Monday, June 08, 2009

ဝိုးတ၀ါး...



အိပ်ချင်ပါတယ်ဆိုခါမှ
ငါ့မျက်ဝန်းတွေ ခိုးယူခံလိုက်ရတယ်.
ဘယ်တော့များမှ ငါ့အိပ်မက်တွေ
အိပ်ရေးဝမလဲတွေးရင်း
မျက်စိမမှိတ်ဘဲအိပ်တတ်အောင်
မျက်စိမပါဘဲ အိပ်နိုင်အောင်
ကြိုးစားနေတဲ့ငါ့ကို
အမြင်မပွင့်လင်းတဲ့သူ တဲ့လေ…

မြတ်နိုးမိပါတယ်ဆိုခါမှ
ငါ့မေတ္တာတွေ ရေစုန်မျောခံလိုက်ရတယ်
ဘယ်တော့များမှ ငါ့ချစ်ခြင်းတွေ
အသိအမှတ်ပြုခံရမလဲ မျှော်လင့်ရင်း
အချစ်မပါဘဲနေတတ်အောင်
အချစ်မရှိဘဲနေနိုင်အောင်
လျစ်လျူရှုကြည့်နေတဲ့ငါ့ကို
နှလုံးသားမရှိတဲ့သူ တဲ့လေ…

နှုတ်ဆက်ချင်ပါတယ်ဆိုမှ
သံယောဇဉ်တွေနဲ့ ငါ့ကို တားမြစ်ထားတယ်.
ဘယ်တော့များမှ ဒီဆင်းရဲတွေ
ကျော်လွန်ဖြတ်သန်းနိုင်မလဲ အဖြေရှာရင်း
ခပ်ဝေးဝေးပျံသန်းနိုင်အောင်
ဘယ်တော့မှ ပြန်မတွေ့နိုင်အောင်
အတောင်ပံတွေဖြန့်သန်းနေတဲ့ငါ့ကို
ရက်စက်တတ်တဲ့သူ တဲ့လေ…

ချစ်သူရေ…
ဒီ အရုဏ်မကူးခင်မှာ
ငါ့ကို လွတ်မြောက်ခွင့်ပေးပါတော့
မဟုတ်ရင် မင်းရဲ့ ဥပေက္ခာအောက်မှာ
ငါ ဒူးထောက်ရင်း သေဆုံးသွားနိုင်လို့ပါ.
အို… မဟုတ်သေးဘူး.
တကယ်တော့ ငါဟာ သေဆုံးနေခဲ့ပြီးပြီပဲ…
ငါ့ရဲ့ ချစ်ခြင်းဝိညာဉ်တွေ
မင်းဘေးနားမှာ ဆက်လက်ခစားနေမြဲဆိုတာ
ငါသိပ်ချစ်ရတဲ့ မင်းတစ်ယောက်
သိမှသိပါလေစ….

ခုတော့လည်းငါ
မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ ဒူးထောက်ခစားတတ်ပြီ..
ကျေနပ်တော့ ချစ်သူရယ်…

အမှတ်မထင် လွင့်ကြွေကျလာမယ့်
မင်းရဲ့ အပြုံးပန်းလေးတစ်ချက်အတွက်နဲ့
သက်မဲ့နေ့ရက်များစွာကို ငါရင်ဆိုင်ဝံ့တယ်...
ငါရင်ဆိုင်နေဆဲပါ ချစ်သူ...

~ရေခဲငှက်~

Photo Credit

12 comments:

အိမ့်ချမ်းမြေ့ said...

ကဗျာလေး လာဖတ်သွားပါတယ်ကိုရန်ရေ...
အဆင်ပြေပါစေ..

ဟသဇာတ်လမ်းလေးလဲ ရေးပါဦးလို့ ပြောချင်သော်လည်း ဘာတွေဖြစ်နေလဲမသိလို့ ကဗျာဖတ်ပြီး ပြန်သွားပါပြီ :D

WWKM said...

ကဗျာလေးဖတ်ပြီး မျက်ရည်တွေကျလာတယ်လို့
မထင်နဲ့ကိုယ့်လူရေ... ဟတ်ဟတ်..

တို့လဲ မျက်စိမပါပဲ ဖတ်သွားလို့ မျက်ရည်က ထွက်မလာဘူး လို့ ပြောမလို့....း))

ဒါနဲ့ မျက်စိမပါပဲ ဘယ်လိုအိပ်ပါလိမ့်နော်....
သြော်..သိပြီ... ဂလိုကိုးးးးး))

သိချင်ရင်ရှာဖတ် ၂ကျပ် . :D

ဒါနဲ့..အကြွေးးးအကြွေးးအော်ရတာကြွေးရှင်လည်းမျက်နှာပူ
နေပြီ...

နှင်းဆီနက် said...

အမြင်တွေကျယ်ပြန်လာပြီး၊ နှလုံးသားရှိတဲ့သူတစ်ယောက် သက်ရှိနေ့တွေကိုအပြုံးလှလှလေးတွေနဲ့ဖြတ်သန်းနိုင်ပါစေလို့...
ခင်မင်စွာဖြင့်
နှင်းဆီနက်

Anonymous said...

ကိုရန်အောင် .... ကျေးဇူး

Rita said...

သိပ်မလွမ်းပါနဲ့လေ
ဒီအချိန်မှာတော့ ဒီလိုပါပဲ
နောက်တော့လည်း နေတတ်သွားမှာပါ
မ ပြီးတော့ ညီမလေး လာပါလိမ့်မယ်

ကဗျာဦး said...

ကိုရန်အောင်
ကဗျာလာဖတ်တယ်
မ ကို လွမ်းနေလား ဟဲဟဲ

Mogok Thar said...

မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ ဒူးထောက်ခစားတတ်ပြီ..

ကိုရန်ရေ..... နှလု့းသားမပါတဲ့ စကားတွေကို မက
လက်ခံမယ်ထင်ဘူး။
(ဟီးးးး၊ မသိပဲ ၀င်အော်ကြည့်တာ)

Mogok Thar said...

အဲလေ... နှလုံးသား မပါတဲ့ အချစ်တွေကို ပြောတာ။ စကားတွေနဲ့ မွှားရိုက်လို့။
နှလု့းသား မပါဘဲ ဒီကဗျာလေး ထွက်လာမှာတော့ မဟုတ်ဘူး။ ဟုတ်တယ်ဟုတ်။
မငိုနဲ့။ တိတ်.. တိတ်...။

လင်းဦး(စိတ်ပညာ) said...

ကိုရန်အောင်ကြီးလည်း ဘာတွေဖြစ်...

အဆင်ပြေပါစေ... ကဗျာလေးက ထိတယ်ဗျာ..

ခင်မင်စွာဖြင့်

လင်းဦး(စိတ်ပညာ)

seinn kaung myat zaw said...

ကဗျာလေး က ကျနော့် အဖြစ်နဲ့ တိုက်ဆိုင်လွန်းလို့
ကော်ပီကူးသွားပါတယ် ။

ကျေးဇူးတင်ပါတယ် ။

မသက်ဇင် said...

ခုတော့လည်းငါ
မျက်စိမပါဘဲနဲ့လည်း အိပ်တတ်ခဲ့ပြီ
နှလုံးသားမဲ့စွာနဲ့လည်း ချစ်တတ်ခဲ့ပြီ
ရက်စက်တတ်လွန်းစွာနဲ့လည်း နှုတ်ဆက်တတ်ခဲ့ပြီ
အို… ကျန်သေးတယ် ချစ်သူ…
ခံစားမှုကင်းစွာနဲ့လည်း
ငါ မင်း ဘေးနားမှာ ဒူးထောက်ခစားတတ်ပြီ..
ကျေနပ်တော့ ချစ်သူရယ်…

ထိတယ်ကဗျာဆရာ
ခင်မင်လျက်

Apprenticeship said...

အော်... ချစ်ခြင်းဆိုတာ အဲဒီလိုမျိုးကိုး :(