Saturday, March 31, 2012

လွတ်ကျသွားတဲ့ နွားနို့အိုး...


ပါသွားပြီ…
 


ပါသွားပြီဆိုလို့ တစ်မျိုးမထင်ပါနဲ့ဦး.

ညနေက သတင်းလေးတစ်ပုဒ်ဖတ်မိလို့ပါ.

ပြဿနာက ကမ္ဘာ့စံချိန်တင်လို့ ဆိုရမယ့် ဆုကြေးအမြင့်ဆုံး အမေရိကန်ထီနဲ့ တိုက်ရိုက်ပတ်သက်နေခဲ့တယ်.

Mega  Millions Jackpot လို့ ခေါ်ရမယ့် အမေရိကန်ထီဟာ တော်တော်လေးစိတ်ကူးယဉ်လို့ကောင်းတဲ့ ထီဆုတစ်ခုပါ. အဲဒီ့ထီဆုကို အမေရိကန်နိုင်ငံတ၀ှမ်းလုံး ကျယ်ကျယ်ပြန့်ပြန့် ရောင်းချပေးပါတယ်. ၆ လုံးပါ နံပတ်တစ်တွဲကိုမှ တစ်ဒေါ်လာထဲပါ. ဒီထီအစီအစဉ်ထဲမှာ မပါတဲ့ပြည်နယ်တွေဆိုလို့ Florida, Alabama, Mississippi, Alaska, Hawaii, Wyoming, Utah နဲ့ Nevada ပြည်နယ်တွေပဲ ရှိပါတယ်.


Mega Millions Jackpot ဟာ $ 12 သန်းကနေ စတင်ပါတယ်. ကိုယ်ကြိုက်ရာ နံပါတ် ၆ လုံးကို ရွေးချယ်နိုင်ပါတယ်. ထီဆုရွေးချယ်ပုံ ၉ မျိုးရှိပါတယ်. နံပါတ် ၆ လုံးကို စီစဉ်ထားတာမှာ ရှေ့မှာ ၅ လုံးထားပြီး နောက်ဆုံးမှာ တစ်လုံးတည်း သီးသန့်လေး ထုတ်ပေးထားတတ်ပါတယ်. အဲဒီ့နောက်ဆုံးက နံပါတ်လေးကို Mega Ball လို့ခေါ်ပါတယ်. ဆုပေးသွားပုံလေးတွေကို ဒီပုံလေးမှာ ကြည့်ကြည့်ပါ.


အရှေ့က စတုရန်းကွက်လေးတွေက နံပါတ် ၅ လုံးကို ရည်ညွှန်းပါတယ်. ဘယ်လိုနည်းနဲ့ပဲ ဖြစ်စေ အဲဒီ့ နံပါတ် ၅ လုံးတိုက်ဆိုင်ရင် ဒုတိယဆုအနေနဲ့ ဒေါ်လာ ၂ သိန်းခွဲ ရမှာ ဖြစ်ပါတယ်. အ၀ါရောင် အကွက်လေးကတော့ Mega Ball အတွက်ပါ. နံပါတ် ၅ လုံးအပြင် Mega Ball ပါတူညီနေခဲ့ရင် Jackpot လို့ခေါ်ပါတယ်. ကြေငြာထားတဲ့ ဆုကြေးငွေအကုန်လုံးကို သိမ်းပိုက်ရယူနိုင်စေတဲ့ ဆုပေါ့ဗျာ. ကျန်တာလေးတွေကတော့ လိုက်ဖတ်ကြည့်လိုက်ရင် သဘောပေါက်မယ်ထင်ပါတယ်.

အဲဒီ့မှာမှ နောက်တစ်ခါ Texas ပြည်နယ်က တစ်ခုကို ထပ်မံဖြည့်သွင်း တီထွင်လိုက်ပါတယ်. ဘာလဲဆိုတော့ Megaplier တဲ့. သူက ဘာလုပ်တာလဲဆိုတော့ နောက်ထပ် နံပါတ်လေးတစ်ခုကို နောက်ဆုံးမှာ ထပ်ဖြည့်လိုက်တာပါ. Megaplier ရဲ့ ရည်ရွယ်ချက်က ထီဆုကြီးမချိတ်တဲ့ နံပါတ်တွေကို ထပ်ပြီး ပွားများအောင် မြှောက်ပေးလိုက်တဲ့သဘောပါ. ဥပမာ ခင်ဗျားက ထီဆုကြီးဖြစ်တဲ့ နံပါတ် ၅ လုံးနဲ့ Mega Ball မှာ နံပါတ် ၅ လုံးပဲတူတယ်. Mega Ball မှာ လွဲသွားတယ်ဆိုရင် ဒုတိယဆုအနေနဲ့ ဒေါ်လာ ၂ သိန်းခွဲရမယ်လို့ ကျွန်တော် ပြောခဲ့တယ်နော်. တကယ်လို့သာ ခင်ဗျားဟာ Megaplier နံပါတ်လေးကိုပါ ထည့်ဝယ်ထားခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်သွားမလဲဆိုတော့ ရလာတဲ့ ဆုကြေးငွေကို အဲဒီ့ Megaplier နံပါတ်လေးနဲ့ ထပ်မြှောက်လိုက်လို့ရပါတယ်. တကယ်လို့ ခင်ဗျားရဲ့ Megaplier နံပါတ်လေးက ၄ ဖြစ်နေခဲ့မယ်၊ ခင်ဗျားက ဒုတိယဆု ရထားခဲ့တယ်ဆိုရင် ဒေါ်လာ ၂ သိန်းခွဲကို ၄ နဲ့ ထပ်မြှောက်လိုက်ရမယ်ဆိုတဲ့ သဘောပါ. စုစုပေါင်း ဒေါ်လာ ၁ သန်းဖြစ်သွားတာပေါ့ဗျာ. ဒီတော့ ပိုပြီးပွားများလာတာပေါ့.

Megaplier နံပါတ်လေးက ပထမဆု မချိတ်နိုင်လိုက်တဲ့ ထီလက်မှတ်ပိုင်ရှင်တွေအတွက် နောက်တစ်နည်း စိတ်ကူးယဉ်လို့ကောင်းတဲ့ အိပ်မက်လေးတစ်ခုပါ. ဒါပေမယ့် သူ့မှာလည်း ကန့်သတ်ချက်လေးတွေ ရှိပါသေးတယ်. Megaplier နံပါတ်ကို ၁ ကနေ ၂၁ အတွင်းပဲ သတ်မှတ်ပြီး ကံစမ်းပေးပါတယ်. Megaplier နံပါတ်အတွက် သီးသန့် ၁ ဒေါ်လာ ထပ်ထည့်ပြီး ၀ယ်ရပါတယ်. ဒါ့အပြင် Megaplier Feature ဟာ ပြည်နယ်တိုင်းမှာ မရတတ်ပါဘူး. မရတဲ့ ပြည်နယ်တွေကတော့ California, Massachusetts, Michigan, New Jersey, New York, Ohio, နဲ့ Washington ပြည်နယ်တို့ဖြစ်ပါတယ်.

ထီနံပါတ်တွေကို အပတ်စဉ် အင်္ဂါနေ့နဲ့ သောကြာနေ့တွေမှာ အရှေ့ပိုင်းစံတော်ချိန် ည ၁၁ နာရီ (Eastern Time)၊ အလယ်ပိုင်းစံတော်ချိန် ည ၁၀ နာရီ (Central Time) နဲ့ ပစိဖိတ်စံတော်ချိန် ည ၈ နာရီ (Pacific Time) မှာ တပြိုင်တည်း ကံစမ်းဖွင့်လှစ်ပေးပါတယ်. လက်မှတ်တွေကို ထီနံပါတ်မဖွင့်လှစ်ခင် နောက်ဆုံး ၁၅ မိနစ်အချိန်ထိ ရောင်းချပေးပါတယ်. Oregon ပြည်နယ်မှာဆိုရင်တော့ ထီနံပါတ်မဖွင့်လှစ်ခင် နောက်ဆုံး ၁ နာရီထိပဲ ရောင်းချပေးပါတယ်. Maine ပြည်နယ်၊ New Hampshire ပြည်နယ်နဲ့ Vermont ပြည်နယ်တို့မှာတော့ နောက်ဆုံး ၁၀ မိနစ်ထိ ဖွင့်လှစ်ရောင်းချပေးပါတယ်.

ထီရောင်းချနိုင်တဲ့ နောက်ဆုံးအချိန်သတ်မှတ်ရာမှာ ပြည်နယ်တစ်ခုနဲ့တစ်ခု မတူညီတတ်ကြသလို ဆုကြေးငွေထုတ်ပေးရမှာလည်း ကွဲပြားခြားနားမှု ရှိတတ်ကြပါသေးတယ်. အဓိကအားဖြင့် ဆုကြေးငွေကို နှစ်မျိုးနှစ်စား ထုတ်ပေးပါတယ်.

ပထမ တစ်မျိုးက Cash Option လို့ခေါ်တဲ့ ဆုကြေးငွေအားလုံးကို တစ်ချီတည်း ထုတ်တာပါ. Lump-Sum Payment လို့ ခေါ်တတ်ကြပါသေးတယ်. တစ်ပုံကြီး၊ တစ်ချီကြီးဆိုတဲ့ သဘောပေါ့ဗျာ.

နောက်တစ်မျိုးကတော့ Annuity Option လို့ခေါ်ပါတယ်. ဆုကြေးငွေ စုစုပေါင်းကို ၂၆ နှစ်ခွဲပြီး ထုတ်ပေးသွားတာပါ.

ဒီတော့ ဒီလို နှစ်မျိုးနှစ်စား ထုတ်ပေးတာမှာ ဘယ်လိုကွာခြားချက်ရှိလဲ ဥပမာကြည့်ရအောင်.

Cash Option အနေနဲ့ထုတ်ရင် ကံထူးရှင်ဟာ အခွန်အများကြီး တပြိုင်တည်း ပေးလိုက်ရတဲ့ သဘောမျိုးဖြစ်သွားတဲ့ အတွက်ကြောင့် ဆုကြေးငွေဟာ ကြေငြာထားတဲ့ ပမာဏအောက် တော်တော်လေး လျော့နည်းပြီးမှ ရတတ်ပါတယ်. Annuity Option အနေနဲ့ ထုတ်မယ်ဆိုလည်း အခွန်က ပေးရတာပါပဲ. ဒါပေမယ့် ဖြည်းဖြည်းချင်း ပေးသွားရတာဖြစ်တဲ့အတွက် ဆုကြေးငွေပမာဏကို ကြေငြာထားတဲ့အတိုင်း ထုတ်ပေးသွားပါတယ်. အခွန်အတုတ်ကို ပြီးမှ နှစ်စဉ် ဖြတ်ပေါ့

အမေရိကန်ထီကို ကံစမ်းဖို့အတွက် အမေရိကန်နိုင်ငံသားဖြစ်ဖို့ မလိုပါဘူး. ဘယ်နိုင်ငံသားမဆို ၀ယ်ယူကံစမ်းနိုင်ပါတယ်. တကယ်လို့များ တစ်ခြားနိုင်ငံသားတစ်ယောက်က ဒီထီကို ပေါက်သွားခဲ့ရင်တော့ သူ့နိုင်ငံအလိုက် သတ်မှတ်ထားတဲ့ အခွန်အတုတ်စည်းကမ်းတွေအတိုင်း အခွန်ထမ်းဆောင်ရလေ့ရှိပါတယ်. နိုင်ငံသားမဟုတ်သူအပေါ် အကြမ်းဖျင်းအနေနဲ့  သတ်မှတ်ထားတဲ့ အခွန်ကတော့ ၃၀ % ဖြစ်ပါတယ်.

ထီဂဏန်းတွေကို လှည့်ရာမှာ ထွက်လာတဲ့ ဂဏန်းနဲ့ တိုက်ဆိုင်တဲ့ လက်မှတ်မရှိဘူးဆိုရင် အဲဒီ့အပတ်က ဆုကြေးငွေကို နောက်တစ်ပတ်ကို ထပ်ပေါင်းသွားပါတယ်. တစ်ခါတစ်လေမှာ အဲလို မပေါက်တဲ့ အပတ်တွေ များလာခဲ့ရာက ဆုကြေးငွေက ပိုပိုပြီး မြင့်လာတတ်ပါတယ်. ဆုကြေးငွေပိုမြင့်လာလေလေ လူတွေက ပိုစိတ်ဝင်စားလာလေလေ ဖြစ်ပြီး ထီဆိုင်တွေမှာ စည်ကားနေတတ်ကြပါတယ်.

အမေရိကန်ထီ ပေါက်နိုင်ခြေကိုလည်း ဒီလိုတွက်ပြထားပေးပါသေးတယ်. လူတစ်ယောက်ဟာ အသတ်ခံရဖို့ ဖြစ်နိုင်ခြေ ၈၀၀၀ ရှိတယ်. ကားအက်ဆီးဒင့်ဖြစ်ပြီး သေနိုင်ဖို့အခွင့်အလမ်းကတော့ အကြိမ်ရေ ၂၀၀၀၀ ရှိတယ်. အမေရိကန်ထီပေါက်ဖို့က အဲဒီ့ထက်ပိုပြီး အခွင့်အလမ်းနည်းပါတယ်တဲ့. အားမလျှော့နဲ့နော့

ဒီပုံလေးကိုလည်း ကြည့်လိုက်ပါဦး. တရုတ်ပြည်က ထီရယ်၊ ဥရောပက ထီရယ်၊ အမေရိကန်ထီရယ် သုံးခုကို ယှဉ်ပြထားပြီး ထီပေါက်နိုင်ခြေ ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ပြပေးထားပါတယ်.


ဒီလောက်ဆိုရင် အမေရိကန်ထီကို အကြမ်းဖျင်း နားလည်သွားပြီလို့ ထင်ပါတယ်. စိတ်ဝင်စားစရာ ဇာတ်လမ်းလေးတွေ ဆက်ပြီး ပြောချင်ပါသေးတယ်.

ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ နယူးဂျာစီ (New Jersey) ပြည်နယ်မှာ ဖြစ်ခဲ့တာပါ. လွန်ခဲ့တဲ့  ၂ နှစ်လောက်က နယူးဂျာစီပြည်နယ်ရဲ့ ရုံးခန်းလေးတစ်ခန်းမှာ အမေရိကန်ထီကို အပတ်တိုင်း ထိုးနေခဲ့ကြတဲ့ ရုံးဝန်ထမ်းတွေ ရှိကြပါတယ်. သူတို့က တစ်ယောက်ကို ၁ ဒေါ်လာထည့်ပြီး ၅ ဒေါ်လာဖိုး အမြဲ ကံစမ်းခဲ့ကြတာပါ. နှစ်ပေါင်းများစွာ ထိုးလာခဲ့ပေမယ့် တစ်ခါမှ ကံမကောင်းခဲ့ကြဘူး. တစ်ကြိမ်မှာတော့ ထီထိုးဖို့ ပိုက်ဆံလိုက်ကောက်တာမှာ တစ်ယောက်က ဒီတစ်ခေါက်တော့ မထည့်တော့ဘူး. ပေါက်မှာလည်း မဟုတ်ဘူးဆိုပြီး ထည့်ရမယ့် ၁ ဒေါ်လာကို မပေးလိုက်ဘူး. ဒီလောက်ဆို ဇာတ်လမ်းလေးကို မှန်းလို့ရပြီပေါ့ဗျာနော်. အဲဒီ့အခေါက်မှာ သူတို့ ဒေါ်လာ သန်း ၂၀၀ ကျော်ထီ ပေါက်သွားကြတယ်. ၁ ဒေါ်လာမထည့်လိုက်တဲ့ ၀န်ထမ်းခမြာ အသည်းကိုကွဲရောပဲ…

နောက်ဇာတ်လမ်းလေးတစ်ပုဒ်ကတော့ အမေရိကန်နိုင်ငံ နယူးယောက်ပြည်နယ်မှာ အလုပ်လာလုပ်နေကြတဲ့ မက္ကဆီကိုနိုင်ငံက အလုပ်သမား သုံးယောက်နဲ့ ပတ်သက်နေပါတယ်. သူတို့ သုံးယောက် ဘာစိတ်ကူးပေါက်ပြီး တစ်ဒေါ်လာတန် ထီလက်မှတ်တစ်စောင်ကို စပ်တူထိုးလိုက်ကြတယ်မသိဘူး. အဲဒီ့ထီလက်မှတ်က ဆုအကြီးကြီး ထပေါက်သွားခဲ့တယ်. လူတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်ကိုတွင်ရောပဲ..

ကဲ. အမေရိကန်ထီကို သေသေချာချာ ရှင်းပြနေရတာနဲ့ အခုမှပဲ ကျွန်တော် ဒီနေ့ပြောချင်နေတဲ့ အကြောင်းအရာကို ရောက်တော့မယ်. ဒီတစ်ခေါက် ထီဆုက တော်တော်လေး များတယ်ဗျ. များဆို ကမ္ဘာ့စံချိန်တင်လောက်အောင်ကို များသွားခဲ့တာလေ. အမေရိကန် ဒေါ်လာ သန်းပေါင်း ၆၄၀ တဲ့ဗျာ. အခွန်အတုတ်တွေ အပြတ်ဆောင်ပြီး တစ်ချီတည်းထုတ်ချင်တယ်ဆိုရင်တောင် ဒေါ်လာ သန်းပေါင်း ၄၆၀ ရမှာ.

ဒီမှာကြည့်လိုက်ပါဦး. ထီထိုးဖို့ တန်းစီနေကြတဲ့လူတွေ. Texas ပြည်နယ်မှာဆိုရင် တစ်မိနစ်အတွင်းမှာ ထီလက်မှတ်ပေါင်း ၄၂၀၀၀ ရောင်းချလိုက်ရသတဲ့လေ.





ဒီစာကိုရေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က အဲဒီ့ ဆုကြေးငွေကြီးကို ဆွတ်ခူးသွားခဲ့ပါပြီ. အနှီကံထူးရှင်မှာ Baltimore County, Maryland ပြည်နယ်မှ ဖြစ်ပါသတဲ့...

ဒီစာကိုရေးနေချိန်မှာပဲ တစ်စုံတစ်ယောက်သောသူဟာ မပေါက်နိုင်ခဲ့သေးတဲ့ ထီလက်မှတ်အဟောင်းလေးတွေကို သံယောဇဉ်ကြီးစွာနဲ့ ထုတ်ကြည့်ပြီး ဓာတ်ပုံလေးရိုက်နေလေရဲ့.


ထိုသူကိုကား ဘလော့ဂါရန်အောင်ဟု ခေါ်သတတ်….

အားလုံးကိုချစ်ခင်စွာဖြင့်

ရန်အောင်.
<ကျမ်းကိုးစာရင်း> 

5 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟုတ်ပ ဆုကြေးက မက်လောက်စရာပါလား
ဒီတော့လည်း ထိုးတဲ့သူတွေ တန်းစီနေတော့တာပေါ့..
ဒါနဲ့စကားမစပ် အမေရိကန်ထီ သန်း ၄၀၀ဖိုးလောက် ပေါက်သွားရင် ဘလော်ဂါ ကိုရန်အောင် အနေနဲ့ ဘာလုပ်မှာလဲဆိုတာ သိပါရစေလားနော်။
မိန်းမ ယူမှာလား. သို့မဟုတ် ဘလော်ဂါတွေ အားလုံးကို အမေရိကားအလည်ခေါ်မှာလား. သို့မဟုတ် ရတဲ့ ငွေအားလုံး လှူပစ်မှာလား
သိချင်ပါတယ်း)))
မပေါက်တဲ့ ထီလက်မှတ်လေးတွေကြည့်ပြီး မျက်ရည်များရော ကျဖူးပါသလားလို့လည်း ထပ်မေးပါရစေလားနော် :P

ချော(အစိမ်းရောင်လွင်ပြင်) said...

ကောင်းမှကောင်း
ဖတ်ရင်းနဲ့ သူ့နေရာမှာကိုယ်ဖြစ်လာပြီး မြွေအတွက် စိတ်ပူပေးမိတယ်
အစွဲအလန်းကြီးလိုက်တာနော်။...
ဆားချက်တယ်တာ ပြောတာ
ဖတ်လို့တယ်ကောင်း

သဒ္ဓါလှိုင်း said...

ထီလည်း ပေါက်ပဲနဲ့.. ကြွားတယ်။
ထီဆုကြီးပေါက်ပါစေ..။

ခင်မင်လျက်
သဒ္ဓါ

အိမ့်ချမ်းမြေ့ said...

မလေးလည်း ထီပေါက်ချင်တယ်
ထီလက်မှတ်တော့ တစ်ခါမှ မ၀ယ်ဖြစ်တာ ခက်တယ်..

ကိုရန်ထီပေါက်ရင် ဘလောဂါတွေအားလုံးကို ရာသက်ပန် ဒိုမိန်းဝယ်ပေးရုံမက လိုသလိုပြင်ဆင်လို့ရအောင် ဆားဗစ်ပါ တစ်ခါတည်းပေးမယ်ဆိုတာ ခုလိုသိလိုက်ရတာ သိပ်ဝမ်းသာတာပဲ..
:D

Yan said...

>ချော.. ကျွန်တော်သာ သန်း ၄၀၀ ထီပေါက်ခဲ့ရင် ဘလော့ဂါတွေအားလုံးကို MARS ဂြိုဟ်ကို One way trip အလကားပို့ပေးပါမယ်. အပြန်စရိတ်တော့ ကိုယ့်ဖာသာ ခံကြပေါ့နော်. ဟတ်ဟတ်.

>မသဒ္ဓါ... ကျေးဇူးဗျာ. ကြိုးစားနေဆဲ... :)

>အိမ့်ချမ်းမြေ့... မှန်တာပေါ့မလေးရယ်. မလေးပြောနေတာတွေ အကုန်မှန်ပါတယ်. ဖေ့စ်ဘွတ်မှာ ရှယ်ယာဝင်ပြီး ဖေ့စ်ဘွတ်စာမျက်နှာဝင်တိုင်း တစ်ကမ္ဘာလုံးကို မင်္ဂလာပါ၊ ကောင်းကင်ချစ်သူများမှ ကြိဆို့ပါတယ်လို့ Johnny Depp ကို မြန်မာလို နှုတ်ဆက်ခိုင်းပါမယ်.