မနက်ခင်းဟာ မာယာအပြုံးတုတစ်ခုနဲ့
ငါ့ကို လာလှုပ်နှိုးတယ်..
အချိန်တန်ပြီတဲ့လေ...
မှန်သားပြင်ထက်မှာ
နေရာယူစပြုနေတဲ့ အရေးအကြောင်းတွေကိုကြည့်ရင်း
ဒီမနက်ခင်းဟာ နောင်တတွေနဲ့ မိုးလင်းခဲ့ရပြန်ပြီ...
ပြန်မစဉ်းစားချင်တော့ခါမှ
နိယာမတစ်ချို့က တရားလာပြနေလေရဲ့..
ညက ဖတ်ခဲ့ဖူးတဲ့ စာကြောင်းတစ်ချို့ကို
ကော်ဖီတစ်ခွက်နဲ့ ပြန်နှူးနှပ်မိတော့
ပြတင်းတံခါး တစ်ချပ် လှစ်အဟမှာ
စွန်တစ်ကောင် လေဆန်ကိုမာန်တုရင်း ထိုးတက်သွားခဲ့တယ်.
တစ်စုံတစ်ရာ ၀င်ရောက်ဖို့အတွက်
တစ်စုံတစ်ရာဟာ ထွက်ခွာပေးရစမြဲပါ..
တစ်စုံတစ်ယောက် ရှင်သန်မွေးဖွားချိန်မှာ
တစ်စုံတစ်ယောက်ဟာလည်း နိယာမအရ သေဆုံးပျောက်ကွယ်တတ်ကြတယ်.
အမြွှာပူးတွေ မွေးဖွားဝင်ရောက်လာတတ်ကြသလို
အစုလိုက်အပြုံလိုက် အသတ်ခံကြရတာမျိုးတွေလည်းရှိတယ်..
ဝင်လာကြတာတွေ ရှိသလို
ထွက်သွားကြတာတွေလည်း ရှိစမြဲ..
ဘာပဲဖြစ်ဖြစ် သချာင်္သဘောတရားနဲ့ကြည့်ရင်
ဒီလောကကြီးဟာ ကိန်းသေတစ်ခုပါပဲ.
ဒါပေမယ့်
ဒီကိန်းသေကြီးကို အသက်သွင်းပြီး ငါတို့ ရင်ခုန်စွာ ကစားနေကြတယ်.
ထိုင်ခုံတစ်ချို့ ပြောင်းအထိုင်မှာ
အတ္တတစ်ချို့ ပူဖောင်းတစ်လုံးလို ပွယောင်းလာတတ်ကြသလို
မှိုင်းကုန်သွားတဲ့ မီးပုံးပျံတစ်လုံးလိုလည်း အိဆင်းသွားတတ်ကြတယ်.
မထိန်းနိုင်လို့ ပေါက်ထွက်တတ်ကြတာမျိုးလည်း ရှိရဲ့
မစိမ်းနိုင်လို့ ယိမ်းထိုးရင်း တွဲထိုင်ကြတာမျိုးလည်း ဖြစ်ရဲ့
ဘာကိုမှ မခနဲ့ချင်ဘူးလို့ ငါကြွေးကြော်နေခြင်းကိုက
တစ်စုံတစ်ရာကို အရွဲ့တိုက်နေတာများ ဖြစ်နေမလား...
ဘူတာရုံကအထွက် ကောင်းကင်ထက်ကို မော့ကြည့်မိတော့
မြင်တွေ့နေကြ တိုက်မြင့်ကြီး တစ်ပိုင်း မြူမှုန်လှိုင်းတွေအောက်
လူးလွန့်မှေးစက်ရင်း ပျောက်ကွယ်နေခဲ့တယ်.
ကိုယ့်ကိုယ်ကိုယ် ပြန်ပြောမိပါတယ်.
အပေါ်မှာ အထပ်မြင့်တွေ အများကြီး ကျန်သေးတယ်လို့.
'မင်း... ဘယ်လိုသိတာလဲ'တဲ့.
အလန့်တကြား ဘေးဘီငေးကြည့်မိတော့
အသံပိုင်ရှင်ရဲ့ ရယ်သံက ရင်ဘတ်ထဲက
ခပ်အုပ်အုပ် ထွက်ပေါ်လာခဲ့တယ်.
'ဒီတိုက်မြင့်ကြီးကို ငါမြင်တွေ့နေကြမို့ပါ'
ရိုးရှင်းစွာပဲ ပြန်ဖြေမိရင်း
ကိုယ့်အဖြေမှာ ပျော့ကွက်တစ်ချို့ တွေ့လိုက်မိတယ်.
သတိမထားမိပါစေနဲ့လို့ ဆုတောင်းနေဆဲမှာပဲ
ကိုယ့်ရင်ဘတ်ထဲက ကိုယ်မဟုတ်တဲ့ ကိုယ်က ပြန်မေးတယ်.
'တကယ်လို့ မင်းမမြင်တွေ့ဖူးတဲ့ တစ်စုံတစ်ရာကို ခုလိုမျိုး
မမြင်နိုင်အောင် မြူတွေ ဖုံးကွယ်ထားခဲ့ရင် မင်း ဘယ်လိုများပြောမလဲ' တဲ့...
ငိုင်သွားတယ်..
ဟုတ်တယ်..
တော်တော်ကို ငိုင်ကျသွားခဲ့တယ်...
ဒီလိုပါပဲ.
ကိုယ့်ရှေ့မှာ ရှင်သန်နေထိုင်ခဲ့ဖူးကြတဲ့
ပုံစံခွက်ပေါင်းများစွာကို ရွေးချယ် စိစစ်ရင်း
ကိုယ့်အချိန်တွေ ကုန်နေခဲ့တာ တွေ့လိုက်ရတယ်.
'ကျွတ်... စိတ်ပျက်ဖို့ ကောင်းလိုက်တာ...'
လျှောက်လှမ်းနေတဲ့ ခြေလှမ်းတွေကို ခေတ္တရပ်ရင်း
'မင်းစီးထားတာ ဘယ်သူ့ဖိနပ်လဲ' လို့ ခပ်ကြမ်းကြမ်း ပြန်မေးမိတယ်.
အပေါ်ကို မ၀ံ့မရဲလှမ်းကြည့်ရင်း ခပ်တိုးတိုး ပြန်ဖြေသံကြားမိတယ်.
'ခင်ဗျားရဲ့ ဖိနပ်ပျောက်နေခဲ့တာ နှစ်နှစ်တောင် ရှိခဲ့ပြီလေ' တဲ့...
မျက်နှာချင်းဆိုင်က မြင်နေရတဲ့ ငြမ်းစင်ကြီးကို မော့ကြည့်မိရင်း
လေဟာနယ်ထဲ ကိုယ်ထွက်ပြေးပစ်လိုက်ချင်တယ်.
'ငြမ်းတစ်ခုကို တည်ဆောက်ရင်း ဒီငြမ်းပေါ်မှာ ငါနေထိုင်ခဲ့မိတယ်'
ဟိုးအောက်ကို ငုံ့ကြည့်မိခါမှ
ခြေဖျားအောက်က တက်မလာသေးတဲ့
ကိုယ့်အိပ်မက်တွေငိုကြွေးနေလေရဲ့
စားပွဲခင်းပေါ် ဖိတ်ကျသွားတဲ့ ကော်ဖီစက်တစ်ချို့က
ကိုယ့်သတင်းစာကို လှမ်းဆွဲရင်း မေးတယ်.
'ခင်ဗျား ကျွန်တော့်ကို ဒီလို မဆက်ဆံသင့်ဘူး' တဲ့လေ...
လက်သုတ်ပုဝါတစ်ခုနဲ့ ယုယငြင်သာစွာ သုတ်ပေးရင်း
ကော်ဖီစက်လေးတစ်ချို့ကို တောင်းပန်စကားဆိုမိတယ်.
'ငါ... စိတ်လွတ်သွားလို့ပါကွာ..'
ပြတင်းတံခါးအပြင်ဖက်ကို ငေးကြည့်မိတော့
ဟင်းလင်းပြင်ကြီးထဲမှာ ဖိနပ်တွေ လွင့်မျောနေကြတယ်.
ဒီဖိနပ်တွေနောက် တကောက်ကောက်နဲ့ လိုက်ပါနေကြတဲ့
လူအုပ်ကြီးကလည်း ဒုနဲ့ဒေးပါပဲလေ...
အသင့်တော်ဆုံး ဖိနပ်တစ်ရံနောက်ကို ကိုယ်ပြေးလိုက်ဆွဲဖမ်းရင်း
ငြမ်းစင်အောက်ကို ပြန်ဆင်းခဲ့တယ်.
ကိုယ့်အိပ်မက်တွေကို ပြန်ဆွဲတင်ဖို့ပေါ့.
ငြင်သာနူးညံ့ခြင်းမှာ အနှိုင်းမဲ့အင်အားတွေ ကိန်းအောင်းနေတယ်ဆိုတာ
စားပွဲပေါ် အသံမထွက်ဘဲ နေရာယူလိုက်တဲ့ ကော်ဖီတစ်ခွက်က
အကောင်းဆုံး သက်သေပြနေခဲ့တယ်.
မနက်ခင်းဟာ မာယာအပြုံးတုတစ်ခုနဲ့
ငါ့ကို လာလှုပ်နိုးတယ်.
'အချိန်တန်ပြီ' တဲ့လေ....
အသံမထွက်အောင် အံတစ်ချက်ကြိတ်ရင်း
ခြေလှမ်းတစ်ခု ငါအစပြုခဲ့တယ်.
အနှောင့်ပါးနေတဲ့ ငါ့ဖိနပ်တစ်ရံကတော့
ဒီလေဟာနယ်ကြီးထဲမှာ အင်အားအပြည့်နဲ့ ခုတ်မောင်းနေဆဲပဲ...
~ရေခဲငှက်~
Photo Credits:
Shoe
The Mist
6 comments:
ဝမ်းသာပါတယ်။
များများဆက်ရေးနိုင်ပါစေ
ပျောက်ချက်သား ကောင်းနေပြီး ပေါ်မယ့်ပေါ်လာတော့လည်း မာယာတွေနဲ့ပါလားနော်။ ဆက်လက်ရေးနိုင်ပါစေ...
အကို ပျောက်နေတာကြာပြီနော့
ကဗျာလေးကို ဖတ်တယ်--
နောက်တခေါက် ထပ်ဖတ်တယ်--
နောက်တခေါက်-------------
နောက်တခေါက်-------------
ရက်ရက်စက်စက် လှလိုက်တာ--ကဗျာဆရာရယ်--
လေဟုန်ထဲဝဲနေသည့်---စွန်လေးလို--
ခံစားလိုက်ရပါတယ်--
'မင်း... ဘယ်လိုသိတာလဲ'တဲ့.
အလန့်တကြား ဘေးဘီငေးကြည့်မိတော့
အသံပိုင်ရှင်ရဲ့ ရယ်သံက ရင်ဘတ်ထဲက
ခပ်အုပ်အုပ် ထွက်ပေါ်လာခဲ့တယ်....
ကိုရန်အောင်ကြီး ကဗျာလေး အားကြီးကောင်း.. အဓိပ္ပါယ်တွေလည်း အပြည့်... စဉ်စားတွေးတောစရာတွေလည်း အပြည့်...
ခင်မင်လေးစားချစ်ခြင်းအားဖြင့်..
“ငြင်သာနူးညံ့ခြင်းမှာ အနှိုင်းမဲ့အင်အားတွေ ကိန်းအောင်းနေတယ်ဆိုတာ” အဲဒါလေး လှတယ် ဆရာရန်။ ဒါနဲ့ စစ်ဖိနပ်ဟောင်းကြီးတစ်ရံနဲ့ ပါလားကွယ်ရို့ (မနောက်ရတာကြာလို့ )
Post a Comment