Tuesday, June 30, 2009

စက်ဘီးစီးခြင်း အက်ဆေး...




စက်ဘီးဆိုတဲ့ အရာကို ကျွန်တော်စတင်တွေ့ရှိခံစားဖူးခဲ့တာကတော့ ၁၉၈၇ ပတ်ဝန်းကျင်လောက်ကပါ. အဲဒီ့တုန်းက ကျွန်တော် သုံးတန်းလောက်ပဲ ရှိဦးမယ်. မှတ်မှတ်ရရ သမ္မတရုပ်ရှင်ရုံမှာ BMX ဇာတ်ကားတင်တယ်. အဲဒီ့ကားကို ကျွန်တော် မကြည့်ဖူးခဲ့လိုက်ပါဘူး. အဖေ့ကို လိုက်ပြဖို့ ပူဆာခဲ့ဖူးပေမယ့် အဖေလည်း မအားတာနဲ့ လိုက်မပြဖြစ်ခဲ့ဘူးထင်ပါတယ်. နောက်ပိုင်းကျတော့ ကျွန်တော်တို့လည်း ရုပ်ရှင်ကို မေ့မေ့ပျောက်ပျောက်ဖြစ်သွားပြီး ရုပ်ရှင်ထက် BMX စက်ဘီးကို ပိုစွဲလမ်းသွားခဲ့ကြပါတယ်.

ဟုတ်တယ်ဗျ. အဲဒီ့ရုပ်ရှင်ထဲမှာ စက်ဘီးလေးတွေနဲ့ ပြေးလိုက်၊ လွှားလိုက်၊ စတန့်အမျိုးမျိုး လုပ်ပြလိုက်၊ အန္တရာယ်တွေအမျိုးမျိုးကို အံ့ဩဘနန်းဖြစ်ဖွယ် ရှောင်တိမ်းသွားပြလိုက်နဲ့ အဲဒီ့ခေတ် အဲဒီ့အချိန်က တော်တော့်ကို လူကြိုက်များခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ဖူးပါတယ်. အဲဒီ့အချိန်က ခေတ်ပြိုင်အနေနဲ့ နာမည်ကြီးတဲ့ နိုင်ငံခြား ဇာတ်ကားတွေကတော့ ဆိုင်ကယ်စီးတဲ့ On The Road ဂျပန်ကားတို့၊ ဓာတ်ပုံဆရာနဲ့ ရွှေမင်းသမီးတို့ရဲ့ The Princess and Photographer တို့ပဲပေါ့. စပ်မိလို့ ပြောပြတာပါ. ဒါတွေပြန်ပြောတာနဲ့တင် ကျွန်တော့်ကို အဘိုးကြီးလို့ ထင်ကြတော့မလားမသိ. အဟတ်.

အဲဒီ့ဇာတ်ကားနောက်ပိုင်း ရန်ကုန်မြို့ရဲ့ လမ်းသွယ်လမ်းမ လမ်းကြိုလမ်းကြားမကျန် စက်ဘီးစီးတဲ့ ရောဂါ ထလာကြပါတယ်. ဘယ်လောက်တောင် ခေတ်စားသွားလဲဆိုရင် စက်ဘီးငှားတဲ့ လုပ်ငန်းတွေတောင် နေ့ချင်းညချင်း နေရာအနှံ့ တွေ့လာရတယ်လေ. စက်ဘီးတစ်စီးကို တစ်နာရီ ဘယ်လောက်ဆိုပြီး ငှားတာပေါ့. တစ်ကျပ်လား မသိတော့ဘူး ကောင်းကောင်းတော့ မမှတ်မိတော့ဘူးဗျ.

ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုတို့လို ၀န်ထမ်းသားသမီးတွေအတွက်တော့ စက်ဘီးငှားစီးရဖို့အတွက်ကလည်း ရွှေရောင်အခွင့်အရေးကြီးတစ်ခုပါ. ကိုယ့်ရှေ့မှာ ရှေ့ဘီးလေးထောင်ပြီး စီးသွားလိုက်၊ ရှေ့ဘရိတ်ကို အုပ်ပြီး နောက်ဘီးကိုထောင်ပြလိုက်၊ လက်တန်းပေါ် မတ်တပ်ရပ်ပြီး စီးပြလိုက်၊ ပလက်ဖောင်းပေါ်ကို အလျားလိုက် နှစ်ဘီးလုံး ခုန်တက်ပြလိုက်နဲ့ လုပ်ပြနေတဲ့ ရွယ်တူ ကလေးငယ်တွေကို ငေးကြည့်ရင်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးစီးချင်တာများ တစ်ပိုင်းကိုသေနေတာပဲ.

မုန့်ဖိုးလေးတွေကို ကြိုးစားစုရင်း တစ်ကြိမ်မှာတော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီးတစ်နာရီ ငှားစီးဖြစ်ခဲ့ကြပါတယ်. သူများတွေ စီးနေတာကို ကြည့်တော့သာ လွယ်တာလေ. ကိုယ်တိုင်က စက်ဘီးမစီးတတ်သေးတော့ ငှားလိုက်ရတဲ့ တစ်နာရီမှာ စတန့်ထွင်ဖို့ နေနေသာသာ၊ စက်ဘီးပြန်အပ်ပြီး ပြန်ထွက်လာတော့ ညီအစ်ကိုနှစ်ယောက် ဒူးခေါင်းမှာ သွေးအလိမ်းလိမ်းနဲ့ရယ်…

ဒါပေမယ့် ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် သိပ်ကို ပျော်ခဲ့ကြဖူးတယ်. အာသာပြေသွားတဲ့အတွက် နောက်တစ်ခေါက် သူများတွေ စက်ဘီးစီးနေကြတာတွေ့လည်း အရင်ကလောက် သိပ်ပြီး မက်မက်မောမော မရှိတော့ဘူး. ပိုက်ဆံထပ်စုဖို့ကလည်း စိတ်မ၀င်စားတော့ဘူးလေ. နောက်ပိုင်း ပိုက်ဆံစုဖြစ်တော့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် စက်ဘီး ငှားမစီးတော့ဘူး. ဘောလုံးခုံဝင်ကန်တယ်. ဇယ်တောက်တယ်. (ဇယ်တောက်တာကို အညာမှာတော့ ဘိလပ်ထိုးတယ်လို့ ပြောကြတယ်ဗျ. ဇယ်ခုံကိုလည်း ဘိလပ်ခုံလို့ ခေါ်တတ်ကြသေးတယ်. ဘိလိယက်ခုံ၊ ဘိလိယက်ထိုးကနေ ရွေ့လျားပြောင်းလဲသွားတာပဲလားတော့ မသိဘူး ဒါက စကားချပ်ပါ.) ဇယ်တောက်တဲ့နေရာမှာလည်း ကျွန်တော်တို့ နှစ်ယောက် ပိုက်ဆံတော်တော်လေး ရှာနိုင်ခဲ့ကြတယ်ဗျ. ဟုတ်တယ်. ကျွန်တော်တို့တွေ လူကြီးဝိုင်းတွေမှာတောင် ၀င်တောက်ပြီး ပိုက်ဆံတွေ နိုင်ခဲ့ကြဖူးတယ်. ဂေါ်လီနံပါတ်နဲ့ တောက်တာပေါ့ဗျာ. နောက်ကျမှ ဇယ်တောက်ခြင်း အက်ဆေးတစ်ပုဒ် သက်သက် ထပ်ရေးဦးမယ်.

လေးတန်းနှစ်မှာ ၁၉၈၈ အရေးတော်ပုံ ဖြစ်တယ်. ကျွန်တော့်အဖေ နယ်ပြောင်းခံရတယ်. စစ်တွေကိုပေါ့. ဒေသဝေးတာကတစ်ကြောင်း၊ အခြေအနေတွေ မငြိမ်သက်သေးတာက တစ်ကြောင်းကြောင့် ကျွန်တော်တို့ကို ရန်ကုန်မှာပဲ နေစေခဲ့တယ်. အမေရယ်၊ အစ်မနှစ်ယောက်ရယ်၊ အစ်ကိုရယ်၊ ကျွန်တော်ရယ်ပေါ့.

နောက်ပိုင်းကျတော့ ကျောင်းတွေကလည်း ပိတ်ထားမယ့် အတူတူ အဖေ့ရွာကိုပို့ပြီး ဘုန်းကြီးကျောင်းမှာ ကိုရင်ဝတ်ခိုင်းရင်း စာအံစေခဲ့ပါတယ်. ဒီလိုနဲ့ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်နဲ့ အမေနဲ့ သဲတောဝမ်းတွင်းမြို့နယ်လေး နှစ်ခုကြားက နတ်ကန်ရွာလေးကို ရောက်ခဲ့ကြပါတော့တယ်.

အဲဒီ့မှာ ၀မ်းတွင်းက အဖေ့အသိတွေရဲ့ သားသမီးတွေနဲ့ ကျွန်တော်တို့ ရင်းနှီးသွားခဲ့ကြပါတယ်. နတ်ကန်ရွာလေးနဲ့ ၀မ်းတွင်းမြို့လေးကြားက နှစ်မိုင်ခရီးလောက်ရှိပါတယ်. တောသူတောင်သားတွေက နွားလှည်းနဲ့ မြို့ပေါ် ပစ္စည်းတွေ ဈေးနေ့တွေမှာ တက်ရောင်းကြသလို မြို့ပေါ်က လူတွေကလည်း တောဖက်ကို စက်ဘီးလေးတွေနဲ့ လာတတ်ကြပါတယ်. ရွာထဲကလူတွေကလည်း စက်ဘီးလေးတွေနဲ့ မနက်ဆို မြို့ပေါ်တက်၊ ညနေပြန်လာ အဲလိုမျိုးပေါ့. တစ်ချို့ဆို မနက်ခင်းမှာ တစ်အိမ်တက်ဆင်း “အရီး ဘက်ထရီဖြည့်ဦးမလား ကျုပ် မြို့ပေါ်တက်မလို့… ဒွေးလေး. မြို့ပေါ် ဘာမှာဦးမလဲ….”

အဲဒီ့လိုနဲ့ ဘက်ထရီအိုးတွေ အများကြီး စက်ဘီးတစ်ဖက်တစ်ချက်မှာ ချိတ်လို့ တောလမ်းကျဉ်းကျဉ်းလေးကို ကျင်လည်စွာ စီးရင်း မြို့ပေါ်မှာ ဘက်ထရီအိုး သွားဖြည့်တတ်တဲ့ ရွာသားတစ်ချို့လည်း ရှိတတ်သေးကြတမုံ့.

ရွာဦးကျောင်းက ဦးဇင်း ခင်အောင်ဆိုတာကလည်း ဗေဒင်ယတြာမှာ နာမည်ကြီးလွန်းလို့ မြို့ပေါ်က လူတွေ လာရောက်ကိုးကွယ်ဆည်းကပ်တတ်ကြတယ်. ရွာဦးဘုန်းကြီးကျောင်းဝင်းထဲကို ဆန်နီပစ်ကပ်လို ကားလေးတစ်စီးဝင်လာလိုက်တယ် ဆိုရင်ကိုပဲ နွားကျောင်းသားလေးတွေ၊ ဘုန်းကြီးကျောင်းသားလေးတွေ၊ ကိုရင်ပေါက်စလေးတွေ ကားနောက်ကို ဘာရယ်မဟုတ်ဘူး. ပြေးလိုက်ကြတယ်. ဖုန်တွေ တသောသောနောက်မှာ ကားနောက်ကို ပြေးလိုက်နေကြတဲ့ သူတို့တွေကို အစက ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် နားမလည်နိုင်ခဲ့ကြဘူး. တကယ့်တောသားတွေပဲကွာလို့တောင် ပြောဖြစ်ခဲ့ကြသေးတယ်. အဟတ်… ဟုတ်လည်းဟုတ်တာပဲလေ. တောသားမို့တောသားလို့ ပြောတာ ဘာဆန်းလဲ.

နောက်ပိုင်းကျတော့ နားလည်စပြုလာပါတယ်. ၃ လလောက်နေပြီးနောက်မှ ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်တောင် မြို့ပေါ်က ဧည့်သည်တွေ လာရင် မသိမသာ လှမ်းလှမ်းကြည့်တတ်လာပါတယ်. ညဖက်ဆို ဗွီဒီယိုရုံကို သွားသွားကြည့်ချင်လာတတ်ပါတယ်. ရွာမှာနေရတာ နည်းနည်းတောင် အသားကျလာသလို ဖြစ်လာတာပေါ့လေ....

ဆိုလိုချင်တာက နတ်ကန်ရွာလေးနဲ့ ၀မ်းတွင်းမြို့လေးကြားက တောလမ်းလေးက အမြဲတမ်း လူမပြတ်တတ်ဘူးလို့ ပြောချင်တာပါ. ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်က ရွာကို ခဏခဏ ရောက်ဖြစ်ပါတယ်. ၀မ်းတွင်းမြို့လေးပေါ်မှာ တည်းရင် နတ်ကန်ရွာလေးကို စက်ဘီးနဲ့ မြို့ပေါ်က အစ်ကိုကြီးတွေက လိုက်ပို့ပေးတတ်ကြပါတယ်. အဲဒီ့မှာ နှစ်ည သုံးညလောက် အဖွားတို့ အဒေါ် ဦးလေးတို့နဲ့ နေပြီး မြို့ပေါ်ကို စက်ဘီးနဲ့ ပြန်တက်ကြပြန်ပါတယ်. ကျွန်တော်တို့ စီးဖြစ်ခဲ့တဲ့ စက်ဘီးလေးက မောင်ဗမာ စက်ဘီးပါ. ဘားတန်းပါတယ်. ကျွန်တော်က ငယ်သေးတော့ ဘားတန်းပေါ်မှာ ကိုယ်တစောင်းထိုင်တယ်. ကိုမိုးဆိုတဲ့ အစ်ကိုကြီးက နင်းတယ်. အနောက်က ကယ်ရီယာခုံပေါ်မှာ အစ်ကို (သို့) အမေ ထိုင်တယ်.

ရှေ့မှာထိုင်နေတော့ သွားနေတဲ့ စက်ဘီးရဲ့ ထူးခြားချက်ကို သတိပြုမိလာတယ်. အဲဒါနဲ့ပဲ စက်ဘီးနင်းနေတဲ့ အစ်ကိုကြီးကို တစ်ကြိမ်မှာတော့ မအောင့်နိုင်ဘဲ မေးမိလိုက်တယ်.

“ကိုမိုး. ရှေ့ဘီးက ဘာလို့ တဖြောင့်တည်းမသွားဘဲ ဟိုဖက်ယမ်းလိုက် ဒီဖက်ယမ်းလိုက် ဖြစ်နေတာလဲ”

ကိုမိုးက တစ်ချက်ရယ်ပြီး ပြန်ဖြေပါတယ်.

“အစ်ကိုက ဘယ်ဖက်ကို နင်းလိုက်ရင် လက်တန်းကို ညာဖက်နည်းနည်းယိမ်းပေးရတယ်. အဲဒီ့လိုပဲ ညာဖက်ကို ဖိနင်းလိုက်ရင်လည်း ဘယ်ဖက်ကို နည်းနည်းယိမ်းပေးရတယ်.”

“ဘာဖြစ်လို့ တဖြောင့်တည်း နင်းလို့မရတာလဲ…”

“ဟန်ချက်ပေါ့ ငါ့ညီရာ…. ဟန်ချက်ပေါ့. ဒါမှ လဲကျမသွားမှာပေါ့.”

သူပြောတဲ့ ဟန်ချက်ဆိုတာကို ကျွန်တော် သိပ်နားမလည်နိုင်ခဲ့သေးပါဘူး. အဲဒီ့တုန်းက ကျွန်တော်မှတ်သားထားလိုက်မိတာကတော့ ဘယ်နင်းရင် ညာယိမ်း၊ ညာနင်းရင် ဘယ်ယိမ်း… ဒါပါပဲ.

ရွာမှာတုန်းကလည်း စက်ဘီးစီးသင်ဖို့ အဲလောက် အခြေအနေမပေးခဲ့ပါဘူး. စိတ်သိပ်မ၀င်စားခဲ့တာလည်း ပါမယ်ထင်တယ်. ဘုန်းကြီးကျောင်းသားဘ၀နဲ့ နေ့ခင်းဆို စာအံလိုက်၊ ညနေခင်းဆို ရေထမ်းလိုက်၊ ဘောလုံးကန်လိုက်၊ ပုရစ်တူးလိုက်၊ ပုစွန်လုံးနှိုက်လိုက်၊ ကျီးသားရိုက်လိုက်၊ ရှဉ့်တွေကို လေးခွနဲ့ ပစ်လိုက်၊ မန်ကျည်းသီးမှည့်တွေကို ခူးစားလိုက်၊ ရွာရိုးကိုးပေါက် တစ်လမ်းဝင် တစ်လမ်းထွက် လျှောက်သွားလိုက်နဲ့ ပါပဲ.

နောက် တစ်လလောက်နေတော့ ကိုရင်ဖြစ်တယ်. ကိုရင်ဘ၀နဲ့ တစ်ဝါဆိုခဲ့တယ်. တစ်ဝါဆိုတယ်ဆိုတာ တစ်နှစ်ပြည့်အောင် ၀တ်ရတာကို ဆိုလိုတာပေါ့. ဒါပေမယ့် ၀ါအ၀င်က စပြီး ကိုရင်ဝတ်တယ်. ပြီးတော့ ၀ါထွက်ချိန်ကျမှ လူပြန်ထွက်ရင်လည်း တစ်ဝါရတယ်လို့ ပြောလို့ရပါတယ်. အဲဒီ့နှစ်က ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက် တစ်ဝါစီ ရခဲ့ကြတယ်.

ကျွန်တော့်ရဲ့ ကိုရင်ဝတ်တုန်းက ဘွဲ့နာမည်က ၀ါရမိန္ဒပါ…. ခုထိ မှတ်မိနေသေးတယ်. ဘာအဓိပ္ပါယ်လဲ ဘုန်းဘုန်းလို့ ပြန်မေးတော့ ဇွဲကြီးသောသူတဲ့…



ကိုရင်ဘ၀တုန်းမှာလည်း မြို့ပေါ်ကို နွားလှည်းနဲ့ဖြစ်စေ၊ စက်ဘီးနောက်က ထိုင်ပြီးတော့ဖြစ်စေ သွားကြပါသေးတယ်. ကိုရင်တွေ ဖြစ်သွားပြီဆိုတော့ အိမ်မှာ အိပ်လို့ မရတော့ပါဘူး. ကျောင်းတိုက်မှာပဲ အိပ်ရပါတယ်. ညနေ ၆ နာရီလောက်ဆို ဘုရားဝတ်တက်ပြီး ၇ နာရီလောက်မှာ အားလုံး အိပ်ရာဝင်ကြတာ ကျွန်တော်တို့လို မြို့သားတွေအတွက်တော့ အထူးအဆန်းလို ဖြစ်နေပါတယ်. တစ်ကျောင်းလုံးလည်း လျှပ်စစ်မီးမရှိတော့ မှောင်အတိကျလို့ပေါ့. ဘုရားစင်ပေါ်မှာ ထွန်းထားတဲ့ ဖယောင်းတိုင်မီး မှိတ်တုတ်မှိတ်တုတ်လေးကို ကြည့်ရင်း အိပ်ပျော်အောင် ကြိုးစားအိပ်ခဲ့ရတာ၊ တစ်ယောက်နဲ့တစ်ယောက် အသံခပ်အုပ်အုပ်လေးနဲ့ စကားတွေ ပြောကြတာ၊ ကိုယ့်ခေါင်းအုံးနဲ့ သူ့ခေါင်းအုံး မှားအုံးမိရင် ဒက်တွေ ကူးမှာစိုးလို့ တဖုတ်ဖုတ်ခါပြီး ပြောင်းပြန်လှန် အုံးကြတာ၊ ကိုရင်ဖိုးတုတ်ဆိုတဲ့ ကိုရင်ကြီးက ‘ကိုရင်တွေ!!!!’ ဆိုပြီး လှမ်းဟန့်လိုက်ရင် ခေါင်းလေးတွေ ပုဝပ်ပြီး သင်္ကန်းစကို ခြုံခါ အိပ်ပျော်ချင်ယောင် ဆောင်ကြရတာလေးတွေဟာ ခု ပြန်တွေးကြည့်ရင် မမေ့နိုင်တဲ့ ငယ်ဘ၀ အဖြစ်အပျက်လေးတွေပါပဲလေ…

မြို့ပေါ်က အဖေ့အသိတွေက ကိုရင်လေးတွေကို ဆွမ်းစားပင့်တယ် ဆိုပြီး လာဖိတ်ရင်လည်း ကျွန်တော်တို့ ညီအစ်ကိုနှစ်ယောက်ရယ်၊ ၀မ်းကွဲအစ်ကိုတွေရယ် မြို့ပေါ်ကို သင်္ကန်းစလေးတွေ လားလားလားလားနဲ့ ကြွမြန်းကြပါသေးတယ်. အဲဒီ့ နတ်ကန်နဲ့ ၀မ်းတွင်းတောလမ်းလေး ကြားထဲမှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်. အကြီးကြီးမှ အကြီးကြီးပဲ. အဲဒီ့နားကိုရောက်ရင် ကျွန်တော်တို့အားလုံး စကားပြောနေရင်တောင် တိတ်ဆိတ်သွားပြီး လမ်းမြန်မြန်လျှောက်ဖို့ပဲ အာရုံစိုက်မိကြတယ်.

ပေးထားတဲ့ နာမည်ကိုလည်း ကြည့်ပါဦး

“ဆွဲကြိုးချပင်” တဲ့လေ….

မိန်းမတစ်ယောက် ယောင်္ကျားမရှိဘဲ ဗိုက်ကြီးရာကနေ အရှက်ရပြီး အဲဒီ့သစ်ပင်ပေါ်ကနေ ဆွဲကြိုးချသေလို့ ဆွဲကြိုးချပင်ဆိုပြီး ခေါ်ကြတာတဲ့…. ညနေ နေ၀င်ရီတရောအချိန်တွေမှာဆိုရင် တစ်ခါတစ်လေ ညောင်မြစ်ကြီးပေါ်မှာ မိန်းမတစ်ယောက် ထိုင်ထိုင်နေတတ်တာကို တွေ့ရတတ်သတဲ့… ညဖက် မိုးကြီးချုပ်လို့ အဲဒီ့အောက်က ဖြတ်ပြန်ရင်လည်း နောက်ကနေ တစ်ယောက်ယောက်လိုက်လာသလို ခြေသံတွေ ကြားရတတ်သတဲ့…

ဟုတ်မဟုတ်တော့မသိဘူး. သေချာတာကတော့ အဲဒီ့သစ်ပင်ကြီးနားရောက်ရင် ကျွန်တော်တို့ စက်ဘီးလဲမှာ အရမ်းကြောက်ကြတယ်. ဖြစ်ချင်တော့ အဲဒီ့နားကျမှ သဲကလည်း ၀ပ်လိုက်တာ လွန်ပါလေရောဗျာ…

စက်ဘီးတော့ အလဲမခံနိုင်ဘူး. မြေကိုင်မှာစိုးလို့လေ. (မြေကိုင်တယ်ဆိုတာ အဲဒီ့လို တစ္ဆေသရဲ၊ နာနာဘာဝတွေ ရှိတယ်လို့ နာမည်ကြီးတဲ့နေရာမျိုးမှာ ချော်လဲမိပြီး အပြင်းဖျားတတ်တာ၊ အခန့်မသင့်ရင် ကယောင်ကတမ်းအော်ဟစ်ပြီး အသက်ပါ ပါသွားတတ်တာမျိုး၊ အရပ်သုံးစကားနဲ့ ပြောရရင် အပမှီတာမျိုးပေါ့…)

ကျွန်တော်တို့က မြေကိုင်မှာ၊ အပမှီမှာ ကြောက်ကြတော့ အရဲစွန့်ပြီး စက်ဘီးကို ဇွတ်မနင်းကြဘူး. အဲဒီ့နားရောက်ရင် ဆင်းတွန်းကြတယ်. တစ်ယောက်နဲ့ တစ်ယောက် စကားလေး တပြောပြောနဲ့သာနေတာ ကိုယ်စီရင်ထဲမှာတော့ တစ်စုံတစ်ခုများ ဘွားခနဲ ကိုယ့်ရှေ့က ပေါ်လာမလားဆိုပြီး စိုးရွံ့နေတတ်ကြတာလေ… အဲလိုအချိန်မှာများ နောက်တတ်ပြောင်တတ်တဲ့ တစ်ယောက်ယောက်က “ဟေးးးးးးးးးး” ဆိုပြီး ထအော်လိုက်ရင် အဲဒီ့ကောင်ကို ၀ိုင်းပြီး နာပန်ကျင်းကြတော့တာပဲ… ရယ်တော့လည်း ရယ်ရသား…

(ဆက်ပါဦးမည်)

အားလုံးကို ချစ်ခင်လေးစားလျက်

ရန်အောင်

Source:

Pic 1

Pic 2

10 comments:

သားကြီး said...

စက်ဘီးလို့ဆိုလိုက်ရင် ကျနော့်တံတောင်ဆစ်တွေကို ပြန်ပြန်ပြီးကြည့်မိရောဗျို့ စသင်ကတည်းက တတ်တဲ့အထိ လဲကျလိုက်တဲ့အခေါက်ပေါင်း
ပွန်းလိုက်တဲ့ဒူးဆိုတာ...
အပင်နာမည်ကလည်းကြောက်စရာကြီး
ဆက်ရန်ကိုမျှော်နေမယ်ဗျာ
ခင်မင်လေးစားလျှက်.... :)

Anonymous said...

စက်ဘီးဆို BMX ရော မောင်ဗမာရော ကောင်းကောင်းစီးခဲ့ဖူးတယ် ... ခုတော့လည်း မစီးဖြစ်တာကြာ ... ကိုရန်အောင် ပြောမှ စက်ဘီးလေး ပြန်သတိရလာသလိုလို .... ကိုရင်ဝတ်တုန်းကတော့ တစ်ဝါ မပြောနဲ့ တစ်ပတ်တောင် မရခဲ့ဖူးဘူး .. ကိုရန်အောင်တို့ အများကြီး သာတယ် :D
အဲဒါနဲ့ ဆက်ပါဦး သစ်ပင်ကြီးအောက်မှာ စက်ဘီးဆင်းတွန်းရင်းနဲ့ ဘာတွေများ ဖြစ်ခဲ့ကြသေးတုန်း .. ကိုရန်အောင်ကြီးကိုများ အပကိုင်ခံလိုက်ရသေးလား ... haha
နေဒေးသစ်။

thandar kyaw said...

အရေးအခင်းဖြစ်မှ မောင်လေးက ၄တန်းဆိုတော့....ဟွန့် ဟွန့်.......

rose of sharon said...

စက်ဘီးကစီးတတ်သွားပြီလား...တွန်းတတ်တာတော့သိသွားပြီ...

Rita said...

တို့က အသက် ၈ နှစ်လောက်တည်းက စက်ဘီးစီးတတ်တာ။

MieMie said...

ကျမကိုကျမမောင်လေးက စက်ဘီးစီးသင်ပေးခဲ့တာကို ဒီပို့စ်လေးက သတိရစေပါတယ်...မောင်ရန်အောင်တို့လိုဘဲ မောင်နှမ ၂ ယောက် စက်ဘီးကို ၁ နာရီငှားပြီး စီးတတ်ခဲ့ပေါ့...ငယ်ဘ၀လေးကိုသတိရစေလို့ ဆက်ရန်မျှော်နေပါတယ်....

ma mie nge

မီးမီးချစ် said...

မီးချစ် ငယ်ငယ် ကတော့ ၁နာရီ ၅ကျပ်..

WWKM said...

အရေးအခင်းမှာ ၄တန်းဆိုတော့ အသက် ၃၀ မပြည့်
ရှာသေးဘူးပေါ့ ညီမလေးသန္တာရယ်.. ဟတ်ဟတ်
တို့တော့ အဲဒီအချိန်တက္ကသိုလ်တက်နေပြီ။း)

မသက်ဇင် said...

စာရေးကောင်းသောကိုရန်အောင်
စိတ်ဝင်တစားဖတ်သွားတယ်
ခင်မင်လျက်

. said...

စက်ဘီး အကြောင်းရေးတယ်ဆိုပေမယ့် ၀မ်းတွင်းနဲ့ နတ်ကန်အကြောင်းလေးပါတော့ သိပ်ပျော်တာဘဲ။ ၀မ်းတွင်းတောင် လွမ်းသွားတယ်။ ပြီးတော့ အစ်ကိုက ဘာမဆို သေသေချာချာကို အမှတ်ထားတာဘဲ။ ရတနာတော့ နတ်ကန်ကို နှစ်ခါဘဲ ရောက်ဖူးတယ်။ ဗေဒင်သွားမေးတာ။ နောက်မြန်မာပြည်ပြန်ရောက်ရင် ၀မ်းတွင်းကို လာလည်ပါဦးနော်။

ရတနာစိုး
း)