ကျွန်တော်ငယ်ငယ်တုန်းက အပြေးပြိုင်ပွဲဝင်ခဲ့ဖူးတယ်.
လွတ်လပ်ရေးနေ့တို့၊ ပြည်ထောင်စုနေ့တို့၊ အာဇာနည်နေ့တို့ စသဖြင့် နေ့ထူးနေ့မြတ်တွေမှာပေါ့. ရပ်ကွက်လေးတွေထဲမှာ ဆိုင်ရာဆိုင်ရာ အပြေးပြိုင်ပွဲ၊ အာလူးကောက်ပွဲ၊ ယပ်တောင်ရိုက်ပွဲ၊ ပူဖောင်းဖောက်ပွဲ၊ ဂုန်နီအိတ်စွပ်ပြေးပွဲ၊ ဖားခုန်ပွဲ စတဲ့ ကလေးတွေအတွက် ပျော်ပွဲရွှင်ပွဲလေးတွေ လုပ်ပေးတတ်ကြတယ်.
ဆုလေးတွေကတော့ ထမင်းဗူးတို့၊ ရေဗူးတို့၊ ခဲတံကဒ်လိုက်လေးတွေ ပေးတာတို့ စတဲ့အပြင် ပိုက်ဆံလေးတွေလည်း စာအိတ်ထဲထည့်ပြီး ဆုချတတ်ပါသေးတယ်.
ကျွန်တော်နေခဲ့တဲ့ ကျောက်တံတားရပ်ကွက်ထဲမှာ ပြိုင်ပွဲလေးတွေလုပ်တိုင်း ကျွန်တော်တစ်ယောက် ထိပ်ဆုံးက ပါတတ်ပါတယ်.
အပြေးလား..
ကျင့်စရာမလိုပါဘူး. ကျွန်တော်စွန်လိုက်တိုင်း ပြေးနေကျ၊ ဘောလုံးကန်တိုင်း ပြေးနေကျဆိုတော့ အထွေအထူး မကျင့်ဖြစ်ပါဘူး. ကျင့်ရအောင်လည်း ကိုယ်က ပရော်ဖက်ရှင်နယ် ဖြစ်အောင် လုပ်နေတာမှ မဟုတ်တာ.
ဒါကြောင့် ကျွန်တော်အပြေးပြိုင်ရင် နောက်ကောက်ကျလောက်အောင် မရှုံးတတ်ပေမယ့် ပထမဆုလောက်ထိလည်း မရခဲ့ဖူးပါဘူး…
အစ်မတို့တွေကျတော့ ဖယောင်းတိုင်မီးထွန်းပြီး ပြေးရတဲ့ ပြိုင်ပွဲလေးတွေထဲမှာ ပါတတ်ကြတယ်.
ပြိုင်ပွဲမစခင်မှာ ပြိုင်ပွဲဝင်တွေတစ်ယောက်စီရဲ့ လက်ထဲကို ဖယောင်းတိုင်တစ်တိုင်စီ ထည့်ပေးတယ်. မီးခြစ်ဘူးလေးလည်း ပေးထားတယ်.
ဒိုင်က “ရွှီ” ခနဲ ခရာမှုတ်လိုက်တာနဲ့ မီးခြစ်ကိုခြစ်၊ ဖယောင်းတိုင်ကို မီးထွန်း၊ ပြီးတာနဲ့ ကျန်တဲ့လက်ဝါးတစ်ဖက်နဲ့ ဖယောင်းတိုင် မီးမငြိမ်းအောင် ကာပြီး ပြေးရတဲ့ ကစားနည်းလေးတစ်ခုပါ.
မီးကိုမငြိမ်းအောင် သိပ်ဂရုစိုက်ပြီး ဖြည်းဖြည်းလေးပဲ သွားခဲ့ရင် မီးမငြိမ်းပေမယ့် ပြိုင်ပွဲကိုတော့ နိုင်မှာ မဟုတ်ပါဘူး. သူများတွေထက် ပိုပြီး မြန်မြန်ပြေးမိခဲ့ရင်လည်း ဖယောင်းတိုင်မီးငြိမ်းသွားပြီး ပြိုင်ပွဲက ထွက်ရမှာ ဖြစ်ပါတယ်.
ဒါဟာ ဘ၀တစ်ခုအတွက် တန်ဖိုးရှိတဲ့ အတွေးအခေါ်လေးတွေ တစ်ချို့ပဲဆိုတာကို ကျွန်တော်ကြီးပြင်းလာတဲ့ အချိန်၊ ရင်ဘတ်ထဲက ဒဏ်ရာတွေကို ဦးနှောက်နဲ့ ဆေးကြောသုတ်သင်နိုင်တဲ့ အချိန်မှာ နားလည်လက်ခံလာခဲ့ရပါတယ်.
စိန်ခေါ်မှုတွေကို ကြောက်ရွံ့ပြီး ငြိမ်ကုပ်နေခဲ့ရင် ဘ၀မှာ ထွန်းပြောင်ထင်ပေါ်လာနိုင်မှာ မဟုတ်သလို သိပ်ပြီး အရဲကိုးစွန့်စားလွန်းရင်လည်း ပျက်စီးဒုက္ခရောက်ကာ ဘ၀တစ်ခုကို အရှုံးနဲ့ အဆုံးသတ်သွားရနိုင်တယ် ဆိုတာကိုပေါ့…
နောက်ပြိုင်ပွဲတစ်ခုကတော့ ပူဖောင်းဖောက်ပွဲပါ.
ပြိုင်ပွဲဝင်တွေ များနိုင်သလောက်များပါစေ. လက်ခံပါတယ်. ပြိုင်ပွဲဝင်တဲ့ ကလေးတွေအားလုံးကို စည်းဝိုင်းကြီးထဲကို ၀င်ခိုင်းပါတယ်. ပြီးတော့ သူတို့လေးတွေရဲ့ ခြေထောက်တစ်ဖက်စီမှာ လေမှုတ်ထည့်ထားတဲ့ ပူဖောင်း တစ်လုံးစီကို ကြိုးနဲ့ ချည်ပါတယ်.
ပြိုင်ပွဲစတာနဲ့ ကျွန်တော်တို့တွေ ဘာလုပ်ရလဲဆိုတော့ ပြိုင်ဖက်ရဲ့ ပူဖောင်းကို ကိုယ့်ခြေထောက်နဲ့လိုက်နင်းပြီး ဖောက်ရပါတယ်.
နောက်ဆုံးမှာ ပူဖောင်းမပေါက်ဘဲ ကျန်နေခဲ့တဲ့ တစ်ယောက်သာ အနိုင်ဖြစ်ပါတယ်.
ကျွန်တော် ရှုံးခဲ့ဖူးပါတယ်. ပြိုင်ပွဲစစချင်းမှာပဲ ပူဖောင်းအဖောက်ခံလိုက်ရလို့… အတွေ့အကြုံမရှိသေးတာလည်း ပါမှာပေါ့လေ.
ကျွန်တော် နိုင်မလို ရှုံးမလိုဖြစ်ခဲ့ဖူးပါတယ်. သူများပူဖောင်းကို သူ့အလစ်မှာ ၀င်ဖောက်လိုက်ပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူကျေနပ်စွာ ပြုံးနေဆဲမှာပဲ ကျွန်တော့်ရဲ့ ပူဖောင်းကို တစ်ခြားတစ်ယောက်က ၀င်ဖောက်သွားတာ ခံလိုက်ရပါတယ်.
ကျွန်တော် နိုင်ခဲ့ဖူးပါတယ်. သူများပူဖောင်းကို ဖောက်ဖို့ချည်းသက်သက်ပဲ စိတ်ထဲမှာ မထားဘဲ ကိုယ့်ပူဖောင်းကို လုံခြုံအောင် ထိန်းနိုင်သမျှထိန်း၊ တစ်ဖက်လူ သတိပေါ့လျော့ခိုက်မှာ အခွင့်ကောင်းယူပြီး သူ့ပူဖောင်းကို နင်းဖောက်ပစ်၊ တစ်ချိန်တည်းမှာပဲ ပေါ်လာနိုင်တဲ့ ကိုယ့်ရန်သူကို ကျီးကန်းတောင်းမှောက်ကြည့်…
ဟုတ်.. ကျွန်တော်နိုင်ခဲ့ဖူးပါတယ်.
ဒါပေမယ့် နောက်ဆုံးကျတော့ စည်းဝိုင်းအလယ်မှာ ကျွန်တော်တစ်ယောက်တည်းရယ်….
စည်းဝိုင်းအပြင်ဖက်က လက်ခုပ်သံတွေကို ခံယူနိုင်ဖို့အတွက် စည်းဝိုင်းထဲမှာ အတူတူရှိနေခဲ့တဲ့ ပြိုင်ဖက်တွေကို နင်းချေဖျက်ဆီးလိုက်ပြီး ရလာတဲ့ အောင်မြင်မှုမှာ အထီးကျန်ဆန်မှုတွေ တွဲပါလာနေခဲ့တယ်…
အင်းပေါ့လေ… ပြိုင်ဖက်ဆိုတာ မိတ်ဆွေမှမဟုတ်တာ. ကိုယ်က နိုင်အောင် မတိုက်နိုင်ရင် ကိုယ့်ကို နိုင်အောင်တိုက်သွားမှာပဲ မဟုတ်လား…
ဒီတော့လည်း ကိုယ်မှန်တယ်ထင်ရင် တစ်ယောက်တည်းလည်း နေတတ်အောင် ကျွန်တော် ကျင့်ကြံကြိုးစားနေထိုင်လာတတ်တယ်…
ဂုန်နီအိတ်စွပ်ပြေးပွဲကတော့ စိတ်ဝင်စားစရာကောင်းပါတယ်.
ပြိုင်ပွဲဝင်တွေဟာ တာမလွှတ်ခင် ဂုန်နီအိတ်ထဲကို ခြေစုံပစ်ဝင်ပြီး ဂုန်နီအိတ်ကို လက်နှစ်ဖက်နဲ့ ဆွဲမထားရပါတယ်.
ပြိုင်ပွဲစတာနဲ့ ပြိုင်ပွဲဝင်တွေဟာ သူတို့ရဲ့ ဂုန်နီအိတ်တွေကို မလို့ ခုန်ခုန်ပြီး ပြေးရပါတယ်. လမ်းမလျှောက်ရပါဘူး. လမ်းလျှောက်ရင် ရှုံးပါတယ်. စာကလေးတွေလို ခြေထောက်နှစ်ချောင်းလုံးကို ခုန်ခုန်ပြီး ပြေးရတဲ့ ဂုန်နီအိတ်ခုန်ဆွပြေးနည်းလို့ ခေါ်ချင်ရင်လည်း ခေါ်နိုင်မယ်ထင်ပါတယ်.
အဲဒီ့ကစားနည်းကို ကျွန်တော်အိမ်မှာ ကျင့်ပါတယ်. နိုင်ချင်တာကိုး
အရင်ခေတ်တုန်းက ဆန်အိတ်တွေကို ဂုန်နီအိတ်ထဲပဲ ထည့်တယ်ဗျ. အခုကျမှ ဆာလာအိတ်တွေ ပေါ်လာတာလေ.. ဒီတော့ အိမ်မှာ ဂုန်နီအိတ် အပိုတွေ ရှိတာပေါ့…
ပြိုင်ပွဲဝင်မှာသေချာနေတော့ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကိုလည်း သေသေချာချာ ကျင့်တာပေါ့. မပြေးတတ်ရင် ဂုန်နီအိတ်တုပ်ပြီး လမ်းပေါ်ကို ကားယားကြီးကို ပစ်လဲတာဗျား. မယုံမရှိနဲ့.
ဒီတော့ ခြေထောက်ထဲကို အားထည့်ပြီး အဝေးဆုံးခုန်နိုင်အောင် ကျင့်ရတယ်.
ဂုန်နီအိတ်စွပ်ပြေးပွဲမှာ ကျွန်တော်အမြဲတမ်း ပ၊ဒု၊တ တစ်နေရာ ရတတ်တယ်.
လက်တွေ့ဘ၀ထဲမှာကျတော့ ခုန်ပြီးတော့ပဲ သွားရမယ့် ဘောင်တစ်ခုရဲ့ ကန့်သတ်ချက်ကို မလိုက်နာမိဘဲ ကိုယ့်သဘောနဲ့ကိုယ်လမ်းလျှောက်မိလို့ ပြိုင်ပွဲကို မနိုင်တဲ့အပြင် ဘ၀လမ်းခရီးပေါ် ကားယားကြီး မှောက်လဲကျခဲ့မိတယ်.
ကျွန်တော့်ရဲ့ ခြေထောက်တွေကို အပြစ်မတင်မိတော့ပါဘူးလေ. ဘောင်ကနားတွေကို မုန်းတီးတတ်တဲ့ ကျွန်တော့်ရဲ့ ညာဉ်ကိုပဲ အခန်းတံခါးပိတ်လို့ ဆုံးမနေမိတော့တယ်…
အာလူးကောက်ပွဲကျတော့ အာလူးလေးတွေကို အကွာအဝေးတူညီစွာ စီတန်းချထားတယ်.
ပြိုင်ပွဲဝင်တွေရဲ့ လက်ထဲမှာ ခြင်းတောင်းလေး တစ်တောင်းစီကိုင်ထားကြတယ်.
ပြိုင်ပွဲစတာနဲ့ ခြင်းတောင်းလေးကို သတ်မှတ်ထားတဲ့ စည်းလေးထဲမှာချ၊ ပထမဦးဆုံးတွေ့တဲ့ အာလူးလေးကို သွားပြေးကောက်ပြီး ပြန်လာထည့်၊ ပြီးရင် ပြန်ပြေးသွား၊ နောက်ထပ်တွေ့ရတဲ့ ဒုတိယ အာလူးလေးကိုပြေးကောက်ပြီး ပြန်လာထည့်၊ အဲသလို လုပ်သွားရတာပါ.
အာလူးလေးတွေက ဆယ်လုံးလောက် ထားထားတတ်ပါတယ်. ဒီတော့ အမြန်ဆုံးပြေးနိုင်ပြီး သွက်သွက်လက်လက်နဲ့ အမှားအယွင်းမရှိအောင် လုပ်နိုင်တဲ့သူသာ နိုင်တာပေါ့ဗျာ.
နောက်ဆုံး အာလူးလေးကို ကောက်ပြီး ခြင်းတောင်းလေးရှိရာကို ပြန်ပြေးလာရပါတယ်. ပြီးတာနဲ့ ခြင်းတောင်းလေးကို ကိုင်ပြီး ပန်းတိုင်ရောက်အောင် အားကုန်ပြေးရပါတယ်.
တစ်ချို့ ကံမကောင်းလိုက်ပုံများ ပြေးရင်းနဲ့ အာလူးလေးတွေ ခြင်းတောင်းထဲက ပြုတ်ကျကုန်တာ ရှိပါသေးတယ်.
ကျွန်တော့်မှာလည်း ပန်းတိုင်ဆိုတာ ရှိတာပေါ့…
ဒီပန်းတိုင်ကို ရောက်ဖို့အတွက် အောင်မြင်မှုတွေကို တစ်ဆင့်ပြီး တစ်ဆင့် ရယူလိုက်၊ ကိုယ့်ဘ၀အခြေအနေကို ပြန်ပြီး ခိုင်မာလာအောင် လုပ်လိုက်၊ နောက်တစ်ဆင့် တက်ပြီး ကြိုးစားလိုက်၊ ကိုယ့်ကိုယ်ကို ပြန်ပြီး ပြည့်ဝနားလည်လာအောင်လုပ်လိုက်နဲ့ပေါ့…
တစ်ချိန်ချိန်ကျရင်တော့ အောင်မြင်မှုအသီးအပွင့်လေးတွေကို ကျွန်တော့်ရဲ့ လက်နှစ်ဖက်မှာ မြဲမြံစွာ ဆုပ်ကိုင်ထားလို့ ရည်ရွယ်ထားတဲ့ ပန်းတိုင်ဆီကို အရောက်သွားနိုင်မှာပါ.
အဲ… သွားနေရင်းနဲ့ ခြေချော်ကျသွားခဲ့ရင် ပြန်ထနိုင်ဖို့နဲ့ ပြန်ထချင်စိတ်ရှိဖို့ကိုတော့
ကျွန်တော့်ကိုယ်ကျွန်တော် အမြဲ သတိပေးနေမိတယ်.
အာလူးလေးတွေ ပြုတ်ကျသွားလို့ ပြိုင်ပွဲတစ်ခုက ထွက်လိုက်ရပေမယ့် ဘ၀ဆိုတာ ပြိုင်ပွဲမှမဟုတ်တာ. တိုက်ပွဲလေးတွေ အများကြီး စုစည်းထားတဲ့ စစ်ပွဲတစ်ခုလေ…
တိုက်ပွဲငယ်လေးတွေမှာ ရှုံးတာဟာ စစ်ပွဲတစ်ခုလုံးကို ရှုံးတာမှမဟုတ်တာ. ဒါပေမယ့် အရေးပါတဲ့ တိုက်ပွဲတွေမှာ အောင်မြင်အောင်ကို တိုက်ယူမှဖြစ်မယ်ဆိုတာကိုတော့ အမြဲသတိထားနေရတာပေါ့. ဘယ်တိုက်ပွဲဟာ အရေးပါပြီး ဘယ်တိုက်ပွဲကတော့ အရေးမပါလှဘူးဆိုတာကို မတိုက်ခင်က သိနေနိုင်ဖို့ သိပ်အရေးကြီးပါတယ်. ဒါမှလည်း ၀န်နဲ့အားကို ချင့်ချိန်နိုင်မယ် မဟုတ်ပေဘူးလား…
ကျွန်တော့်ဘ၀ခရီးလည်း တော်တော်လေး ရောက်ခဲ့ပါပြီ.
တစ်ခါတစ်လေမှာ ကိုယ်တိုင်ဝင်ပါနေတဲ့ ကိစ္စတစ်ခုကို ဘေးကနေ ရပ်ပြီး အကဲဖြတ်ကြည့်ရတာ စိတ်ဝင်စားဖို့ကောင်းပါတယ်. ကိုယ်တိုင်ဝင်လုပ်နေခိုက်မှာ အမှားအမှန် မသိနိုင်ခဲ့တာတွေကို ဘေးလူအနေနဲ့ ကြည့်ရင် မြင်လာတာမျိုးတွေ ရှိလာတတ်ပါတယ်.
ကျွန်တော် အခု အနာဂတ်ရဲ့ လမ်းဆုံတစ်ခုမှာ မတ်တပ်ရပ်နေခဲ့တယ်.
အဲဒီ့လမ်းဆုံရှိတဲ့နေရာကို ကြိုးစားပြီး လမ်းလျှောက်လိုက်၊ ပြေးလိုက်လုပ်လာနေတဲ့ ဟိုးခပ်လှမ်းလှမ်းက လူတစ်ယောက်ကို ကျွန်တော်လှမ်းကြည့်နေမိတယ်.
မီးမငြိမ်းအောင် လက်ကလေးနဲ့ကာပြီး လမ်းလျှောက်လာလိုက်၊ မီးငြိမ်းသွားလို့ စိတ်ပျက်အားလျှော့သွားလိုက်နဲ့ အမျိုးမျိုး ပြောင်းလဲနေတဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စွမ်းရည်ကို ကျွန်တော် အကဲခတ်ကြည့်နေမိတယ်.
တစ်ခါတစ်ရံမှာ ဂုန်နီအိတ်စွပ်ပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် လွတ်လပ်စွာ လမ်းလျှောက်ဖို့ ကြိုးစားနေခဲ့ရင်းက လမ်းမပေါ်ကို ပစ်လဲကျသွားတဲ့ သူ့ကို ကျွန်တော် ကရုဏာသက်နေမိတယ်. အပြစ်လည်း တင်နေမိတယ်.
စာအုပ်ကြီးအတိုင်း မလုပ်တတ်တဲ့ သူ့ရဲ့ စိတ်ကူးဥာဏ် ဆန်းသစ်မှုတွေအတွက် ကျွန်တော် အထင်ကြီးလေးစားမိတာတွေ ရှိခဲ့သလို လုပ်ရိုးလုပ်စဉ်ကို သွေဖယ်လုပ်တတ်လို့ သူကြုံတွေ့ရတဲ့ ဆုံးရှုံးပျက်စီးမှုတွေအတွက်လည်း စိတ်မကောင်းဖြစ်ပြီး အပြစ်တင်နေမိတယ်…
ကျွန်တော်အခု သူ့ရှေ့က ကြိုပြေးပြီး လမ်းဆုံမှာ ရပ်နေခဲ့တယ်.
သူမမြင်နိုင်တာတွေကို ကျွန်တော်တွေ့နေရတယ်. သူမကြားနိုင်တာတွေကို ကျွန်တော်ကြားနေရတယ်.
ဘာလို့လည်းဆိုတော့ သူ့ရှေ့အရင် ကျွန်တော်က ဒီလမ်းတွေကိုဖြတ်သန်းခဲ့ပြီးပြီလေ…
ကျွန်တော်သူ့ကို ပြောပြချင်ပါတယ်. ဒီ မှတ်တိုင်တွေအကြောင်းကိုပေါ့…
ကျွန်တော်ရပ်နေခဲ့တယ်. သူပြေးလာနေခဲ့တယ်.
သူရပ်နေခဲ့တယ်. ကျွန်တော်ပြေးသွားလိုက်တယ်.
ကျွန်တော်နဲ့သူနဲ့ ပေါင်းဆုံမိချိန်မှာ ခဏလောက်တော့ ရပ်ပြီး စကားပြောဖြစ်လိုက်ကြသေးတယ်.
ပြီးတော့ ကျွန်တော်တို့နှစ်ယောက် လမ်းဆုံတွေ အများကြီးရှိတဲ့ ကမ္ဘာကြီးထဲကို ဟားတိုက်ရယ်မောလျက် ပြေးဆင်းပျော်ဝင်သွားလိုက်ကြတယ်...
~ ရေခဲငှက် ~
Photo Credit:
8 comments:
အစ်ကိုရေ တွေးစရာတွေအများကြီးရသွားပါတယ်။ အစ်ကို့ကိုကျေးဇူးပါ။
ငယ်ငယ်တုန်းက ဒီလိုကစားနည်းတွေ ကစားခဲ့ဖူးပေမယ့် အခုလိုမျိုးတော့ ပြန်မတွေးကြည့်မိဖူးဘူး။
အတွေးလေးတွေ ကောင်းလိုက်တာ၊
မနေ့တုန်းကဒီပို့စ် ဖတ်လို့မရဘူး။
ဒီနေ့မှ ဖတ်လို့ရသွားတယ်လေ။
အလွန်ကောင်းတဲ့ အတွေးကောင်းလေးတွေကို မျှဝေပေးတာ ကျေးဇူးပါနော်။ တကယ်ဖတ်လို့ ကောင်းပါ
တယ်။အတွေးလေးတွေ အများကြီးရသွားပါတယ်။
Big Cheers!
:)
ကိုရန်....
မှတ်သားစရာကောင်းပြီး စဉ်းစားတွေးခေါ်မှုတွေမျှဝေပေးတဲ့ အတွက် ကျေးဇူးဘဲ ကိုရန်ရေ...
သိပ်ကောင်းတဲ့  ပို့ စ်ပါ..။
အကိုရေးသမျှညီ လာလာဖတ်ပါတယ် ။ ဒါပေမယ့်အကို က ညီ တောင်းဆိုတဲ့ blog မှာ Read more ဆို ပြီး ထည်တာကို မထည့်တတ်လို့ ရေးပေးပါဆို တာ ကို ၊ အကို က ဥပက္ခာပြုထားတယ်နော် ။ ရက်ဆက်တယ် ။ အဟင့်
အကိုကြီး..ကျွန်တော်ငယ်ငယ်ကလည်း အကိုပြောတဲ့ ကစားပွဲလေးတွေကို ကစားခဲ့ဘူးတယ်. နိုင်တဲ့အခါ ရှိသလို ရှုံးတဲ့အခါတွေလည်း ရှိခဲ့တာပေါ့။ အခု အသက်အရွယ်လေးရလာတော့ ငယ်ငယ်က ကစားနည်းလေးတွေကို ငါနဲ့ မဆိုင်တော့ပါလားဆိုပြီး အမှတ်တမဲ့ပဲ နေခဲ့မိတယ်. အခု အကို စဉ်းစားသွားတာလေး. တွေးခေါ်သွားတာလေး ဖတ်လိုက်ရမှ တစ်ကယ့်ကို တန်ဖိုးရှိတဲ့ ပွဲလေးတွေမှန်းသိရတော့တယ်။ ပြန်လည်ဆန်းစစ်တတ်တဲ့ အကိုကြီး အောင်မြင်မှုတွေရဦးမှာပါ
ကစားပွဲလေးတွေကို ဘဝနဲ့ယှဉ် လေးလေးနက်နက် တွေးကြည့်ပြီး အမှားအမှန်လေးတွေ မြင်သာအောင် ရေးထားတာ တကယ်ကို ဖတ်လို့ကောင်းတယ် ကိုရန်ရေ။
Post a Comment