အရုဏ်ဆွမ်းခံကြွပြီး ကျောင်းတိုက်သို့အလျှိုအလျှို ပြန်လာချိန်တွင် ခြေလှမ်းတို့က ပိုမိုသွက်လက်နေတတ်ကြသည်။ သွက်ချေပြီကော၊ တစ်နေ့တာလုံး ပြေးလွှားဆော့ကစားထားသည့်အပြင် တစ်ညလုံးလည်း အရည်မှလွဲ၍ မည်သည့် အစားအစာမှ စားသောက်ခွင့် မရှိသည့် ရှင်သာမဏေတို့ ဘ၀တွင် အရုဏ်ဆွမ်းသည် တစ်နေ့တာ အတွက် အားသစ်လောင်းပေးသော အဖိုးတန် ဘောဇဉ်ရတနာ တစ်ပါးပင်တည်း…
ကျောင်းတိုက်သို့ပြန်ရောက်လျှင် မိမိတို့၏ သပိတ်လေးများကို စင်ပေါ်သို့ အစီအရီတင်ရသည်။ ကိုရင်ကြီးများက သပိတ်အတွင်းမှ ဆွမ်းခွက်လေးများကို ထုတ်၍ စားပွဲဝိုင်းလေးပေါ်သို့ တင်သည်။ သပိတ်ထဲတွင် ကျန်သည့် ဆွမ်းထမင်း များကိုမူ ဇလုံကြီးတစ်ခုထဲသို့ လောင်းထည့်သည်။ ကိုရင်ကြီးတစ်ပါးက ဆွမ်းထမင်းများကို ဘုရားဆွမ်းတော် ပန်းကန် လေးများထဲသို့ ထည့်လျက် ဆွမ်းတော်ကပ်ရန် ပြင်ဆင်နေစဉ် အခြားကိုရင်ကြီး တစ်ပါးက ဆရာတော်ကြီးများ ဆွမ်းဘုဉ်း ပေးနိုင်ရန် ဆွမ်းပွဲကို ပြင်ဆင်ပေးသည်။ ကပ္ပိယကြီး နှစ်ယောက်ကလည်း ၀ိုင်းဝန်းကူညီပေးကြသည်။ ထိုအချိန်တွင် ကိုရင်ငယ်များနှင့် ကျောင်းသားများမှာ ကျောင်းတိုက်အောက်ရှိ ကွပ်ပျစ်လေးများပေါ်တွင်လည်းကောင်း၊ မိမိတို့ အိပ်ရာလေးများပေါ်တွင် လည်းကောင်း ထိုင်သူထိုင်၊ လဲလျောင်းသူလဲလျောင်းလျက် ခေါ်သံကို စောင့်နေတတ်ကြသည်။
ဆွမ်းခံထွက်ရာတွင် လိုက်ရသည့် ဘုန်းကြီးကျောင်းသားများမှာ ကိုယ့်အလှည့်နှင့် ကိုယ်ဖြစ်ကြသည်။ ဆွမ်းခံမလိုက် ရသည့် အချို့ ကျောင်းသားငယ်များက ထိုအချိန်ကျမှ အလူးအလဲအိပ်ယာထလျက် မျက်နှာသစ်ကြ၊ သွားတိုက်ကြသည်။ မျက်နှာသစ်သည်ဆိုသည်မှာ ရေဖြင့် မျက်နှာကို ပက်လျက် ပုဆိုးခါးပုံစဖြင့်သုတ်လိုက်ခြင်း ဖြစ်ပြီး သွားတိုက်သည် ဆိုသည်မှာကား ဆားအနည်းငယ်ခန့်ကို လက်ညှိုးဖြင့် ထိုးကလော်လျက် သွားကိုပွတ်တိုက် ခြင်းမျှသာ ဖြစ်သည်။ အချို့ကား ရေဖြင့် ပလုတ်ကျင်းလိုက်ခြင်းသည် သွားတိုက်ခြင်းမည်၏။ အချို့မူကား ဘုန်းကြီးကျောင်းအောက်တွင် ထားသော သောက်ရေအိုးစင်မှ ရေတစ်မှုတ်ကို ယူသောက်ပြီး ဂလုခနဲ မျိုချလိုက်ရုံမျှဖြင့် သွားတိုက်ခြင်း အမှုကိစ္စ ပြီး၏။ ဆရာတော်ကြီးများ၊ ကိုရင်ကြီးများနှင့် တစ်ချို့ ကိုရင်ငယ်များ မှလွဲ၍ အများစုမှာ သွားပွတ်တံကိုင်ခြင်း၊ သွားတိုက်ဆေး ညှစ်ထည့်ခြင်း၊ မျက်နှာကို ဆပ်ပြာဖြင့် တိုက်ခြင်း၊ အပြင်သွားလျှင် ဖိနပ်စီးခြင်းတို့ကို အလေးတယူ ပြုလေ့မရှိတတ်ကြ။
“ကိုရင်တွေ…………………………..”
“တွေ” ဟူသည့်အသံကို ခပ်ရှည်ရှည်ဆွဲပြီး အော်လိုက်သည့် ကိုရင်ဖိုးတုတ်ကြီး၏ အသံသည် ကျောင်းတိုက်အောက်တွင် စုရုံးထိုင်နေသော ကိုရင်များအားလုံးကို ကျောင်းတိုက်ပေါ်သို့ အမြန်ဆုံးရောက်ရှိစေသည့် ဒီဃသံရှည် တစ်ခုပင် ဖြစ်ချေသည်။
ကျောင်းတိုက်ပေါ်ရောက်လျှင် ဦးစွာပထမ အစိန္တေယျ မြတ်ဗုဒ္ဓအား မှန်းဆတွေးမြင် ဦးတော်တင်ကြရသည်။ ထို့နောက်သကာလ မိမိတို့နှင့်မလှမ်းမကမ်းတွင်ထိုင်လျက် အချိုပွဲများ ဘုဉ်းပေးနေသော ဆရာတော်ကြီးများကို ဦးချဂါရ၀ ပြုကြရသည်။ ပြီးလျှင် သင့်တော်သည့် စားပွဲဝိုင်းလေးထဲသို့ အသာတိုးဝင်ခွေ့ပြီး ထိုင်ကြရသည်။ မိမိတို့ဝိုင်းတွင် ၀ါအကြီးဆုံးကိုရင်ကြီးများက ၄င်းတို့၏ ဆွမ်းပန်းကန်များထဲသို့ ဆွမ်းဟင်းများ အသီးသီးအသက ထည့်ပြီးမှသာ ကိုရင်ငယ်များက တစ်လှည့်စီ ထည့်ကြရသည်။ ဆွမ်းဟင်းများမိမိတို့ ပန်းကန်ပြားလေးထဲသို့ ရောက်ပြီးသည်နှင့် ခေါင်းတစ်ချက်ပင်မဖော်နိုင် ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးကြတော့သည်။ ဆရာတော်ကြီးများမှလွဲ၍ ကိုရင်များသည် အရုဏ်ဆွမ်းအချိန်တွင် အချိုပွဲ ဘုဉ်းပေးရလေ့မရှိ။
ကိုရင်များ ဘုဉ်းပေးပြီးသည့်နောက်တွင်မူ ကိုရင်ဖိုးတုတ်ကြီးက လှေကားနှစ်ထစ်ခန့်မျှ ဆင်းလျက် “ကျောင်းသားတွေ…………….” ဟူ၍ အသံဝါကြီးဖြင့် အော်ပြန်ချေသည်။
အရုဏ်ဆွမ်းဘုဉ်းပေးပြီးချိန်တွင် မိမိတို့ သပိတ်လေးများ၊ ဆွမ်းဟင်းခွက်လေးများကို ကိုယ်စီကိုယ်ငှ ဆေးကြောသန့် စင်ကြရသည်။ ပန်းကန်ပြားများ၊ ဇလုံကြီးများကိုမူ ကျောင်းသားများက ဆေးကြောကြရသည်။ အရုဏ်ဆွမ်းစားပြီးချိန် တွင် ကျောင်းတိုက်တစ်ခုလုံးသည် ခေတ္တခဏ ငြိမ်သက်နေလေ့ရှိသည်။ အချို့က ရသလောက်အချိန်လေးတွင် ခြေဆန့်လက်ဆန့် ပြုတတ်ကြပြီး အချို့ကမူ ကျောင်းတိုက်အတွင်း ဟိုယောင်ယောင် ဒီယောင်ယောင် လုပ်နေတတ် ကြသည်။
ထို့နောက် ကျောင်းတိုက်သန့်ရှင်းရေး လုပ်ကြရသည်။ တံမြက်စည်းလှည်းသူလှည်း၊ အမှိုက်ကောက်သူကောက်၊ စေတီငယ်လေးတွင် ဆွမ်း၊ ရေချမ်းကပ်သူကပ်၊ ဘုရားပန်းအိုးရေ ဖြည့်သူဖြည့်၊ ဆရာတော်ကြီးများသုံးသည့် ကုဋီအိမ်သာ သန့်ရှင်းသူသန့်ရှင်းဖြင့် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ဖြစ်နေတတ်ကြသည်။ မိမိတို့၏ ၀တ္တရား ကိုယ်စီပြီးစီး သည့်နောက်တွင်ကား ကျောင်းတိုက်တစ်ခုလုံး စာအံသံတစ်ချို့မှလွဲ၍ ငြိမ်သက်သွားပြန်သည်။
နေ့ခင်း ဆွမ်းခံမကြွခင်အချိန်ထိ ကိုယ်စီကိုယ်ငှ အနားရကြသည်။ အချို့ ကျောင်းသားများ၊ ကိုရင်များက ရွာထဲရှိ မိဘများအိမ်သို့ အပြေးအလွှားသွားတတ်ကြသည်။ အချို့ကမူ ရွာအ၀င်ဝရှိ မန်ကျည်းပင်တန်းအောက်တွင် ဟိုနားစုစု၊ ဒီနားစုစု လုပ်နေတတ်ကြသည်။ ဤအချိန်တွင် ကျောင်းတိုက်နောက်ဖက်ရှိ တဲပုတ်ပြတ်လေးထံမှ တရှီးရှီး တရှဲရှဲ အသံလေးတစ်ခု ထွက်ပေါ်လာတတ်သေးသည်။ ကပ္ပိယကြီး သူ၏ ဓာတ်ခဲရေဒီယိုလေးကို ဟိုလှည့်ဒီလှည့် လုပ်လျက် ရေဒီယိုလိုင်း လိုက်ဖမ်းနေခြင်းပင်ဖြစ်သည်။
…
နေ့ခင်းအချိန်တွင် ဆွမ်းခံထပ်ကြွရပြန်သည်။ အရုဏ်ဆွမ်းခံကြွချိန်တွင် မလိုက်သော ကျောင်းသားများ နေ့ခင်းဆွမ်းခံကြွချိန်တွင် ဆွမ်းတော်ဗျို့ လုပ်ကြရသည်။ ကိုရင်များကား ဆွမ်းခံကြွမြဲကြွရသည်။ ကျောင်းတိုက်တွင် ဆွမ်းအလှူရှင်ရှိလျှင် သူသူကိုယ်ကိုယ် ရွှင်ရွှင်ပျပျ ရှိတတ်ကြသည်။ ဆွမ်းခံမထွက်ရသည့်အတွက်သော်လည်းကောင်း၊ ထူးထွေစုံလင်သည့် ခဲဖွယ်ဘောဇဉ်တို့ကို သုံးဆောင်ရမည့် အရေးကို မျှော်တွေးမိ၍သော်လည်းကောင်း ကိုယ်စီကိုယ်ငှ ထုတ်ဖော်မပြောဆိုစေကာမူ တပြုံးပြုံးတပျော်ပျော် ဖြစ်နေတတ်ကြသည်။ အခါကြီးရက်ကြီးများမှလွဲ၍ တောရွာငယ်လေးမှ မထင်မရှား ကျောင်းတိုက်လေး တစ်ခုဝယ် ထမင်းရည်ချောင်းစီး မီးခိုးတိတ် အလှူရှင်ကား မင်းလောင်းမျှော်သည့်နှယ် ပေါ်ပေါက်ခဲလှပါဘိ…
ဆွမ်းခံကြွချိန်တွင် ရှေ့မှကျောင်းသားငယ်က “ဆွမ်းတော်ဗျို့” ဟုအော်လျက် ကြေးစည်လေးကို ထုကာထုကာ သွားနေချိန်တွင် နောက်မှ ကိုရင်များက ခြေလှမ်းခပ်မှန်မှန်လေးလှမ်းလျက် လိုက်ရသည်။ ဘေးဘီဝဲယာကို အကဲခတ်ခြင်း၊ ကျီးကန်းတောင်းမှောက် ကြည့်ရှုခြင်း မပြုရ။ သို့ပေသိ ပုထုဇဉ်လူသားများ ဖြစ်ဘိရကား ဘေးဘီကို မကြည့်ဖြစ်သော်လည်း ရှေ့တည့်တည့်ကိုမူ တော်တော်လေး ကြည့်ဖြစ်သည်။ စက္ခုအာရုံကို ထိန်းချုပ်နိုင်ချိန်တွင် သောတအာရုံက လွင့်ပြားနေတတ်သည်။ သောတာရုံကို ဖမ်းမိချိန်တွင် ခြေထောက်အောက်က ကြမ်းတမ်းသော မြေကြီး၏ အတွေ့အထိဝယ် ငြိုငြင်မိပြန်သည်။ သဲပူပူပေါ်တွင် ဖိနပ်မစီးဘဲ ချွေးသံတရွှဲရွှဲဖြင့် ဆွမ်းခံကြွနေချိန်တွင် လက်ကတော့ထိုး ရုံထားသည်ကို မပြေကျစေရန်လည်း ဂရုစိုက်ရသလို သံဃာတစ်ပါးနှင့်တစ်ပါးကြားတွင် အလှမ်းမပြတ်သွားစေရန်လည်း သတိထားပြီး ချိန်၍ လမ်းလျှောက်ကြွချီရသည်။
ဆွမ်းခံကြွချီလာသည့် ကိုယ်တော်များကိုမြင်လျှင် တဘက်လေးများ ပုခုံးတစ်ဖက်ပေါ်တွင်တင်၍ဖြစ်စေ၊ ဆွမ်းထမင်းဇလုံလေးကို လက်ထဲတွင် ပွေ့၍ ဖြစ်စေ တဲအိမ်လေးများထဲမှ အလှူရှင် ဒကာဒကာမတို့ ကိုယ်စီကိုယ်စီ ထွက်လာတတ်ကြသည်။ ဒကာဒကာမများနှင့် မနီးလွန်းမဝေးလွန်းတွင် ရပ်လျက် မိမိတို့၏ သပိတ်ကို ဘယ်ဖက်လက်ဖြင့် ပွေ့ထားစဉ် ညာဖက်လက်ဖြင့် သပိတ်အဖုံးကို တစ်ဝက်ကျော်ကျော်ခန့် ဖွင့်ပြီး ဆွမ်းလောင်းသည်ကို ခံယူရသည်။ သပိတ်အဖုံးကိုဖွင့်ရာတွင်လည်း ပကတိဖွင့်ချလိုက်ခြင်း မပြုရ၊ အဖုံးကို အပေါ်တွင်အသာလေး လျှော၍ ဖွင့်ရပြီး လျှော၍ ပြန်ပိတ်ရသည်။ ဆွမ်းထမင်း မကပ်ဖြစ်သူအချို့က သပိတ်အဖုံးပေါ်တွင် ငှက်ပျောသီးဖြစ်စေ၊ မုန့်ခဲဖွယ်ဖြစ်စေ မိမိတို့တွင် ရှိရာကို ကပ်လှူတတ်သည်။ မည်သို့မျှ အဆင်မပြေခဲ့သူအချို့ကမူ လက်အုပ်လေးချီလျက် မျက်နှာငယ်လေးဖြင့် “ကန်တော့ဆွမ်းပါဘုရာ့” ဟူ၍ အသံခပ်အုပ်အုပ်လေးဖြင့် တောင်းပန်တိုးလျှိုးတတ်ကြသည်။
အချို့ဒကာဒကာမများက ဆွမ်းလောင်းလှူပြီးလျှင် နောက်ကို အသာယို့လျက် မိမိတို့ဆွမ်းဟင်းခွက်လေးများကို နောက်မှ လိုက်ပါလာသည့် ကျောင်းသားကြီးများထမ်းလာသော အုပ်ဆောင်းထဲသို့ ထည့်ပေးတတ်ကြသည်။ အချို့ အဘွားအိုကြီးများကမူ မြေကြီးတွင်တဘက်လေးဖြန့်ခင်းလျက် ကိုယ်တိုင်ဦးချပူဇော်လိုက်ရမှ ကျေနပ်တတ်ကြသည်။ ဤအချိန်တွင်လည်း ဆက်လက်ကြွချီသွားခြင်း မပြုရဘဲ ဒကာဒကာမကြီးတို့၏ ကန်တော့ခြင်းကို ရပ်လျက် အသာခံယူရသည်။ မိမိအားဆွမ်းလောင်းလှူပြီးချိန်တွင် ရပ်တန့်၍မနေရဘဲ ဆက်လက်ကြွချီရသည်။ မနှေးလွန်း မမြန်လွန်းသောခြေလှမ်းတို့ဖြင့် မိမိနောက်မှ လိုက်ပါလာမည့် ကိုရင်များကိုလည်း စောင့်တတ်ရသည်၊ မိမိက နောက်ကျကျန်နေခဲ့လျှင်လည်း ခပ်သုတ်သုတ်ဖြင့် အမှီလိုက်တတ်ရသည်။
အချို့ဒကာဒကာမကြီးများကမူ မိမိတို့အား ရင်းနှီးနေသဖြင့် ပဋိသန္တာရစကား ဆိုတတ်ကြသေးသည်။
“မြို့သားကိုရင်လေးတွေ…ဘယ်လောက်ကြာကြာဝတ်မှာတုန်း ဘုရာ့” ဟုမေးလျှင်..
“ကျောင်းတွေ ပြန်မဖွင့်ခင်ထိပါပဲ ဒကာကြီး/ဒကာမကြီး” ဟု အလိုက်သင့် ပြန်ဖြေဖြစ်သည်။
တစ်ချို့ကမူ ပြုံးပြုံးပြုံးပြုံးဖြင့် ပြောတတ်သေးသည်။
“သင်္ကန်းနဲ့လိုက်တယ်. မထွက်ပါနဲ့တော့လား ဘုရား” ဟုဆိုလျှင်မူ မည်သည့်စကားမျှ မတုံ့ပြန်ဖြစ်ဘဲ ခပ်ပြုံးပြုံး နှုတ်ဆိတ်နေမိတတ်သည်။
အဘွားအိမ်ရှေ့ရောက်လျှင် အဘွားထိုင်နေကျ ကွပ်ပျစ်လေးပေါ်သို့ ခပ်လှမ်းလှမ်းမှ မျက်စိကစားဖြစ်သည်။ တုန်တုန်ရီရီဖြင့် အိမ်အောက်မှ ထွက်လာပြီး မိမိတို့ ညီအစ်ကိုနှစ်ယောက်အား ပီတိအပြုံးဖြင့် ပြုံးကြည့်လျက် ဆွမ်းလောင်းလှူတတ်သော အဘွားမျက်နှာလေးသည် ဇရာ၏ အမှတ်သင်္ကေတတို့ဖြင့် တွန့်ကြေဟောင်းနွမ်း နေသယောင် ထင်ရသော်လည်း ပီတိအပြုံးတို့ဖြင့် ရွှင်ကြည်ဟုန်ထနေတတ်သည်။
“အရှင်ဘုရားတို့ အဆင်ပြေကြလား…”
“ကိုရင့်အကြိုက် နွားနို့ချက်လေး ချက်ထားတယ်…”
“ညနေကျရင် အိမ်ကိုကြွခဲ့ပါဦးဘုရား…”
စသည်ဖြင့် တစ်နေ့တစ်မျိုး မရိုးစေရသော ဖိတ်မန္တက စကားတို့ဖြင့် အဘွား၏ အိမ်လေးသည် အမြဲ ပျူငှာနွေးထွေးနေတတ်သည်။
ရံဖန်ရံခါတွင်မူ အမေ့ကို အဘွားနှင့်အတူ ဆွမ်းလောင်းရာတွင် နေ့စဉ်မြင်တွေ့ချင်စိတ် ဖြစ်မိသည်။ အမေပြန်လာသည့် အချိန်များတွင် အဘွားအိမ်ရှေ့သို့ ဆွမ်းခံကြွတိုင်း ခြေလှမ်းတို့က ရွှင်မြူးတက်ကြွနေ တတ်သည်။ သပိတ်အဖုံးကို ဖွင့်လိုက်စဉ် အနားသို့ကပ်ပြီး ဆွမ်းလောင်းလှူသော အမေ့ကိုယ်သင်းနံ့ကို မက်မက်မောမော တိတ်တခိုး ရှူရှိုက်မိသည်။ အမေ့ကိုကျောခိုင်းလျက် ဆွမ်းခံဆက်ကြွချိန်တွင် စိတ်အစဉ်တို့က ကြွချီနေသော ခြေလှမ်းတို့နှင့် ဆန့်ကျင်ဖက်အရပ်သို့ ပြေးငြိတွယ်ကပ်တတ်ကြလေသည်။
ဆွမ်းခံကြွပြီး ကျောင်းတိုက်သို့ ပြန်ဝင်ချိန်တွင်လည်း အရုဏ်ဆွမ်းခံကြွစဉ်ကအတိုင်း လုပ်ထုံးလုပ်နည်းတို့ကို လုပ်ရသည်။ ကွာခြားသည်တစ်ခုကား နေ့ဆွမ်းဘုဉ်းပေးပြီးချိန်တွင် အချိုပွဲ ပါတတ်ခြင်းပင်ဖြစ်သည်။ ငါးယောက်ဝိုင်းထိုင်သင့်သည့် နေရာတွင် ငှက်ပျောသီး ငါးလုံးတင်ပေးထားတတ်ပြီး ကိတ်မုန့် ငါးချပ်၊ သကြားလုံးငါးလုံး စသည်ဖြင့် တင်ပေးထားတတ်သည်။ ဆွမ်းစားပြီး မိမိတို့၏ ဇရပ်လေးပေါ်သို့ တက်၍ နားနေချိန်တွင် ကိုရင်ဖိုးတုတ်ကြီးက သင်္ကန်းစကို လက်ဖြင့် အသာအုပ်၍ မိမိတို့ရှိရာသို့ လှမ်းလာတတ်သည်။ အနားရောက်လျှင် သင်္ကန်းစကို အသာလှစ်ပြီး ခပ်ပြုံးပြုံးမျက်နှာဖြင့် တစ်စုံတစ်ခုကို လှမ်းပေးတတ်သည်။
သူ့အတွက်ရသော မုန့်ခွဲတမ်းကို မစားဘဲ သူတို့ညီအစ်ကိုနှစ်ယောက်အတွက် ယူလာပေးခြင်းပင် ဖြစ်သည်။ ထိုစဉ်က အားနာရကောင်းမှန်းမသိဘဲ ကျောင်းတိုက်ပေါ်မှ ကိုရင်ဖိုးတုတ်ကြီး ယူလာမည့် တစ်စုံတစ်ခုကို မျှော်လင့်နေမိတတ် သည်ကို သူဝန်ခံမိသည်။ ကိုရင်ဖိုးတုတ်ကြီး၏ ဘွဲ့နာမည်ရင်းကို သူမသိ၊ ကိုရင်ဖိုးတုတ်ကြီး ကလည်း ဘွဲ့နာမည်ဖြင့် ခေါ်ခြင်းကို မလိုလား။ ထို့ကြောင့် မိမိက ကိုရင်ဖိုးတုတ်ကြီးဟု ခေါ်ပြီး သူက “ဟဲ့ကောင်လေး” ဟု ပြန်ခေါ်တတ်သည်။
ကိုရင်ဖိုးတုတ်ကြီးမှာ မျက်နှာရွှင်လန်းပြီး လူချစ်လူခင်များသည်။ ကျောင်းတိုက်တွင် ဘုန်းကြီးပြီးလျှင် ဩဇာအညောင်းဆုံးမှာ ကိုရင်ဖိုးတုတ်ကြီးပင်ဖြစ်သည်။ အရိုက်လည်းကြမ်းလှသည်။ သူ၏ အားနည်းချက်မှာ ခါးတို့လျှင် ယောင်တတ်ခြင်းပင် ဖြစ်သည်။ ရံဖန်ရံခါ သူအမှုမဲ့အမှတ်မဲ့နေစဉ်တွင် ခါးကို တစ်ချက်တို့လိုက်ပါက “ဟိုင်း..ယား..” ဟုဆိုပြီး သိုင်းချမည့် ပုံစံသူလုပ်တတ်သည်။ ထိုအခါတွင် ခါးကိုတို့သူလည်းရယ်၊ သူလည်းရယ်ဖြင့် ကျောင်းတိုက်လေးတွင် တ၀ါးဝါး ဖြစ်နေတတ်ကြသည်။ ထို့နောက်တွင်မူ တဆက်တည်း ပြောတတ်သေးသည်။
“မလုပ်နဲ့. ဟဲ့ကောင်လေးရဲ့. မတော်တဆ ထိုးမိတိုက်မိလိမ့်မယ်.”
ပြောသာပြောသည်။ သူ့ကြောင့် ဒဏ်ရာအနာတရ ဖြစ်သူဟူ၍ တစ်ဦးတစ်ယောက်မျှ မကြားမိ။ သူသာလျှင် တစ်နေ့ အနည်းဆုံး သုံးလေးကြိမ်ခန့် ကျောင်းတိုက်ထဲတွင် “ဟိုင်း..ယား” လုပ်နေရသည်ကိုသာ တွေ့ရတတ် သည်။
~ ရေခဲငှက် ~
(အပိုင်း ၅ မကြာမီမျှော်)
(အပိုင်း ၅ မကြာမီမျှော်)
8 comments:
ဖတ်နေတာအရှိန်တတ်တုန်းရှိသေးတယ် အပိုင်း ၅ မျှော်တဲ့ .. ဟွန့် မြန်မြန်အပိုင်း ၅ ရေးပေးပါဗျို့
“ဟိုင်း..ယား” ကတော်တော်လေးရယ်ရတယ် ကိုရန်ရဲ့....
ခင်မင်စွာဖြင့်...
မလေး
"အမေ့ကိုယ်သင်းနံ့ကို မက်မက်မောမော တိတ်တခိုး ရှူရှိုက်မိသည်။"
ဒါလေးက ရင်ကိုလာထိတယ်။ မေမေ့ကို လွမ်းသွားပြီး ကိုရန်အောင်ရေ...
ချစ်စရာအညာဓလေ့လေးပါဘဲ.. အညာသူမဟုတ်ပေမဲ့
စာဖတ်ပြီး ရွာနဲ့ အိမ်က အမေကို သတိရလိုက်တာ
အပိုင်း ၅ လာ လာ ရှာနေတာပါဗျို့...။
" ဟိုင်း.....ယား....." အညာဓလေ့ကလည်း ချစ်ဖို့ကောင်းလိုက်တာ စူပါစတား ဘလော့ဂါကိုရန်အောင်ကြီးရေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေ...
အပိုင်း ၅ ကိုစောင်နေတာဗျို့ 
It is incredible that u can write such a scenery-based novel. U are living in a materialistic country and able to imagine myanmar village-lifestyles. Awesome!!
thwe thwe soe
Post a Comment