိတ်ကြိုက်ပေါ့. Instant Kite ပေါ့ဗျာ. ဟတ်ဟတ်. ဈေးကလည်း တူတူပဲဆိုမှတော့ ဆိုင်းကြိုးထိုးပြီးသားစွန်ကိုပဲ ၀ယ်ကြတော့တာပေါ့.

စွန်ဆိုင်မှာ တကယ့် စွန်ဆရာကြီးတွေလည်း ရှိတတ်ပါသေးတယ်. သူတို့က ၀ယ်ရင်လည်း အကောင် ၅၀-၁၀၀ စသည်ဖြင့် ၀ယ်ပြီး ကားပေါ်တင်လို့ ကွင်းပြင်မှာ သွားလွှတ်တာမျိုး. သူတို့တွေ စွန်ရွေးနေရင် စွန်ဆိုင်ကလည်း ကြည်ကြည်ဖြူဖြူ အကုန်ချပြပေးထားပါတယ်. ကျွန်တော်တို့စွန်သွားဝယ်လို့ သူတို့နဲ့ကြုံကြိုက်ရင် မျက်နှာချိုသွေးပြီး ကျွန်တော်တို့ကို စွန်လေးကောင်လောက် ရွေးပေးပါ ဘာညာနဲ့ သွားပြောရတယ်.

သူတို့ရွေးပေးလိုက်တဲ့စွန်ကလည်း တကယ်ကို ကောင်းပါတယ်. ဆိုင်းကြိုးတပ်ပြီးလိုက်ရင် တစ်ချက်ဆွဲ (သို့) နှစ်ချက်ဆွဲ ဖြစ်သွားတာများတယ်.

စုံတယ်နော်. ဟတ်ဟတ်

ဖင်တုန်ဆိုင်းကြိုးက ကလေးတွေအတွက်ပဲ ထိုးတာများပါတယ်. ကျွန်တော်တို့ စွန်လောကမှာလည်း အမြီးတပ်ထားတဲ့စွန်တို့၊ ဖင်တုန်စွန်တို့ကို သွားတိုက်လေ့မရှိပါဘူး. ဘာလို့လဲဆိုတော့ ကလေးတွေလွှတ်တဲ့စွန်လို့ သတ်မှတ်ထားလို့ပါ. ဒါကြောင့် စွန်လောကမှာလည်း ဂျန်းတဲလ်မင်းဝါဒ ရှိပါသေးတယ်. ဘလော့ဂါလောကမှာသာ….
(အဟင်း… စွန်အကြောင်းပဲ ဆက်ပြောတော့မယ်ဗျာ. နော်.. ဟတ်ဟတ်)

မဲစာ (သို့) မဲကြိုးတင်းနည်းများ

ကဲ. ဆိုင်းကြိုးထိုးတဲ့အကြောင်းသိပြီနော်. မဲစာအကြောင်း ဆက်ပြောပါမယ်.

စွန်တစ်ကောင်ကို ဆိုင်းကြိုးထိုးပြီးရင် လေငြိမ်တဲ့နေရာကိုသွားပြီး ဟန်ချက်ညီမညီ ကြည့်ရပါတယ်. ကြည့်နည်းက ဆိုင်းကြိုးရဲ့ အလယ်တည့်တည့်က စွန်ကြိုးချည်မယ့် ဆက်ထုံးလေးကို ငြိမ်ငြိမ်လေးကိုင်ပြီး စွန်က ဘယ်ညာ ဘယ်ဖက်ကို ယိမ်းလဲ ကြည့်ရပါတယ်. ချိန်ခွင်လိုပေါ့. သုံးလေးခါလောက်စစ်ကြည့်လို့ ကိုယ့်စွန်က ဘယ်ဖက်ကို စောင်းနေတယ်ဆိုရင် ညာဖက် ဘေးကိုင်းလေးမှာ စက္ကူလေးကိုလိမ်ထည့်ပြီး ဟန်ချက်ညီအောင် လုပ်ပေးရပါတယ်. မဲစာထည့်တယ်လို့ ခေါ်ပါတယ်. ပြီးတော့ ပြန်ချိန်ကြည့်ပါတယ်. တစ်ခါတည်းနဲ့ အဆင်ပြေတာ ခပ်ရှားရှားပါ.

ကိုယ်ထည့်လိုက်တဲ့ မဲစာက သိပ်ကြီးလွန်း၊ များလွန်းသွားရင် အဲဒီ့ဖက်ကို စွန်က ပြန်ယိမ်းပါလေရော. အဲဒီ့မှာ မဲစာစက္ကူစလေးကို ဖြတ်ထုတ်သင့်ဖြတ်ထုတ်၊ လျှော့သင့်လျှော့၊ ကိုင်းတလျှောက် နေရာအရွှေ့အပြောင်းလေး လုပ်သင့်လုပ်နဲ့ ဟန်ချက်ညီအောင် ထိန်းပေးရပါတယ်.

ဘယ်လိုမှ မဲစာညှိလို့မရတဲ့စွန်ကို ဖြဲချင်ဖြဲပစ်၊ သို့မဟုတ် အမြီးတွေ ကောက်တပ်ပစ်လိုက်ပါတယ်.

စွန်အမြီးတပ်နည်းများ

တော်ရုံတော့ စွန်တစ်ကောင်ကို အမြီးတပ်လွှတ်လေ့ မရှိပါဘူး. ကလေးလေးတွေလောက်ပဲ လွှတ်ကြတာပါ. သူက အမြီးတပ်ထားတော့ လေကြောင်းမိလို့ အပေါ်တက်သွားရင်လည်း တစ်ဖြောင့်တည်းပဲ တက်သွားတယ်. သိပ်ပြီးတော့လည်း ထိန်းချုပ်စရာမလိုဘူး. ငြိမ်တယ်. အမြီးတောင် အောက်မှာတပ်တာရှိသလို ဘေးဖက်မှာ တပ်တာလေးတွေလည်း ရှိသေးတယ်.

တစ်ချို့ကျတော့ ရောင်စုံစက္ကူစလေးတွေ၊ ဖဲစလေးတွေကပ်လို့ တပ်လွှတ်ကြသေးတယ်. အဲဒီ့စွန်မျိုးလွှတ်တဲ့ကောင်လေးတွေကို ကျွန်တော်တို့တွေက အခြောက်တွေလို့ ခေါ်တတ်ကြပါသေးတယ်.

ကျွန်တော် မဲကြိုးတင်းလို့ မရတဲ့စွန်ကို အမြီးတပ်တာက အောက်ဖက်မှာ အတိုလေး တပ်တာပါ. လွှတ်ကြည့်တယ်. ကြိုက်လား. မကြိုက်ရင် အမြီးကို ထပ်ရှည်ကြည့်တယ်. အရမ်းကြီးရှည်အောင်ထိတော့ မလုပ်ဘူးပေါ့.

တစ်ခါတစ်လေ စွန်က ဘယ်ဖက်ကြီးပဲ ၀ိုက်ဆွဲနေတယ်. ဒီတော့ ညာဖက်မှာ မဲကြိုးတင်းတယ်. မရသေးဘူး. ဆွဲနေတုန်းပဲ. အဲဒီတော့ ဘာလုပ်ပစ်လိုက်လဲဆိုတော့ ညာဖက် အတောင်ပံမှာ အမြီးသေးသေးလေး တစ်ဖက် တပ်ပေးလိုက်တယ်.

ဟုတ်တယ်. တစ်ဖက်တည်းတပ်ပေးလိုက်တာ. နည်းနည်းတော့ ငြိမ်သွားတာပေါ့. ကိုယ့်မှာ စွန်ကလည်း မရှိရင်တော့ ကြံဖန်လုပ်ပြီး စွန်လွှတ်ဖြစ်အောင် ဖန်တီးရတော့တာပေါ့. ကစားချင်တာကိုး အဲလို အမြီးတစ်ဖက်တည်းပါတဲ့ စွန်မျိုးက ဘာနဲ့တူလဲဆိုတော့ နားပေါက်တစ်ဖက်တည်းဖောက်ထားတဲ့ ကောင်လေးတွေလိုပေါ့. ဟတ်ဟတ်. တွဲလောင်းတွဲလောင်းလေးနဲ့ သိပ်တော့ မခန့်ဘူးပေါ့ဗျာ.

အကျင့်ကလည်း ယုတ်ချင်တော့ အဲလိုစွန်မျိုးနဲ့ တွေ့သမျှစွန်ကို လိုက်ပြီး ပတ်ရမ်းတော့တာပဲ. ဟိုကောင်တွေကလည်း အဆင့်အတန်းခွဲခြားတယ်ထင်ပါတယ်. အဖြတ်မခံဘူး. ကျွန်တော်ကလည်း လိုက်တိုက်၊ သူတို့ကထွက်ပြေးနဲ့ တော်တော်ရယ်ရတယ်. စွန်လွှတ်လို့ မနိုင်ရင် အချင်းချင်း ရစ်လုံးတွေ ဘေးချလို့ နပန်းလုံးကြ၊ ချကြတာတွေလည်း ရှိပါသေးတယ်. ဟားဟား. ပြောရင်း သတိရလိုက်တာဗျာ...

အိုကေပြီဆိုတော့မှ ကိုယ့်ရစ်လုံးစက မှန်စာကြိုးနဲ့ စွန်ရဲ့ ဆိုင်းကြိုးကို သေချာချည်၊ ဖိနပ်ကိုသေချာစီး၊ အသက်ခပ်ပြင်းပြင်းရှူ၊ ရင်ကိုကော့လို့ လမ်းမပေါ်ထွက်ရင်း ကောင်းကင်ပေါ်ကို တစ်ချက်မော့ကြည့်လိုက်ပါတယ်.

ရောင်စုံစက္ကူစွန်တွေ၊ ဆီစိမ်စွန်တွေပြည့်လွှမ်းထားတဲ့ ကောင်းကင်ပြာကြီးကို မထီတရီကြည့်ရင်း ကိုယ့်စွန်ကို လေထဲ တစ်ချက်ဝေ့တင်လို့ စိတ်ထဲက ကြုံးဝါးလိုက်တာက…

“ကိုယ်လာပြီ စွန်လောကကြီးရေ…. ဟင်းဟင်းဟင်း..”



(စကားချပ်။ ။ ဟင်းဟင်းဟင်း သည်ကား ဘလော့ဂါရန်အောင်၏ ဖြည့်စွက်ချက်ဖြစ်ပေသည်. သူငယ်စဉ်က ဟင်းဟင်းဟင်းဟု မရယ်တတ်ခဲ့သေးချေတမုံ့… ဤကားစကားချပ်တည်း။)

ဆက်ပါဦးမည်

အားလုံးကိုချစ်ခင်လေးစားလျက်

ရန်အောင်

Remark: ပုံတွေကို ဂူဂဲလ်မှာ ရှာယူပါတယ်.

11 comments:

thandar kyaw said...

စွန်လွှတ်လို့ မနိုင်ရင် အချင်းချင်း ရစ်လုံးတွေ ဘေးချလို့ နပန်းလုံးကြ၊ ချကြတာတွေလည်း ရှိပါသေးတယ်<<<<< နိုင်သလား ရှုံးသလား သိချင်ပါတယ် ;)

Soe Mya Nandar Thet Lwin (Borros Roxo) said...

ဖတ်လို့ သိပ်ကောင်းတယ်။

2010 မှာ အရင်က ကလောင်သွေး ထက်ခဲ့တဲ့ ရန်အောင့် အစွှမ်းတွေကို မြည်းစွမ်း ကြည့်ချင်စမ်းပါဘိ။

စာကောင်းပေမွန်များ ဆက်လက်ရေးသား နိုင်ပါစေ။

ဆန္ဒမွန်ဖြင့်
နန္ဒာ =)

ကိုရင်နော်ခင်လေးငယ် said...

ဂွတ်ပါ့..
ဟုတ်တယ် မြန်မာသတင်းစာတွေနဲ့ လုပ်တဲ့ စွန်တွေက လေးလည်းလေးတယ် လေတိုးလည်း မခံဘူး...
ဝါးလုံးထိပ်မှာ သစ်ကိုင်းကြီးချည်ပြီး ကော့လာတဲ့ စွန်တွေကို လိုက်ရင်း ကားတိုက်ခံရတာတွေ ရှိသေးတယ်နော်..
ကိုရန်အောင်ကတော့ စွန်ဆရာပဲ..
ဆက်လွှတ်.. ;)

သဒ္ဓါလှိုင်း said...

မင်္ဂလာပါရှင်...
စွန်အကြောင်းတော်တော်သိသွားပါတယ်...အမြဲလာဖတ်ဖြစ်ပါတယ်...

Taungoo said...

ဗိုလ်ရန်က စွန်ဝါသနာအိုးပဲဗျ။
ငယ်ငယ်က တောင်ငူမှာ စွန်ရာသီဆို ညနေဆိုင်သိမ်းတာနဲ့ အဖေက စက်ဘီးနောက်မှာ ကျွန်တော့်ကို နောက်မှာတင်ပြီး မီးရထားလမ်းဘေးကနေ ကျုံးထဲဖက်ကို စွန်တွေ အပြိုင်လွှတ်ကြတဲ့ဆီကို လိုက်ပြတယ်။ ကျွန်တော်တော့် တစ်ခါမှ အပေါ်တက်အောင် မလွှတ်တတ်ခဲ့ဘူး။ ခြံထဲကို ကျလာတဲ့ စွန်တွေတော့ ယူလို့ရတဲ့ အမြင့်လောက်မှာဆို ရအောင်ယူပြီး သိမ်းထားတာပဲ။

မနန်း said...

ကျမတို့အရပ်ဒေသမှာ လေတံခွန်လို့ခေါ်တယ်

တောင်ပေါ်သား said...

အကိုက စွန်သရဲပေါ့လေ ကျနော်လဲ စွန်လွှတ်အရမ်းဝါသနာပါတာ တချိန်တော့ တူတူပြိုင်လွှတ်ချင်တာ စွန်ဖြတ်ရတာလောက် အရသာ ရှိတာ မရှိဘူးးးးးးးးး စွန်ပြတ်သွားတာကို ကိုယ့်စွန်နဲ့လိုက် ကော်ယူရတာလောက် အရသာရှိတာ မရှိဘူးဗျာ စွန်လွှတ်ချင်တယ်း)


လေးစားလျက်
တောင်ပေါ်သား

အိမ့်ချမ်းမြေ့ said...

ဖတ်သွားပါတယ်..
သေသေချာချာကို စိတ်ရှည်ရှည်ရေးထားတာပဲ။
စွန်ကိုင်ပြီးရိုက်ထားတာ ကိုရန်ကိုးးး
ခုမှသေချာမြင်ဖူးတော့တယ်..

အိမ့်ချမ်းမြေ့ said...

ခြေစွပ်အဖြူနဲ့ခပ်တည်တည်ရပ်နေတဲ့ပုံကိုပြောတာပါ။

ခရေညို said...

မနန်းပြောသလိုပဲ ခရေညို တို့အညာမှာလည်း လေတံခွန်လို့ ခေါ်တယ်
ခရေညိုက လေတံခွန်လွှတ် ရာမှာ အဖြစ်မရှိဘူး
ဒါပေမဲ့ လေတ်ံခွန်တွေ ကြိုးပျက် ရင်တော့ လိုက်ကောက်တာ ချန်ပီယံ ပဲ ဟဲဟဲ

Sai Nay Min Kha said...

ကျွန်တော်လည်း ရမည်းသင်းဖွားပဲ အစ်ကိုရ၊ ဗမကမှာ နေခဲ့တာ၊ ဆွေတွေမျိုးတွေ မိဘတွေ အကုန် အဲမှာပဲ၊ တူတူပါပဲ ကျွန်တော်လည်း ဟိုရောက်ဒီရောက်နဲ့၊ ပြန်ဖြစ်သေးဘူး။ ခုနှစ် သင်္ကြန်မတိုင်ခင်တော့ ပြန်ဖြစ်မယ်လို့ မှန်းထားတယ်။

NweYoe